ကောင်းကင်သို့ တက်ရောက်မည့် သေမျိုး
Vol. 10 Ch. 123
"ဘယ်သူမှမလာဖို့ ငါ ပြောထားတယ်မလား"
ယွမ်ဟိုင်သည် ငေါက်ငမ်းလိုက်သော်လည်း ရှေ့မှောက်သို့ ရုတ်တရက် ရောက်လာသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရပြီး ချောမောလွန်းသဖြင့် မင်သက်သွားခဲ့သည်။
"ဘာကိစ္စရှိလို့လဲ"
"အဘိုးဟိုင်က သန်မာပေမယ့် သေရည်အိုးကိုတော့ မနိုင်လောက်ဘူး"
ယွမ်ရှောင်သည် အချင်းချင်းသာ သိထားသော ဟာသတစ်ခုကို ပြောလိုက်သဖြင့် တစ်ဖက်လူကို ချက်ချင်း တုန်ယင်သွားစေကာ မျက်ရည်များ စီးကျလာ၏။
"အရှင်မင်းကြီးလား သေရွာပြန်လာပြီပေါ့။ ဒါပေမယ့် ရုပ်ရည်က ဘာကြောင့် ပြောင်းလဲသွားတာလဲ"
သူက ချက်ချင်းဒူးထောက်၍ မေးလိုက်သောအခါ ယွမ်ရှောင်သည် တိတ်ဆိတ်နေကာ သေရည်ခရားနှစ်ခုထုတ်ယူ၍ တစ်ခု ကမ်းပေးလာသည်။ ယွမ်ရှောင် အမှန်တကယ် အသက်ရှင်နေသောကြောင့် သေရည်ခွက်ကို လက်ခံလိုက်သော်လည်း သူ၏လက်များ တုန်ယင်နေ၏။
"ဘဝရဲ့ ပြဿနာတွေကို သေရည်တစ်ခွက်က ရှင်းလင်းနိုင်တယ်"
"ဒီငယ်သားက ဝမ်းမြောက်စွာနဲ့ သောက်ပါမယ်"
"အခုကစပြီး တိမ်တိုင်းပြည်ကို အဘိုးဟိုင် နန်းတက်ရမယ်။ တကယ်လို့ ပြည်သူတွေကို မတရားသဖြင့် ဆက်ဆံရင် ကျုပ် ပြန်လာခဲ့မယ်"
"စိတ်ချပါ အရှင်မင်းကြီး ဒီငယ်သားက တိုင်းပြည်ကို အသက်နဲ့ရင်းပြီး ကာကွယ်ပါမယ်"
ယွမ်ဟိုင်က သေရည်ကို တရှိန်ထိုးမော့သောက်ကာ လေးနက်စွာ အာမခံလိုက်၏။ သူက ယွမ်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်သောကြောင့် တိမ်တိုင်းပြည်၏ အနာဂတ်မင်းဆက် ပျောက်ကွယ်မည်ကို စိုးရိမ်စရာ မလိုအပ်ချေ။ သူက ယွမ်ရှောင်၏ အနာဂတ်လမ်းကြောင်းကို စပ်စုလိုက်သောအခါ အင်မော်တယ်လမ်းကြောင်းအား ရှာဖွေရန် ကောင်းကင်သို့ တက်မည်ဖြစ်ကြောင်း သိခဲ့ရသည်။
"ကံကြမ္မာက လူကောင်းတွေကို တကယ်ပစ်မထားဘူး"
"အများကြီးစဥ်းစားမနေပါနဲ့။ အဘိုးဟိုင်က အခု ဘုရင် ဖြစ်ပြီ"
ယွမ်ရှောင်သည် ယွမ်ဟိုင်၏ပခုံးကို တစ်ချက်ပုတ်လိုက်ပြီးနောက် ထွက်ခွာသွားသော်လည်း ရွှေခေါင်းတလားအနား ရောက်သောအခါ ရပ်တန့်သွားခဲ့သည်။ သူက သိလိုစိတ်ကြောင့် ၎င်းကို ဖွင့်လိုက်သောအခါ ဗလာဖြစ်နေသဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။
အသူရာဓားဂိုဏ်း၊ ဓားအိမ်တော်၌ အသူရာဆေးအိုး၏ မီးတောက်များသည် မိုးစက်ပြာတံခွန်အတွင်းရှိ ဝိညာဥ်များကို လောင်ကျွမ်းနေခဲ့သည်။ ဓားပင်လယ်မှ နင်ရန် ရောက်ရှိလာပြီး ယွမ်ရှောင်ထံ သိုလှောင်အိတ်တစ်လုံး ဆက်သကာ စိတ်ကျောက်တုံး၁၈ဝသန်း၊ ကောင်းကင်မူလဆေးရှစ်ထောင်၊ ရတနာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များ ပါဝင်သကဲ့သို့ ရှေးဟောင်းဓားသိုင်းပင် ပါရှိ၏။
"ကျုပ် ကောင်းကင်နယ်မြေကို သွားနေတုန်း နင်မျိုးနွယ်က ဓားပင်လယ်ကို အုပ်ချုပ်ရမယ်။ အသူရာတောင်တန်းကို ကာကွယ်ပါ။ တစ်ခုခုမှားရင် ကျုပ်ကိုယ်တိုင် ဖြေရှင်းချက် လာယူမယ်"
ယွမ်ရှောင်က သိုလှောင်အိတ်ကို သိမ်းဆည်း၍ အေးစက်စက် သတိပေးလိုက်သည်။
"နားလည်ပါပြီ"
နင်ရန်က ခေါင်းညိတ်လိုက်ပြီး နင်မျိုးနွယ်မှာ ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင် မရှိသောအခါ တန်ခိုးထွားလာခဲ့၏။ ထို့နောက် သူမသည် ခေါင်းဆောင်နှစ်ယောက် သေဆုံးသွားသောအခါ မဟာဖုန်းဆိုးမြေ၏ နတ်ဆိုးများ ကျူးကျော်လာနိုင်ကြောင်း တင်ပြလိုက်၏။ သို့သော် ယွမ်ရှောင်က ပေါ့ပါးသော အမူအရာဖြင့် စိုးရိမ်ရန်မလိုကြောင်း ပြောလိုက်သောအခါ သူမကို အံ့သြသွားစေခဲ့သည်။
"ခုတလော မြေခွေးနတ်ဆိုးတစ်ယောက် အစွမ်းထက်လာတယ်လို့ ကြားနေရတယ်။ သူသာ မဟာနတ်ဆိုးသခင်နဲ့ ပူးပေါင်းသွားရင် ပြဿနာရှိနိုင်တယ်"
ထိုအချိန်၌ ကျောက်ကျန်ရှင်း၊ ကျောက်ရန်ရန်နှင့် ရှန်ကွမ်းယုတို့ ရောက်ရှိလာသောကြောင့် သူမကို ယွမ်ရှောင်က လျစ်လျူရှုလိုက်သည်။ သူမသည် ခေါင်းဆောင်လင်း သေဆုံးသွားပြီးနောက် မိသားစုအစစ်အမှန်အပေါ် အမြင်မှန်ရလာပြီး ညှိုနှိုင်းလိုခဲ့၏။
"ကျန်ရှင်း"
"ထွက်သွားစမ်း။ အသူရာဓားဂိုဏ်းက မင်းကို မကြိုဆိုဘူး"
ကျောက်ကျန်ရှင်းက နင်ရန်ကို အေးစက်စက်မောင်းထုတ်၍ သူ့အပေါ် နှစ်ပေါင်း၂၀ ကျော် သစ္စာရှိပေးခဲ့သော ရှန်ကွမ်းယုနှင့် လက်ချင်းတွဲထားသည်။ နင်ရန်၏စိတ်က အပိုင်းပိုင်း ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရကာ ရှန်ကွမ်းယုထံ ကြည့်လိုက်မိသည်။
"ရန်ရန်"
သွေးက ရေထက်ပျစ်သည် ဟူသော စကားကြောင့် သူမသည် သမီးဖြစ်သူထံ စကားဦးသန်းလိုက်၏။
"ရှင်က ဘယ်သူလဲ"
ကျောက်ရန်ရန်က မသိဟန်ဆောင်လိုက်ပြီး နှစ်ပေါင်းများစွာ စွန့်ပစ်၍ သေလားရှင်လားပင် ဂရုမစိုက်ခဲ့သော မိခင်ကို ခွင့်မလွှတ်ခဲ့ပေ။
"ငါ တောင်းပန်ပါတယ်"
နင်ရန်သည် နောင်တကြီးစွာရပြီး ခေါင်းငိုက်စိုက်ကျကာ အဝေးသို့ ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။
ယွမ်ရှောင်သည် ရဲကုရင်၏မျက်နှာကို အသူရာဆေးအိုးအနား ဆွဲမြှောက်ကာ ရဲမျိုးနွယ်ဝင်များနှင့် ကျန်းရယ် အပြစ်ခံနေရပုံကို ပြသလိုက်၏။ ရဲကုရင်မှာ တစ်ကိုယ်လုံးပျော့ခွေနေပြီး ပိုးကောင်များက အတွင်းအင်္ဂါများကို စားသောက်နေသောကြောင့် အော်သံကျယ်ကျယ်ပင် မထွက်နိုင်တော့ပေ။ ဤမျှနှိပ်စက်ခံနေရသော အဖြစ်မှ လွတ်မြောက်ရန် သေရမည်ဆိုလျှင်ပင် သူက လက်ခံမိပေလိမ့်မည်။ မိုးစက်ပြာတံခွန်အတွင်း ရုန်းကန်နေသော ဝိညာဥ်များစွာသည် မီးတောက်များကြောင့် အသံကုန် အော်ဟစ်နေကြသည်။
"ကျန်းရယ် မင်းရဲ့ ဂိုဏ်းတူအစ်ကိုရဲ ဒီကို ရောက်နေပြီ"
"ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါ"
ရဲကုရင်သည် နောက်ဆုံးခွန်အားကို ဖျစ်ညှစ်၍ ယွမ်ရှောင်ထံ တောင်းဆိုခဲ့သော်လည်း အလွယ်တကူ သေခွင့်မရခဲ့ချေ။
"ရဲကုရင် မင်းမောက်မာနေတာက နဂါးကိုးကောင်ဒန်တန်ကြောင့်ပေါ့။ ဒါကို ငါ ယူလိုက်မယ်။ မင်းတို့ညီအစ်ကိုနှစ်ယောက်က ငါ့အတွက် တော်တော် အကျိုးပြုခဲ့တာပဲ။ မင်းညီရဲ့ ရွှေရောင်ဒန်တန်က ငါ့ကို ကျင့်ကြံရေးလမ်းကြောင်းပေါ် ရောက်စေခဲ့တယ်။ မင်းရဲ့ နဂါးကိုးကောင်ဒန်တန်ကတော့ ကောင်းကင်နယ်မြေရဲ့ လမ်းစပေါ့"
ယွမ်ရှောင်၏ စကားကြောင့် သူက မျက်လုံးများပြူးကျယ်နေစဥ် ဓားတစ်လက်သည် ဒန်တန်ထံ ထိုးဖောက်လာခဲ့၏။ ရဲကုရင်မှာ နာကျင်လွန်းသဖြင့် တဆတ်ဆတ်တုန်ယင်နေစဥ် ရွှေရောင်နဂါးအရိပ်များသည် တစ်ဖက်လူ၏ခန္ဓာကိုယ်ထံ ပေါင်းစပ်သွားကာ ဒန်တန်အတွင်း ရောက်ရှိသွားကြသည်။ ယွမ်ရှောင်က ကျေနပ်စွာပြုံးနေပြီး နဂါးကိုးကောင်၏ ချီစွမ်းအင်ကြောင့် နဂါးဘုရင်အဆင့်သို့ ရောက်ရန် လွယ်ကူလာပေလိမ့်မည်။
"မင်းက ငါ့ပါရမီကို ဘယ်လိုခိုးယူလိုက်တာလဲ"
ရဲကုရင်၏ စိတ်အခြေအနေက ဆက်တိုက်ဖျက်ဆီးခံနေရပြီး ကြောက်စိတ်များ ပြည့်နှက်နေကာ ယွမ်ရှောင်နှင့် ယှဥ်လျှင် ဖုန်မှုန့်ပမာ ခံစားနေရသည်။
"မင်းလို သေမျိုးတစ်ယောက်က ဘယ်လိုလုပ်......"
"ရဲကုရင် မင်းက ဒီအကြောင်းသိဖို့ အဆင့်မရှိဘူး"
ယွမ်ရှောင်သည် ရဲကုရင်ကို မြေပြင်သို့ ပစ်ချကာ ခြေဖြင့် ခေါင်းအား တက်နင်းထားရင်း အေးစက်စက် ပြောလိုက်၏။ ထို့နောက် သူက ကျောက်ကျန်ရှင်းဘက်လှည့်ကာ အဆိပ်ဒဏ်ကြောင့် ရဲကုရင်သေသွားလျှင် ဝိညာဥ်ကို ထာဝရအကျဥ်းချကာ အသူရာဆေးအိုးအတွင်း မီးရှို့ရန် အကူအညီတောင်းခဲ့သည်။ တပည့်ခုနစ်ယောက်အတွက် လက်စားချေလိုသော ကျောက်ကျန်ရှင်းကလည်း မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ယွမ်ရှောင်သည် သိုလှောင်အိတ်တစ်လုံးကို ဆရာဖြစ်သူထံ ပေးအပ်ကာ ဂိုဏ်းအတွက် အသုံးပြုရန်ဖြစ်သည်။ အသူရာဓားဂိုဏ်းသားများက ပါရမီရှိပြီး အရင်းအမြစ်နည်းသဖြင့် အားနည်းနေခြင်း ဖြစ်သည်။
"စိတ်ကျောက်တုံး သန်းသုံးဆယ်"
ဤပမာဏကြောင့် ကျောက်ကျန်ရှင်းမှာ မျက်လုံးပြူးသွားခဲ့ပြီး တစ်ဘဝလုံး မမြင်ဖူးလောက်သော အရင်းအမြစ်များ ဖြစ်နေခဲ့သည်။
"မလုံလောက်သေးရင် ကောင်းကင်နယ်မြေက ကျုပ် ထပ်ယူလာခဲ့ပေးမယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ကတိပေးလိုက်သည်။
"လုံလောက်တာထက် ပိုနေပါပြီ"
"ကျုပ်က ဓားပင်လယ်မှာ နတ်ဆိုးတွေကို ရှင်းပစ်ဖို့ အမိန့်ပေးထားတယ် ။ အခုအချိန်ကစပြီး ဓားပင်လယ်ရဲ့ ကျင့်ကြံသူတစ်သောင်းကျော်က နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ ကူညီကြလိမ့်မယ်။ သေမျိုးတိုင်းပြည်တွေမှာ နတ်ဆိုးတစ်ကောင်မှ မရှိစေရဘူး"
"ဒါက လုပ်သင့်တယ်။ ဒါပေမယ့် မဟာနတ်ဆိုးသခင်ကို ဘယ်လိုလုပ်မှာလဲ။ သူ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ"
ကျောက်ကျန်ရှင်းက စိုးရိမ်စွာ စုံစမ်းလိုက်သည်။
"သူက အဆုံးသတ်ကို ရောက်နေပါပြီ။ စိတ်ထဲမထားနဲ့။ မဟာဖုန်းဆိုးမြေစာချုပ် မရှိရင်တောင် ကျုပ်တစ်ယောက်တည်းက ဓားနယ်မြေတစ်ခုလုံးကို ဖိနှိပ်နိုင်တယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ အာမခံလိုက်သောကြောင့် ကျောက်ကျန်ရှင်းသည် ခေါင်းညိတ်ကာ ကျောက်ရန်ရန်အား ခေါ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။ ထို့နောက် ယွမ်ရှောင်သည် သူမကို ရှာဖွေရန်အတွက် ကောင်းကင်သို့ ဓားပျံနှင့် ထွက်ခွာသွားကာ နေရောင်က အနောက်ဘက်သို့ တိုးဝင်ပျောက်ကွယ်စပြုနေ၏။ အရုဏ်တက်နတ်အိမ်တော်၌ တွေ့ဆုံရန် ချိန်းဆိုထားသော အချိန်က နီးကပ်လာကာ ဝင်လုဆဲဆဲနေရောင်အောက်တွင် လောကကြီးက လှပနေသည်။ ကျောက်ရန်ရန်၏ ခြံဝန်းအတွင်း ပန်းပင်ကြီးနှင့် ရေကန်က တောက်ပနေကာ စားပွဲထက်၌ သေရည်အိုးများနှင့်အတူတကွ သေမျိုးလောက၏ ခံစားချက်က ထာဝရ တည်ရှိနေပေလိမ့်မည်။
ဓားပင်လယ်၊ အရုဏ်တက်နတ်အိမ်တော်သည်လည်း အသူရာပင်လယ်၏ မြူခိုးများ ရစ်သိုင်းနေသောကြောင့် လှပနေပြန်သည်။ လသာဆောင်ထက်တွင် ရေချိုးကန်ငယ်တစ်ခု ရှိနေပြီး အဖြူရောင်အရည်များ ဖြည့်ထားကာ ပန်းရောင်ပွင့်ချပ်များ ပေါလောမျောနေခဲ့သည်။ လှပသော မိန်းကလေးက ၎င်းအတွင်း အနားယူနေပြီး မျက်နှာထက်တွင် ရှက်သွေးဖြာနေရင်း အချိန်တစ်ခုကို စောင့်ဆိုင်းနေပုံရလေသည်။