နှစ်ယောက်တစ်ယောက်
Vol. 10 Ch. 117
ကောင်းကင်သင်္ချိုင်းဓားမှ ထွက်ပေါ်နေသော ချီမုန်တိုင်း ပျက်ပြယ်သွားသောအခါ တိုက်ပွဲနေရာတွင် အရိုးစုံပုံကြီးနှင့် ဒူးထောက်လျက်ရှိသော ခေါင်းပြတ်အလောင်းထောင်ချီ ရှိနေရာ မြင်ရသူတိုင်းသည် ဤမြင်ကွင်းကို မေ့နိုင်ကြမည် မဟုတ်ချေ။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပြီး အကြည့်တိုင်းက အဖြူရောင်သေမင်းထံ စုဝေးနေကာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်သည်။ ပွဲကြည့်ရန် ရောက်လာသူများသည် အတိတ်မှ အပြုအမူများကြောင့် ယွမ်ရှောင်ကို ကြောက်လန့်သွားကြ၏။ လေးစားမှုက ခဏတာသာ ကြာမြင့်၍ ကြောက်စိတ်သည်သာ ထာဝရ တည်မြဲပေလိမ့်မည်။
"ဒီမြင်ကွင်းကို မှတ်ထားကြ။ အသူရာဓားဂိုဏ်းနဲ့ ငါ့မိတ်ဆွေတွေကို ထိရဲရင် ဒီလိုသေရလိမ့်မယ်"
ယွမ်ရှောင်၏အကြည့် ရောက်လာသောအခါ ဓားပင်လယ်၏ ကျင့်ကြံသူသောင်းချီသည် နှလုံးရပ်မတတ် ကြောက်လန့်သွားကာ အားယူပြုံးပြနေကြသော်လည်း ကျောဘက်၌ ချွေးစို့နေခဲ့ကြ၏။ ရှေးဟောင်းမျှော်စင်သည် ရဲကုရင်ကို ကာကွယ်ရန်အတွက် ယွမ်ရှောင်ကို သေဒဏ်ချမှတ်ခဲ့ပြီး လင်းချင်းဖန်သည် ဓားဝိညာဥ်လုယူရန် ကောက်ကျစ်စွာ ကြံစည်ခဲ့သည်။ ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်မှ ကျင့်ကြံသူငါးထောင်ကျော်မှာလည်း လောဘစိတ်ကြောင့် အသတ်ခံလိုက်ရခြင်း ထိုက်တန်သည်ဟု သူတို့က မှတ်ယူလိုက်ကြသည်။ ယွမ်ရှောင်အနေဖြင့် စကားတစ်လုံးပင်ပြောရန် မလိုအပ်ဘဲ တရားမျှတသည်ဟူ၍ ထောက်ခံလာကြသည်။ သို့သော် သူသာ ဤနေရာတွင် အသတ်ခံလိုက်ရလျှင် ရှေးဟောင်းမျှော်စင်ကို အံတုချင်သော အဆင်အခြင်မဲ့ လူငယ်တစ်ယောက်အဖြစ် ကဲ့ရဲ့ခံရပေလိမ့်မည်။ ဤကား ရက်စက်သော အမှန်တရားဖြစ်ကာ အနိုင်ရသူသာလျှင် အရာရာဆုံးဖြတ်နိုင်သောကြောင့် တစ်ဖက်လူ၏ပါးစပ်ကို ပိတ်လိုလျှင် ဓားကသာ အဖြေ ဖြစ်၏။
ထိုအချိန်တွင် နင်မျိုးနွယ်နှင့် ဓားကောင်းကင်မှ အခြားကျင့်ကြံသူများရောက်ရှိလာကာ အလောင်းပုံနှင့် သွေးမြစ်ကို မြင်သောအခါ လည်ပင်းများ အေးစိမ့်သွားကြသည်။ သူတို့သာ ရွေးချယ်မှုမှားယွင်းခဲ့လျှင် ငရဲဘုံသို့ ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာ၏။
"ယွမ်ရှောင်ရဲ့ဓားက စွမ်းအင်တွေ ပျောက်ကွယ်သွားပြီ"
"သူက ဒီစွမ်းအားနဲ့ ခေါင်းဆောင်နှစ်ယောက်ကို သတ်လိုက်ရင် နောက်လိုက်တွေအကုန် ထွက်ပြေးသွားကြလိမ့်မယ်။ ဘာကြောင့် ကြက်သတ်ဖို့ ရတနာလက်နက်ကို အသုံးပြုခဲ့ရတာလဲ"
လူအုပ်အတွင်း တီးတိုးဆွေးနွေးနေကြသကဲ့သို့ ခေါင်းဆောင်နှစ်ယောက်လည်း ပဟေဠိ ဖြစ်နေကြသည်။ ယွမ်ရှောင်၏လုပ်ရပ်ကြောင့် သူတို့လည်း ထိတ်လန့်ခဲ့ရပြီး ထိုစွမ်းအင်လေပွေနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သို့သော် နောက်လိုက်များသာ သေဆုံးသွားသဖြင့် အချင်းချင်း ကြည့်လိုက်မိသည်။
"ရဲကုရင် ထွက်လာဖို့ သိပ်မလိုတော့ဘူး။ ငါတို့လူငယ်ဘဝကလို ဘေးချင်းယှဥ်မတိုက်ရတာ ကြာပြီ။ အသင့်ပြင်ထား"
"ဒီကောင့်ကို သတ်ကြစို့"
အရုဏ်တက်ရန် နီးကပ်လာပြီ ဖြစ်သောကြောင့် ရှောင်ချန်တန်း၏ တိုက်တွန်းချက်ကို မျက်လုံးများနီရဲနေသည့် လင်းချင်းဖန်ကလည်း သဘောတူခဲ့သည်။ သူတို့အနားတွင် ရှိနေသော ရှောင်ရွယ်သည် အခြေအနေကို အခွင့်ကောင်းယူကာ ကျောက်ရန်ရန်ဖြင့် အကျပ်ကိုင်ရန် တွေးနေခဲ့သည်။ သို့သော် မလှုပ်ရှားခင်မှာပင် ဓားတစ်ချက်လက်သွားကာ သူမ၏ခေါင်းသည် ရှောင်ချန်တန်း၏ ခြေရင်းသို့ ရောက်သွားခဲ့သည်။
"ဓားပင်လယ်ရဲ့ ခေါင်းဆောင်နှစ်ယောက် လူယုတ်မာနှစ်ယောက် မင်းတို့သေဖို့ ပြင်ထားကြပြီလား"
ယွမ်ရှောင်က ဓားဖြင့်ချိန်ရွယ်၍ စိန်ခေါ်လိုက်ပြီး ရှေးဟောင်းမျှော်စင်၌ ဂိုဏ်းသားဟူ၍ နှစ်ယောက်တည်းသာ ကျန်ရစ်စေသည်။ ရှောင်ချန်တန်းသည် စိတ်ထဲတွင် သွေးအန်နေရပြီး မုန်းတီးစိတ်ကို ထိန်းချုပ်မထားနိုင်တော့ပေ။
"သူက ရဲတင်းလွန်းတယ်။ ခေါင်းဆောင်နှစ်ယောက်က သွေးလမ်းခင်းပြီး ထိပ်ဆုံးကို တက်လာခဲ့ကြတာ။ ပြီးတော့ နှစ်ကိုးထောင်ဓားစက်ကွင်းတွေလည်း ပိုင်ဆိုင်ထားကြတယ်။ သူတို့ကို နှစ်ယောက်တစ်ယောက် စိန်ခေါ်တာက အဆင်အခြင်မဲ့လွန်းတယ်"
"အဖေ ဘာမှမပြောနဲ့တော့။ ကျုပ်တို့ အရှက်ရစရာတွေ ဖြစ်ကုန်မယ်"
အဘိုးနင်က မှတ်ချက်ပေးလိုက်သောအခါ နင်ခေးမှာ အလန့်တကြား တားမြစ်လိုက်ရ၏။ အကယ်၍ ယွမ်ရှောင်သာ အနိုင်ရခဲ့လျှင် နင်မျိုးနွယ်က ချက်ချင်းအညံ့ခံမည်ဖြစ်ကာ နင်ရန်နှင့် ကျောက်ကျန်ရှင်းကို သဘောတူရပေလိမ့်မည်။ ဤသို့ဖြင့် ဓားကောင်းကင်၌ နင်မျိုးနွယ်တစ်ခုသာ အင်အားမထိခိုက်ဘဲ ကျန်ရစ်နိုင်စွမ်း ရှိလာနိုင်၏။ ကျောက်ကျန်ရှင်း လက်မခံမည်ကို စိုးရိမ်ကြသော်လည်း နင်ရန်နှင့် သူမ၏ရင်သွေးဖြစ်သော ကျောက်ရန်ရန်ကို အသုံးချနိုင်၏။
"တကယ်လို့ ကျောက်ရန်ရန်သာ ဓားကောင်းကင်မှာ မွေးလာခဲ့ရင် နတ်ပင်လယ်အဆင့်လောက်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ဓားမင်းသားအဆင့်မျိုး ရလိမ့်မယ်"
"တူမလေးရဲ့ အသက်က အန္တရာယ်ရှိနေတယ်"
နင်ခေးသည် အခြေအနေကို ထောက်ပြလိုက်ပြီး သားရဲလေးသည် ခိုးကြောင်ခိုးဝှက်ချဥ်းကပ်သွားကာ ကျောက်ရန်ရန်ကို တုပ်နှောင်ထားသည့် သံကြိုးများအား ဖျက်ဆီးနေခဲ့သည်။
"အဖေ သူမကို ကယ်ရမယ်"
နင်ခေးက အသံကုန်အော်ဟစ်လိုက်ပြီး နင်ရန်၊ အဘိုးနင်တို့နှင့်အတူပြေးထွက်သွားကာ ယွမ်ရှောင်ကြောင့် ခေါင်းဆောင်နှစ်ယောက် သတိထားနေရသည့် အချက်ကို အခွင့်ကောင်းယူလိုက်ခြင်းပင်။
"နင်မျိုးနွယ် ငါ့ကို ပုန်ကန်ချင်တာလား။ ဒီကောင့်ကို သတ်ပြီးရင် မျိုးနွယ်တစ်ခုလုံး ရှင်းပစ်ခံရမယ်"
"လင်းချင်းဖန် နင်က အဆိပ်မိနေတဲ့ အရူးတစ်ယောက်ပဲ။ နင့်မိသားစုကိုတောင် မကာကွယ်နိုင်ဘဲ ငါတို့ကို ခြိမ်းခြောက်ချင်နေတယ်။ နင်အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ပါဘူး"
လင်းချင်းဖန်က ခြိမ်းခြောက်လိုက်သော်လည်း နင်ရန်သည် ချက်ချင်းပြန်ပက်လာသဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့၏။ ခေါင်းဆောင်နှစ်ယောက်အနေဖြင့် ဓားပင်လယ်၌ သြဇာအာဏာ ဆက်လက်တည်တံ့လိုလျှင် ယွမ်ရှောင်ကိုသတ်ရန် မဖြစ်မနေ လိုအပ်လာသည်။ ကံကောင်းသည်မှာ တစ်ဖက်လူသည် ဓားစာခံကို ကယ်တင်ပြီးနောက် ထွက်ခွာသွားခြင်းမရှိဘဲ သူတို့ကို စိန်ခေါ်ခဲ့သည်။ ကျောက်ရန်ရန် လုံခြုံသွားသောအခါ သူ့အတွက် ပစ်မှတ်များကို စိတ်အေးလက်အေး သတ်ဖြတ်နိုင်သောကြောင့်ပင်။
ယွမ်ရှောင်သည် ရန်သူအလောင်းများအပေါ်မှ နင်းဖြတ်ကာ ခေါင်းဆောင်နှစ်ယောက်ထံ ချီတက်လာခဲ့သည်။ သူ့အတွက် ရန်သူငါးထောင်ကျော်ကို သတ်ခဲ့ရသည်မှာ အလွန်လွယ်ကူပြီး လင်းချန်ကဲ့သို့ ထိုက်တန်သော ပြိုင်ဘက်များ မဟုတ်ခဲ့ပေ။ ဖန်ဆင်းရှင်အင်မော်တယ်အဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် ရှေးဟောင်းမျှော်စင်အထိ သွေးလမ်းခင်း၍ ရောက်ရှိလာခဲ့သည်။ သူက ရွှေဇွန်းကိုက်၍ မွေးဖွားလာသော အခွင့်ထူးခံ မဟုတ်သော်လည်း ရန်သူတိုင်းကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် အစစ်အမှန် ပြိုင်ဘက်ကင်းပါရမီရှင်ဟု ခေါ်ဆိုနိုင်၏။ ခေါင်းဆောင်နှစ်ယောက်ကို ပြိုင်တူစိန်ခေါ်ခြင်းသည် ဖိအားများသော်လည်း သူက ဓားလွတ်ကိုင်၍ တစ်ချက်ပင် တုံ့ဆိုင်းမနေခဲ့ချေ။
ရှောင်ချန်တန်းနှင့် လင်းချင်းဖန်သည်လည်း မဆုံးနိုင်သော အမုန်းတရားနှင့် ဒေါသကြောင့် တိုက်ခိုက်ခြင်းမှ ရှောင်ပြေးမသွားခဲ့ကြပေ။ သူတို့က ပခုံးချင်းယှဥ်ရပ်ကာ ဓားကိုယ်စီဆွဲထုတ်၍ သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်ကြသည်။ လင်းချင်းဖန်၏ ဓားဝိညာဥ်သည် ကြယ်တာရာအဆင်မြင့် အလင်းဓားဖြစ်ကာ ဓားအော်ရာ၅၅ခု ပိုင်ဆိုင်သည်။ ရှောင်ချန်တန်း၏ဓားတွင် အနီရောင်မီးတောက်များ တောက်လောင်နေသည့် ခရမ်းရောင်မိုးကြိုးများ တည်ရှိနေကာ ဓားအော်ရာခြောက်ဆယ်နှင့် မိုးကြိုးမီးတောက်ဓားဟူ၍ အမည်တွင်သည်။ ရဲကုရင်နှင့် ယွမ်ရှောင်ပြီးလျှင် သူတို့ဓားဝိညာဥ်များက ဓားပင်လယ်တစ်ခုလုံး၌ အဆင့်အမြင့်ဆုံးဖြစ်၏။
ပို၍ကြောက်စရာကောင်းသည်မှာ ဓားစက်ကွင်းများဖြစ်ကြပြီး တစ်ခုချင်းစီသည် နှစ်ကိုးထောင်နတ်ဆိုးများမှ ဖန်တီးထားခြင်းဖြစ်သည်။ ထိုနတ်ဆိုးများသည် ရုပ်ခွန်အားဘုရင်အဆင့်သို့ ရောက်နေသောကြောင့် အမြုတေ မရှိပေ။ ဓားဝိညာဥ်၌ တပ်ဆင်ရန်အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးကျောက်အဖြစ် သန့်စင်ထားသောကြောင့် နတ်ဆိုးအမြုတေထက် များစွာသာလွန်သည်။ ခေါင်းဆောင်နှစ်ယောက်သည် နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာခဲ့ပြီး လင်းချင်းဖန်၏ ဓားစက်ကွင်းများတွင် လေနှင့် ရေ၊ ရှောင်ချန်တန်း၏ ဓားစက်ကွင်းများတွင် မိုးကြိုးနှင့် မီး ဓာတ်သဘာဝများ အသီးသီး ပိုင်ဆိုင်ကြသည်။ ဓားတစ်လက်က ပင်လယ်ပမာလှိုင်းထန်စေ၍ ကျန်တစ်လက်သည် မိုးကြိုးများကို မီးတောက်လောင်စေနိုင်သည်။
ဤဓားစက်ကွင်းလေးခုသည် ယွမ်ရှောင်၏ ချီစွမ်းအင်မုန်တိုင်းလောက် အစွမ်းမထက်သော်လည်း သူ၏ဓားစက်ကွင်းများထက် လေးငါးဆမက သာလွန်နေသည်။ ရှောင်ချန်တန်းက ဘယ်ဘက်တွင် နေရာယူကာ လင်းချင်းဖန်က ညာဘက်သို့ ရောက်ရှိနေပြီး ယွမ်ရှောင်ကို ပိတ်ဆို့လိုက်ကြ၏။
"အစွမ်းထက်ဓားသမားနှစ်ယောက်နဲ့ လူငယ်ဓားသမားတစ်ယောက်ရဲ့ တိုက်ပွဲက သမိုင်းတွင်လိမ့်မယ်"
အစစ်အမှန် ပါရမီရှင်ဆိုသည်မှာ ယွမ်ရှောင်ကို ဆိုလိုပြီး ပတ်ဝန်းကျင်၌ အားပေးသံများ ထွက်ပေါ်လာသောအခါ သုံးယောက်လုံးသည် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေကြ၏။
"သေစမ်း"
လင်းချင်းဖန်၏ဓားက မုန်တိုင်းပမာ ဝင်ရောက်လာသကဲ့သို့ ရှောင်ချန်တန်း၏ဓားမှာ မီးတောက်အလား လောင်ကျွမ်းနေကာ ကောင်းမွန်လှသော ပူးပေါင်းတိုက်ကွက်သည် သေမိန့်ချမှတ်လိုက်သကဲ့သို့ ထင်မှတ်ရလေသည်။