အပြိုင်အဆိုင်
Vol. 103 Ch. 1346
ချင်မူလည်း တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ကြည့်လိုက်သည့်အခါ ကမ္ဘာဦးဘုံ၌ ထွန်းလင်းတောက်ပနေသော ဓားရောင်များကို မြင်လိုက်ရသည်။ ခိုင်ဧကရာဇ်သည် အစစ်အမှန် ခန္ဓာကိုယ်ဖြင့် မဆင်းသက်လာသော်လည်း ရွှင်ပျော်ပျော်ဓား၏ ဓားရောင်အား ကမ္ဘာဦးဘုံသို့ လွှတ်လိုက်ချေပြီ။
ရွှင်ပျော်ပျော်ဓားက မက်မွန်တောအုပ်နှင့် မနီးမဝေး ကောင်းကင်ထက်တွင် ကောင်းကင်ဘုံ ၃၄ ခုကို ဖွဲ့တည်နေသည်။
ဓားရောင်များအကြား ဖြစ်တည်လာနေသော ကောင်းကင်ဘုံများမှာ နှိုင်းယှဉ်မရလောက်အောင် အံ့ဩငေးမောဖွယ်ကောင်းလှသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်သည် နှစ်ခြမ်းကွဲသွားပြီး ဖန်ဆင်းရှင် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြ၏။ သူတို့က ခိုင်ဧကရာဇ် ထားခဲ့သော ကောင်းကင်ဘုံ ၃၄ ဘုံ ဘေးသို့ ရောက်လာကြကာ မြင်ယောင်ဖန်ဆင်းနေကြသည်။
ကမ္ဘာဦးဘုံရှိ သက်ရှိမှန်သမျှ ဖန်ဆင်းရှင်များ မြင်ယောင်ဖန်ဆင်းနေကြသည်ကို မျက်ဝါးထင်ထင် မြင်နေကြရသည်။ မရေမတွက်နိုင်သော သတ္တဝါများမှာ ရွှင်ပျော်ပျော်ဓား၏ ဓားရာများမှတစ်ဆင့် ကောင်းကင်ဘုံ ၃၄ ဘုံ တဖြည်းဖြည်း အမှန်တကယ် ဖြစ်တည်လာသည်ကို စိုက်ကြည့်ရင်း ငေးမောနေကြတော့သည်။
တစ်ချိန်တည်းမှာပင် ကျယ်ပြောနက်နဲသည့် အသိစိတ်အလျဉ်သည် ဟင်းလင်းပြင်ထဲမှ ပျံသန်းလာကာ ကောင်းကင်ဘုံ ၃၄ ဘုံ ဖွဲ့တည်နေခြင်းကို အရှိန်မြှင့်တင်ပေးလိုက်သည်။
၎င်းက နတ်ဘုရင်လန်၀ူ၏ အသိစိတ်အလျဉ်ပင်။
‘သူတို့က လေဟာနယ်တံတားကနေ ဒီကိုရောက်လာကြတာပဲ’
ချင်မူမှာ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားပြီး ကောင်းကင်နတ်အရှင်ယွဲ့ဆီသို့ ကြည့်လိုက်မိသည်။ လေဟာနယ်တံတားသည် ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းမှုဟု ဆိုနိုင်၏။ တံတားအဆုံးရှိ အိမ်သုံးအိမ်မှာ ကောင်းကင်နတ်အရှင်ယွဲ့ တည်ဆောက်ထားခြင်းဖြစ်ကာ စကြဝဠာရှိ အန္တရာယ်များသော နယ်မြေများဖြင့် ဆက်သွယ်ထားလေသည်။
သူတို့နှစ်ယောက်သား တခဏကြာသည်အထိ ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။ ခိုင်ဧကရာဇ်နှင့် နတ်ဘုရင်လန်ဝူ၏ သိုင်းအခြေခံမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးအောက် နိမ့်ကျသော်လည်း ကောင်းကင်ဘုံများကို ဖွဲ့တည်နိုင်သည့် ကောင်းကင်နတ်သိုင်းများမှာတော့ ကောင်းကင်နတ်အရှင်ဆယ်ပါး မရောက်နိုင်သည့် အဆင့်တစ်ဆင့် ဖြစ်သည်။
၎င်းက အဟန့်အတားတစ်ခု ဖြစ်စေရန် လုံလောက်၏။
“ကမ္ဘာဦးဘုံကို အခုလို အင်အားအသီးသီးနဲ့ ခွဲထားလိုက်တော့ ကိစ္စကြီးတွေကို မျှော်လင့်ထားလို့ရပြီ” ချင်မူက ပြုံးလျက် ပြောသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ရင်ထဲတွင် ခံစားချက်တို့ လှိုင်းထန်နေသည်။ ယခုလိုခံစားချက်မျိုး မခံစားခဲ့ရဖူးသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
ကောင်းကင်နတ်အရှင်ဖြစ်သည့်အလျောက် သူမအနေဖြင့် အံ့ဩရှုမောဖွယ် ခေတ်နှစ်ခေတ်ကို တွေ့ကြုံခဲ့ဖူးချေပြီ။ ပထမခေတ်က သူတစ်လူ၊ ငါတစ်မင်း ကြီးစိုးခဲ့ကြသော နဂါးဟန်ခေတ် ဖြစ်၏။ ထိုခေတ်တွင် သူရဲကောင်းများစွာ ပေါ်ထွန်းခဲ့ပြီး မေ့မရနိုင်သော ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များ တည်ရှိကာ ဖြစ်ပွားခဲ့ကြသည်။
ထိုအချိန်တုန်းက သူမသည် ကောင်းကင်နတ်အရှင်ယွင်ကို ကူညီကာ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို လက်ဗလာဖြင့် တည်ဆောက်ခဲ့ကြ၏။ သူမတွင် ရည်မှန်းချက်များ ပြည့်နှက်နေခဲ့ပြီး တခြားအတွက်ပင် ခံစားချက်များ မရှိခဲ့ပေ။ အခြားသူများ လှောင်ပြောင်ရယ်မောတတ်ပြီး မဖြစ်နိုင်ဟု ထင်ကြေးပေးကြသော ပန်းတိုင်များ သူမရင်ထဲ၌ ကိန်းဝပ်နေခဲ့သည်။
ထိုပန်းတိုင်က လူသားများ ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်စေရန်ပင်။ ရိုးရှင်းသော ပန်းတိုင်တစ်ခုသာ ဖြစ်သော်ငြား ထိုပန်းတိုင်လေးအတွက် ကောင်းကင်နတ်အရှင်ယွင် တိုက်ပွဲတွင် ကျဆုံးခဲ့သည့်တိုင်အောင် နှစ်သောင်းပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည်။
ထို့နောက်တွင် သူမမှာ စိတ်ဓာတ်ကျသွားခဲ့သောကြောင့် တစ်ယောက်တည်း နေခဲ့သည်။
လွတ်လပ်ပြီး ခြယ်လှယ်မှုများ မရှိခဲ့သည့်အပြင် နှစ်ထောင်သောင်းပေါင်းများစွာ ကြာမြင့်ခဲ့သော ချိမင်ခေတ် ကုန်ဆုံးသော အချိန်တွင်ပင် သူမ ပေါ်မလာခဲ့ပေ။ ထိုအစား အတိတ်မှ အမှတ်တရများဖြင့်သာ တစ်ယောက်တည်း နေထိုင်ခဲ့သည်။
ချိမင်ခေတ် ဖျက်ဆီးခံခဲ့ရပြီးနောက် လူသားမျိုးနွယ်သည် ပြင်းထန်သော ထိုးနှက်ချက်ကြောင့် ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူမသည် ပြန်ထွက်လာခဲ့ရ၏။ လူများက ပုန်းကွယ်နေသည့် နဂါးကို အသုံးမချသင့်ဟု ဆိုကြသော်လည်း သူမကတော့ ချောက်နက်အမှောင်ထုထဲမှ ထွက်လာခဲ့သေးသည်။
၎င်းက အလားတူ ရိုးရှင်းသော ပန်းတိုင်တစ်ခုအတွက်ပင်။ လူသားမျိုးနွယ် အသက်ရှင်နိုင်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန်သာ။
လူသားမျိုးနွယ်ကို ကယ်တင်ရန် ပြန်လည်ပေါ်ထွက်လာသော ကောင်းကင်နတ်အရှင်လင်နှင့်လည်း တွေ့ခဲ့ရ၏။
ကောင်းကင်နတ်အရှင်လင်သည်လည်း ကောင်းကင်နတ်အရှင်ယွင် သေဆုံးပြီးကတည်းက တစ်ယောက်တည်း နေထိုင်ခဲ့သည်။ ဇာတ်မြှုပ်ပျောက်ကွယ်နေခဲ့သော်လည်း လူသားမျိုးနွယ် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ အမျိုးသမီးနှစ်ဦးသည် တူညီသောရွေးချယ်မှုကို ရွေးချယ်ခဲ့ကြ၏။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်ခဲ့ကြပြီး နောက်ထပ်ခေတ်တစ်ခေတ်၊ အလားတူ ခမ်းနားတင့်တယ်သည့် ခေတ်တစ်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။
ချုံဧကရာဇ်ခေတ်က ထိုအမျိုးသမီးနှစ်ဦး၏ လက်ထဲမှ ပေါ်ထွန်းလာခဲ့ပြီး နှစ်သုံးသိန်း ကြာမြင့်ခဲ့သည့် အံ့အားသင့်ဖွယ်ရာ လူနေမှုအဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့လေသည်။
သို့သော် ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ချုံဧကရာဇ်ခေတ်သည် သမိုင်းအဖြစ်သာ ကျန်ခဲ့ပြီး သူမမှာ ဒုက္ခိတဖြစ်သွားရသည့်အပြင် ကောင်းကင်နတ်အရှင်လင်လည်း သတ်ဖြတ်ခံခဲ့ရသည်။
ယခုတွင် သူမ၏မျက်စိရှေ့မှောက်၌ နောက်ထပ်ခေတ်တစ်ခေတ် ထွက်ပေါ်လာလေပြီ။ ဤခေတ်က သူမ၏သွေးများကို တဖန် ဆူပွက်လာစေသည်။
အမျိုးသမီးများသည် နူးညံ့သိမ်မွေ့သည့် အကျင့်စရိုက်သာ ရှိသည်ဟု မည်သူက ပြောခဲ့ပါသနည်း။
သူမ၏ သူရဲကောင်းစိတ်ဆန္ဒမှာ ပြင်းထန်လွန်းပြီး ကမ္ဘာလောကအပေါ် ဆောင်ကျဉ်းပေးခဲ့သည့် သူမ၏ကောင်းမှုတို့က မရေမတွက်နိုင်သော ယောက်ျားသားများကို အရှက်ကွဲကာ သေသွားစေနိုင်သည်။
ရုတ်တရက် ကောင်းကင်ထက်တွင် မီးတောက်များ တောက်လောင်လာသဖြင့် သူတို့နှစ်ယောက် ခေါင်းမော့ကြည့်လိုက်ကြသည်။ မီးတောက်များက တောင်ပင်လယ်အထက်ရှိ ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းထားပြီး အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက မီးတောက်များကြားမှ ဆင်းသက်လာသည်။ သူမသည် တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ အနီရောင်ဝတ်ရုံမှာ မီးငှက်တစ်ကောင်၏ တောင်ပံများအလား ကောင်းကင်ကို ထိတွေ့နေ၏။
“တောင်နတ်မင်းရဲ့ ရုပ်ခန္ဓာ”
ချင်မူ့ မျက်လုံးထောင့်စွန်းများမှာ တဆတ်ဆတ် လှုပ်သွားသည်။ ၎င်းက တောင်နတ်မင်းကျူချွဲ၏ ရုပ်ခန္ဓာဖြစ်ပြီး တောင်ပင်လယ်အထက် ကောင်းကင်သို့ ဆင်းသက်လာခဲ့ချေပြီ။
တောင်နတ်မင်းကျူချွဲမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။ ချင်မူ တောင်ဝင်ရိုးစွန်းတွင် ကောင်းကင်နတ်အရှင်ဟွေ့ကို မေးမြန်းခဲ့သည့်အခါ သူသည် သူမအား ဘိုးဘေးမြေထဲ၌ သတ်ဖြတ်၍ သူမ၏ တာအိုနှင့် ရုပ်ခန္ဓာကို ဖျက်စီးခဲ့သည်ဟု ဆိုခဲ့၏။
ယခုတွင် ကောင်းကင်နတ်အရှင်ဟွေ့ကား သူ့ကို ခြောက်လှန့်ရန်အတွက် တောင်နတ်မင်း၏ ရုပ်ခန္ဓာကို လွှတ်ပေးခဲ့ချေပြီ။ ၎င်းက ကောင်းကင်နတ်အရှင်ဆယ်ပါးကို ခြောက်လှန့်ရန် မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အခြားနတ်မင်းများကို တုန်လှုပ်စေရန်အတွက် ဖြစ်သည်။
‘ကောင်းကင်နတ်အရှင်ဟွေ့က တကယ်ပဲ သူ့ရဲ့မျိုးနွယ်ကိုသူ ရှေ့ဆုံးကနေ ပြန်ရင်ဆိုင်နေတာပဲ’ ချင်မူ့မျက်လုံးများမှာ မှေးမှိန်သွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် ကမ္ဘာဦးဘုံ၏ ခြောက်လှန့်ရန် တောင်နတ်မင်းကျူချွဲ၏ ရုပ်ခန္ဓာအား လွှတ်ပေးခဲ့သည်။ မကြာမီ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခြောက်လှန့်မှုကလည်း လိုက်ပါလာ၏။ ရှေးဟောင်းနတ်ဘုရားဘုရင် ခြောက်လှန့်သူကတော့ ကောင်းကင်နယ်စားမင်းပင်။
သူ ကောင်းကင်နယ်စားမင်းကို ကြောက်လန့်စေရန် အသုံးပြုသည့် လက်နက်က လက်နက်တစ်မျိုး၏ အသွင်သဏ္ဍာန်ဖြစ်သည်။ ဤလက်နက်သည် သူ၏ ကောင်းကင်တာအိုလက်နက် မဟုတ်ပေ။ ကောင်းကင်တာအိုလက်နက်မှာ ဖျက်စီးခံခဲ့ရသောကြောင့် ဤတစ်ကြိမ်တွင် လက်နက်မှာ အလွန်အင်မတန် ရှုပ်ထွေးသည့် ကောင်းကင်စက်လုံးတစ်လုံး ဖြစ်သည်။
ကောင်းကင်စက်လုံးထဲတွင် ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအိုတို့က ပြီးပြည့်စုံစွာ ရောနှောနေသည်။
တိမ်တိုက်ပေါ်တွင် နေရာယူထားသော ကောင်းကင်နယ်စားမင်းသည် ၎င်းကို မြင်သောအခါ ချီးကျူးလိုက်၏။ “သားမိုက်လေးက တော်သားပဲ… ဒီရတနာက ဘိုးဘေးနန်းတော်ထဲမှာပဲ ရှာတွေ့နိုင်တဲ့ နတ်သတ္တုကြောကနေ သွန်းလုပ်လို့ရတဲ့ လက်နက်မလား… ဘိုးဘေးနန်းတော်ရဲ့ သတ္ထုကြောကပဲ ကောင်းကင်တာအိုနဲ့ မိစ္ဆာတာအိုကို ပြည့်ပြည့်စုံစုံ ပေါင်းစည်းပေးနိုင်တာ”
ထို့နောက် ကောင်းကင်နတ်အရှင်ဆယ်ပါးဖြစ်သည့် နတ်အရှင်မယန်၊ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မချန်း၊ ကောင်းကင်နတ်အရှင်ရှု၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် အခြားကောင်းကင်နတ်အရှင်များ၏ ခြောက်လှန့်မှုများလည်း ဆင်းသက်လာကြသည်။ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် နတ်မင်းများမှာ ၎င်းပုံရိပ်များကို မြင်လျှင် မျက်နှာအနည်းငယ် ပျက်သွားကြ၏။
ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ပုံရိပ်များအားလုံးနီးပါးသည် ဘိုးဘေးနန်းတော်၏ ရွှေသတ္တုကြောမှ ပြုပြင်သန့်စင်ထားကြခြင်းဖြစ်သည်။
ဘိုးဘေးနန်းတော်၏ သတ္တုများထဲတွင် ထူးကဲသော စွမ်းအင်တစ်ခု ကိန်းဝပ်နေသည်။ ၎င်းတို့သည် မဟာတာအိုကို လက်နက်တစ်ခုအဖြစ် ပေါင်းစည်းပေးနိုင်၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး သွန်းလုပ်ထားသည့် ရတနာများ ဘိုးဘေးနန်းတော်၏ နတ်ရွှေအား တူးဖော်ပြီးမှသာ သွန်းလုပ်နိုင်လေသည်။
“ငါ ကွယ်ဝှက်ထားလို့ မရတော့ဘူး ထင်ပါတယ်”
ကောင်းကင်နယ်စားမင်း၏ ပုံရိပ်က သက်ပြင်းချကာ လက်ညှိုးထိုးလိုက်သည်။ ရွှမ်တု၏ ကောင်းကင်တာအို ၄၉ ခုမှာ အထွတ်အထိပ်ရတနာ ၄၉ ပါးအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့အားလုံးသည် ဘိုးဘေးနန်းတော်၏ နတ်ရွှေမှ သွန်းလုပ်ထားခြင်း ဖြစ်ကာ ရွှမ်တုထဲတွင် မြောလွင့်လျက် စွမ်းအားပြနေကြသည်။
ကမ္ဘာဦးဘုံရှိ မြေအောက်ဘုံအရှင်သခင်မှာ အတွေးနက်နေသည်။ သူက ခြေဆောင့်လိုက်သည့်အခါ မြေပြင်မှာ တုန်ခါသွားပြီး ယိုတုထွက်ပေါ်လာသည်။ ယိုတု၏ မဟာတာအို ၆၄ ခုက မိစ္ဆာချီ၏ အထွတ်အထိပ် ရတနာ ၆၄ ပါးအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့ကလည်း ကမ္ဘာဦးဘုံကို ကြောက်လန့်သွားစေသည်။
အခြားတစ်ဖက်တွင် အရှေ့နတ်မင်းမိုးပြာရောင်နဂါးက နတ်တောင်တန်းကို အသက်သွင်းလိုက်သည်။ အနောက်ကမ္ဘာမြေ၏ ရွှေရောင်ငွေရောင်နန်းဆောင်တို့အထက်တွင် ရွှေရောင်ဦးချိုကြီးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး သွေးကို ဆူပွက်သွားစေသည့် မြည်သံကြီးတစ်ခု ထုတ်လွတ်လိုက်၏။ ကြားရသူတိုင်းမှာ အသေအကြေတိုက်ခိုက်ရန် ဆန္ဒပြင်းပြလာတော့သည်။
နတ်မင်းရွှမ်းက ၎င်းကို မြင်လျှင် နတ်မင်းဝူဆီ ပြောသည်။ “ငါတို့ရဲ့ နောင်တော်တွေ၊ အစ်မတော်တွေမှာ နတ်လက်နက်တွေ ရှိကြတယ်ဟ… အဲဒါတွေက ငါတို့ဘိုးဘေးနန်းတော်ကနေ ထွက်လာတုန်းက ရခဲ့တဲ့ နတ်ရွှေတွေ၊ ရတနာတွေနဲ့ သန့်စင်ထားတာပဲ… ငါတို့ကတော့ ဆင်းရဲလွန်းတော့ ရှိရှိသမျှ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ ဖန်သားကောင်းကင်စေတီကို တည်ဆောက်ခဲ့ရတယ်…. နောက်ဆုံး အဲ့ဒါလည်း သူခိုးခိုးခံခဲ့ရတယ်”
နတ်မင်းဝူက ပြန်ပြောသည်။ “စကားမပြောနဲ့… အရှက်မကွဲအောင် ဟန်လုပ်ထား…”
နတ်မင်းရွှမ်းမှာ စကားထပ်မပြောတော့ပေ။ တခဏကြာသော် သူ့မှာ မနေနိုင်သဖြင့် ပြောလိုက်မိပြန်၏။ “ကောင်းကင်ယင်နတ်ဘုရားမနဲ့ ကောင်းကင်နတ်အရှင်ယွဲ့မှာ တစ်လောကလုံးကို ကာကွယ်နိုင်တဲ့ ရတနာတွေ မရှိဘူး…ငါတို့ အရှက်မကွဲလောက်ပါဘူး”
သူ့စကား မဆုံးခင်မှာပင် ကောင်းကင်ယင်နတ်ဘုရားမသည် ရတနာတစ်ပါး ထုတ်လိုက်၏။ ၎င်းက သက်ရှိသတ္တဝါကတော့တစ်ခု ဖြစ်သည်။ ၎င်းကိုလည်း ဘိုးဘေးနန်းတော်မှ နတ်ရွှေဖြင့် သွန်းလုပ်ထားလေသည်။
နတ်မင်းရွှမ်းမှာ တခဏတုံ့ဆိုင်းသွားပြီး ပြောသည်။ “ကောင်းကင်နတ်အရှင်ယွဲ့မှာ ဘာရတနာမှ မရှိဘူး…”
မက်မွန်တောအုပ်ထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကြိုးအား တီးခတ်လိုက်၏။ ချက်ချင်းဆိုသလို မမြင်ရသော ဓားများက မက်မွန်တောအုပ်၏ ကောင်းကင်ထက်တွင် ပါလာသယောင် ထင်ရသည်။ ၎င်းတို့ကား ဖြည်းဖြည်းချင်း လှည့်ပတ်နေသော နေရာဟင်းလင်းပြင် အပိုင်းအစများဖြစ်လေသည်။
နတ်မင်းရွှမ်းက တခဏတွေးပြီးနောက် နတ်မင်းဝူဆီ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ငါတို့ထက်ပို ဆင်းရဲတယ်… ငယ်သေးတဲ့အပြင် စုဆောင်းထားတာလည်း မရှိလောက်ပါဘူး ဟုတ်တယ်မလား…”
နတ်မင်းဝူမှာ သူ့ကို တခြားသူများရှေ့တွင် ထုရိုက်ပစ်ချင်စိတ်အား ထိန်းချုပ်ထားရပြီး အေးစက်စွာ မာန်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း”
သူမ ထိုသို့ပြောနေစဉ် မင်းသားယိုမင်းက ကောင်းကင်နတ်သိုင်းဖြင့် ကောင်းကင်နတ်မြစ်တစ်စင်း ဖွဲ့တည်လိုက်ကာ ၎င်းကို စီးလျက် သူတို့ဆီ ရောက်လာသည်။ သူက ဦးညွှတ်အရိုအသေပေး၍ ပြော၏။ “ခမည်းတော်… မယ်တော်… ဧကရာဇ်ယန်ရှို့က ကျွန်တော့်ကို ဘိုးဘေးနန်းတော်ဆီက နတ်ရွှေတချို့ ဆက်သခိုင်းလိုက်ပါတယ်… ကောင်းကင်နတ်အရှင်မူက ဘိုးဘေးနန်းတော်ထဲကနေ နတ်ရွှေတွေ အများကြီး ရထားလို့ ပိုလျှံနေလို့ပါတဲ့… ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ရတနာတချို့ သွန်းလုပ်လိုက်ပါ”