ကမ္ဘာဦးဘုံ
Vol. 103 Ch. 1345
မကြာမီ ရွှေရောင်ငွေရောင် နန်းဆောင် တစ်ဆောင်ပြီးတစ်ဆောင် လေထဲတွင် ဖွဲ့တည်လာသည်။ ခန်းမများမှာ လေထုထဲတွင် ပေါ်လာသည်။
ကောင်းကင်ထက်တွင် သပ်သပ်ရပ်ရပ် ဝတ်စားထားကြသည့် ကျားဖြူမျိုးနွယ် နတ်ဘုရားမများသည် နတ်ရောင်နတ်ဝါများနှင့်အတူ ဆင်းသက်လာကြပြီး အနောက်ကမ္ဘာမြေ၏ ရွှေရောင်ငွေရောင်နန်းဆောင်များအပေါ်၌ ပျံဝဲနေကြ၏။
ကမ္ဘာဦးဘုံထဲတွင် လွင့်မျောနေကြသော သင်္ဘောများထဲရှိ နတ်စစ်သည်တော်များနှင့် တပ်မှူးတို့က အနောက်ကမ္ဘာမြေရှိရာသို့ လှမ်းကြည့်၍ နှာခေါင်းရှုံ့နေကြသည်။
မဟာနေဧကရာဇ်က ရွှေကျီးကန်းတပ်ဖွဲ့ကို ထိန်းချုပ်ရင်း အနောက်ကမ္ဘာမြေဆီသို့ ကြည့်ကာ နှာခေါင်းရှုံ့သည်။ နှာခေါင်းရှုံ့လိုက်သည်။ “အနောက်နတ်မင်း ကျားဖြူက ကမ္ဘာဦးဘုံမှာ အရှင်သခင်မရှိတဲ့ အချက်ကို အခွင့်ကောင်းယူပြီး ဝင်နှောင့်ယှက်ချင်နေတာလား… သူ့ကိုယ်သူ တော်တော်အထင်ကြီးနေတာပဲ”
ထိုအခိုက်အတန့်တွင် အနောက်ကမ္ဘာမြေ၏ ကောင်းကင်မှာ ပို၍ပင် တောက်ပလာသည်။ ရွှေရောင်ခေါင်းဆောင်း ဆောင်းထားသည့် ဧကရီတစ်ဦး၏ ပုံရိပ်က ဆင်းသက်လာကာ ရွှေရောင်ငွေရောင်နန်းဆောင်များဆီသို့ ဝင်ရောက်လာသည်။
ဧကရီ၏ပုံရိပ် ဆင်းသက်လိုက်ချိန်တွင် အနောက်ကမ္ဘာမြေတစ်ခုလုံး၏ သတ္တုများမှာ တချွင်ချွင် မြည်လာသည်။ နတ်ဘုရားများ၏ နတ်လက်နက်များဆီမှ ပဲ့တင်သံတို့ အလိုအလျောက် ထွက်လာပြီး အဆက်မပြတ် တုန်ရီလာ၏။ ၎င်းတို့မှာ သူတို့လက်ထဲမှ ပျံထွက်၍ ဧကရီအား ပူဇော်ကြတော့မည့်အလားပင်။
ကမ္ဘာဦးဘုံ၏ နတ်ဘုရားများမှာ နတ်လက်နက်များကို ချက်ချင်း ချုပ်ထားလိုက်ကြရသည်။ မဟာဧကရာဇ်က ရှေးဟောင်းနတ်ဘုရားဘုရင်ကို အသိပေးရန် ပြင်၏။ ကောင်းကင်ယင်သားတော်ကလည်း တစ်စုံတစ်ယောက်ကို မဟာလေဟာနယ်ထံ စေလွှတ်၍ ကောင်းကင်နတ်အရှင်ဟောင်အား အသိပေးရန် တွေးနေသည်။ ထိုစဉ် မြောက်ပိုင်းရှိ ရေခဲပြင်သည် အနက်ရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းခံလိုက်ရ၏။ လျှပ်စီးငါးသွယ်က တစ်ခုနှင့်တစ်ခု လိမ်ယှက်လျက် မရေမတွက်နိုင်သော လျှပ်စီးများအား တိမ်တိုက်ငါးခုထဲတွင် စုဝေးနေစေသည်။
လျှပ်စီးတိမ်တိုက်တစ်ခုချင်းစီသည် မိုင်ထောင်ပေါင်းများစွာ အကျယ်အဝန်းရှိကြ၏။ ၎င်းတို့က တဖျစ်ဖျစ်မြည်လျက် လှည့်ပတ်နေကြပြီး လျှပ်စီးများလည်း ထူထဲသိပ်သည်းကြသည်။
မိုးကြိုးတိမ်တိုက်များမှ လျှပ်စီးများက အောက်သို့ ပစ်ခတ်လိုက်ကြသည်။ လျှပ်စီးတို့သည် အမှောင်ထုကို ထွန်းလင်းသွားစေပြီး တိမ်တိုက်များဆီမှ မြစ်တစ်စင်း ကျဆင်းလာသည်။ လိပ်နက်မျိုးနွယ် နတ်ဘုရားများသည် ရေနှင့် လျှပ်စီးကို အသုံးချကာ ကောင်းကင်ထက်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြချေပြီ။
လိပ်နက်မျိုးနွယ်သည် တည်ဆောက်ရာတွင် ထူးချွန်ကြသည့်အလျောက် ကောင်းကင်နန်းဆောင်ခန်းမများ တစ်ခုပြီးတစ်ခု မြေကြီးပေါ်၌ ဖွဲ့တည်လာကြတာ နေရာတစ်ခုလုံးအား ရေခဲများ၊ နှင်းများဖြင့် ပြည့်နှက်နေသော နန်းတော်တစ်ဆောင် ဖြစ်သွားစေသည်။ ၎င်း၏အဟန့်အထည်ကား ခမ်းနားနေချေသည်။
လိပ်နက်နတ်မင်းနှစ်ပါး၏ အသွင်သဏ္ဍာန်က ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး တစ်ပါးက လိပ်၊ တစ်ပါးက မြွေဖြစ်သည်။ သူတို့သည် မြေပြင်အား ချုပ်ကိုင်ထားကြ၏။
ကောင်းကင်ယင်သားတော်၏ မျက်ခုံးနှစ်ဖက်က ထိလုမတတ် တွန့်ချိုးသွားပြီး သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “လိပ်နက်နတ်မင်းနှစ်ပါးက ကမ္ဘာဦးဘုံအထိ ရောက်လာတာလား… ထူးဆန်းတယ်… သူတို့နှစ်ယောက်လုံးက မြေခွေးအိုကြီးတွေပဲ… ကြောက်လည်း ကြောက်တတ်သေးတယ်… ရေခဲကောင်းကင်မှာ ပုန်းနေတာကို ဘာလို့ အခုမှ ရဲတင်းလာကြတာလဲ… ကမ္ဘာဦးဘုံရဲ့ ရွှံ့ရေထဲအထိ ဆင်းလာရဲကြတယ်ပေါ့”
ကောင်းကင်ယင်သားတော်၏ အမြင်အာရုံသည် မဟာနေဧကရာဇ်ထက် များစွာစူးရှ၏။ မဟာနေဧကရာဇ်မှာ ဤနောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို မမြင်နိုင်သော်လည်း ကောင်းကင်ယင်သားတော်က ချက်ချင်း သဘောပေါက်သည်။
“အဲဒီ လိပ်နက်နတ်မင်းနှစ်ပါးက ရဲတင်းလာတာမဟုတ်ဘူး... တစ်ယောက်ယောက်က သူတို့ကို အားပေးအားမြှောက် လုပ်ပေးထားတာဖြစ်မယ်… နတ်မင်းလေးပါးကို အားပေးပြီး စိတ်ကူးယဉ်လာအောင် လုပ်နေတာ ကောင်းကင်နယ်စားမင်းလား၊ မြေအောက်ဘုံအရှင်သခင်များလား”
ကောင်းကင်ယင်သားတော် ထိုသို့တွေးနေစဉ် အရှေ့ဘက်ရှိ ကောင်းကင်တွင် ခရမ်းရောင်တိမ်တိုက်များ ရုတ်တရက် ဖုံးလွှမ်းလာသည်။ နတ်နဂါးများက ခရမ်းရောင်တိမ်တိုက်များကို ဖြတ်လျက် ပျံသန်းနေကြသည်။ တောင်တန်းတစ်စင်းသည် ကောင်းကင်ပေါ်မှ အရှေ့ပင်လယ်သို့ ဆင်းသက်ကာ မိုင်တစ်ထောင် အကျယ်အဝန်းရှိသည့် ကျွန်းတစ်ခုကို ဖွဲ့တည်လာစေ၏။
၎င်းအနောက်တွင် အရှေ့နတ်မင်း မိုးပြာရောင်နဂါး၏ အသွင်သဏ္ဍာန်အား မြင်ရပြီး သူက တောင်ပေါ်သို့ ဆင်းသက်ရင်း မျက်လုံးများ မှိတ်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်။
ကောင်းကင်ယင်သားတော်မှာ မျက်နှာအနည်းငယ် ပျက်သွားပြီး တောင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ထိုအချိန်မှသာ တောင်နတ်မင်းကျူချွဲ သေဆုံးသွားကြောင်း သတိရသွား၏။ သူမအနေဖြင့် ဆင်းသက်လာရန် မဖြစ်နိုင်တော့ပေ။
“နတ်မင်းသုံးပါး ဆင်းလာပေမယ့် ပြဿနာတော့ မရှာရဲလောက်ပါဘူး…” သူက စိတ်ထဲမှ တွေးနေသည်။
ထိုစဉ် ကောင်းကင်ထက်ရှိ တိမ်တိုက်များနှင့် လေပြင်းများ လှုပ်ခတ်သွားပြီး ကြယ်တာရာများ ပျောက်ကွယ်သွားသည်။ ကောင်းကင်ယင်သားတော် ခေါင်းမော့ကြည့်လိုက်ရာ အံ့အားသင့်သွားလေသည်။ ကမ္ဘာဦးဘုံကို ခြုံလွှမ်းထားသော ကောင်းကင်မှ အဆုံးမဲ့သော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာနေသည်ကို တွေ့လိုက်ရ၏။ အလင်းတန်းများက အဖြူရောင်မုတ်ဆိတ်တစ်ခုပမာ ရှည်လျားကြီးမားလာပြီး တောက်ပသထက် တောက်ပလာသည်။
တဖြည်းဖြည်းနှင့် အလင်းတန်းများသည် ကောင်းကင်နယ်စားမင်း၏ မျက်နှာကြီးကို ဖွဲ့တည်လိုက်ချေပြီ။
ပို၍များပြားသော အလင်းတန်းများ ထွက်လာပြီး မိုင်သောင်းပေါင်းများစွာ ကျယ်ဝန်းသော အဖြူရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသည်။ နန်းဆောင်များက တိမ်တိုက်များအပေါ်တွင် ဖွဲ့တည်လာကြ၏။ အဖြူရောင်မျက်ခုံး၊ အဖြူရောင်မုတ်ဆိတ်၊ အဖြူရောင်ဆံပင်နှင့် အဖြူရောင်မျက်လုံးတို့ဖြင့် ကောင်းကင်နယ်စားမင်းသည် တိမ်တိုက်ပင်လယ်ပေါ်သို့ သက်ဆင်းကာ နေရာယူလိုက်၏။
ကောင်းကင်သားတော်မှာ ကြောင်အသွားပြီး ကြောက်စိတ်တို့ ကြီးစိုးလာတော့သည်။ “ကောင်းကင်နယ်စားမင်းတောင် ငြိမ်မနေတော့ဘူးပဲ… အဲဒီ အိုကြီးအိုမတွေ သေကြောင်းကြံချင်ကြတာလား… ဒီတိုင်း သေရမှာ နှေးနေသလို ခံစားရတယ်နေမှာ… အဲ့လိုဆိုရင်တောင်မှ ဒီကမ္ဘာဦးဘုံ စစ်မြေပြင်ဖြစ်သွားရင် ခံစားရမယ့်သူတွေက ငါတို့တွေပဲ… အခြေအနေ မကောင်းတော့ဘူး… ထွက်ပြေးမှဖြစ်မယ်… အဲဒါက အသက်ရှင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲ”
သူက လက်မြှောက်၍ မင်တုကောင်းကင်မုခ်၀ကို ဖွင့်လိုက်သည်။ သူ ထွက်ပြေးတော့မည့် အချိန်၌ပင် အဆုံးမဲ့သော ယိုတုမိစ္ဆာချီများက အောက်ရှိ မြေပြင်မှ ပေါ်ထွက်လာကာ ကမ္ဘာဦးသစ်ပင် ရှိသည့် ကမ္ဘာဦးဘုံအလယ်ဗဟိုအား မည်းနက်သွားစေ၏။
ကောင်းကင်ယင်သားတော် မင်တုကောင်းကင်မုခ်၀ကို ဖွင့်လိုက်သည့်အခါတွင် ၎င်းက မြောက်ကောင်းကင်၏ မင်တုမဟုတ်ဘဲ ယိုတုအစစ် ဖြစ်လေသည်။
သူ့မှာ ယိုတု၏ မုခ်ဝအရှေ့တွင် ရပ်နေပြီး မြေအောက်ဘုံအရှင်သခင်ကို တွေ့နေရ၏။ အနှိုင်းမဲ့အောင် ခံ့ညားထည်ဝါ၍ ကြောက်မက်ဖွယ်ကောင်းသော ထိုပုဂ္ဂိုလ်သည် ယိုတု ရပ်နေသည်။ သူက ကမ္ဘာဦးဘုံသို့ ဆင်းသက်နိုင်အောင် သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခွဲနေသည်။
ကောင်းကင်ယင်သားတော် ခေါင်းငုံ့ကြည့်လိုက်သည်။ အောက်တွင်ကား အသေးစားယိုတုလေးတစ်ခု ဖွဲ့တည်လာခဲ့ပြီဖြစ်သည်။ မြေအောက်ဘုံအရှင်သခင်၏ ပုံရိပ်က အနက်ရောင်မိစ္ဆာချီတို့ကြားမှ တဖြည်းဖြည်းချင်း မြင့်တက်လာနေ၏။ ဦးချိုနှစ်ဖက်သည် မိစ္ဆာချီကို ဖောက်ထွက်၍ အဝါရောင်နွေဦးအငွေ့အသက်များ ကောင်းကင်ကို ထိုးဖောက်သွားသကဲ့သို့ မင်တု၏မုခ်ဝအား ထိုးဖောက်ကာ မားမားမတ်မတ် ရပ်တည်နေသည်။
အင်မတန် ကြီးမားသော ဦးချိုနှစ်ဖက်ထဲမှ ချော်ရည်များသည် မြစ်တစ်စင်းအလား တသွင်သွင် စီးကျလာရင်း ဦးချိုတို့ကို လှည့်ပတ်နေသည်အား ကောင်းကင်ယင်သားတော် တွေ့လိုက်ရသည်။ သူ့ရင်ထဲရှိ အကြောက်တရားမှာ အားကျမှုအဖြစ် ပြောင်းလဲသွားသော်လည်း သူက ချက်ချင်း စိတ်ထိန်းလိုက်သည်။
“မြေအောက်ဘုံအရှင်သခင်အိုကြီးလည်း ရောက်နေပြီ… သူတော့ သေချင်နေတာပဲ… ဒါမဲ့ ငါတို့ အရင်သေသွားရနိုင်တယ်””
ကောင်းကင်ယင်သားတော်သည် မင်တုကောင်းကင်မုခ်၀ကို ချက်ချင်း သိမ်းကာ အနီးဆုံး စွမ်းအင်အကူးပြောင်းတံတားဆီသို့ ပျံသန်းသွား၏။ ယခု မြေအောက်ဘုံအရှင်သခင်က မင်တုသို့ ပြန်နိုင်မည့်လမ်းအား ဖြတ်တောက်ခဲ့ရာ အကောင်းဆုံးရွေးချယ်မှုကား စွမ်းအင်အကူးအပြောင်းတံတားဆီမှ ကောင်းကင်နတ်ဘုံသို့ ပြန်ရန်ပင်။
သူ ကောင်းကင်နယ်စားမင်း၏ အရိပ်ဘေးမှ ဖြတ်သွားသည့်အခါ ရုတ်တရက် အမှောင်ပင်လယ်တစ်စင်းအား တွေ့လိုက်ရသည်။ ပင်လယ်ထဲမှ အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း ထွက်လာနေ၏။
“ကောင်းကင်ယင်နတ်ဘုရားမ”
ကောင်းကင်ယင်သားတော် ချက်ချင်း ပြန်လှည့်သွားတော့သည်။ ကောင်းကင်ယင်နတ်ဘုရားမသည် သူ့ကို အရိုးစွဲသည်အထိ မုန်းတီး၏။ ယခုတွင် ဤနတ်ဘုရားမက ကောင်းကင်နတ်သိုင်း ဖန်တီးနိုင်သွားပြီး မဟာတာအိုအချုပ်အနှောင်မှ လွတ်မြောက်သွားသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သွားလေရာ အင်မတန်မှ အစွမ်းထက်နေချေပြီ။ ကောင်းကင်ယင်သားတော် သူမကို တွေ့လိုစိတ်မရှိပေ။
“ကောင်းကင်ယင်နတ်ဘုရားမလည်း ရောက်လာတာပဲ… ဒီအခြေအနေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူ ရှိရမယ်”
ကောင်းကင်ယင်သားတော် အလျင်အမြန် ပျံသန်းနေသည်။ ထိုအခိုက်အတန့်တွင် မိုင်တစ်သောင်း မက်မွန်တောအုပ်၏ အပျက်အစီးများကို တွေ့လိုက်ရ၏။ အပျက်အစီးများကြားတွင် ချောမောလှပသည့် အမျိုးသမီးတစ်ဦးက မက်မွန်ပွင့်ချပ်တစ်ချပ်အား လက်ချောင်းနှစ်ချောင်းကြားတွင် ကိုင်ထားသည်။ သူမက ခါးကိုင်း၍ ပွင့်ချပ်အား မြေဆီလွှာထဲသို့ ထိုးထည့်လိုက်လေသည်။
အမျိုးသမီးဘေးတွင် လူငယ်တစ်ယောက်လည်း ရှိသည်။ သူသည် အရပ်ရှည်ပြီး အရှိန်အဝါ ခံ့ထည်၏။ သူက ခါးကိုင်းကာ မက်မွန်ပွင့်ချပ်အပေါ်သို့ လေမှုတ်ပေးလိုက်သည်။
ချက်ချင်းဆိုသလို မက်မွန်အဖူးများ မြေဆီလွှာထဲမှ အများအပြား ထွက်ပေါ်လာကြသည်။ အဖူးများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ မကြာမီ မိုင်တစ်သောင်းအပျက်အစီးများကို ဖုံးအုပ်သွားတော့သည်။
လူငယ်က ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သဖြင့် မက်မွန်သစ်ပင်များက အလွန်လျင်မြန်စွာ ကြီးထွားလာကြ၏။ မကြာမီ မက်မွန်သစ်ပင်များမှ မက်မွန်သီးများပင် ပွင့်လာကြချေပြီ။
အမျိုးသမီးက နောက်ထပ် မက်မွန်ပွင့်ချပ်တစ်ချပ်ကို မြေကြီးပေါ် လွှတ်ချလိုက်ရာ နန်းဆောင်တစ်ဆောင်အသွင် ပြောင်းလဲသွား၏။
လူငယ်နှင့် အမျိုးသမီးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ပြီး နန်းဆောင်ထဲ ဝင်သွားကြသည်။
“ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ယွဲ့”
ကောင်းကင်ယင်သားတော်မှာ ပင့်သက်ရှိုက်လိုက်မိ၏။ “ကောင်းကင်နတ်အရှင်ယွဲ့က ထွက်ပြေးသွားတာမလား… ဘာလို့ ပြန်ရောက်လာတာလဲ.. ပြီးတော့ ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ယွဲ့က ဘယ်တုန်းက ရင်းနှီးသွားတာလဲ”
သူ ထိုသို့တွေးနေစဉ် လူငယ်သည် နန်းဆောင်ထဲမှ ပြန်ထွက်လာ၏။ သူက လက်ထဲတွင် နတ်လေးတစ်လက်ကို ကိုင်ထားပြီး ဟိုဟိုသည်သည် ကြည့်နေသည်။ သူ၏အကြည့် ကောင်းကင်ယင်သားတော်အပေါ် ရောက်သွားသည့်အခါ ချက်ချင်းပင် လေးကြိုးကို ဆွဲလိုက်သည်။
ကောင်းကင်ယင်သားတော်မှာ ဝှီးခနဲ ထွက်ပြေးသွားသောကြောင့် အစအနပင် မတွေ့ရတော့သဖြင့် လူငယ်မှာ နတ်လေးကို ပြန်ချလိုက်ရသည်။
အမျိုးသမီးကလည်း ကောင်းကင်နန်းဆောင်ထဲမှ ထွက်လာကာ မေးလေသည်။ “ဘာလို့ လေးကြိုးကို ဆွဲထားတာလဲ ကောင်းကင်နတ်အရှင်မူ”
“ကျွန်တော် ကောင်းကင်ယင်သားတော်ကို မြင်လိုက်ရသလိုပဲ”
ချင်မူက နောင်တရနေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ကျွန်တော့်အမြင်အာရုံက အပြည့်အဝ ပြန်မကောင်းသေးလို့ ထွက်မပြေးခင် သေချာမမြင်လိုက်ရတာ နှမြောစရာပဲဗျာ… သူက ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားတာ”
“ကောင်းကင်ယင်သားတော်သာ အပြေးမမြန်ရင် အသတ်ခံရတာ ကြာပေါ့” ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလျက် ပြော၏။
ချင်မူက သဘောတူစွာ ခေါင်းညိတ်ရင်း မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ရုံက သူ့ရဲ့ကိုယ်ပွားကို မလွှတ်လိုက်သေးဘူးလား”
ကောင်းကင်နတ်အရှင်ယွဲ့က ဖြေ၏။ “သူ့ကို သွားမလောပါနဲ့.. သူက ရှက်တတ်တယ်လေ… အချိန်တစ်ခုရောက်ရင် တိတ်တဆိတ် ဆင်းသက်လာလိမ့်မယ်”
သူတို့နှစ်ယောက်က ကောင်းကင်နန်းဆောင်ဆီသို့ ပြန်ဝင်လိုက်ကြပြီး ချင်မူက ပြောသည်။ “ခိုင်ဧကရာဇ်နဲ့ နတ်ဘုရင်လန်ဝူရော ကိုယ်ပွားတွေ လွတ်လိုက်မှာလား မသိဘူး.. သူတို့ပဲ ကျန်တော့တာ..”
သူ ပြောနေစဉ် ဟင်းလင်းပြင်ထဲမှ ဓားရောင်တစ်ချက် ထွက်လာသည်။ ၎င်းဓားရောင်သည် ရွှင်ပျော်ပျော်ဓား ဖြစ်ပြီး မက်မွန်တောအုပ်နှင့် မနီးမဝေးတွင် ဓားချက် ၃၄ ချက်အား တရစပ် ထုတ်ဖော်လိုက်၏။