← Chapters

ဓားနယ်မြေသခင်

Vol. 10 Ch. 119

ဓားနယ်မြေသခင်

Vol. 10 Ch. 119

ကောင်းကင်သင်္ချိုင်းဓားသည် တဝီဝီလည်ပတ်၍ ရှောင်ချန်တန်း၏ဦးခေါင်းမှ ဖောက်ထွက်သွားကာ အဝေးရှိ တိမ်များအတွင်း အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ သူက ရှေ့သို့ငိုက်ကျ၍ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသောအခါ လင်းချင်းဖန်မှာ တုန်လှုပ်သွားသည်။ အသက်မဲ့အလောင်းကြီးက ယွမ်ရှောင်ခြေရင်းတွင် လဲကျသွားပြီး သွေးများ စီးထွက်လာသောအခါ ခေါင်းဆောင်လင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူက တုန်ရီစွာဖြင့် မြေပြင်တွင် ထိုင်ချလိုက်ပြီး ပါးစပ်ဟလိုက်သော်လည်း စကားသံအစား သွေးများသာ အန်ထွက်လာခဲ့၏။ ရှေးဟောင်းမျှော်စင်အပြင်ဘက်ရှိ ကျင့်ကြံသူတစ်သောင်းကျော်သည် ရုပ်တုကြီးများပမာ ကြက်သေသေနေခဲ့ပြီး ရှေးဟောင်းမျှော်စင်၏ အစွမ်းထက်ခေါင်းဆောင်မှာ ဝိညာဥ် လွင့်​ပြယ်သွားခဲ့ပြီ ဖြစ်၏။

ပတ်ဝန်းကျင်က အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေကာ အရုဏ်ဦးနေရောင်တွင် သွေးများ ရောင်ပြန်ဟပ်နေခဲ့သည်။ သူတို့သည် အဖြူရောင်သေမင်းကို ကြည့်နေရင်း စိတ်များ ဗလာဖြစ်သွားကာ ချီးကျူးချင်သော်လည်း ဆွံ့အနေကြ၏။ တစ်ဖက်လူ၏အစွမ်းသည် လေးစားမှုကိုသာမက ကြောက်စိတ်ကိုပါ ဖြစ်ပေါ်လာစေသောကြောင့် ခြေလက်များ ပျော့ခွေကာ လဲကျမသွားစေရန် အချင်းချင်း ထိန်းထားရသည်။

"ခေါင်းဆောင်လင်း"

"ဘာမှပြောစရာ မလိုတော့ဘူး။ အနိုင်ရတဲ့လူက ဘုရင်ပဲ။ ကံတရားက ငါ့အပေါ် ကျီစယ်လွန်းတယ်။ သားရဲကောင်ကို ကြွက်တစ်ကောင်လို အထင်သေးမိတဲ့ ငါ့အပြစ်ပါပဲ။ ကောင်းကောင်းသွားပါ အစ်ကိုတန်း"

လင်းချင်းဖန်က အသက်ဝဝရှူရင်း ဟက်ဟက်ပက်ပက် ရယ်မောကာ သိုလှောင်အိတ်အတွင်းမှ သေရည်အိုးတစ်လုံး ထုတ်ယူကာ ရှောင်ချန်တန်း၏ အလောင်းပေါ်သို့ လောင်းချပြီးနောက် မော့သောက်လိုက်၏။

"မင်း ရဲကုရင်ကို နိုင်မယ် ထင်လား"

သူက ရှေးဟောင်းမျှော်စင်ထံ တစ်ချက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ခင်ဗျားရဲ့ မရဏလမ်းမှာ နည်းနည်းလောက် စောင့်နိုင်ရင် သူလည်း အဖော်လိုက်လာပါလိမ့်မယ်"

"ပြောတာ ကောင်းတယ်"

လင်းချင်းဖန်က ခေါင်းညိတ်၍ တစ်ချက်ပြုံးကာ ရှောင်ချန်တန်းအနားတွင် နေရာယူလိုက်ပြီး ဓားဖြင့် လည်ပင်းကို ပြတ်ပြတ်သားသား ပိုင်းဖြတ်ခဲ့သည်။ သူက နှစ်ပေါင်းများစွာ အဆိပ်ဒဏ်ကို ခံလာရသောကြောင့် မျှော်လင့်ချက်မဲ့စပြုနေပြီး တိုက်ခိုက်ခြင်းမှာ အဓိပ္ပါယ်မရှိဟု သဘောပေါက်သောအခါ ဂုဏ်သရေရှိရှိ ထွက်သွားရန် ရွေးချယ်ခဲ့သည်။ ဤသို့ဖြင့် ဓားပင်လယ်၏ ခေါင်းဆောင်နှစ်ယောက်သည် ယွမ်ရှောင်ကြောင့် သေဆုံးသွားကာ အရိုးပုံကြီးနှင့် ခေါင်းပြတ်အလောင်းများနှင့်အတူ ရက်စက်သော မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့က ဓားပင်လယ်ကို ခြယ်လှယ်နေပြီး ရဲမျိုးနွယ်သည် အသူရာဓားဂိုဏ်းကို အုပ်စိုးခဲ့သော်လည်း လက်ရှိ၌ အရာရာ ပျောက်ကွယ်သွားသည်။ တိမ်တိုင်းပြည်၏ ဘုရင်ငယ်က သွေးလမ်းခင်း၍ ကောင်းကင်သို့ မြင့်တက်လာကာ အလောင်းပုံကြီးနှင့် သွေးမြစ်အထက်တွင် ရပ်နေခဲ့သည်။

အဘိုးနင်သည် ဓားကောင်းကင်၏ ကျင့်ကြံသူများကို အချက်ပြလိုက်ပြီး ချက်ချင်းဒူးထောက်လိုက်သောအခါ ဓားပင်လယ်၏ ကျန်ကျင့်ကြံသူများလည်း တစ်ယောက်ကို တစ်ယောက်ကြည့်၍ အလန့်တကြားဖြင့် ဒူးထောက်လာကြ၏။ ယွမ်ရှောင်အနေဖြင့် စကားတစ်ခွန်းပြောရန် မလိုအပ်ဘဲ ကျင့်ကြံသူတစ်သောင်းကျော်ကို ဒူးထောက်စေခဲ့ပြီး ခေါင်းဆောင်နှစ်ယောက်ပင် ဤမျှလွှမ်းမိုးနိုင်စွမ်း မရှိသောကြောင့် သမိုင်းဝင်မြင်ကွင်းတစ်ခုပင်။

"ဓားနယ်မြေသခင်ကို ကျုပ်တို့က ကြိုဆိုပါတယ်"

နင်ရန်နှင့် ကျောက်ရန်ရန်၏ ဆက်နွယ်မှုကြောင့် နင်မျိုးနွယ် အသက်ချမ်းသာရမည် ဖြစ်ကြောင်း သေချာသောအခါ အဘိုးနင်သည် နင်ပေ၏ သေဆုံးမှုကို လျစ်လျူရှုလိုက်သည်။ သူ၏စိတ်ထဲတွင် ရှိနေသော ဂုဏ်ထူးက အလိုအလျောက် ထွက်ပေါ်လာကာ မဟာနတ်ဆိုးသခင်ပင် ဤသို့ဂုဏ်ပြုခံရမည် မဟုတ်ချေ။ ကျင့်ကြံသူတစ်သောင်းကျော်သည်လည်း ပြိုင်တူအော်ဟစ်ကာ အရိုအသေ ပေးလိုက်သောကြောင့် ရှေးဟောင်းမျှော်စင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ရဲကုရင်အနေဖြင့် နတ်ဘုရားတစ်ပါးပမာ ထွက်ပေါ်လာရန် တွေးထားသည်မှာ အမှန်တကယ် ရယ်စရာကောင်းလွန်းနေ၏။

"ခင်ဗျားတို့ ဂုဏ်ပြုတာ စောလွန်းမနေဘူးလား။ ကျုပ်ရဲ့ပြိုင်ဘက်က ထွက်မလာသေးဘူး။ ဓားနယ်မြေသခင်က ရဲမျိုးနွယ်ရော မဖြစ်နိုင်ဘူးလား"

ယွမ်ရှောင်၏ ဓားအထက်တွင် ဂုဏ်သိက္ခာနှင့် အမှန်တရား တည်ရှိပြီး ဓားနယ်မြေ၏ ထိပ်တန်းတည်ရှိမှု ဖြစ်လာသော်လည်း တစ်ချက်ပြုံးကာ လှောင်ရယ်လိုက်သည်။

"ပြိုင်ဘက်လို့ ခေါ်ရအောင် ရဲကုရင်က မထိုက်တန်ဘူး"

"မှန်တယ်။ ခေါင်းဆောင်နှစ်ယောက်ရဲ့ ခွန်အားကို လူတိုင်း သိကြတယ်။ သခင်က အသက်၁၆နှစ်နဲ့ သူတို့ကို အနိုင်ယူခဲ့တယ်။ ရဲကုရင်က အစွမ်းထက်ပေမယ့် နှိုင်းယှဥ်လိုက်ရင် ဘာမှမဟုတ်ဘူး"

အဘိုးနင်နှင့် နင်ခေးက အတိုက်အဖောက်ညီစွာ ငြင်းဆန်လိုက်ကြ၏။ အသူရာပင်လယ်ကို သိမ်းပိုက်ခြင်း၊ လင်းချင်းဖန်၏အကြံကို အနိုင်ယူခြင်း၊ ကျင့်ကြံသူငါးထောင်ကျော်ကို သတ်ဖြတ်ခြင်းနှင့် ခေါင်းဆောင်နှစ်ယောက်ကို သတ်ဖြတ်ခြင်း စသော အချက်များကို ရဲကုရင်က ယှဥ်နိုင်မည် မဟုတ်ချေ။

"ရဲကုရင်က သခင်နဲ့ နှိုင်းယှဥ်လို့တောင် မရပါဘူး"

"ဆယ်ရက်လောက် ကျင့်ကြံလိုက်တာနဲ့ ကောင်းကင်ကိုတက်ဖို့ မဖြစ်နိုင်ဘူး။ တံခါးပွင့်လာရင် ဒီကောင် ဘယ်လိုဖြစ်သွားမလဲ မြင်ချင်လှပြီ"

ဓားပင်လယ်၏ ကျင့်ကြံသူများက လှောင်ရယ်နေကြသော်လည်း ယွမ်ရှောင်သည် တိတ်ဆိတ်နေခဲ့ပြီး ရဲကုရင်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ အဝေးရှိ အမြင့်တစ်နေရာတွင် ချန်ရီကို သူက သတိထားမိသောအခါ တစ်ချက်ပြုံးလိုက်သည်။ သူမ စောင့်ကြည့်နေမည်ဟု ထင်ထားကာ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းလည်း ခန့်မှန်ထားခဲ့သည်။ သူမ၏ပုံရိပ် ထွက်ပေါ်လာခြင်းက သူ့အရည်အချင်းကို အသိအမှတ်ပြုကြောင်း သက်သေပင် ဖြစ်၏။

ထို့နောက် သူက ဓားဝိညာဥ်မှ နတ်ဆိုးအမြုတေနှစ်ခုကို ထုတ်ယူရင်း ခေါင်းဆောင်နှစ်ယောက်ထံ ချဥ်းကပ်သွားသည်။ လင်းချန်၏ ဓားစက်ကွင်းများကို ကျောက်ရန်ရန်အတွက် လက်ဆောင်ပေးရန် တွေးထားပြီး သူက အလောင်းများထံမှ ဓားစက်ကွင်းများကို စုပ်ယူခဲ့သည်။ လေ၊ ရေ၊ မီးနှင့် လျှပ်စီးသဘာဝ နှစ်ကိုးထောင် သွေးကျောက်များက ကောင်းကင်သင်္ချိုင်းဓားထံ ပေါင်းစပ်သွားသောအခါ မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ပင်။

"သူက လူသား မဟုတ်ဘူး။ နတ်ဘုရားဖြစ်ရမယ်"

ဓားစက်ကွင်းလေးခုက ဓားဝိညာဥ်တစ်ခုတည်းတွင် တည်ရှိနေသောအခါ ကျင့်ကြံသူများကို တအံ့တသြ ဖြစ်သွားစေသည်။

"သူ့ဓားဝိညာဥ်က ဓားစက်ကွင်းလေးခုအထိ ထိန်းသိမ်းထားနိုင်တယ်။ ဒါက ဒဏ္ဍာရီလာ နဂါးငွေ့တန်းအဆင့် ဖြစ်ရမယ်"

အဘိုးနင်နှင့် နင်ခေးမှာ ချက်ချင်းသုံးသပ်လိုက်ကြပြီး အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ သေမျိုးလူသားများအတွက် ဓားပင်လယ်၏ ကျင့်ကြံသူများက ဆန်းကျယ်လှသကဲ့သို့ သူတို့အတွက် ယွမ်ရှောင်က အစစ်အမှန် အင်မော်တယ် ဖြစ်လာခဲ့သည်။ ဓားပင်လယ်တစ်ခုလုံး လှုပ်ခတ်နေပြီး အလောင်းပုံအထက်တွင် ရပ်နေသော ယွမ်ရှောင်မှာ နတ်ဘုရားအလား ကိုးကွယ်ခံနေရသည်။ အဝေးမှ စောင့်ကြည့်နေသော ချန်ရီပင် အံ့သြသွားပုံရသော်လည်း သူက လျစ်လျူရှုထားခဲ့၏။

"ဓားစက်ကွင်းလေးခုက ကောင်းကင်နယ်မြေရဲ့ ဧကရီကို တုန်လှုပ်စေနိုင်တာလား"

"မင်းက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ပြခဲ့တာမလား"

"ဒါပေါ့။ သူမက ငါ့အရည်အချင်းကြောင့် ပိုတန်ဖိုးထားလာလိမ့်မယ်။ ဒီလိုမဖြစ်ရင်တောင် ငါ့နောက်ခံအဖြစ် မင်းတို့ ရှိတာပဲ"

"တကယ်လို့ မင်းသာ ရှေးဟောင်းမျှော်စင်နဲ့ ဓားကောင်းကင်ရဲ့ ရတနာအားလုံးကို ပေးနိုင်ရင်ပေါ့"

သားရဲလေးက ယွမ်ရှောင်နှင့် စိတ်ချင်းဆက်သွယ်ကာ ကျေနပ်စွာ ရယ်မောနေခဲ့သည်။ လက်ရှိတွင် ယွမ်ရှောင်က ရွှေပုံပေါ်သို့ ရောက်နေပြီး ရှေးဟောင်းမျှော်စင်နှင့် ဓားကောင်းကင်၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းပိုက်နိုင်စွမ်းရှိလာသည်။

"ဒါပေမယ့် ငါ့အတွက် ရန်သူတစ်ယောက် ကျန်နေသေးတယ်"

"ဒါကို ကမ္ဘာမကြေရန်သူလို့ ခေါ်ရမယ် ထင်တယ်။ ဒီကောင်က ဖန်ဆင်းရှင်အတွက် စော်ကားမှုတစ်ခုပဲ"

ယွမ်ရှောင်နှင့် သားရဲလေးက ရှေးဟောင်းမျှော်စင်၏ ထိပ်ဖျားပိုင်းသို့ မော့ကြည့်နေစဥ် ကျောက်ရန်ရန် ချဥ်းကပ်လာခဲ့သည်။ သူမ၏ဝတ်ရုံတွင် သွေးများစွန်းထင်းနေပြီး မျက်နှာ၌ ဒဏ်ရာများရှိနေသော်လည်း အလှတရားကို ဖုံးကွယ်မထားနိုင်ပေ။ သူမက ချန်ရီကဲ့သို့ အလှပိုင်ရှင်မျိုးမဟုတ်သော်လည်း သေမျိုးလူသားတစ်ယောက်၏ နွေးထွေးသော ခံစားချက်ကို ပိုင်ဆိုင်၏။ ယွမ်ရှောင်၏အမြင်တွင် သူမက နတ်ဘုရားဖြစ်ပြီး ဤလောကကြီး၏ အလှဝိညာဥ် ဖြစ်သည်။ သူက သူမကို တင်းကြပ်စွာ ဖက်လိုက်သောအခါ နှလုံးခုန်သံပင် အတိုင်းသား ကြားနေရသည်။ ဓားပျံအတူစီးနင်းခဲ့သော ညတွင် သူမ၏အနံ့သည် သူ့အတွက် အ​ဆိပ်အားလုံးကို ဖြေပေးနိုင်သော အမွှေးနံ့ပမာ အမှတ်ရစေသည်။ အင်မော်တယ်လမ်းကြောင်းတွင် သူမသာ ရှိမနေခဲ့လျှင် သူ့အတွက် သွေးများသာ ပြည့်နှက်နေမည်ဖြစ်ကာ နွေးထွေးမှု ကင်းမဲ့ပေလိမ့်မည်။

နံနက်ခင်း၏ နေရောင်ခြည်က ကျောက်ရန်ရန်အပေါ် ဖြာကျနေကာ ရှေးဟောင်းမျှော်စင်၏ တိုက်ပွဲကွင်းတွင် စုံတွဲအဖြစ် ရပ်နေခဲ့ကြသည်။ အနက်ရောင်နှင့် အဖြူရောင်ဝတ်ရုံများတွင် သွေးများစွန်းထင်းနေကာ အကြည့်ချင်းဖလှယ်လိုက်ရုံဖြင့် စကားများများပြောနေရန် မလိုအပ်တော့ပေ။

"ဘုန်း"

ရှေးဟောင်းမျှော်စင်က ရုတ်တရက် တုန်ခါသွားသဖြင့် လူတိုင်း ထိပ်ဖျားသို့ မော့ကြည့်လိုက်ကာ ရဲကုရင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ မူလတွင် သူတို့က ထိုပါရမီရှင်ကို အစွမ်းကုန် ချီးမြှောက်မည်ဖြစ်သော်လည်း လက်ရှိ၌ ယွမ်ရှောင်ရှေ့တွင် ဒူးထောက်နေကာ ရဲကုရင်၏ အဖြစ်ကို ရယ်ချင်စိတ်အား ဖိနှိပ်ထားရလေသည်။

All Chapters