← Chapters

ရှေးဟောင်းမျှော်စင်ကို သွေးနှင့်ဆေးသူ

Vol. 10 Ch. 116

ရှေးဟောင်းမျှော်စင်ကို သွေးနှင့်ဆေးသူ

Vol. 10 Ch. 116

မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရသောအခါ လင်းချင်းဖန်သည် ရူးသွပ်သွားပြီး ယွမ်ရှောင်ကို သတ်နိုင်လျှင် စိတ်ကျောက်တုံးဆယ်သန်း ပေးမည်ဟု အော်ဟစ်လိုက်သောအခါ နောက်လိုက်များ စိတ်လှုပ်ရှားကုန်သည်။ ဤပမာဏက ဆွေစဥ်မျိုးဆက်ကျင့်ကြံရန် လုံလောက်ပြီး ငွေအတွက် လိုက်ပါလာကြသော ဓားကောင်းကင်ဂိုဏ်းသားများကို အထူးပျော်ရွှင်သွားစေသည်။ ခေါင်းဆောင်နှစ်ယောက်ကိုယ်တိုင် မတိုက်ခိုက်ရသည်မှာ ပစ်မှတ်က အန္တရာယ်များလွန်းသဖြင့် မစွန့်စားရဲခြင်း ဖြစ်၏။ သူတို့တွင် နောက်လိုက်များစွာ ရှိနေသောအခါ ကိုယ်တိုင်တိုက်ခိုက်ရန် မလိုအပ်သောကြောင့် အလုံခြုံဆုံး နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။

သမိုင်းဝင်ဖြစ်ရပ်ကို စောင့်ကြည့်ရန် အပြေးရောက်လာကြသူများသည် ကျင့်ကြံသူငါးထောင်ကျော်က ယွမ်ရှောင်ထံ လောဘတကြီး ပြေးဝင်သွားသော မြင်ကွင်းနှင့် ကြုံခဲ့ရသည်။ လောဘသားကောင်များမှာ သေဘေးကို မမြင်နိုင်သည့်အလား ဓားဝင့်ကာ ဝင်ရောက်လာကြ၏။ အားလုံးသည် အနိမ့်ဆုံး နတ်ပင်လယ်နောက်ပိုင်းအဆင့်များဖြစ်ကာ ချီစွမ်းအင်နှင့် ဓားဝိညာဥ်ကို ပေါင်းစပ်၍ ဓားမြှောင်သိုင်းကွက် ထောင်ချီနှင့် ပစ်ခတ်လာကြသည်။ ဓားများက မိုးရွာသကဲ့သို့ ပစ်မှတ်ထံ တဖွဲဖွဲကျဆင်းသွားကာ အသွေးအသားကို တောင့်တနေကြသည်။

ထိုအချိန်၌ ယွမ်ရှောင်သည် တည်ငြိမ်စွာရှိနေပြီး ကောင်းကင်သင်္ချိုင်းဓားကို ဗဟိုပြု၍ အနက်ရောင်နှင့် အပြာရောင် ရောယှက်နေသည့် ချီစွမ်းအင်လေပွေတစ်ခု ဖြစ်တည်လာသည်။ ၎င်းက ဖြည်းဖြည်းချင်း ကြီးမားလာကာ လမ်းတွင်ရှိနေသော နံရံများကို အမှုန့်ဖြစ်သွားစေသည်။ သူက လက်ထဲတွင် ကြမ်းကြုတ်သော နဂါးကြီးတစ်ကောင်ကို ထိန်းချုပ်နေသည့်အလား ထင်မှတ်ရပြီး ပွဲကြည့်ရန် ရောက်လာသူများမှာ တုန်ယင်သွားကြသည်။

"ဓားဝိညာဥ်မှာ ဓားနှလုံးသားရဲ့ စွမ်းအားက ဘယ်လိုရှိနေရတာလဲ"

ထောင့်ကွယ်တစ်နေရာတွင် ရှိနေသည့် ဆိုင်ရှင်ချန်သည် ယွမ်ရှောင်၏ဓားကို မြင်သောအခါ အလန့်တကြား ရေရွတ်လိုက်သည်။ သူမသည် ဓားနှလုံးသားဖြင့် ခေါင်းဆောင်နှစ်ယောက်ကို အသေသတ်နိုင်ရန် မျှော်လင့်ထားသော်လည်း ဝှက်ဖဲက ဦးစွာထွက်ပေါ်လာခဲ့သည်။ သူမ၏အမြင်တွင် ယွမ်ရှောင်က စိတ်စောလွန်းနေပြီး လင်းချင်းဖန်နှ င့်ရှောင်ချန်တန်းကို သတ်ရန် မဖြစ်နိုင်တော့ချေ။

မျက်တောင်တစ်ခတ်အတွင်း ဓားမြှောင်ထောင်ချီသည် ယွမ်ရှောင်ထံ ဘက်ပေါင်းစုံမှ သိုင်းကွက်အမျိုးမျိုးဖြင့် ဝင်ရောက်လာခဲ့သည်။ သို့သော် သူက ဓားကို ရှေ့ဆန့်ထုတ်လိုက်ရုံဖြင့် ချီမုန်တိုင်းသည် အားလုံးကို ဝါးမျိုသွားကာ ဓားနှလုံးသားနှင့် ကောင်းကင်သင်္ချိုင်းဓား၏ ပူးပေါင်းစွမ်းအားကြောင့် ၎င်းတို့ကို တိုက်ရိုက်ပျက်စီးစေသည်။ ဓားဝိညာဥ်များစွာထံမှ ညည်းသံများ ထွက်ပေါ်လာကာ လူအော်သံများနှင့် ဆင်တူနေပြီး ဓားပေါင်းတစ်ထောင်ကျော် ပေါက်ကွဲသွားခဲ့သည်။

"အား"

ဓားဝိညာဥ်ပိုင်ရှင်များမှာ မျက်ဖြူလန်၍ နေရာတွင် လဲကျသွားကာ ဓားဝိညာဥ်ပျက်စီးသွားသဖြင့် သေလုမျောပါး ဖြစ်ကုန်သည်။ သူတို့က နောက်ထပ်မအော်နိုင်ခင်မှာပင် စွမ်းအင်လေပွေအတွင်း ရောက်ရှိသွားကာ အသွေးအသားများ စုပ်ယူခံလိုက်ရသဖြင့် မျက်တွင်းဟောက်ပက်နှင့် အရိုးစုဘဝသို့ အရှင်လတ်လတ် ရောက်သွားကြသည်။ ယွမ်ရှောင်၏ဓားတစ်ချက်က လူတစ်ထောင်ကျော်ကို အဆုံးသတ်လိုက်သောအခါ ပွဲကြည့်လာသူများမှာ မျက်လုံးမျက်ဆံ ပြူးထွက်လာကာ အဖြူရောင်သေမင်းကြောင့် အကြောက်လွန်သွားကြ၏။ ထို့ကြောင့် သူ့ကို ရင်ဆိုင်နေရသူများ၏ ကြောက်စိတ်ကို တွေးကြည့်စရာပင် မလိုချေ။ အပေါင်းအဖော်များ၏ အဖြစ်ဆိုးကို အနီးကပ်မြင်လိုက်ရသောအခါ မယုံနိုင်ဟန်ဖြင့် ထိတ်လန့်နေပြီး အချို့မှာ ဖင်ထိုင်လျက် လဲကျသွားသည်။

"ငါ မတိုက်ခိုက်ချင်တော့ဘူး"

အချိန်ခဏအတွင်း အော်သံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အချို့သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးလိုက်ကြသည်။

"ငါ့ကို သတ်ဖို့ ရည်ရွယ်ထားပြီး ဘယ်ပြေးမလို့လဲ"

ယွမ်ရှောင်က ထိုအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုဖမ်းရန်အတွက် သေမျိုးတိုင်းပြည်များထံ နတ်ဆိုးစေလွှတ်လိုက်သူများအား လုံးဝမသနားပေ။ ကျောက်ရန်ရန်၏ ဒဏ်ရာများက သူ၏စိတ်ကို ပိုမိုကြမ်းကြုတ်စေကာ သူမသည် ကိုယ့်ကိုကိုယ် သတ်သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။ သူက ဤကိစ္စများအတွက် လက်စားချေရန် ကြံစည်ထားပြီး ခေါင်းဆောင်နှစ်ယောက်နှင့် ရဲကုရင်သာမက ရှေးဟောင်းမျှော်စင်သို့ ရောက်နေသူအားလုံး ပါဝင်သည်။

အဖြူရောင်သေမင်းသည် အပြာရင့်ရောင် ချီမုန်တိုင်းနှင့် ပြေးတက်လာပြီး အသက်တစ်ရှိုက်အတွင်း လူအုပ်ထံ ရောက်ရှိလာခဲ့၏။ ကျန်ရန်သူများအတွက် ကြောက်စရာအကောင်းဆုံး အခိုက်အတန့် ရောက်လာခဲ့ပြီး ဓားတစ်ချက်အဝေ့၌ လအဆင့် မိုးနဂါးဓားသိုင်းမှာ အစစ်အမှန် နဂါးကြီးအလား အစွမ်းထက်လာခဲ့သည်။

"ဘုန်း"

စွမ်းအင်လေပွေသည် ရန်သူများကို ဝါးမျို၍ အရိုးစုများအဖြစ် အသွင်ပြောင်းပေးနေရာ အရေအတွက်ငါးထောင်သည် ယွမ်ရှောင်သတ်ရန်အတွက် အယားပင်မပြေချေ။ သူက ဓားတစ်ချက်ဝင့်လိုက်တိုင်း သွေးချောင်းစီးသွားကာ အလောင်းတောင်လိုပုံခဲ့သည်။

"သေစမ်း"

သူ၏မျက်လုံးများက တောက်လောင်နေပြီး လျှပ်စီးပမာ မြန်ဆန်သော ဓားအောက်တွင် ရန်သူများ အတုံးအရုံး လဲကျနေသည်။ လျင်မြန်ကြမ်းတမ်း၍ တိကျသော ဓားချက်များအောက်တွင် ထွက်ပြေးရန် ကြိုးစားသူများမှာ နောက်ကျောဘက်မှ ထိုးဖောက်ခံလိုက်ရသည်။ လေထဲသို့ အရေအတွက်တစ်ရာခန့် ထွက်ပြေးသွားပြီး ဓားပျံစီးနင်းထားသော်လည်း ကောင်းကင်သင်္ချိုင်းဓားက ဓားမြှောင်အသွင်နှင့် လိုက်ပါလာ၏။ ဆယ်ဆင့်ဓားသိုင်း၏ အလှည့်အပြောင်းများ​အောက်တွင် ခေါင်းပြတ်တစ်ရာသည် ရှေးဟောင်းမျှော်စင်အပြင်သို့ လွင့်ထွက်သွားကြသော်လည်း အလောင်းများမှာ လေ့ကျင့်ရေးကွင်းသို့ တဖွဲဖွဲ ပြုတ်ကျလာခဲ့သည်။

"အား သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်လာရတာလဲ"

"ခေါင်းဆောင်ရှောင်တောင် ဒီလောက် အစွမ်းမထက်ဘူး"

ကျန်ရန်သူများမှာ ဤမြင်ကွင်းကြောင့် ကြောက်လွန်းသဖြင့် အကြောဆိုင်းသွားကြပြီး ကောင်းကင်သင်္ချိုင်းဓားကို ယှဥ်နိုင်စွမ်း မရှိပေ။ အချိန်တိုအတွင်း ယွမ်ရှောင်သည် ရန်သူငါးထောင်ကျော်ကို အရေအတွက်တစ်ထောင်နီးပါးအထိ သတ်ဖြတ်ခြင်းနှင့် လျှော့ချလိုက်သည်။

"ဒူးထောက်စမ်း"

သူ၏စကားအဆုံးတွင် ရန်သူများမှာ အလျင်အမြန် ဒူးထောက်လိုက်ကြပြီး အသက်ချမ်းသာပေးပါရန် တောင်းပန်ခဲ့ကြသည်။

"မင်းတို့ကို ဒူးထောက်ခိုင်းတာက အသက်ချမ်းသာပေးဖို့ မဟုတ်ဘူး။ တစ်ခါတည်း အပြတ်ရှင်းချင်လို့"

ယွမ်ရှောင်သည် ဒူးထောက်နေသူများရှေ့သို့ ရုတ်တရက် ရောက်ရှိလာကာ တစ်ချက်ပင်တုံ့ဆိုင်းမနေဘဲ နေလနတ်ဓားသိုင်း လပြည့်ညလေညှင်းဓားကွက်ဖြင့် ရေပြင်ညီအလျားလိုက် ​ပိုင်းချလိုက်၏။ ဓားပင်လယ်၏ ဒဏ္ဍာရီလာဓားသိုင်းသည် ယွမ်ရှောင်၏အစွမ်းကြောင့် ပိုမိုကြမ်းတမ်းလာကာ အပြာရင့်ရောင် လခြမ်းအလင်းက ဒူးထောက်နေသူများထံ ဝင်ရောက်သွားခဲ့သည်။ ခေါင်းတစ်ထောင်ကျော်က ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်ခံလိုက်ရပြီး ကောင်းကင်အထက်မှ မိုးရွာသကဲ့သို့ ပြုတ်ကျလာသည်။ ခေါင်းပြတ်ခန္ဓာကိုယ်များက နေရာတွင် ဒူးထောက်လျက်သားရှိနေပြီး သွေးများပန်းထွက်နေသဖြင့် ပတ်ဝန်းကျင်ကို အနီရောင် ပြောင်းသွားစေသည်။

ယွမ်ရှောင်သည် သူ့လမ်းတွင် ပိတ်ဆို့နေသူများကို အသေသတ်ရန် ဆုံးဖြတ်ထားသောကြောင့် ဓားကောင်းကင်၏ သာမန်ကျင့်ကြံသူများဖြစ်စေ၊ ရှေးဟောင်းမျှော်စင်၏ ပါရမီရှင်များဖြစ်စေ လုံးဝရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။ သူက ကောင်းကင်နယ်မြေမှ ဓားနှလုံးသား၏အစွမ်းအား ဤဓားချက်တွင် ထည့်သွင်းထားခဲ့ပြီး ရှေးဟောင်းမျှော်စင်ကြီးကို ထိမှန်သွားသောအခါ ခပ်ကြမ်းကြမ်း တုန်ခါသွားစေ၏။

ရှေးဟောင်းမျှော်စင်နှင့် ဓားကောင်းကင်၏ ကျင့်ကြံသူငါးထောင်ကျော်သည် အချိန်တိုအတွင်း အသတ်ခံလိုက်ရပြီး ဓားကောင်းကင်၏ အင်အားမှာ သုံးပုံတစ်ပုံသာ ကျန်ရစ်၍ ရှေးဟောင်းမျှော်စင်၌ လူငါးယောက်အောက်သာ ကျန်ရစ်သည်။ ရှေးဟောင်းမျှော်စင်၏ ပါရမီရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို မည်သူမှ မပြုလုပ်ဝံ့ကြသော်လည်း ယွမ်ရှောင်သည် တစ်ကိုယ်တော် ဖြေရှင်းခဲ့လေသည်။

All Chapters