← Chapters

တစ်ယောက်နှင့်တစ်ယောက် ဖျက်စီးနိုင်မည့် အင်အား

Vol. 103 Ch. 1347

တစ်ယောက်နှင့်တစ်ယောက် ဖျက်စီးနိုင်မည့် အင်အား

Vol. 103 Ch. 1347

နတ်မင်းရွှမ်းသည် သားတော်ကို မြင်လျှင် ပျော်ရွှင်သွားသော်လည်း ဣန္ဒြေထိန်းလိုက်ကာ မင်းသားယိုမင်း ယူလာသော ဘိုးဘေးနန်းတော်မှ နတ်ရွှေတို့အား ယူလိုက်၏။ “ကောင်းကင်နတ်အရှင်မူက အမျှော်အမြင် ရှိပါပေတယ်…မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နေရတာ အဆင်ပြေရဲ့လား” နတ်မင်းရွှမ်းက မေးသည်။

မင်းသားယိုမင်းက ဦးညွှတ်အရိုအသေပေးသည်။ “ကျွန်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အတော်လေး အဆင်ပြေတဲ့အပြင် မိတ်ဆွေအသစ်တွေလည်း အများကြီးရထားပါတယ်… သူတို့က ကျွန်တော့်ကို စိတ်ရင်းနဲ့ ဆက်ဆံပေးကြပြီး အခွင့်အကောင်းယူဖို့ မကြိုးစားကြပါဘူး… ဒါပေမဲ့ ဧကရာဇ်ယန်ရှို့က ကျွန်တော့်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်နောက်ကျနေပြီ ထင်တဲ့အတွက် တာအိုဒဿနတက္ကသိုလ်မှာ ပညာသင်ခိုင်းထားပါတယ်… အဲဒီမှာ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ဖလှယ်ရပါတယ်… သူတို့က ကျွန်တော့်ကို စိတ်ရင်းနဲ့ ကြိုဆိုကြပြီးတော့ ကျွန်တော် ပညာလာသင်တဲ့အတွက် ဝမ်းသာပေးကြပါတယ်”

နတ်မင်းရွှမ်းမှာ စိတ်အေးသွားပြီး ပြုံးလိုက်သည်။ “မင်း အဆင်ပြေသရွေ့ ငါ စိတ်အေးပါတယ်..”

“ငါတို့လင်မယားက မင်းနဲ့ အဆက်အသွယ် ဖြတ်ထားမယ့် မင်းက လူငယ်တစ်ယောက်ဆိုတော့ အကြံဉာဏ်တော့ ပေးရလိမ့်မယ်…. ဘာပဲလုပ်လုပ် သတိရှိပါ… အခြားသူတွေ မင်းကို စိတ်ရင်းနဲ့ ဆက်ဆံပေးရင် မင်းကလည်း ပြန်ပြီး စိတ်ရင်းနဲ့ ဆက်ဆံပေးရမယ်..” နတ်မင်းရွှမ်းက တည်ကြည်လေးနက်စွာ ဆုံးမနေသည်။

မင်းသားယိုမင်းမှာ မျက်ရည်များဝဲလာကာ ဒူးထောက် အရိုအသေပေးလိုက်၏။

နတ်မင်းရွှမ်းက စိုးရိမ်စွာဖြင့် လက်ရမ်းလိုက်သည်။ “မြန်မြန်သွားတော့”

မင်းသားယိုမင်းသည် မျက်ရည်များစီးကျလျက် ထရပ်ကာ နှုတ်ဆက်၏။

နတ်မင်းရွှမ်းက သူ ထွက်သွားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ “ငါ့ရဲ့ ခပ်တုံးတုံးသားလေးတော့ ပညာတွေ သင်ယူနေပြီပဲ.. အရင်ကထက် တည်ငြိမ်လာတာလည်း တွေ့ရတယ်… နမော်နမဲ့ မဟုတ်တော့သလို လိမ္မာပါးနပ်လာပြီ”

“သူ့ရဲ့သိုင်းအခြေခံက အရင်ကထက် မြင့်တက်လာပြီ… ကြည့်ရတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူ့ကို တိုးတက်လာစေတဲ့ပုံပဲ”

လင်မယားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြ၏။ “ငါတို့ရဲ့သားက ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ ပါရမီပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… ဒါပေမဲ့ သူ့မှာ ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ ဉာဏ်ပညာတော့ မရှိဘူး… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ သူ့ကို ပံ့ပိုးပေးရင်တော့ သူ ရှင်သန်နိုင်မှာပါ”

သူတို့နှစ်ယောက်သား ဧကရာဇ်ယန်ရှို့ ပို့လိုက်သော ရတနာများကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ရတနာပမာဏ ရတနာတစ်ခု သွန်းလုပ်ရုံသာမက မြောက်ဝင်ရိုးစွန်း၏ ကံကြမ္မာကို ခြယ်လှယ်နိုင်ရန် လုံလောက်၏။

“ကောင်းကင်နတ်အရှင်မူတော့ ဘိုးဘေးနန်းတော်ထဲမှာ ပွပေါက်တိုးခဲ့တာ ဖြစ်မယ်”

နတ်မင်းရွှမ်းက ရေရွတ်လိုက်သည်။ “သူက ငါတို့ရဲ့ ဖန်သားကောင်းကင်စေတီ သုံးပြီးဘိုးဘေးနန်းတော်ကို ဖိနှိပ်ခဲ့တာလို့ ကြားထားတယ်… အဲဒီကောင်လေးက ငါတို့နဲ့ ပြန်သင့်မြတ်ချင်လို့ ဒီရတနာတွေနဲ့ လာဘ်ထိုးတာပဲ ဖြစ်ရမယ်”

နတ်မင်းရွှမ်းက ဆက်ပြော၏။ “အရင်တုန်းက သူက ယိုမင်းနဲ့ မဟူရာလိပ်ကောင်းကင်နန်းဆောင်ကို ကယ်ပေးခဲ့တာဆိုတော့ သူ ငှားသွားတာလည်း အကျိုးမယုတ်ပါဘူး”

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်၏ အတားအဆီးကလည်း ဆင်းသက်လာချေပြီ။

ကောင်းကင်နတ်အရှင်ဟောင်၏ အတားအဆီးသည် ဂြိုဟ်တစ်လုံးပမာ ကြီးမားလှ‌သော ဦးခေါင်းတစ်လုံး ဖြစ်၏။ ၎င်းက မဟာဧကရာဇ်၏ ဦးခေါင်းပင်။

၎င်းဦးခေါင်းသည် မဟာဧကရာဇ်၏ ရုပ်ခန္ဓာမှ ကျန်ရှိသော အပိုင်းသုံးပိုင်းမှ တစ်ပိုင်း ဖြစ်လေသည်။

မဟာဧကရာဇ်မှာ ထွက်ပြေးခဲ့ရသည့် အချိန်ကတည်းက အခြေအနေမဟန်ခဲ့ပေ။ ကောင်းကင်နတ်အရှင်ဟောင်နှင့် တိုက်ပွဲတွင် လက်တစ်ဖက် ဆုံးရှုံးခဲ့သည့်အပြင် ဦးခေါင်းတစ်လုံး ဝါးမြိုခံခဲ့ရသည်။ ချင်မူ့ထံမှ မူလကျောက်တုံးအား ရရှိခဲ့ပြီးနောက် မဟာဧကရာဇ်အနေဖြင့် ရုပ်ခန္ဓာကို ပြန်လည်တည်ဆောက်နိုင်ခဲ့သော်လည်း လက်အသစ်နှင့် ခေါင်းအသစ်မှာ ယခင်ကလောက် မကောင်းမွန်တော့ပေ။

ထို့နောက်တွင် မဟာဧကရာဇ်သည် ဘိုးဘေးနန်းတော်ထဲတွင် ကောင်းကင်နတ်အရှင်လေးပါး၏ ဝိုင်းအုံတိုက်ခိုက်ခြင်း ခံခဲ့ရ၏။ သူ့ကို ကောင်းကင်နတ်အရှင်လေးပါးက အပိုင်းပိုင်း ခုတ်ထစ်ခဲ့ကြပြီး သူ၏ရုပ်ခန္ဓာမှာ ဘိုးဘေးနန်းတော်ထဲ၌ ကိန်းဝပ်နေသော စကြဝဠာအဟောင်း ယဇ်ပလ္လင်ထက်၌ ယဇ်ပူဇော်ခံခဲ့ရကာ ယခင်စကြဝဠာမှ ပုဂ္ဂိုလ်များအတွက် အာဟာရ ဖြစ်ခဲ့ရသည်။

သူ၏လက်တစ်ဖက်သာ အမိကမ္ဘာမြေလက်ထဲ ရောက်ရှိခဲ့ပြီး ထိန်းသိမ်းခံထားရသည်။

ချင်မူ့လက်ထဲသို့ ရောက်ခဲ့သည့် ဦးခေါင်းမှာ ကောင်းကင်နတ်အရှင်ဟောင်၏ မူလကျောက်တုံးမှ ဖန်ဆင်းထားခြင်း ဖြစ်သဖြင့် မူလဦးခေါင်းဖြင့် မနှိုင်းယှဉ်နိုင်ပေ။

ဤမူလဦးခေါင်းနှင့် မဟာဧကရာဇ်၏ တခြားလက်တစ်ဖက်သည် ကောင်းကင်နတ်အရှင်ဟောင်၏ လက်ထဲသို့ ရောက်ခဲ့၏။

ယခုတွင် ကောင်းကင်နတ်အရှင်ဟောင်ကား မဟာဧကရာဇ်ဦးခေါင်းကို ရတနာအဖြစ် သန့်စင်ထားပြီး ကမ္ဘာဦးဘုံကို ခြောက်လှန့်ရန် အသုံးပြုနေချေပြီ။ ကောင်းကင်နတ်အရှင်များ၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနှင့် နတ်မင်းသုံးပါးတို့ ခံစားနေရသည့် ဖိအားကို မှန်းဆကြည့်နိုင်၏။

မဟာဧကရာဇ်ဆိုသည်မှာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူနှင့် ယှဉ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက် မဟုတ်လော။ သူ၏ဦးခေါင်းမှာ ကောင်းကင်နတ်အရှင်ဟောင်ကြောင့် ပြတ်သွားခဲ့ခြင်းဆိုလျှင် ကောင်းကင်နတ်အရှင်ဟောင်ကား မည်မျှအထိ အစွမ်းထက်နေပါသနည်း။

မဟာဧကရာဇ်၏ ဦးခေါင်း ပေါ်လာသည်နှင့် စကြဝဠာထဲရှိ ရတနာအားလုံး အရောင်မှိန်ကုန်ကြသည်။

မဟာဧကရာဇ်၏ ဦးခေါင်းက မျက်လုံးများပွင့်လာသည်။ သူ၏မျက်လုံးနှစ်ဖက်သည် နေရောင်ထက် အဆထောင်သောင်းပေါင်းများစွာ တောက်ပ၏။ သူ၏မျက်လုံးများက တဝီဝီမြည်လျက် ကမ္ဘာဦးဘုံ၏ ကောင်းကင်နှင့်မြေကြီးကို အကဲခတ်ကြည့်ရှုနေသဖြင့် ကမ္ဘာဦးဘုံ၏ အရပ်လေးမျက်နှာအား

တောက်ပနေစေတော့သည်။

ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင်၊ ကောင်းကင်နတ်ရှင်ဟောင်ကား ယခင်ကလောက် အစွမ်းမထက်တော့သော်လည်း သူ၏အရှိန်အဝါနှင့် စွမ်းအားတို့မှာ နှိုင်းယှဉ်၍မရနိုင်ပေ။ တခြားကောင်းကင်နတ်အရှင်များမှာ နိမ့်ကျနေသေးသည်။

ရုတ်တရက် မဟာဧကရာဇ်အကြည့်က အမှောင်ထုတစ်နေရာပေါ်သို့ ရောက်ရှိသွား၏။

ထိုနေရာတွင် ကံမီးသည် တမြေ့မြေ့ တောက်လောင်နေလျက် မိုင်တစ်သောင်းကျယ်ဝန်းသော မြေထုကို ကန္တာရဖြစ်လာစေသည်။ လူတစ်ယောက်၏ မူလဝိညာဥ်က မီးတောက်များအကြားမှ ပေါ်လာသည်။ သံကြိုးများက ထိုလူ၏ ခြေလက်များအား တုပ်နှောင်ထားပြီး ကံမီးတောက်များဖြင့် ငရဲခံနေရစေသည်။ ထိုသူက ဒေါသအမျက်များဖြင့် ဟိန်းဟောက်လိုက်၏။

၎င်းမူလဝိညာဉ်ကား ကောင်းကင်နတ်ဘုံ၏ အိမ်ရှေ့စံအဟောင်း မင်းသားရှဲ့ဝူကျိပင်။

မင်းသားရှဲ့ဝူကျိသည် နဂါးဟန်ခေတ်၏ အသန်မာဆုံး ပုဂ္ဂိုလ်များထဲ၌ ပါဝင်ခဲ့၏။ သူ့တွင် ကောင်းကင်နတ်ဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရီတို့၏ သွေး စီးဆင်းနေသည်။ ကောင်းကင်နတ်အရှင်တစ်ဦး၏ ပါရမီရှိသော်လည်း ဉာဏ်ပညာကတော့ နိမ့်ကျခဲ့သည်။ ရှဲ့ဝူကျိသည် ပလ္လင်အတွက် ကောင်းကင်နတ်ဧကရာဇ်နှင့် တိုက်ခိုက်ခဲ့ပြီး ယိုတုသို့ နှင်ထုတ်ခဲ့ရကာ ကျောက်စိမ်းအကျဉ်းထောင်၌ ချုပ်နှောင်ခံခဲ့ရသည်။

ရှဲ့ဝူကျိဘေးတွင် နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည်၊ ထိုသူကား ၎င်းက ကောင်းကင်နတ်ဘုံ အရှေ့နန်းဆောင်၏ လက်ရှိအိမ်ရှေ့စံမင်းသား မင်ရ ပင်။

ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် ရှဲ့ဝူကျိကို ဂရုပင်မစိုက်ပေ။ သူသည် ရှဲ့ဝူကျိကို ပုန်ကန်အောင် မြှောက်ပေးခဲ့ခြင်းဖြင့် မင်းသားနေရာမှ ပထုတ်ခဲ့၏။ ရှဲ့ဝူကျိ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သဖြင့် စိုးရိမ်နေစရာမလိုပေ။

သူ အာရုံစိုက်သည်မှာ အိမ်ရှေ့စံမင်းသား မင်ရ ပင်။

အိမ်ရှေ့စံမင်းသားမင်ရသည် ကောင်းကင်နတ်အရှင်တစ်ဦး၏ ပါရမီရှိသော လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက ချီရှားယွီကို ဖမ်းဆီးခဲ့ပြီး ကောင်းကင်နတ်ဘုံတွင် အညံ့ခံစေခဲ့နိုင်သူလည်း ဖြစ်သည်။

သူ၏ပါရမီက ထူးချွန်လှသည်။ သူသည် ကောင်းကင်နတ်ဘုံ၏ မျိုးဆက်သစ်များတွင် အထူးချွန်ဆုံးပုဂ္ဂိုလ် ဖြစ်၏။ ကောင်းကင်နတ်အရှင်ဟောင်၏ ညီလည်း ဖြစ်သည်။

သို့သော် အမှန်တကယ်တွင် အိမ်ရှေ့မင်းသားမင်ရကား ကောင်းကင်နတ်အရှင်ဟောင်၏ သား ဖြစ်ချေသည်။

သူ့သားပင်…

ကောင်းကင်နတ်ဧကရာဇ် သေဆုံးသွားပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ရင်း မိဖုရားနန်းဆောင်ထဲသို့ ၀င်ရောက်ခဲ့၏။ ထို့နောက် မသင့်တော်သည့် အပြုအမူများကို ကျူးလွန်ခဲ့သည်။

မင်းသားမင်ရက အရှက်ရဖွယ်အဖြစ်အပျက်တစ်ခုမှ ရလဒ်ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင်မှာ သူ၏ဘဝတွင် အမဲစက်ကြီး မကျန်ရစ်ခဲ့ရအောင် ဖယ်ရှားပစ်ချင်ခဲ့‌သော်လည်း သည်းခံခဲ့သည်။

သူသည် အိမ်ရှေစံမင်းသားမင်ရကို အတော်လေး သဘောကျ၏။ နာမည်အရ ညီအစ်ကိုများဖြစ်သော်လည်း အမှန်တွင် သားအဖ ဖြစ်သည့်အတွက် သူ့ကို ကောင်းစွာဂရုစိုက်၍ မျှော်လင့်ချက်များ ထားသည်။

သို့သော် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံ ခိုးယူခံရပြီးနောက် အိမ်ရှေ့စံမင်းသားမင်ရ ပျောက်ကွယ်သွားခဲ့၏။ ယိုတုသို့ သွားရောက်၍ ရှဲ့ဝူကျိနှင့် တွေ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထိုစဉ် ကောင်းကင်နတ်အရှင်ရုံ၏ စက္ကူလှေက ခပ်ရေးရေး ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ရုံသည် တစ္ဆေလှေပေါ်တွင် ရပ်နေပြီး တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့ချေပြီ။

ကောင်းကင်နတ်ရှင်ရုံကား ကောင်းကင်နတ်အရှင်ဟောင်ကို ခြောက်လှန့်ရန် သူတို့ကို ယိုတုမှ ခေါ်လာခြင်း ဖြစ်သည်။

ကောင်းကင်နတ်အရှင်ဟောင်က မဟာဧကရာဇ်၏ ဦးခေါင်းကို ထိန်းချုပ်၍ အကြည့်လွှဲလိုက်သည်။ ကောင်းကင်နတ်အရှင်ရုံ၏ အတားအဆီးက ရက်စက်လွန်းသဖြင့် သူ၏ဒဏ်ရာကို ဆားသိပ်ပေးနေသကဲ့သို့ ခံစားရသည်။

“ရုံ၊ မင်း ဒီနေ့ကိစ္စကို တစ်ချိန်ကျ နောင်တရစေရမယ်”

မက်မွန်တောအုပ်ထဲတွင် ချင်မူမှာ စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။ အခြေအနေမှာ တည်ငြိမ်နေသေးပြီး အင်အားပြမည့် သူ့အကြံအစည်မှာ မဟာမိတ်များ၏ ထောက်ပံ့ပေးမှုကြောင့် အကောင်အထည် ပေါ်လာခဲ့သည်။

မှန်ပါသည်။ ကောင်းကင်နတ်အရှင်ရုံ အနောက်နတ်မင်း၊ အရှေ့နတ်မင်းနှင့် တခြားသူများကို အသိပေးခဲ့ခြင်းအား ကျေးဇူးတင်ရမည်။ တစ်လောကလုံးကို ဖရိုဖရဲ ဖြစ်စေချင်သော ကဝေမလေး အနောက်နတ်မင်းကျားဖြူကိုပါ ကျေးဇူးတင်ရပေမည်။ သူမက ကမ္ဘာဦးဘုံသို့ ချက်ချင်း ရောက်လာခဲ့သည့် ပထမဦးဆုံးပုဂ္ဂိုလ်ပင်။

အနောက်နတ်မင်းကျားဖြူကြောင့်မဟုတ်လျှင် အရှေ့နတ်မင်းမိုးပြာရောင်နဂါးနှင့် မြောက်နတ်မင်းလိပ်နက်တို့သည် ဆင်းသက်လာကြမည်မဟုတ်ပေ။

ပို၍အရေးကြီးသည်က ကောင်းကင်နယ်စားမင်းကား မြေ‌ခွေးအိုကြီးဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားသုံးပါး ရောက်လာသည့်အခါ ကောင်းကင်နယ်စားမင်းအနေဖြင့် ဆင်းသက်လာရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

“လောလောဆယ်တော့ အခြေအနေက ဟန်ချက်ညီသွားပြီ … တစ်ယောက်နဲ့တစ်ယောက် ဖျက်ဆီးနိုင်တဲ့ အင်အားရှိတယ်လို့ ပြသထားသရွေ့ ကောင်းကင်နတ်ဘုံဘက်က ကမ္ဘာဦးဘုံကို တစ်ခဏတော့ ထိလိမ့်မှာမဟုတ်ဘူး… မဟာလေဟာနယ်လည်း လောလောဆယ် ဘေးကင်းနေလိမ့်မယ်…. ကောင်းကင်နတ်အရှင်ရှောင် ဖရိုဖရဲ နေရာဟင်းလင်းပြင်ထဲမှာ တစ်ရက်ပိတ်မိနေရင် သူ မလွတ်လာခင် တစ်ရက်အထိ ဟန်ချက်ကို ထိန်းထားနိုင်လိမ့်မယ်”

ချင်မူ့မျက်လုံးများက တဖျတ်ဖျတ် တောက်ပလာသည်။ သူ၏နောက်ထပ်ပန်းတိုင်က ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်ရန်ပင်။

ကောင်းကင်နတ်အရှင်ရှောင် ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲမှ လွတ်မြောက်မလာခင် ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်ရပေမည်။

သူသာ ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်နိုင်ပါက ကောင်းကင်နတ်အရှင်ရှောင် ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲမှ လွတ်မြောက်လာလျှင်ပင် အခြေအနေအပေါ် သက်ရောက်မှုကြီးကြီးမားမား ရှိစေမည်မဟုတ်ပေ။

ထို့မတိုင်ခင် ကောင်းကင်နတ်အရှင်‌လင်ကို ကယ်တင်နိုင်ရန်အတွက် သူ၏အစွမ်းများအား မြှင့်တင်ရပေမည်။ သူ့တွင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားသော မဟာဧကရာဇ်နှင့် တိုက်ခိုက်နိုင်သော ခွန်အား ရှိထားရမည်ဖြစ်သည်။

“မမကြီးယွဲ့၊ ကျွန်တော့်ကို နေရာဟင်းလင်းပြင်လမ်းစဉ် သင်ပေးလို့ရမလား” ချင်မူက နန်းဆောင်ထဲရှိ ကောင်းကင်နတ်အရှင်ယွဲ့ကို ပြုံးလျက် မေးလိုက်လေသည်။

All Chapters