အကျဥ်းထောင် ခေါင်းတလား၏ တာအိုရင်းမြစ်
Vol. 10 Ch. 127
"ဒါက မင်းရဲ့အတွေး မဟုတ်လား"
ယွမ်ရှောင်က တစ်ချက် စိုက်ကြည့်လိုက်၏။
"ဒါပေါ့။ ငါ့အနေနဲ့ ဒီလိုပြောရတာ ကျဆုံးသွားတဲ့ ဓားသမားတွေအပေါ် မစာနာလို့ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့မျိုးဆက်သစ်တွေက ဒီလိုခံယူထားကြတယ်"
လန့်ကော်က ကျဥ်းကြပ်သော မျက်နှာထားနှင့် အဖြေပေးခဲ့သည်။ ယွမ်ရှောင်ကဲ့သို့ ဓားသမားတစ်ယောက်က အစစ်အမှန်သမိုင်းကို သိနေမည်ဟု အထင်မှားခဲ့မိသည်။ ဓားနယ်မြေသည် အတိတ်တွင် ဖျက်ဆီးခံခဲ့ရပြီး သမိုင်းဖြစ်ရပ်များမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ ထို့ကြောင့် အကျိုးမရှိဟု ယူဆထားသော ထိပ်သီးကျင့်ကြံသူများက ဤဖြစ်ရပ်များအကြောင်း လက်ဆင့်မကမ်းခဲ့သဖြင့် သူရဲကောင်းတစ်ဘီလီယံမှာ မေ့လျော့ခံနေရသည်။
"သတင်းပေးလို့ ကျေးဇူးတင်ပါတယ်"
"ငါ သိထားတာကို ပြောပြရုံပါပဲ။ အတိတ်ကို အတိတ်မှာထားပြီး လက်ရှိကို အာရုံစိုက်သင့်တယ်။ အင်မော်တယ်တိုက်ပွဲမှာ နတ်ဆိုးပါရမီရှင်တွေ အများကြီး ရောက်လာလိမ့်မယ်။ ဧကရီနဲ့ လက်ထပ်ရမယ်ဆိုတဲ့ မက်လုံးကြောင့် ကြောက်စရာ နတ်ဆိုးတွေကို ဆွဲဆောင်နိုင်ခဲ့တယ်"
လန့်ကော်က ခဏတာစဥ်းစားပြီးနောက် လေးနက်စွာ သတိပေးလိုက်၏။ အရုဏ်တက်နတ်ဧကရီသည် ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးပြီး ပါရမီရှင်ဖြစ်သော်လည်း နတ်ဆိုးတစ်ယောက်နှင့် လက်ထပ်လိုက်လျှင် လူသားများက မာနကိုချိုးနှိမ်ကာ ကြင်ရာတော်အဖြစ် အရိုအသေ ပေးကြရပေလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးကုန်းမြေတစ်ခုလုံး ထိုမက်လုံးကြောင့် ရူးသွပ်သွားရန် သေချာပေသည်။ ယွမ်ရှောင်က ချန်ရီထံ တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမသည် ဓားကျင့်ကြံသူ မဟုတ်သော်လည်း ဓားနယ်မြေမှ စစ်သည်တော်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ အင်မော်တယ်တိုက်ပွဲသို့ ဝင်ရောက်လာသော သူမ၏ ရည်ရွယ်ချက်က ထူးဆန်းလွန်းနေသည်။
"ဧကရီရဲ့ အကြံအစည်ကို ငါတို့ လုံးဝနားမလည်နိုင်ကြဘူး။ ငါ့စကားကို စဥ်းစားပါကွာ။ ဒီတစ်ခေါက် အင်မော်တယ်တိုက်ပွဲက သမိုင်းမှာ အကြမ်းတမ်းဆုံး ဖြစ်လာလိမ့်မယ်။ ကုန်းမြေကြီးနှစ်ခုလုံးရဲ့ အစွမ်းထက် ပါရမီရှင်တွေ ပါလာလိမ့်မယ်။ မင်းရဲ့ နဂါးငွေ့တန်းအဆင့် ဓားဝိညာဥ် ထွက်ပေါ်လာမှာကို စဥ်းစားကြည့်လိုက်။ မင်းရဲ့ရုပ်ရည်ကတင် ထူးခြားနေရုံမကဘူး၊ ဓားနယ်မြေ ကျဆုံးခန်း နောက်ပိုင်းမှာ ပထမဆုံး ဓားဧကရာဇ်လည်း ဖြစ်နေတယ်။ နတ်ဆိုးတွေက မင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ပြီး လာသတ်ကြမှာ သေချာနေပြီ။ သိုင်းနယ်မြေရဲ့ ကျင့်ကြံသူတွေကလည်း တိုက်ခိုက်လိုစိတ် ပြင်းထန်ကြလို့ ဓားသမားတွေရဲ့ စိတ်ဓာတ်ကို ငါ နားလည်ပါတယ်။ ဒါကြောင့် ငါက မင်းကို သတိပေးဖို့ ရောက်လာခဲ့တာ။ ငါ့အကြံကို နားထောင်ပြီး အိမ်ပြန်ပါကွာ။ ကောင်းကင်နယ်မြေမှာ မင်းအနေနဲ့ ပျက်စီးကိန်းဆိုက်နိုင်တယ်"
လန့်ကော်သည် အသက်ကို တစ်ချက်ပြင်းပြင်းရှူကာ လေးလေးနက်နက် အကြံပေးခဲ့သည်။
"လေးတင်ပြီးမှတော့ မပစ်လို့ မရတော့ဘူး"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပခုံးတွန့်ပြလိုက်သည်။
"ငါက ဓားသမားတစ်ယောက်ကို နားချဖို့ ကြိုးစားနေမိတာပဲ။ တကယ်လို့ မင်းသာ နောက်ဆုတ်မယ်ဆိုရင် ဓားသမား မဖြစ်နိုင်ဘူး။ ဓားသမားတွေရဲ့ စိတ်ဓာတ်က ဓားတစ်လက်လို ထက်ရှတယ်မလား"
လန့်ကော်က သူ့နဖူး သူ လက်ဝါးဖြင့် ရိုက်ကာ ရေရွတ်လိုက်မိသည်။
"ဘာဖြစ်ဖြစ် မင်းရဲ့အကြံအတွက် ကျေးဇူးတင်ပါတယ်ကွာ။ တစ်ခုလောက် မေးချင်တယ်။ ကောင်းကင်နယ်မြေမှာ ဓားသမားတွေ ရှိလား"
လန့်ကော် အကြံပေးလိုက်သော်လည်း ကောင်းကင်နယ်မြေမှ ခြေဦးလှည့်ရန် စိတ်ကူး ယွမ်ရှောင်၌ မရှိချေ။
"ရှေးခေတ်က အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျိုးဆက်တွေ တည်ထောင်ထားတဲ့ မျိုးနွယ်သုံးခု ရှိတယ်။ ဒါပေမယ့် သူတို့က နှိမ့်နှိမ့်ချချနေထိုင်ပြီး လူမြင်ကွင်း ရောက်မလာတတ်ကြဘူး"
လန့်ကော်က ဤသို့ရှင်းပြနေစဥ် ယွမ်ရှောင်၏စိတ်အတွင်း သားရဲလေးမှ ဆက်သွယ်လာခဲ့၏။
"အစ်ကိုကြီး ရှေးခေါင်းတလားတစ်ခု တုန်ခါနေတယ်"
ကောင်းကင်သင်္ချိုင်း ခေါင်းတလား ထွက်ပေါ်လာပြီး နောက်ထပ်ခေါင်းတလားကိုးခု ကျန်ရစ်နေကာ ဖန်ဆင်းရှင်အင်မော်တယ်၏ အဆန်းကျယ်ဆုံးသော အမွေအနှစ်များ ဖြစ်သည်။
"ဘယ်တစ်ခုလဲ"
"အကျဥ်းထောင်ခေါင်းတလား"
၎င်းက ဆိုးယုတ်သော အရှိန်အဝါ ထွက်ပေါ်နေသည့် ခရမ်းရောင် ခေါင်းတလား ဖြစ်သည်။
"ဘာကြောင့် တုန်ခါနေတာလဲ"
"တာအိုရင်းမြစ်တစ်ခုခုနဲ့ နီးကပ်လာတာ ဖြစ်မယ်"
"ကောင်းကင်ထောက်တိုင်လိုလား"
ယွမ်ရှောင်၏ စိတ်ထဲတွင် ခံစားချက်တစ်ခု ပြင်းထန်စွာ ဖြစ်တည်လာ၏။
"ညီလေးယွမ် ဟိုကိုကြည့်လိုက်"
ထိုအချိန်တွင် လန့်ကော်သည် တိမ်များအထက်သို့ ညွှန်ပြ၍ လေးနက်စွာ ပြောလိုက်သည်။ ယွမ်ရှောင်က မော့ကြည့်လိုက်သောအခါ ခရမ်းရောင်နှင့် အနက်ရောင် ဧရာမကုန်းမြေကြီးတစ်ခုကို မြင်လိုက်ရပြီး အလွန်ဝေးကွာနေသော်လည်း ကြမ်းတမ်းပြင်းထန်သည့် အရှိန်အဝါပင် ခံစားနေမိ၏။
"ဒါက ဘာလဲ"
"ဒါက နတ်ဆိုးကုန်းမြေ။ နတ်ဘုရားကုန်းမြေရဲ့ အထက်မှာ အရိပ်မိုးပြီး ရှိနေတာလေ"
လန့်ကော်က အံ့သြနေဟန်ဖြင့် ရှင်းပြလိုက်၏။
"နတ်ဆိုးကုန်းမြေက တာအိုရင်းမြစ်လား"
"ဟုတ်တယ်"
"ဒါက အကျဥ်းထောင်ခေါင်းတလားနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ဓားဝိညာဥ်အတွက် အကျိုးရှိနိုင်လား"
"ရှိတယ်"
"ဒါဆိုရင် ငါက ဒီကုန်းမြေကြီးတစ်ခုလုံးကို သိမ်းယူပြီး နတ်ဆိုးတွေ သေအောင် လုပ်လိုက်မယ်"
"မဖြစ်နိုင်ဘူး။ အစွမ်းထက်နတ်ဆိုးတွေက ပြုတ်ကျရုံနဲ့ သေမှာ မဟုတ်ဘူး။ မင်းဂရုစိုက်တဲ့ သေမျိုးလူသားတွေအပေါ် နတ်ဆိုးတွေ မိုးရွာသလိုကျလာပြီး သတ်ဖြတ်လိမ့်မယ်။ သူတို့အတွက် ပိုင်နက်ကို နတ်ဘုရားကုန်းမြေမှာ နယ်ချဲ့ကြမှာ သေချာတယ်။ ပြီးတော့ ခေါင်းတလားက တုန်ခါရုံရှိသေးတယ်။ ဘယ်လိုဖွင့်ရမလဲဆိုတာ ငါ လေ့လာထားလိုက်မယ်။ မင်းရဲ့ အရင်ဘဝတောင် ဒီခေါင်းတလားရဲ့ လျှို့ဝှက်ချက်ကို မသိလောက်ဘူး"
"ဒါဆိုရင် ငါ ဘာလုပ်သင့်လဲ"
"အစ်ကိုကြီး စိတ်ရှည်ရှည်ထားစမ်းပါ။ အမြဲတမ်း နည်းလမ်းတစ်ခု ရှိပါတယ်။ အမြဲတမ်း အလျင်လိုနေစရာ မလိုပါဘူး"
ယွမ်ရှောင်နှင့် သားရဲလေးက စိတ်ချင်းဆက်သွယ်၍ အကျဥ်းထောင် ခေါင်းတလားအကြောင်း ဆွေးနွေးနေခဲ့ကြသည်။ ကောင်းကင်နယ်မြေသည် နတ်ဘုရားကုန်းမြေတိုက်ကြီးမှ ကွဲထွက်နေသော သီးသန့်စကြဝဠာငယ်တစ်ခု ဖြစ်ကာ အတွင်း၌ ချီစွမ်းအင်က ငွေရည်ဖွဲ့နိုင်လောက်အောင် သိပ်သည်းနေသဖြင့် မည်သည့်နေရာထက်မဆို ကျင့်ကြံရေးအရင်းအမြစ် များပြားပေသည်။ ၎င်းသည် အင်မော်တယ်အင်ပါယာ၏ မြို့တော်ဖြစ်ကာ ဧကရီက အုပ်ချုပ်ပြီး သြဇာအာဏာကြီးမားသော မျိုးနွယ်များနှင့် ဂိုဏ်းများက ဤနေရာတွင် ကျင့်ကြံနေကြ၏။ ၎င်း၏လက်အောက်တွင် သိုင်းနယ်မြေနှင့် ဓားနယ်မြေအပါအဝင် နယ်မြေ၉၉ခု ရှိပြီး ကောင်းကင်နယ်မြေနှင့်ယှဥ်လျှင် အောက်ဘုံဟူ၍ သတ်မှတ်ထားကြသည်။
မဟာကျောင်းတော်သည် မျိုးဆက်သစ်များအတွက် နေရာတစ်ခုဖြစ်ပြီး အင်မော်တယ်ခြောက်ပါးဂိုဏ်း၊ ဘိုးဘေးကျောင်းဆောင်၊ ကိုးကောင်းကင်စစ်တပ် စသော အစွမ်းထက်အဖွဲ့အစည်းဆယ်ခုရှိကာ အားလုံးက ကောင်းကင်နယ်မြေ၏ လက်အောက်ခံများ ဖြစ်ကြ၏။ ဤနေရာအကြောင်း သိလိုက်ရသောအခါ ယွမ်ရှောင်၏စိတ်ထဲတွင် တိုက်ခိုက်လိုစိတ်များ မြင့်တက်လာခဲ့သည်။ ထိုအချိန်တွင် ရွှေရောင်စက်လုံးတစ်ခုသည် ကောင်းကင်လှေရှေ့မှောက်၌ ထွက်ပေါ်လာကာ အနက်ရောင်နှင့် အဖြူရောင် မိုးကြိုးများ ယှက်သန်းနေ၏။
"ဝုန်း"
ပြင်းထန်သော ချီစွမ်းအင်သည် ကောင်းကင်လှေကို ဆွဲယူကာ ကျောက်ချရပ်နားရန် ဖမ်းယူခဲ့သည်။ ထို့နောက် အစွမ်းထက် ကျင့်ကြံသူများ ဆင်းသက်လာကာ မရေမတွက်နိုင်သော တောင်ကြီးများပမာ လေးလံသည့် အရှိန်အဝါ ထွက်ပေါ်နေသောကြောင့် လူတိုင်း မွန်းကြပ်ကုန်၏။ တစ်ယောက်ချင်းစီက ကျောင်းတော်သားပညာရှိများနှင့် ဆင်တူပြီး ကောင်းကင်နယ်မြေ၏ မဟာကျောင်းတော်မှ ရောက်ရှိလာခြင်း ဖြစ်သည်။
"လေမီးတောက်ကပ်ဘေးအဆင့် ကျင့်ကြံသူတွေ အများကြီးပါလား"
ကောင်းကင်လှေထက်တွင် လိုက်ပါလာသော လူငယ်များသည် ကြောက်စိတ်ကြောင့် ခပ်ဝေးဝေး ပြေးထွက်သွားကာ မဟာကျောင်းတော်၏ ကျင့်ကြံသူများကို အလောတကြီး ရှင်းပြနေခဲ့သည်။
"ဓားနယ်မြေရဲ့ ကျင့်ကြံသူနှစ်ယောက်က ကျောင်းတော်သားတွေကို သတ်လိုက်တာပါ"
တာအိုဆရာများ၏ အကြည့်များက ယွမ်ရှောင်နှင့် ချန်ရီထံ ရုတ်တရက် စုဝေးရောက်ရှိလာကာ အင်မော်တယ်အင်ပါယာ၌ ဓားနယ်မြေမှာ နိမ့်ပါးနေသောကြောင့် ရင်းနှီးပုံမရချေ။
"ဒါက ဆရာချန်ရွှမ်မလား။ သူ့လိုလူမျိုးတောင် ရောက်လာတယ်ဆိုမှတော့ ကိစ္စက ကြီးပြီထင်တယ်"
"ဒါပေါ့ကွ။ မဟာကျောင်းတော်ရဲ့ တပည့်တွေက အောက်ဘုံမှာ လမ်းပြလုပ်ခဲ့ပေမယ့် အသတ်ခံလိုက်ရတယ်လေ"
လက်ရှိအခြေအနေတွင် နောက်ခံတောင့်တင်းပြီး မဟာကျောင်းတော်ကို ဂရုမစိုက်သူများသာ ယွမ်ရှောင်အနား ချဥ်းကပ်ရဲပေလိမ့်မည်။ သို့သော်လည်း လန့်ကော်သည် သူ့ဘက်လှည့်ကာ အားနာစကား ဆိုနေခဲ့သည်။
"ညီလေးယွမ် ငါ ဒီကိစ္စမှာ လက်ရှောင်ရမယ်။ မဟုတ်ရင် ငါ့ဘိုးတော်ကို ပြဿနာတက်စေလိမ့်မယ်"
"အဆင်ပြေပါတယ်။ လူသတ်တာက ကျုပ် မဟုတ်ဘူးလေ"
ယွမ်ရှောင်က ချန်ရီထံ တစ်ချက်ကြည့်ကာ ပြုံးပြလိုက်သည်။ သူ၏နာမည်ကို မပြောင်းလိုသောကြောင့် ချန်ရီက လူသတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း ထိုသဘောထားက လန့်ကော်ကို နားလည်ရခက်ခဲစေသည်။
ထိုအချိန်တွင် ချန်ရွှမ်ဟု အမည်ရသော တာအိုဆရာက ရှေ့ထွက်လာကာ ယွမ်ရှောင်နှင့် ချန်ရီကို အံ့သြစရာကောင်းစွာ အရိုအသေပေးခဲ့လေသည်။