← Chapters

နာမည်ပျက်ကို ဖယ်ရှားခြင်း

Vol. 10 Ch. 122

နာမည်ပျက်ကို ဖယ်ရှားခြင်း

Vol. 10 Ch. 122

သေမျိုးတိုင်းပြည်တစ်ထောင်၊ တိမ်တိုင်းပြည်၏ မြို့တော်တွင် ဆောင်းဦးပွဲတော်ကို ကျင်းပနေသဖြင့် လမ်းများအထက်၌ သာမန်နေ့များထက် ပို၍စည်ကားနေသည်။ လွန်ခဲ့သော နှစ်ရက်တွင် မိုပေမြို့၌ သွေးနတ်ဆိုးတစ်ကောင် ထွက်ပေါ်လာ၍ လူသားများစွာကို သွေးစုပ်သတ်ဖြတ်ခဲ့သည်။ ကောင်းကင်မှ အင်မော်တယ်မိန်းကလေးတစ်ယောက် ဆင်းသက်လာပြီး ထိုနတ်ဆိုးကို သုတ်သင်မပေးခဲ့လျှင် တစ်မြို့လုံး အသတ်ခံလိုက်ရနိုင်သည်။ သွေးနတ်ဆိုး သေဆုံးသွားပြီဖြစ်သော်လည်း ပြည်သူများ၏ စိတ်ထဲတွင် စိုးရိမ်မှုများရှိနေကာ နောက်ထပ်နတ်ဆိုးများ ရောက်လာမည်ကို ကြောက်လန့်နေကြ၏။ ထိုအင်မော်တယ်မိန်းကလေးကို အခြားအင်မော်တယ်များက ဖမ်းဆီးသွားသော အချင်းအရာကိုမူ သူတို့အနေဖြင့် ဉာဏ်မမီချေ။

ဆောင်းဦးပွဲတော်သည် သိုင်းကောင်းကင်ဝင်ပေါက်၌ ကွယ်လွန်သူများကို ပူဇော်ရန် ကျင်းပသည်။ ၎င်းသည် တော်ဝင်နန်းတော်၏ ဝင်ပေါက်ဖြစ်ကာ ယွမ်ရှောင် အသတ်ခံခဲ့ရသော နေရာလည်း ဖြစ်သည်။ ဝင်ပေါက်အနီးရှိ မျှော်စင်တစ်ခုအထက်တွင် ကျောက်ရန်ရန်နှင့် ရှန်ကွမ်းယု ရှိနေပြီး အနား၌ ကျောက်ကျန်ရှင်းက တင်ပျဥ်ခွေထိုင်နေခဲ့၏။ မူလအမြုတေအဆင့်၏ အရှိန်အဝါ ထွက်ပေါ်နေကာ အချိန်တစ်ခုအကြာတွင် အသက်အားများ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက လက်ဖဝါးကို ဖြန့်လိုက်သောအခါ အနက်ရောင် ဓားဝိညာဥ်တစ်ခု ထွက်ပေါ်လာပြီး အက်ကြောင်းများ ရှိခဲ့သော်လည်း ဖြည်းဖြည်းချင်း ကောင်းမွန်လာနေသည်။ သူ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အဖြစ်များကို သိထားသည့် ရှန်ကွမ်းယုမှာ မျက်ရည်ဝဲနေပြီး စိတ်ခွန်အားသန်မာသောကြောင့် ကျော်ဖြတ်နိုင်စွမ်း ရှိခဲ့၏။

ကျောက်ရန်ရန်သည် သူတို့ကို ကျောပေး၍ ပြည်သူများထံ စိုက်ကြည့်နေသော ယွမ်ရှောင်ကို ကျေးဇူးတင်စွာ ကြည့်၍ အသိပေးလိုက်သည်။

"မောင်လေးယွမ် အဖေ နိုးလာပြီ"

ထို့နောက် သူက နောက်လှည့်လာကာ သူမနှင့်အတူ ကျောက်ကျန်ရှင်း မတ်တပ်ရပ်စေနိုင်ရန် တွဲထူပေးလိုက်၏။

"ကလေး မင်းအကြောင်း အကုန်လုံး ငါ သိထားတယ်။ ဒီဘဝမှာ မင်းလိုတပည့်မျိုး ရခဲ့တာ သေရင်တောင် ကျေနပ်ပါပြီ"

ကျောက်ကျန်ရှင်းသည် အသက်ဝဝရှူကာ ခံစားချက်များ ပြည့်နှက်နေသည့် မျက်လုံးဖြင့် ယွမ်ရှောင်ကိုကြည့်ကာ ကျေးဇူးတင်ခဲ့သည်။

"ဆရာက ကျုပ်ကို သိုင်းပညာမသင်ပေးဖူးပေမယ့် ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ကို လမ်းညွှန်ပေးခဲ့တယ်။ ကျုပ်ကို အစ်မကျောက်ကတဆင့် သင်ကြားပေးခဲ့တာလို့ ပြောနိုင်တယ်"

"ကံကောင်းတာက မင်းဟာ ဓားနယ်မြေကို ဂုဏ်ဆောင်နိုင်ခဲ့တယ်။ ငါ့အစွမ်းက အကန့်အသတ်ရှိလို့ မင်းကို သင်ပေးဖို့ မထိုက်တန်ပေမယ့် သေမျိုးတိုင်းပြည်တွေအပေါ်တော့ သြဇာသက်ရောက်တယ်။ မင်းရဲ့နာမည်ပျက်ကို ငါကိုယ်တိုင် ရှင်းလင်းပေးမယ်"

ထို့နောက် ကျောက်ကျန်ရှန်းသည် ထောင့်တစ်နေရာရှိ ရဲကုရင်ကို ဆွဲကိုင်ကာ ဓားပျံနှင့်အတူ ကောင်းကင်သို့ ပျံတက်လိုက်ပြီး ရှန်ကွမ်းယုလည်း လိုက်ပါသွား၏။ သူတို့က တော်ဝင်နန်းတော်အထက်တွင် ရပ်တန့်လိုက်ပြီး လူသားတီကောင် ဖြစ်နေသော ရဲကုရင်မှာ အဆိပ်ဒဏ်ကြောင့် မျက်လုံးများ အရောင်အဆင်းကင်းမဲ့နေကာ အသက်မျော့မျော့သာ ကျန်ရစ်သည်။ ဆောင်းဦးပွဲတော်သို့ အင်မော်တယ်နှစ်ယောက် ရောက်လာသောအခါ ပြည်သူများကို လှုပ်ခတ်သွားစေပြီး နန်းတော်ထံ အလျင်အမြန်ပြေးလာကာ ဒူးထောက်လိုက်ကြသည်။ သေမျိုးတိုင်းပြည်များတွင် ပြည်သူများသည် နတ်ဆိုးများကို ဆန့်ကျင့်တိုက်ခိုက်ပေးနေသည့် ကျင့်ကြံသူများအား အလွန်လေးစားကြ၏။ နန်းတော်၏ အတွင်းနှင့် အပြင်၌ လူပင်လယ်ကြီး ဖြစ်တည်လာကာ တိုင်းပြည်ကို ယာယီအုပ်ချုပ်နေသော စစ်သူကြီးယွမ်ဟိုင်လည်း ပါဝင်ဒူးထောက်ခဲ့သည်။

"တိမ်တိုင်းပြည်ကို အင်မော်တယ်တွေ ကြွရောက်လာတာ ဂုဏ်ယူစရာပါပဲ။ ကျုပ်တို့ပြည်သူတွေက အရိုအသေပေးပါတယ်"

"ကျေးဇူးပြုပြီး ရပ်ကြပါ"

ကျောက်ကျန်ရှင်း၏ စကားကို ကြားသော်လည်း သူတို့က မယုံနိုင်ဟန်ဖြင့် ကြောက်လန့်နေကာ မလှုပ်ရဲကြပေ။ သူက လေသံခပ်တင်းတင်းဖြင့် အမိန့်ပေးလိုက်သောအခါတွင်မှ ပြိုင်တူထရပ်လာကာ ဓားပျံများထံ မော့ကြည့်နေကြ၏။

"ပြည်သူတွေ ကျုပ်က အသူရာဓားဂိုဏ်းချုပ် ကျောက်ကျန်ရှင်းပဲ"

"ဓားအင်မော်တယ်ကျောက်"

တိမ်တိုင်းပြည်၌ ကျောက်ကျန်ရှင်း၏ ဒဏ္ဍာရီက ကျော်ကြားသည့်အပြင် သေမျိုးတိုင်းပြည်အားလုံး သူ့ကို လေးစားကြကာ မျှော်လင့်ချက်ပြယုဂ်အဖြစ် သတ်မှတ်ထားကြ၏။

"ဓားအင်မော်တယ်ကျောက်ကို ကြိုဆိုခွင့်ရတာ တိမ်တိုင်းပြည်အတွက် မဟာကံကောင်းမှုကြီးပါပဲ"

ယွမ်ဟိုင်၏အသံ၌ ခံစားချက်များ ရောယှက်နေကာ နောက်တစ်ကြိမ် ဒူးမထောက်မိစေရန် စိတ်ထိန်းထားရသည်။

"တိတ်ကြပါ။ ကျုပ်ရောက်လာတာက အရေးကြီးကိစ္စတစ်ခုကို ပြောချင်လို့ပါ"

ကျောက်ကျန်ရှင်းသည် ဆူညံနေသော လူအုပ်ကြီးကို ငြိမ်သက်သွားစေကာ သိချင်စိတ်များ မြင့်တက်လာကြသည်။ ထို့နောက် သူက ပိုးကောင်များစွာ၏ နှိပ်စက်ခြင်းခံနေရသော ရဲကုရင်ကို မြှောက်ပြလိုက်သည်။

"မင်းတို့ ဒီလူကို မှတ်မိကြလား"

"ဒါက ဓားအင်မော်တယ်ရဲမဟုတ်လား"

ပြည်သူများက ရင်းနှီးသော မျက်နှာကြောင့် ဝေခွဲမရဖြစ်နေစဥ် အော်သံတစ်ခုကြောင့် ချက်ချင်းမှတ်မိသွားကြသည်။ ဓားအင်မော်တယ်ရဲသည် မြွေနတ်ဆိုးများကို သုတ်သင်ကာ ဘုရင်ငယ်ကို အပြစ်ပေးခဲ့သောကြောင့် သူတို့အနေဖြင့် မေ့မရနိုင်ပေ။ သို့သော် လက်ရှိတွင် ရဲကုရင်၏အဖြစ်ဆိုးကို မြင်လိုက်ရသောအခါ အကြောင်းအရင်းကို မသိသောကြောင့် ကြောက်လန့်တုန်ယင်နေကြ၏။

"လူတိုင်း ငါ့စကားကို သေချာနားထောင်စမ်း။ ဒီလူ ရဲကုရင်က အသူရာဓားဂိုဏ်းသားတစ်ယောက်ဖြစ်ပေမယ့် တိမ်တိုင်းပြည်မှာ ကျန်းမျိုးနွယ်ကို နန်းတင်ဖို့အတွက် မြွေနတ်ဆိုးနဲ့ ပူးပေါင်းခဲ့တယ်။ သူက ဘုရင်ယွမ်ရှောင်ကို အကွက်ချက်ခဲ့ပြီး ခွင့်လွှတ်မရနိုင်တဲ့ အပြစ်ကို ကျူးလွန်တယ်။ ဒါကြောင့် ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီသစ္စာဖောက်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးထားတယ်။ ဒီပြစ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကျန်းရယ်ကိုလည်း သေဒဏ်ချပြီး သတ်ပစ်ခဲ့တယ်။ သူမရဲ့ဝိညာဥ်က နှစ်ပေါင်းသုံးဆယ် လောင်ကျွမ်း အပြစ်ပေးခံရလိမ့်မယ်"

ကျောက်ကျန်ရှင်းသည် ပီသကြည်လင်သော အသံဖြင့် ကျယ်လောင်စွာ ပြောလိုက်သောအခါ တိုင်းပြည်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ အဖြစ်မှန်က ပြည်သူများ ထင်မထားလောက်အောင် ကြောက်လန့်စရာ ကောင်းလွန်းနေ၏။ ပြည်သူအများစုသည် ရဲကုရင်၏လုပ်ရပ်များကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော်လည်း ကျောက်ကျန်ရှင်း၏ စကားကို သံသယမရှိ ယုံကြည်ကြသည်။

တစ်ဖက်လူက နတ်ဆိုးများနှင့် ပူးပေါင်းကာ အပြစ်ကင်းသော ဘုရင်ကို အကွက်ချခဲ့သောကြောင့် ယွမ်ရှောင်၏ပုံရိပ်များက ပြည်သူများ၏စိတ်အတွင်း ထွက်ပေါ်လာ၍ မျက်ရည်များ ကျဆင်းလာကြ၏။

"ကောင်းကင်က အဖြစ်မှန်အတွက် သက်သေလုပ်ပေးခဲ့တယ်။ ယွမ်မျိုးနွယ်က ဂုဏ်သိက္ခာကြီးမားပြီး မျိုးရိုးစဥ်ဆက် တိုင်းပြည်အပေါ် သစ္စာစောင့်သိခဲ့တယ်။ အင်မော်တယ်တွေကြောင့် အရှင်ရဲ့နာမည်ပျက်က ရှင်းလင်းသွားပါပြီ။ အရှင်က ဘိုးဘေးတွေကိုရော ပြည်သူတွေအပေါ်မှာပါ စိတ်မပျက်စေခဲ့ပါဘူး"

ယွမ်ဟိုင်သည် ကွယ်လွန်သွားသော ဘုရင်ကို အရိုအသေပေးရန်အတွက် ဒူးထောက်လိုက်ပြီး ထပ်ကာထပ်ကာဦးချ၍ ကြွေးကျော်လိုက်သည်။ သူ၏စကားကြောင့် ပြည်သူအားလုံး စိတ်ထိခိုက်သွားကာ ကျန်းရယ်နှင့် ရဲကုရင်၏ အကွက်ချမှုကြောင့် အထင်လွဲမှားခဲ့ကြောင်း သဘောပေါက်လိုက်ကြ၏။

"ကျုပ်တို့က အရှင်မင်းကြီးအပေါ် အထင်မှားခဲ့တယ်"

ပြည်သူများက ပြိုင်တူဒူးထောက်လိုက်ကြပြီး ဤတစ်ကြိမ်တွင် အင်မော်တယ်များအစား သေမျိုးဘုရင်ကို အရိုအသေပေးရန်အတွက် တော်ဝင်နန်းတော်ထံ ဦးချလိုက်ကြသည်။

"ဒါက မင်းတို့အမှား မဟုတ်ပါဘူး။ ဂိုဏ်းကို ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့တဲ့ ငါ့အပြစ်ပါ"

ကျောက်ကျန်ရှင်းသည် ဤအဖြစ်ကို ကိုယ်တိုင်မမြင်ခဲ့ရသော်လည်း မြင်ကွင်းမှတဆင့် နားလည်နိုင်ခဲ့သည်။ အချိန်များစွာကြာမြင့်သောအခါတွင် ဘုရင်ယွမ်ရှောင်၏ နာမည်ပျက်သည် ပြည်သူများ၏စိတ်အတွင်း၌ ရှင်းလင်းသွားပြီဖြစ်သည်။ ယွမ်ရှောင်သည် လက်နှစ်ဖက်နောက်ပစ်ကာ အမြင့်တစ်နေရာမှ စောင့်ကြည့်နေပြီး လူလုံးထွက်မပြခဲ့ပေ။ သူ၏စိတ်ထဲတွင် တိမ်တိုင်းပြည်ဘုရင်ဘဝကို စွန့်လွှတ်ကာ ဓားကျင့်ကြံသူတစ်ယောက်အဖြစ် ကောင်းကင်သို့ တက်လှမ်းရန် ဆုံးဖြတ်လိုက်၏။ သူက ယွမ်မျိုးနွယ် အရှက်ရမည့်ကိစ္စကို ရှင်းလင်းနိုင်ခဲ့သောကြောင့် မျက်လုံးများ တောက်ပလာကာ ငြိမ်းချမ်းသွားဟန်ဖြင့် တစ်ချက်ပြုံးလိုက်သည်။

"မောင်​လေးယွမ်"

"အစ်မကျောက် ငါ့ဘေးမှာ မင်းရှိနေရင် တစ်ကမ္ဘာလုံး အပိုင်ရလိုက်သလိုပါပဲ"

သူ၏အနားတွင် ကျောက်ရန်ရန်ရပ်နေကာ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပေးထားရင်း ပါရမီဖြည့်ဖက်အဖြစ် ရှိနေပေးခဲ့သည်။

အင်မော်တယ်များ ထွက်ခွာသွားသော်လည်း တိမ်တိုင်းပြည်၌ လှုပ်လှုပ်ရှားရှားဖြစ်နေကာ ယွမ်ဟိုင်သည် အရှင်မင်းမြတ်၏ ရုပ်အလောင်းကို တော်ဝင်သင်္ချိုင်းသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူက ယွမ်မျိုးနွယ်ဝင်များနှင့်အတူ ယွမ်ရှောင်၏ခေါင်းတလားကို လေးနက်စွာ အရိုအသေပေးခဲ့ပြီး ဒူးထောက်ကာ မြေပြင်နှင့် ဦးခေါင်းအား ကိုးကြိမ် ထိကပ်လိုက်ကြ၏။

"အရှင် ကွယ်လွန်သွားပေမယ့် ကျုပ်တို့ ငြိမ်းချမ်းမှုကို ရှာဖွေမပေးနိုင်ခဲ့ဘူး။ လူတိုင်းထွက်သွားကြ။ ငါ အရှင်မင်းကြီးကို အဖော်ပြုပေးလိုက်ဦးမယ်"

ယွမ်ဟိုင်သည် သင်္ချိုင်းအတွင်း တစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး ရွှေခေါင်းတလားဘေးတွင် တိတ်တဆိတ် ထိုင်ချလိုက်သည်။ သူက သက်ပြင်းအခါခါချနေစဥ် အပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

All Chapters