အင်မော်တယ်အစစ်အမှန်
Vol. 10 Ch. 121
"ယွမ်ရှောင် မင်းက ဘယ်လိုတွေကံကောင်းပြီး ဒီနေရာအထိ ရောက်လာတယ်ဆိုတာ ငါ မသိဘူး။ ဓားကောင်းကင်နဲ့ ရှေးဟောင်းမျှော်စင်ကို တိုက်ခိုက်ဖို့ ဘယ်သူ ကူညီခဲ့လဲဆိုတာကိုလည်း ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းက ငါ့ကို လက်စားချေချင်တယ်ဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့"
ရဲကုရင်သည် အသက်ကို ပြင်းပြင်းရှူ၍ နဂါးကိုးကောင်ဒန်တန်အားကိုးဖြင့် စိန်ခေါ်လိုက်ပြီး ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းဟု သွေးနားထင်ရောက်နေသည်။ သူက အသူရာပင်လယ်၌ အဆင့်တစ်ဆယ် ဝိညာဥ်တစ်ကောင်ကို ဝါးမျိုနိုင်ခဲ့ပြီး ဓားအော်ရာ အရေအတွက်ကလည်း ဓားကောင်းကင်၌ ထိပ်တန်း ဖြစ်လာခဲ့၏။
"ဓားအော်ရာခြောက်ဆယ် ဒါက ဓားပင်လယ်မှာ အမြင့်ဆုံးပဲ။ မင်းယှဥ်နိုင်စရာ အကြောင်း မရှိဘူး"
သူက ရွှေဓားဝိညာဥ်ကို ဆင့်ခေါ်လိုက်ပြီး ယွမ်ရှောင်ကို အေးစက်စက်စိုက်ကြည့်ကာ မောက်မာစွာ အော်ဟစ်လိုက်သည်။ သူက အဆင့်တစ်ဆယ် အသူရာဝိညာဥ်နှင့် နဂါးကိုးကောင်ဒန်တန်ကြောင့် သွေးနားထင်ရောက်နေသော်လည်း လှောင်ရယ်သံများစွာ ထွက်ပေါ်လာခဲ့သည်။
"ဓားပင်လယ်ရဲ့ ပြိုင်ဘက်ကင်း ဟုတ်လား ဟား ဟား"
"ရဲကုရင် တကယ်တော့ ဒီနေရာမှာ နိမ့်ကျတဲ့ သေမျိုးက နင်ပဲ"
ကျောက်ရန်ရန်၏ စကားနှင့် ရယ်သံများကြောင့် သူ၏မာန ထိခိုက်သွားကာ မျက်နှာပျက်သွားခဲ့သည်။
"မင်း ငါ့ကို သတိပေးစာနှစ်စောင် ပို့ခဲ့တယ်။ ဒါပေမယ့် အစ်မကျောက်ရဲ့ အနီရောင်သေရည်ကို ငါ အကုန်သောက်လိုက်ပြီ။ စိတ်မကောင်းပါဘူး"
ယွမ်ရှောင်သည် ကျောက်ရန်ရန်၏ခါးကို ဖက်ကာ လှောင်ပြုံးတစ်ချက်နှင့် ပြောလိုက်သောအခါ လူမြင်ကွင်းဖြစ်နေသောကြောင့် သူမကို အရှက်သည်းသွားစေသည်။ ရဲကုရင်က ကျောက်ရန်ရန်ကို အပိုင်သိမ်းရန် ဆယ်ရက်လုံး ကြံစည်နေခဲ့သော်လည်း တစ်ဖက်လူအတွက် သူ၏ ခြိမ်းခြောက်စာက ပြက်လုံးပမာဖြစ်နေ၏။ တည်ငြိမ်သော လူတစ်ယောက်ပင် ဤမျှလှောင်ပြောင်ခံနေရလျှင် စိတ်ဓာတ် ပျက်ပြားသွားမည်ဖြစ်ကာ ပိုင်ဆိုင်ရမည့် အရာအားလုံးကို ယွမ်ရှောင် သိမ်းပိုက်သွားခဲ့သည်။
"မင်းရဲ့ ဓားဝိညာဥ်မှာ ဓားစက်ကွင်းတစ်ခုတောင် မရှိပါလား"
ယွမ်ရှောင်၏ စကားကြောင့် ရဲကုရင်မှာ တုန်လှုပ်သွားကာ တိမ်တိုင်းပြည်မှအဖြစ်က တစ်ကျော့ပြန်လည်လာခဲ့သည်။ ရှေးဟောင်းမျှော်စင်သို့ ရောက်လာသော အချိန်တွင် သူက နတ်ပင်လယ်အဆင့် ဖြစ်နေသောကြောင့် ဓားစက်ကွင်း မရှိခဲ့ပေ။ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင် နှစ်ခြောက်ထောင် နတ်ဆိုးအမြုတေနှစ်ခု ပေးမည်ဟု ရှောင်ချန်တန်းသည် ကတိပေးခဲ့သော်လည်း လက်ရှိ၌ ခေါင်းပြတ်နေပြီဖြစ်သည်။
"ဓားစက်ကွင်းမရှိရင် ဓားအော်ရာခြောက်ဆယ်က မင်းကို သတ်ပစ်ဖို့ လုံလောက်တယ်။ နဂါးကိုးကောင်ဒန်တန်နဲ့ဆိုရင်..."
သူ၏စကား မဆုံးခင်မှာပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်လာကာ ထိတ်လန့်အံ့သြမှုကြောင့် ရှုံ့မဲ့သွားသည်။ ယွမ်ရှောင်၏ လက်ထဲတွင် ထွက်ပေါ်လာသော အပြာရောင်ဓား၌ ဓားအော်ရာ အရေအတွက်တစ်ရာ ရှိနေသည့်အပြင် နှစ်ကိုးထောင် ဓားစက်ကွင်းလေးခု ထွက်ပေါ်နေ၏။ အကြည့်တစ်ချက်ဖြင့် ဓားဝိညာဥ်နှစ်ခုသည် မိုးနှင့်မြေပမာ ကွာခြားကြောင်း သိနိုင်သဖြင့် အဘိုးနင်က ကဲ့ရဲ့လိုက်သည်။
"ပိုးစုန်းကြူးက လမင်းကို ယှဥ်ချင်နေတယ်"
"ရဲကုရင် ယွမ်ရှောင်က အသူရာပင်လယ်တစ်ခုလုံးကို ဝါးမျိုခဲ့တယ်။ မင်းရဲ့ အဆင့်တစ်ဆယ် ဝိညာဥ်လေးတစ်ခုက ဘာလုပ်နိုင်မှာလဲ"
"မင်းမှာ ဓားစက်ကွင်းတစ်ခုတောင် မရှိပေမယ့် ယွမ်ရှောင်မှာ လေးခု ရှိတယ်"
လှောင်ပြောင်သံများက သူ၏မာနကို ဆက်တိုက်ဖျက်ဆီးသွားကာ စိတ်ဓာတ်ကို အောက်ဆုံးအထိ ထိုးကျစေခဲ့သည်။ ဓားစက်ကွင်းလေးခုသည် ဒဏ္ဍာရီလာ နဂါးငွေ့တန်းအဆင့်ကို ရည်ညွှန်းကြောင်း ကြားဖူးထားသဖြင့် စိတ်ဓာတ်ရော မာနပါ ပျက်စီးသွားသည်။ နှိုင်းယှဥ်ရလျှင် အမှန်တကယ် အင်မော်တယ်မှာ ယွမ်ရှောင်ဖြစ်နေပြီး နိမ့်ကျသော သေမျိုးက ရဲကုရင် ဖြစ်နေခဲ့၏။ သူ၏အမြင်တွင် တစ်ဖက်လူသည် ကောင်းကင်ပေါ်သို့ ရောက်နေခဲ့ပြီး အပေါ်စီးမှ ငုံ့ကြည်နေသယောင် ထင်မှတ်လာရသည်။ ဤအကြည့်မျိုးကို တိမ်တိုင်းပြည်တွင် သူကိုယ်တိုင် ဖန်တီးခဲ့ဖူးပြီး ကံကြမ္မာရဟတ် တစ်ပတ်လည်လာခဲ့သည်။
"ဟား ဟား အသူရာဓားဂိုဏ်းကနေ ဓားပင်လယ်အထိ ရောက်လာတဲ့ ခရီးမှာ ငါက ဉာဏ်အလင်းပွင့်ခဲ့တယ်။ မင်းပြောတာ မှန်ပါတယ်။ ဓားတစ်ချက်တည်းနဲ့ ကောင်းကင်ရော မြေကြီးပါ ဒူးထောက်စေနိုင်ရင် အစစ်အမှန်အင်မော်တယ်ပဲ။ ငါ့ရှေ့မှာ သက်ရှိအရာအားလုံး အရိုအသေပေးရမယ်"
ယွမ်ရှောင်သည် ရဲကုရင်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ရယ်မောရင်း ကြွေးကျော်လိုက်၏။ ထို့နောက် သူ၏ဓားမြှောင်က ဆယ်ဆင့်ဓားသိုင်းဖြင့် ပြေးထွက်လာကာ ပေါက်ကွဲသံ ၁၆ကြိမ်တိတိ ထွက်ပေါ်လာခဲ့သည်။ တိမ်တိုင်းပြည်၏ဘုရင်သည် နတ်ဆိုးများနှင့် ပူးပေါင်းခဲ့သောကြောင့် အင်မော်တယ်တစ်ယောက်က သတ်ဖြတ်ခဲ့သည်ဟူသော သတင်းမှာ သူ၏ဂုဏ်သတင်းကို ညှိုးနွမ်းစေ၏။ သူကိုယ်တိုင် အသတ်ခံခဲ့ရသော အသူရာဓားဂိုဏ်း၏ သိုင်းကွက်ကို လက်စားချေရန်အတွက် ၎င်းမှတစ်ပါး သင့်တော်မည် မဟုတ်ချေ။ သေရွာပြန်လာပြီးနောက် ရဲကုရင်ကို သတ်ရန်အတွက် သုံးလကျော် ကြာမြင့်ခဲ့ပြီး ဓားမြှောင်သည် မျက်တောင်တစ်ခတ်အတွင်း နီးကပ်လာသည်။
သွေးနားထင်ရောက်နေခဲ့သော ရဲကုရင်သည် ဓားသိုင်းပညာ၌ ဖိနှိပ်ခံလိုက်ရပြန်သည်။ ဆယ်ဆင့်ဓားသိုင်း၏ အဆင့်လွန်တိုက်ကွက်ကြောင့် သူက ကြောက်စိတ်များ ဖြစ်ပေါ်လာပြီး ဓားစက်ကွင်းလေးခုသည်လည်း သူ၏ ဓားဝိညာဥ်ကို ဖိနှိပ်နေသည်။
"ရွှစ်"
"အား"
ကောင်းကင်သင်္ချိုင်းဓားသည် ရဲကုရင်၏ ခြေလက်များကို ခန္ဓာကိုယ်နှင့် အဆက်အသွယ်ပြတ်သွားစေကာ လူသားတီကောင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ သူက သွေးအိုင်အတွင်း လဲကျသွားကာ တိမ်တိုင်းပြည်မှ အဖြစ်ကဲ့သို့ ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခံလိုက်ရ၏။ အတိတ်တွင် သူက တစ်ဖက်လူကို အနိုင်ကျင့်ခဲ့ပြီး လက်ရှိ၌ ဝဋ်လည်သွားကာ နိမ့်ကျသော သေမျိုးအဖြစ်ကို နားလည်လာသည်။ ရဲကုရင်၏ဓားဝိညာဥ်၊ ဓားသိုင်းနှင့် ကျင့်စဥ် အရာအားလုံးသည် လင်းချင်းဖန်အောက် နိမ့်ကျသောကြောင့် ယွမ်ရှောင်ကို လုံးဝမယှဥ်နိုင်ခဲ့ချေ။
ယွမ်ရှောင်သည် ဖန်ဆင်းရှင်အင်မော်တယ်အဖြစ် ပြန်လည်ဝင်စားခဲ့ပြီး ရဲကုရင်က အင်မော်တယ်မိုးစက်တစ်ခုသာ ပိုင်ဆိုင်သောကြောင့် အယောက်တစ်ထောင်ရှိလျှင်ပင် အနိုင်ရမည် မဟုတ်ချေ။
"မင်း ငါ့ကို ဘာကြောင့် မသတ်လိုက်တာလဲ"
"မင်းကို အကြွေးဆပ်ခိုင်းရဦးမယ်။ မင်းကြောင့် အပြစ်မရှိတဲ့ ငါ့ပြည်သူတွေ သေခဲ့ရတယ်။ လွယ်လွယ်လေး ပြီးသွားမယ် ထင်လို့လား"
ယွမ်ရှောင်သည် ရဲကုရင်၏ပါးစပ်ကို ဓားဖျားဖြင့် အတင်းအကြပ် ကလန့်ထားကာ ပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ ရဲကုရင်က သူ့အတွက် စိတ်နတ်ဆိုးဖြစ်လာခဲ့ပြီး လက်ရှိတွင် ၎င်းကို ပိုးကောင်ပမာ အလွယ်တကူ ချေမွနိုင်ခဲ့သောအခါ အလွန်ကျေနပ်နေမိသည်။
"ဘာ...ဘာကြီးလဲ"
ကျောက်စိမ်းပုလင်းကြောင့် ရဲကုရင်သည် အကြောက်လွန်ကာ အသံများ တုန်ယင်နေသည်။ ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး လူဆယ်ယောက်စာအတွက် လုံလောက်သော နှလုံးစားဂူကောင်အဆိပ်ကို ပါးစပ်အတွင်း လောင်းချခဲ့သည်။
"မင်းတောင့်ခံထားနိုင်ရင် အကောင်းဆုံးပဲ။ တိမ်တိုင်းပြည်ရဲ့ ပြည်သူတွေကို တောင်းပန်ရဦးမယ်"
ပြည်သူများ သေဆုံးခဲ့ရသဖြင့် ယွမ်မျိုးနွယ်အတွက် အရှက်ရစရာဖြစ်နေပြီး ယွမ်ရှောင်သည် ဤအင်မော်တယ်ကို ခေါ်ဆောင်သွားကာ နာမည်ပျက်အား ရှင်းလင်းချင်နေသည်။
"အစစ်အမှန်အင်မော်တယ် ဒီခေတ်ရဲ့ ဓားဧကရာဇ်"
ရဲကုရင်ကို ဓားတစ်ချက်တည်းဖြင့် မသန်မစွမ်း ဖြစ်သွားစေသောအခါ နင်မျိုးနွယ်က ဦးဆောင်၍ ဓားပင်လယ်၏ ကျင့်ကြံသူများ တခဲနက် ကြွေးကျော်လိုက်ကြ၏။ ယွမ်ရှောင်ဆိုသော အမည်က ဓားနယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားကာ အစစ်အမှန် အင်မော်တယ်၏ လွှမ်းမိုးနိုင်စွမ်း ဖြစ်သည်။
"ဓားတစ်ချက် ယမ်းလိုက်တာနဲ့ ဓားနယ်မြေသခင်က လေနဲ့ မိုးကို ဆင့်ခေါ်နိုင်တယ်။ ဘယ်သူက ယှဥ်ပြိုင်နိုင်မှာလဲ"
သားဖြစ်သူ အသတ်ခံခဲ့ရသော်လည်း နင်ခေးကိုယ်တိုင် မေ့ပစ်ကာ ချီးကျူးနေသဖြင့် အစစ်အမှန် လွှမ်းမိုးနိုင်စွမ်းပင်။ လေလာရာကို အကောင်းဆုံး တွက်ချက်နိုင်သူသာ ရှင်သန်နိုင်သောကြောင့် နင်မျိုးနွယ်သည် ယွမ်ရှောင်ထံ ခိုဝင်ခဲ့ကြ၏။ ထို့နောက် ယွမ်ရှောင်သည် ရဲကုရင်ကို တက်နင်းထားရင် အင်အားနှစ်ခု၏ ပိုင်ဆိုင်မှုများကို သူ့အတွက် သိမ်းယူပေးရန် နင်ရန်အား အမိန့်ပေးလိုက်သည်။
"ဓားပင်လယ်မှာ ရှေးဟောင်းမျှော်စင်ရော ဓားကောင်းကင်ပါ နောက်ထပ်မရှိစေရဘူး။ ဘယ်သူ ကန့်ကွက်ချင်လဲ"
"ဓားနယ်မြေသခင်ရဲ့ အမိန့်အတိုင်းပါ"
ယွမ်ရှောင်၏ အေးစက်စက်အမိန့်ကို ကြောက်လန့်တုန်ရီနေကြသည့် ကျင့်ကြံသူတစ်သောင်းကျော်က မငြင်းဆန်ရဲချေ။ ထို့နောက် သူက စကားတစ်ခွန်းမှ မပြောဘဲ ရဲကုရင်ကို ဂုတ်မှဆွဲကိုင်ကာ မြှောက်လိုက်၏။ ထိုအချိန်တွင် ရဲကုရင်သည် အရေပြားအောက်၌ သန်းချီသော ပိုးကောင်များ စားသောက်ဝါးမျိုနေသကဲ့သို့ နာကျင်နေကာ အဆိုးရွားဆုံးသော နှိပ်စက်မှုပင်။
"အစ်မကျောက် အတူလိုက်ခဲ့မလား"
"ကောင်းပြီ"
ထို့နောက် ယွမ်ရှောင်သည် ကျောက်ရန်ရန်ကို ဖိတ်ခေါ်လိုက်ပြီး တိမ်တိုင်းပြည်ထံ ခရီးဆက်ရန် ကြံစည်လိုက်၏။ ကျားဖြူမျက်နှာဖုံးနှင့် ချန်ရီက တိမ်များအထက်မှ ဆင်းသက်လာကာ မြူခိုးများ ခြံရံလျက် ထွက်ပေါ်လာသည်။
"မနက်ဖြန်ကျရင် ကောင်းကင်နယ်မြေကို သွားမယ်"
သူမက နူးညံ့သိမ်မွေ့စွာ အသိပေးလိုက်ခြင်း ဖြစ်၏။
"ကောင်းပြီ"
ကောင်းကင်နယ်မြေ၌ အင်မော်တယ်မိုးစက်များ စောင့်ကြိုနေမည် ဖြစ်သောကြောင့် ယွမ်ရှောင်အနေဖြင့် ငြင်းစရာ မရှိချေ။
"နင့်ကိစ္စတွေပြီးရင် အရုဏ်တက်နတ်အိမ်တော်မှာ ငါ့ကို လာတွေ့ပါ။ ကောင်းကင်နယ်မြေကို မသွားခင် အရေးကြီးကိစ္စ ပြောစရာ ရှိတယ်"
သူမက သူ၏မျက်လုံးထံ နက်ရှိုင်းစွာ စိုက်ကြည့်ကာ တောင်းဆိုခဲ့သည်။
"ကြည့်ရတာ သည်းမခံနိုင်တော့ဘူး ထင်တယ်။ ပထမဆုံးအကြိမ် လာပြီဟေ့"
"ကောင်းလိုက်တာ။ ဒီညမှာ အစ်ကိုကြီးက မိန်းမအသစ် ရတော့မယ်"
ကြယ်ပြာနှင့် လနီက စိတ်ချင်းဆက်သွယ်၍ အောင်ပွဲခံနေသောကြောင့် ယွမ်ရှောင်ကို ဆွံ့အသွားစေခဲ့လေသည်။