နှစ်ယောက်တစ်ယောက် (၂)
Vol. 10 Ch. 118
တစ်ချက်ကြည့်ရုံဖြင့် ရန်သူ၏ဓားစက်ကွင်းများက ပို၍အစွမ်းထက်ကြောင်း ယွမ်ရှောင် သိလိုက်သည်။ လေချီစွမ်းအင်များက လင်းချင်းဖန်ကို ဗဟိုပြု၍ မုန်တိုင်းပမာ ထွက်ပေါ်နေပြီး ထိတွေ့သမျှ အရာရာတိုင်းကို ချေမွလျက် ရှိ၏။ ရေချီများကလည်း ပင်လယ်လှိုင်းလုံးပမာ အလင်းဓားမှ ထွက်ပေါ်နေကာ မုန်တိုင်းနဂါးကြီးတစ်ကောင် ရစ်ခွေနေသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းက ဓားအော်ရာအရေအတွက်၌ နိမ့်ကျသော်လည်း ကြောက်မက်ဖွယ် ချီပမာဏနှင့် နဂါးဘုရင်အဆင့် ကျင့်ကြံမှုကြောင့် ဖိနှိပ်နိုင်စွမ်း ရှိလာခဲ့သည်။ ကျန်တစ်ဖက်တွင် ရှောင်ချန်တန်း၏ဓား၌ မိုးကြိုးနှင့် မီး ချီဓာတ်များ ပိုမိုကြမ်းတမ်းစွာရှိနေပြီး ဒန်တန်မှ စွမ်းအင်ထောက်ပံ့ထားသဖြင့် အစွမ်းကုန် တောက်လောင်နေကြသည်။ ဤလူနှစ်ယောက်၏ အရှိန်အဝါသည် တိုက်ခိုက်ရေးကွင်းကို တစ်ဝက်စီ လွှမ်းမိုးထားကာ လူတိုင်းကို ကြောက်လန့်သွားစေသည်။
ခေါင်းဆောင်နှစ်ယောက်က ကိုယ်ကျင့်တရားမကောင်းသော်လည်း တိုက်ခိုက်ရာတွင် အစွမ်းထက်လှပြီး စကားတစ်ခွန်းပင် အပိုမပြောတတ်ကြပေ။ သူတို့က ရန်သူကို အထင်မသေးသည့်အပြင် ယွမ်ရှောင်ကို တစ်ကိုယ်တော်တိုက်ခိုက်၍ အသတ်ခံရန် ဉာဏ်မနည်းကြချေ။ လင်းချင်းဖန်၏ဓားက ဦးခေါင်းထံ ဝင်ရောက်လာပြီး ရှောင်ချန်တန်း၏ဓားက ခါးပိုင်းသို့ ချိန်ရွယ်ထားကာ ချီဓာတ်လေးမျိုး၏ စွမ်းအင်ဖြင့် တောက်လောင်နေကြ၏။
လင်းချင်းဖန်၏ဓားကွက်မှာ လပြည့်ည၏ လေညှင်းဖြစ်သောကြောင့် ယွမ်ရှောင်က ရင်းနှီးကျွမ်းဝင်နေသည်။ ရှောင်ချန်တန်း၏ဓားကွက်မှာ ပန်းတစ်ပွင့်အလား မီးလှိုင်းများ ဖြာထွက်လာနေပြီး ကြယ်ပွင့်အဆင့် ဓားသိုင်း ရှေးဟောင်းဓား၏ ငရဲမီးဓားချက်ပင်။ ဤနှစ်ကွက်က ဓားပါရမီရှင် ယွမ်ရှောင်၏အမြင်၌ မရှုပ်ထွေးသော်လည်း ဓားစက်ကွင်းလေးခု၏ ထောက်ပံ့မှုနှင့် ပေါင်းစပ်လိုက်သောအခါ ခန့်မှန်းရခက်ခဲလာသည်။
"မဆိုးဘူး"
နောက်ဆုံးတွင် အသက်ကို ခြိမ်းခြောက်နိုင်သော ရန်သူမျိုး ထွက်ပေါ်လာသဖြင့် သူက ကျေနပ်စွာ မှတ်ချက်ပေးလိုက်သည်။ ထို့နောက် ခဏအတွင်း လှုပ်ရှားကာ ဘေးသို့ တစ်ချက်ယိမ်း၍ မြွေတစ်ကောင်အလား တွန့်လိမ်ပြီး လင်းချင်းဖန်၏ဓားကို ရှောင်တိမ်းလိုက်သည်။ လခြမ်းဓားအလင်းမှာ လွဲချော်သွားပြီး အနောက်ဘက်ရှိ အနက်ရောင်နံရံကြီးကို ထိမှန်သွားသဖြင့် ကျယ်လောင်စွာ လဲပြိုသွား၏။ ရှောင်ချန်တန်း၏ အသက်ခြွေဓားကွက်ကိုမူ သူက ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး လင်းချင်းဖန်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။ ဓားအော်ရာ အရေအတွက်များသောကြောင့် ပိုမိုကြမ်းတမ်းနေသည်ဖြစ်ကာ ဓားဓားချင်း၊ ဓားအော်ရာနှင့် ဓားစက်ကွင်းများလည်း ထိပ်တိုက်ထိမှန်သွားကြ၏။
လျှပ်တပြက်အတွင်း ကြောက်မက်ဖွယ် မီးတောက်များက ယွမ်ရှောင်ကို လွှမ်းခြုံလာသဖြင့် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ပေးလိုက်ရသည်။ ဤရင်ဆိုင်မှုတွင် သူ၏လက်ဖဝါး အက်ကွဲသွားကာ အဝတ်အစားများ ဖရိုဖရဲဖြစ်သွားသော်လည်း ရှောင်ချန်တန်းက မျက်မှောင်ကြုတ်နေခဲ့သည်။ မိုးကြိုးမီးတောက်ဓားတွင် အက်ကြောင်အသေးလေးများ ဖြစ်ပေါ်နေပြီး များစွာမသိသာသော်လည်း ထိခိုက်သွားခဲ့ရသည်။
"အစ်ကိုတန်း ရေချီ မရှိရင် ဓားချင်း မရင်ဆိုင်နဲ့"
လင်းချင်းဖန်က အော်ဟစ်သတိပေးရင်း ယွမ်ရှောင်ထံ ထပ်မံဝင်ရောက်သွားကာ အလင်းဓား၌ ရေချီများရစ်သိုင်းနေသဖြင့် ကောင်းကင်သင်္ချိုင်းဓား၏ တိုက်စားမှုကို ခုခံနိုင်စွမ်းရှိနေ၏။ ရှောင်ချန်တန်းက ခေါင်းညိတ်ပြီး နည်းစနစ်ပြောင်းလဲကာ ဓားမြှောင်သိုင်းကွက်ဖြင့် ယွမ်ရှောင်၏မျက်လုံးထံ အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရှေးဟောင်းဓားသိုင်း ရှေးဟောင်းလျှပ်စီး
ဓားစက်ကွင်း၏ လျှပ်စီးသဘာဝသည် ၎င်းကို ပိုမိုလျင်မြန်စေကာ မိုးချုန်းသံများ ထွက်ပေါ်လာ၍ လေထုပင် တဘုန်းဘုန်းပေါက်ကွဲပြီး ပတ်ဝန်းကျင်တစ်ခွင် လျှပ်စီးကြောင်းများ ပြည့်နှက်လာခဲ့၏။
"ယွမ်ရှောင် သတိထား။ နဂါးဘုရင်အဆင့် လူနှစ်ယောက်က လူငယ်လေးတစ်ယောက်ကို အနိုင်ကျင့်နေကြတယ်။ သိက္ခာရှိရင် တစ်ယောက်ချင်း တိုက်ခိုက်ကြပါလား။ အရှက်မဲ့လိုက်တာ"
"မှန်တယ်။ သူတို့က အရှက်မရှိကြဘူးလား"
အဘိုးနင်က စိတ်ပျက်စွာ အော်ဟစ်လိုက်သကဲ့သို့ ပွဲကြည့်ရန် ရောက်လာသူများစွာပင် ထောက်ခံလိုက်ကြ၏။ သို့သော် ခေါင်းဆောင်နှစ်ယောက်သည် မကြားဟန်ပြုနေကာ ယွမ်ရှောင်၏ ခွန်အားအစစ်အမှန်ကို သိရှိပြီးနောက် ပူးပေါင်းတိုက်ခိုက်ရန် ပိုမိုလိုလားခဲ့ကြ၏။ အလင်းဓားသည် ပင်လယ်ကြီးတစ်ခုပမာ များပြားလေးလံသော ရေချီများကို သယ်ဆောင်လာပြီး တဖိတ်ဖိတ် တောက်ပနေသည်။ ထို့နောက် ၎င်းသည် ဓားဆယ်လက်အဖြစ် ခွဲထွက်သွားကာ တစ်ခုချင်းစီက လူသတ်နိုင်စွမ်း ရှိနေသည်။ ဤကား နေလနတ်ဓားသိုင်း၏ လမင်းရောင်ပြန် ဓားရှည်သိုင်းကွက်ဖြစ်ကာ တစ်ယောက်ချင်း တိုက်ခိုက်ရန်အတွက် ရည်ရွယ်ဖန်တီးခြင်းပင်။
ဓားအလင်းဆယ်ခုနှင့် မိုးကြိုးမီးတောက်ဓားက နီးကပ်လာသော်လည်း ယွမ်ရှောင်သည် တစ်ချက်ပြုံးကာ လျင်မြန်စွာ ဓားကွက်ခင်းလိုက်သည်။ သူ၏ဓားချက်က လင်းချင်းဖန်နှင့် ထပ်တူညီနေသော်လည်း စွမ်းအားချင်း ကွာခြားနေသောကြောင့် ဓားအလင်းနှစ်ဆယ် ထွက်ပေါ်လာခဲ့သည်။ လင်းချင်းဖန်၏ဓားချက်က ရေပြင်ပေါ်သို့ လရောင်ဖြာကျနေသကဲ့သို့ အနုပညာဆန်ကာ ခန့်မှန်းရခက်ခဲသည်။ သူ၏ဓားချက်ကမူ မုန်တိုင်းတိုက်ခတ်နေသည့်အလား ပြင်းထန်နေကာ အဆင့်ချင်း မတူသောကြောင့် ရန်သူကို မျက်လုံးပြူးသွားစေ၏။ သိုင်းကွက်ချင်းတူညီသော်လည်း ယွမ်ရှောင်က အနှစ်သာရကို ပိုမိုနားလည်နေသဖြင့် သတ်ဖြတ်နိုင်စွမ်းမှာ ကြောက်ခမန်းလိလိ တိုးလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ဓားအလင်းနှစ်ဆယ်သည် အလင်းဓားကို ကျော်ဖြတ်သွားကာ လင်းချင်းဖန်ကို နောက်လွင့်သွားစေသည့်အပြင် အရိုးထိနက်ရှိုင်းသော ဒဏ်ရာများ ပေးလိုက်သောကြောင့် အဝတ်အစားများ အနီရောင် ပြောင်းလဲသွားခဲ့သည်။ ယွမ်ရှောင်ကိုယ်တိုင် ဒဏ်ရာရသွားသော်လည်း အပေါ်ယံသာ ရှပ်ထိသွားသောကြောင့် မပြောပလောက်ချေ။
ထို့နောက် လျှပ်စီးအလင်းတစ်ခုသည် လင်းချင်းဖန်၏ မျက်နှာအနီးမှ ဖြတ်ပြေးသွားကာ ယွမ်ရှောင်၏မျက်လုံးထံ ဝင်ရောက်လာခဲ့သည်။ သူ၏မျက်လုံးအတွင်း လျှပ်စီးများသာ မြင်နေရသဖြင့် တုံ့ဆိုင်းမနေဘဲ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားကုန်ပိုင်းချလိုက်သည်။
"ထန်"
လျင်မြန်သော ဓားချက်က မိုးကြိုးမီးတောက်ဓားကို နေရာပြောင်းလိုက်နိုင်သော်လည်း ပခုံးကို ထိမှန်သွားခဲ့သည်။ ဓားသများ၏ တိုက်ပွဲတွင် သတ်ဖြတ်ရန်အတွက်သာ ဦးတည်ထားပြီး အခြားကျင့်ကြံသူများကဲ့သို့ သိုင်းကွက်ပေါင်းရာချီ ဖလှယ်သည်မှာ ရှားပါးလှ၏။ ကြောက်မက်ဖွယ်မီးတောက်များက ယွမ်ရှောင်၏ ခန္ဓာကိုယ်တစ်ဝက်ခန့်ကို အပူဟပ်သွားကာ ပခုံးဒဏ်ရာမှ သွေးများပင် အနက်ရောင်ဖြစ်အောင် လောင်ကျွမ်းခံခဲ့ရသည်။ ဖန်ဆင်းရှင်အင်မော်တယ်၏ လူဝင်စားကို ပထမဆုံးအကြိမ် သေစေနိုင်လောက်သော ဒဏ်ရာမျိုးပေးနိုင်သဖြင့် ခေါင်းဆောင်နှစ်ယောက်၏ ပူးပေါင်းတိုက်ကွက်က ပြောစမှတ်ပြုလောက်၏။
"ယွမ်ရှောင်"
ကျောက်ရန်ရန်မှာ စိုးရိမ်လွန်းသဖြင့် လက်ဝါး၌ ချွေးများစို့နေကာ ပရိသတ်များလည်း ကြောက်စိတ်ကြောင့် တိတ်ဆိတ်ကုန်သည်။
"ငါတို့နိုင်ပြီ"
လင်းချင်းဖန်က ဝမ်းသာလုံးဆို့နေသော်လည်း ရှောင်ချန်တန်း၏ နာကျင်စွာအော်သံကို ရုတ်တရက် ကြားလိုက်ရ၏။ သူက အလန့်တကြား လှည့်ကြည့်လိုက်သောအခါ မိုးကြိုးမီးတောက်ဓားတွင် အက်ကြောင်းများစွာ ရှိနေကာ အပြာရောင်မီးခိုးများ ထွက်နေကြောင်း မြင်ခဲ့ရသည်။ ၎င်းထိခိုက်သွားသဖြင့် ရှောင်ချန်တန်း၏ ဝိညာဥ်လည်း ဒဏ်ရာရသွားကာ မျက်လုံးများ အရောင်မှိန်စပြုလာခဲ့သည်။
"အနိုင်ရပြီ ဟုတ်လား။ စိတ်ကူးယဥ်မနေနဲ့"
ထိုအချိန်၌ အေးစက်စက်စကားသံနှင့်အတူ ယွမ်ရှောင်သည် တိုက်စစ်ဖွင့်ရန် ဝင်ရောက်လာနေပြီ ဖြစ်သည်။ မူလတွင် ခေါင်းဆောင်နှစ်ယောက်သည် စတင်တိုက်ခိုက်ကာ အသာစီးရယူထားနိုင်သော်လည်း အလှည့်အပြောင်းက မြန်ဆန်လွန်းနေ၏။
"မစိုးရိမ်နဲ့။ ဓားအခြေတည်ဆေးလုံးနဲ့ ကုသလို့ ရတယ်။ အတိတ်က ငါတို့တိုက်ခိုက်ခဲ့တဲ့ ရက်တွေကို မှတ်မိသေးလား"
ရှောင်ချန်တန်းသည် နာကျင်နေသော်လည်း အံကြိတ်ကာ ဓားဝိညာဥ်ကို ပြန်လည်ဆင့်ခေါ်၍ လင်းချင်းဖန်နှင့် ပခုံးချင်း ယှဥ်ရပ်လိုက်၏။
"အစ်ကိုတန်းနဲ့အတူ သေရရင်တောင် ကျုပ် နောင်တမရဘူး"
"ငါလည်း အတူတူပါပဲ။ ဒါပေမယ့် သေရမှာက ငါတို့ မဟုတ်ဘူး"
သူက ပြောပြောဆိုဆိုနှင့် ရှေ့တက်ကာ ကိုးကောင်းကင်မိုးကြိုးဓားချက် ထုတ်ဖော်လိုက်သောအခါ ကျယ်လောင်လွန်းသည့် မိုးချုန်းသံများ ပဲ့တင်ထပ်နေသည်။ လင်းချင်းဖန်ကလည်း လမင်းရောင်ပြန်သိုင်းကွက်ဖြင့် ယွမ်ရှောင်အား ကြိုဆိုတိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
သို့ရာတွင် ယွမ်ရှောင်သည် ပြေးထွက်လာရင်း ဓားမြှောင်ကို အစွမ်းကုန် ပစ်ခတ်လိုက်ရာ နေကိုပင် ထိုးဖောက်နိုင်လောက်အောင် ပြင်းထန်နေ၏။ တိကျမြန်ဆန်၍ အားပါပြင်းထန်သော နေဖောက်သက်တန့်ဓားကွက်သည် သူ၏လမ်းတွင် ပိတ်ဆို့နေသူများအားလုံးကို ရှင်းပစ်မည်ဟု သံဓိဋ္ဌာန်ချမှတ်လိုက်ခြင်းပင်။ သူ၏ခွန်အား၊ သတ္တိနှင့် မာနက ယောကျ်ားတစ်ယောက်၏ ရဲရင့်သော စိတ်ဓာတ်ကို ထင်ဟပ်နေကာ နတ်ဘုရားနှင့် နတ်ဆိုးကြီးများ ပိတ်ဆို့နေလျှင်ပင် ဓားတစ်ချက်တည်းဖြင့် ထိုးဖောက်သွားပေလိမ့်မည်။ သူက နေလနတ်ဓားသိုင်းကို ပြည့်စုံစွာ မသင်ယူခဲ့ရသော်လည်း လင်းချင်းဖန်ထက် ပို၍အစွမ်းထက်အောင် မွမ်းမံပြင်ဆင်နိုင်ခဲ့သည်။
"မြန်လိုက်တာ"
ခေါင်းဆောင်နှစ်ယောက်၏ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကာ မိုးကြိုးမီးတောက်ဓားရှည်နှင့် ကောင်းကင်သင်္ချိုင်းဓားမြှောင်တို့ လေထဲ၌ တွေ့ဆုံသွားကြ၏။ ကျယ်လောင်လွန်းသော ထိခတ်သံကြောင့် လူတိုင်းတုန်ယင်ကာ မင်သက်နေစဥ် မိုးကြိုးမီးတောက်ဓားမှာ ကွဲကြေသွားခဲ့သည်။
"ဟင်"
ထိုအချိန်တွင် ရပ်တန့်မရနိုင်လောက်သော အပြာရောင်အလင်းသည် ရှောင်ချန်တန်း၏ ဘယ်မျက်လုံးသို့ တိတိကျကျ စိုက်ဝင်သွားခဲ့လေသည်။