အင်မော်တယ်အစစ်အမှန်
Vol. 10 Ch. 120
ရှေးဟောင်းမျှော်စင်အတွင်း နဂါးဘုရင်အလယ်အဆင့်သို့ ရောက်သွားသော ရဲကုရင်၏ ခန္ဓာကိုယ်ပတ်လည်၌ ချီများသည် နဂါးနက်ကြီးပမာ ရစ်ခွေ၍ ဟိန်းဟောက်သံများ ထွက်ပေါ်နေခဲ့သည်။ သူ၏ဒန်တန်အတွင်း နဂါးကိုးကောင် တည်ရှိနေကာ စွမ်းအင်လှိုင်းများ ပြန့်ထွက်နေ၍ အပြင်ဘက်မှ ဆူညံသံများ ကြားနေရသည်။
"ကြည့်ရတာ ခေါင်းဆောင်ရှောင်က ငါ့ကို ကြိုဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ရမယ်။ ဓားပင်လယ်ရဲ့ ဘုရင်အဖြစ် ငါ ပြန်လာပြီ။ ဆယ်ရက်အကြာက ငါဟာ ဓားပင်လယ်ကို အသူရာဓားဂိုဏ်းသားတစ်ယောက်အနေနဲ့ ရောက်လာခဲ့ပေမယ့် အခု အပေါ်ကို ရောက်လာပြီ။ သိပ်မကြာခင် ကောင်းကင်နယ်မြေကိုသွားပြီး ဓားနယ်မြေအတွက် ဂုဏ်ဆောင်ရမယ်"
သူက ကိုယ့်ကိုကိုယ် အထင်ကြီးစွာ တွေးတောနေရင်း ကျေနပ်စွာ စိတ်ကူးယဥ်နေ၏။ မျှော်စင်နှလုံးသားအမွေအနှစ်ကို ဆက်ခံပြီးနောက် သူ့အတွက် ဓားပင်လယ်ကို အုပ်စိုးရန် နေ့ရက် ကျရောက်လာခဲ့သည်။ သူက အပြင်ဘက်ရှိ ခမ်းနားသော မြင်ကွင်းကို စိတ်ကူးယဥ်ရင်း ရဲမျိုးနွယ်အတွက် ဂုဏ်ဆောင်နိုင်ပြီဟု အထင်ရောက်နေသည်။
"ကျောက်ရန်ရန် အသူရာဓားဂိုဏ်းမှာ ငါက နိမ့်ကျခဲ့တဲ့အတွက် မင်းက မောက်မာစွာ အထင်သေးခဲ့တယ်။ အခု ငါက ဓားပင်လယ်ရဲ့ ထိပ်တန်းကျင့်ကြံသူ ဖြစ်လာခဲ့ပြီ။ မင်းအပြင်မှာရှိပြီး ငါ့ကို အရိုအသေပေးရင် ဘယ်လောက်ကောင်းမလဲ။ ဒီမိန်းမက လာဖို့ အဆင့်မရှိပါဘူး။ ဒါပေမယ့် အဆင်ပြေတယ်။ ငါက ဓားကျင့်ကြံသူသောင်းချီကို ဦးဆောင်ပြီး အသူရာဓားဂိုဏ်းရဲ့ ဓားအိမ်တော်ကို ချေမွပစ်ရင် တွေ့ရမှာပဲ"
သူက တဟားဟားရယ်မောနေရင်း ပြန်လည်မွေးဖွားလာပုံရသော ယွမ်ရှောင်ကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်ပစ်ရန် ကြံစည်နေသည်။
"ဘုန်း"
ရဲကုရင်သည် ကောင်းကင်ဝင်ပေါက်မှ ဟန်ပန်တစ်ခွဲသားဖြင့် ထွက်လာခဲ့ပြီး ခြေလှမ်းတိုင်းတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်။ ဓားပင်လယ်၏ ကျင့်ကြံသူတစ်သောင်းကျော် ဒူးထောက်နေသည့် မြင်ကွင်းကို အရင်ဆုံး မြင်လိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ ဤလူများက အသူရာပင်လယ်သို့ သူ ဝင်ရောက်ခဲ့ချိန်တွင် လှောင်ပြောင်ခဲ့ကြသော်လည်း အခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်၏။
"ဓားပင်လယ်မှာ ငါက ကောင်းကင်ကို ရောက်ခဲ့ပြီ။ ကောင်းကင်ကို ထိုးဖောက်မယ့် ငါ့ဓားအောက်မှာ ဘယ်သူ ယှဥ်ပြိုင်ရဲသလဲ"
သူက မောက်မာစွာ ရှေ့တက်လာပြီး ရှေးဟောင်းမျှော်စင်၏ အဖွဲ့ဝင်များကို ရှာဖွေရန် ဝေ့ကြည့်လိုက်သောအခါ ရက်စက်သော မြင်ကွင်းတစ်ခု စောင့်ကြိုနေခဲ့သည်။ ဤမြင်ကွင်းကြောင့် သူက ရင်ထိတ်သွားပြီး မျက်လုံးကို လက်ဖြင့်ပွတ်သပ်ကာ နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ မြေပြင်၌ သွေးချောင်းစီးနေကာ ခေါင်းပြတ် အလောင်းတစ်ထောင်ကျော် ဒူးထောက်နေပြီး လင်းချင်းဖန်နှင့် ရှောင်ချန်တန်းမှာလည်း မြေပြင်၌ လဲကျသေဆုံးနေကြသည်။ သူ၏အမြင်တွင် နတ်ဘုရားပမာ အစွမ်းထက်သော ခေါင်းဆောင်နှစ်ယောက်၏ အရှိန်အဝါက ထိုအလောင်းများထံမှ ထွက်ပေါ်နေသောကြောင့် မှားစရာ မရှိချေ။
"ဘာတွေဖြစ်ကုန်တာလဲ။ ကျင့်ကြံရလွန်းလို့ ငါ့အမြင်တွေ မှားနေတာလား"
သူက မယုံနိုင်ဟန်ဖြင့် ခေါင်းယမ်း၍ မျက်လုံးကို ပွတ်သပ်ပြီး ထပ်ကာထပ်ကာ စစ်ဆေးလိုက်သော်လည်း ပြောင်းလဲမှု မရှိချေ။ ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူတစ်ထောင်ကျော်လုံး အသတ်ခံထားရသောကြောင့် သူ၏စိတ်မှာ အပြင်းအထန် တုန်လှုပ်နေခဲ့သည်။ သူက အလောင်းများထံ ဆင်းသက်၍ စစ်ဆေးလိုက်သောအခါတွင်မှ မတ်တပ်ရပ်နေသူနှစ်ဦးကို မြင်ခဲ့ရသည်။ အနက်ရောင်ဝတ်ထားသူမှာ ကျောက်ရန်ရန်ဖြစ်နေပြီး ဤအခြေအနေမျိုး၌ တွေ့ရမည်ဟု သူက လုံးဝ ထင်မှတ်မထားချေ။ အဖြူရောင်ဝတ်လူငယ်မှာ ချောမောလွန်းသဖြင့် မနာလိုစိတ်များဖြစ်ပေါ်လာကာ စူးစိုက်ကြည့်နေမိသည်။ ရဲကုရင်ထွက်ပေါ်လာချိန်တွင် ကျောက်ရန်ရန်သည် ယွမ်ရှောင်၏ ရင်ခွင်အတွင်း ရောက်ရှိနေကာ ချစ်ခြင်းမေတ္တာဖြင့် အကြည်ဆိုက်နေခဲ့သည်။
"မင်း ဘယ်သူလဲ"
ရဲကုရင်က စူးစမ်းလိုဟန်ဖြင့် မေးခွန်းထုတ်လိုက်၏။ ယွမ်ရှောင်၏အကြည့် ကျရောက်လာပြီး ဒေါသမီး တောက်လောင်နေသည့်အပြင် စိတ်ပျက်မှုများ ထင်ဟပ်နေခဲ့သည်။ သူက ဤရန်သူကို လက်စားချေရန်အတွက် အသူရာဓားဂိုဏ်းမှ ဓားပင်လယ်အထိ ဆက်တိုက် ခရီးကြမ်းနှင်ခဲ့ရသည် မဟုတ်ပါလော။
"ရဲကုရင် မင်း ငါ့ကို မေ့သွားပြီလား။ အင်မော်တယ်ဆိုတာက ဘာလဲ။ မင်းကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ရင် အင်မော်တယ်ပေါ့"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ အေးစက်စက်ပြောလိုက်ကာ စကားတစ်လုံးချင်းစီသည် တစ်ဖက်လူကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ တောင့်တင်းသွားစေသည်။ ရဲကုရင်သည် မင်သက်သွားကာ မျက်လုံးများပြူးကျယ်လာပြီး အလန့်တကြား နောက်ဆုတ်လိုက်သောအခါ အလောင်းများအကြား ရောက်ရှိသွားခဲ့သည်။ လွန်ခဲ့သော လများအတွင်း သေမျိုးဘုရင်တစ်ယောက်ကို သတ်ရာ၌ ဤစကားများကို သူကိုယ်တိုင် ပြောခဲ့ဖူးသည်။
"နိမ့်ကျတဲ့ သေမျိုး"
"မင်းသတ်ခဲ့တဲ့ သေမျိုးက အခု ရဲမျိုးနွယ်တစ်ခုလုံးကို သတ်လိုက်ပြီ။ ဓားပင်လယ်ကို ရောက်လာပြီး မင်းရဲ့ ဘက်တော်သားအားလုံးကို သတ်ပြီး လက်စားချေတော့မယ်။ ရဲကုရင် မင်းသေဖို့ အဆင်သင့် ဖြစ်ပြီလား"
"မင်း..မင်း"
သေမျိုးတစ်ယောက် သေရွာပြန်လာသည်ကပင် အလွန်ထူးဆန်းပြီဖြစ်ရာ ဆယ်ရက်အတွင်း သူ၏မိသားစုနှင့် နောက်ခံကို ရှင်းပစ်ခဲ့သောအခါ ရဲကုရင်မှာ ဆွံ့အနေခဲ့သည်။ ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်၏ အစွမ်းထက်ကျင့်ကြံသူများ သေဆုံးနေခြင်းက သက်သေဖြစ်သောကြောင့် သူ့ကို ကြောက်လန့်စေ၏။
"ရဲမျိုးနွယ်ကို မင်း သတ်လိုက်ပြီလား"
"သူတို့ရဲ့ဝိညာဥ်တွေက မိုးစက်ပြာတံခွန်ထဲမှာ ချုပ်နှောင်ခံထားရပြီး အခုဆိုရင် အသူရာဆေးအိုးထဲမှာ လောင်ကျွမ်းနေလောက်ပြီ။ မင်းက တော်တော် ကျေးဇူးမသိတတ်တာပဲ"
ယွမ်ရှောင်၏ စကားကြောင့် ရဲကုရင်မှာ သွေးတက်သွားပြီး ရဲမျိုးနွယ်ဝင်များ၏ ပုံရိပ်များကို မြင်ယောင်လာကာ သူ ရရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာအားလုံး ထာဝရ ပျောက်ကွယ်သွားပြီ ဖြစ်၏။
"ဓားနယ်မြေသခင် ရဲကုရင်ကို သတ်ပြီး ဓားပင်လယ်ကို သန့်စင်ပေးပါ"
"ဒီကောင်က နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး အသူရာဓားဂိုဏ်းချုပ်ကို သစ္စာဖောက်ခဲ့တဲ့အတွက် သေသင့်တယ်"
အသူရာဓားဂိုဏ်းမှ အဖြစ်များကို နင်မျိုးနွယ်က သတင်းဖြန့်လိုက်သောကြောင့် ဓားပင်လယ်၏ ကျင့်ကြံသူအားလုံးက အော်ဟစ်တောင်းဆိုခဲ့ကြသည်။ ဤစကားလုံးများက ရဲကုရင်ကို အရှိုက်ထိုးလိုက်သကဲ့သို့ နာကျင်သွားစေကာ တုန်လှုပ်နေခဲ့ပြီး အဖြစ်မှန်ကို နားလည်လိုက်သည်။ ဤကျင့်ကြံသူများ ဒူးထောက်၍ အရိုအသေပေးနေသည်မှာ ယွမ်ရှောင်ဖြစ်ပြီး သူ မဟုတ်ခဲ့ပေ။ သူက အထင်မှားခဲ့သည့်အပြင် စိတ်ကူးယဥ်ထားသော အာဏာနှင့် အောင်မြင်မှု အားလုံး ပျောက်ကွယ်သွားကာ ကျောက်ရန်ရန်လည်း တစ်ဖက်လူ၏ ရင်ခွင်အတွင်း ရောက်နေခဲ့သည်။ ဂုဏ်သတင်းက အငွေ့ပျံသွားပြီး အောင်မြင်မှုက အရှက်ကွဲခြင်းအဖြစ် ပြောင်းလဲသွားကာ ဓားပင်လယ်တစ်ခုလုံးက ရန်သူအဖြစ် ရှုမြင်နေကြသည်။ ထို့ကြောင့် သူ၏အိပ်မက်များက သေမျိုးတစ်ယောက်ကြောင့် ပျက်စီးသွားကာ ငရဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်သော ခံစားချက်များမှာ ဓားအလား နှလုံးကို စိုက်ဝင်ကုန်သည်။
ထိုအချိန်တွင် သူ၏ကံတရားမှာ စွမ်းအားအပေါ်တွင်သာ ကျန်ရစ်ပြီး ဓားဝိညာဥ်နှင့် ချီစွမ်းအင်ကို အားကိုးရပေလိမ့်မည်။ သူ၏စိတ်ထဲတွင် ဓားတစ်လက်ရှိနေလျှင် ဓားသမားတစ်ယောက်က အမှန်တကယ် မရှုံးဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ရဲကုရင်သည် သူ၏အောင်မြင်မှုကို ပြန်လည်ရယူရန်အတွက် ယွမ်ရှောင်ကို နောက်တစ်ကြိမ် သတ်ရန် ဆုံးဖြတ်လိုက်လေသည်။