ပန်းတွေပွင့်ပြီး အသီးတွေ သီးတယ်
Vol. 136 Ch. 4.1548
လုရွှမ် ညည်းညူရင်း မတ်တတ်ထရပ်လိုက်သည်။
ကြီးမားသော ဖိအားက တောင်တစ်လုံး ကျောပေါ်မှာ တင်ဆောင်ထားရသလိုပါပဲ။ လက်ရှိအချိန်၌ လုရွှမ်ခန္ဓာကိုယ်သည် အလင်းရောင်တစ်ခုလို လင်းလက်နေပြီး အနီရောင် နေလုံးက နောက်ဆုံးတွင်တော့ ပြင်းထန်သော ဖိအားကို ခုခံနိုင်ခဲ့သည်။
လုရွှမ် ခဏလောက် စဉ်းစားပြီးနောက် သူတို့နှစ်ယောက်ကို အပြင်ထုတ်မယ့် စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။ ထိုနှစ်ယောက် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်းထောက်မစွာနဲ့ အာကာသကျောက်စိမ်းပြားထဲမှာ ၎င်းတို့နှစ်ဦး မေ့မြောနေသော်လည်း အခွင့်အရေး များစွာကိုတော့ မဆုံးရှုံးနိုင်သေးပါ။
ယခုလို ပြင်းထန်သော ဖိနှိပ်မှုအားအောက်တွင် ရတနာကို စောင့်ရှောက်နေတဲ့ သားရဲတွေလည်း မရှိနိုင်တော့ချေ။ ဒီနေရာက ဖိအားဟာ အမှန်တကယ်ပင် သူ ခံနိုင်ရည်ရှိသော ဖိအား၏ထိပ်တွင် ရှိနေသည်။
နတ်ခြေလှမ်းနယ်ပယ်က ကျင့်ကြံသူ ရောက်လာရင်တောင် ဒီဖိအားအောက်မှာ ပြားပြားဝပ်သွားလိမ့်မယ်လို့ တွေးထင်နိုင်ပေသည်။ အောက်ဖက်ကို ဘယ်သူမှ ဘေးကင်းစွာ မရောက်ရှိနိုင်ချေ။ ဒီအောက်မှာ သွေးအိုင်တွေ ရှိနေတာ အံ့ဩစရာတော့ မရှိပါဘူး။
သို့ပေမယ့် လုရွှမ်ကတော့ တဖြည်းဖြည်း ခံနိုင်ရည် ရှိလာပါပြီ။ သူ့အသက်ရှူသံက မြန်နေပြီး ယွမ်စွမ်းအားက ကန့်သတ်ချက်တစ်ခုအထိ ရောက်နေပြီဆိုလျှင် အချိန်မရွေး မူးမေ့သွားလိမ့်မည်။
"ကျီးဖိုးဖိုး... မြင်ရလား"
"ဒါပေါ့....ဟဲသောက်ပန်းယင့်သုံ့အသီးက ရင့်တော့မယ်... ဒီသက်ရှိနှစ်ကောင်က တကယ် ဒီလိုမျိုး ကြီးထွားလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပြီး ကြီးထွားလာတာ သူတို့မှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိတယ်.... ဒါပေမဲ့ အခုက ငါတို့အတွက် အခွင့်အရေး ဖြစ်သွားပြီ.... ဟားဟားဟား ဟားဟား...."
ရွှေကျီးကန်းက တော်တော်လေး ဂုဏ်ယူနေသည်။ လုရွှမ်ကတော့ မရယ်နိုင်ပါ။ သူ သေခြင်းတရားကို လမ်းကျဉ်းကျဉ်းလေးထဲရ လွတ်မြောက်အောင် လုပ်လိုက်ရတာပဲ မဟုတ်ပါလား။
အကြီးအကဲ ချန်ပေါင်ရှန်းရဲ့ စာအုပ်ထဲက အကြောင်းအရာကို ပြန်ပြောင်းကြည့်တော့ ဒီအပင်နှစ်ပင် ကြီးလာတာနဲ့အမျှ ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ရှိလာမှာဖြစ်ပြီး မရေတွက်နိုင်တဲ့ သားရဲတွေကို ဆွဲဆောင်နေလိမ့်မည်။
ဟဲသောက်ပန်း ပွင့်တဲ့အခါ ၎င်း၏အရောင် ကိုးရောင်သည် ကောင်းကင်နှင့်မြေကြီး၏ အရောင်ကိုးရောင်နှင့် ကိုက်ညီပြီး ကောင်းကင်သို့ တိုက်ရိုက် ပျံသန်းသွားသော သက်တံ့တံတားအဖြစ် ပြောင်းလဲသွားမည်။ တစ်ဖက်တွင်မူ ယင့်သုံ့အသီးသည် ရင့်ပြီးနောက် မွှေးရနံ့ကို သဘာဝအတိုင်း ထုတ်လွှတ်ကာ အသီးကြွေကာ ကောင်းကင်နှင့် မြေကြီးသို့ ရောနှောသွားပါသည်။
လုရွှမ် အပင်နှစ်ပင်ဆီသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာခဲ့သည်။ အပင်နှစ်ပင်က မျက်နှာချင်းဆိုင် ရှိနေကြကာ လုရွှမ်က ၎င်းတို့ရှေ့တွင် ရပ်နေလေသည်။ ချင်ထျန်းဓားနဲ့ ဖြတ်တောက်ပြီး သိမ်းယူပါက သေခြင်းတရားကို ခေါ်နေသလို ဖြစ်သွားမယ့်အပြင် ဆင်ကို မြွေမျိုနေသလို ဖြစ်သွားမည်။
ပန်းပွင့်တဲ့အခါ လုရွှမ် ပန်းတစ်ပွင့်ကို ရွေးရမညမ။ လုံလောက်တဲ့ အရောင်ကိုးမျိုးထဲက တစ်မျိုးကို ရွေးဖို့ပင်။ သူ လောဘမကြီးပေမယ့် အသီးကို လုယူဖို့အတွက် အသီးတစ်ခြမ်းကို ခုတ်ထစ်ဖို့ ကောင်းကင်ဓားကို အသုံးပြုရမည်။
တစ်ခုတည်းသော အခက်အခဲက အသီးပွင့်ပြီး အသီးတွေ သီးလာတဲ့အခါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ရချင်ရင် ဒီအကျိုးသက်ရောက်မှုကို ခံနိုင်ရည်ရှိဖို့ပါပဲ။ မဟုတ်ရင် အသက်ရှူကြိမ် ဆယ်ချက်အတွင်းမှာ အရောင် ကိုးရောင်ပန်းတွေ ကြွေကျပြီး အသီးလည်း ပျောက်သွားလိမ့်မည်။
လုရွှမ် အသက်ပြင်းပြင်းရှူကာ သန့်စင်ထားသော ဆေးရည်အချို့ကို မျိုချလိုက်သည်။ ဒီဆေးရည်တွေက ယွမ်စွမ်းအင်ကို တတ်နိုင်သမျှ မြန်မြန် ဖြည့်ဆည်းပေးနိုင်ပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ယွမ်စွမ်းအင်ရဲ့ အထောက်အပံ့ကို သေချာပေါက် ပေးနိုင်လိမ့်မည်။
အကြာကြီး စောင့်ဆိုင်းနေချိန်အတွင်း ပန်းပွင့်မှာ အနီရောင်ပန်းပွင့်က တစ်စစီ ပြန့်ကျဲလာသည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ကို ကြီးမားသော တူကြီးတစ်ခုနဲ့ ထုလာသလို ဖိအားကြီးတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
လုရွှမ် မထိန်းနိုင်ဘဲ သူ့ခန္ဓာကိုယ်ကို အနည်းငယ် ကွေးလိုက်ရသည်။ တစ်ဆက်တည်း သူ့အရှေ့မှာ နတ်ဝိညာဥ်ဒိုင်းလွှာ အားလုံးကို ပိတ်ဆို့ထားလိုက်၏။ သို့သော်လည်း စာရွက်တစ်ရွက်လို ချက်ချင်း လွင့်ထွက်သွားသေးသည်။
လုရွှမ် ပါးစပ်ထဲမှ သွေးများစွာကို ထွေးထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တခဏချင်း အပိုင်းပိုင်း ကွဲသွားတော့မလို ခံစားလိုက်ရသည့်အခိုက် သွေးအိုင်ထဲသို့ လဲကျသွားခဲ့သည်။
ကြောက်စရာကောင်းပေ၏။
လုရွှမ် ဟိုးအဝေးက ဟဲသောက်ပန်းကို ကြည့်လိုက်သည်။
ထိုနေရာတွင် သက်တံတံတား တစ်စင်း တဖြည်းဖြည်း ကြီးထွားလာသည်။ တံတားအောက်တွင် ကြည်လင်သော နံရံတစ်ခု ရှိနေသလို ၎င်းရှေ့တွင် ပိတ်ဆို့ထားကာ ယခုအချိန်တွင် စတုတ္ထမြောက် ပန်းပွင့်က တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
လုရွှမ် အံကြိတ်ကာ ဆေးလုံးတွေကို ပါးစပ်ထဲအပြည့် မျိုချလိုက်သည်။ သူ့စိတ်ထဲမှာ ဝိညာဉ်ပင်လယ်ထဲက ရွှေရောင်ဦးချိုနဲ့ ကောင်းကင်နဂါးပုလဲက တစ်ချိန်တည်းမှာပဲ လှုပ်ရှားလာ၏။ စိမ်းပြာနဂါး နှလုံးက ပြင်းပြင်းထန်ထန် ခုန်နေချိန် နဂါးစွမ်းအင်က အရှိန်ပြင်းပြင်းနဲ့ သူ့ခြေထောက်တွေဆီ ချက်ချင်း ပြေးဝင်သွားသည်။
နဂါး ဟောက်သံနှင့်အတူ လုရွှမ် ဟဲသောက်ပန်းဆီ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။ သို့သော် ခန္ဓာကိုယ်အတွင်းက အရိုးများ ကျိုးသွားတဲ့အသံကို ရှင်းရှင်းကြီး ကြားလိုက်ရလေသည်။ တောင့်ခံကာ အလျင်အမြန် ပြေးသွားစဥ် သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲနေပြီဖြစ်သည်။
လက်ဖဝါးကို ဆန့်ထုတ်ပြီး ဟဲသောက်ပန်းရဲ့ နောက်ဆုံးပွင့်ချပ်ကို လှမ်းဖမ်းထားလိုက်သည်။ ၎င်းက ကောင်းကင်သို့ တက်လာတော့မည် ဖြစ်သည်။ တက်လာပြီးတာနဲ့ အကာအကွယ်သလင်းကျောက် ပုံသဏ္ဌာန် ဖြစ်လာလျှင် လုံးဝအခွင့်အရေး မရှိတော့ပေ။
သူ့လက်ဖဝါးမှာ နှစ်ပေါင်းတစ်သောင်းကြာ သက်တမ်းရင့်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ရေခဲပြင်ထဲသို့ ဆန့်တန်းထားရသလို တောင့်တင်းနေကာ လက်ဖဝါးကို မခံစားမိသလောက်ပင်။
အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ စိမ်ပြာ၊ အပြာ၊ ခရမ်းရောင်၊ အနက်နှင့် အဖြူ။
နောက်ဆုံး ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းသော အဖြူရောင်ပွင့်ချပ်က ဖြည်းညှင်းစွာ ပြိုကျလာခဲ့သည်။ အလွန်ကြည်လင် ပြတ်သားသော ဤပွင့်ချပ်ကို သွေးကန်ကတောင် မညစ်ညမ်းစေနိုင်ခဲ့ပေ။
သက်ပြင်းတစ်ချက် ချရင်း ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်သည်။ အခြားလက်တစ်ဖက်က ကောင်းကင်ဓားကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းကာ အသီးကို ဖြတ်တောက်လိုက်သည်။
မမျှော်လင့်ထားဘဲ လုရွှမ်ဟာ အသီးရဲ့ ရှစ်ပုံတစ်ပုံကိုပဲ ယူနိုင်ခဲ့၏။ သူ ခုတ်ပြီးပြီးချင်း သက်တံ့တံတားက ကောင်းကင်သို့ ထိုးတက်သွားပြီး အသီးကလည်း ကောင်းကင်ယံသို့ လွင့်သွားသည်။ ၎င်းက သက်တံ့တံတားနဲ့ ရောနှောကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
"ကောင်လေး... သွားလိုက်တော့ "
ရွှေကျီးကန်းက ရုတ်တရက် အော်လိုက်ပြီး လူနှစ်ယောက်ကိုပါ ထုတ်ပေးလိုက်သည်။
"ဒီသောက်ကျိုးနည်း ပန်းနဲ့ အသီးက အားကောင်းလွန်းတယ်... ငါတောင် မနည်း သည်းခံနေရတာ...ဒီနှစ်ယောက် အတွင်းထဲမှာ ရှိနေရင် သေကုန်လိမ့်မယ်"
လုရွှမ် သူတို့နှစ်ယောက်ကို ဖမ်းပြီး ယွမ်စွမ်းအင်များကို သူတို့ကိုယ်တွေထဲ ထည့်သွင်းပေးလိုက်သည်။
ယခုအချိန်တွင် အပြင်ဘက်မှ ဖိအားများက တကယ်ကို ကြီးမားလွန်းသဖြင့် ယွမ်ယန်စွမ်းအင်က ခန္ဓာကိုယ်နှစ်ခုကို တင်းတင်းကြပ်ကြပ် အကာအကွယ် ပေးရုံသာ တတ်နိုင်သည်။ ထိုအခိုက် လူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နိုးလာကြသည်။
ရုတ်တရက်ဆိုသလို သူတို့က နာကျင်စွာ အော်ဟစ်လေတော့၏။ သူတို့ရဲ့ ခန္ဓာကိုယ်အပေါ် ဖိအားတွေက အရမ်းကြီးလွန်းတယ်လေ။
"အနှောက်အယှက် မပေးနဲ့... ခွန်အားအပြည့်နဲ့ ကြိုးစားထား!"
မြောင်းမြောင်နဲ့ သင်းခွေချပ်လည်း ပြင်ပက ဖိအားများက အားကြီးလွန်းကြောင်း သဘောပေါက်သဖြင့် ခွန်အားများကို အလိုလို ထုတ်ကာ အစွမ်းကုန် ပြေးလွှားဖို့ ကြိုးစားကြတော့သည်။ ယွမ်ယန်စွမ်းအင်ရဲ့ ပံ့ပိုးကူညီမှုဖြင့် သူတို့နှစ်ဦး နာကျင်နေသော်လည်း မကျေမနပ် ဖြစ်ချိန် မရချေ။