နေရာဟင်းလင်းပြင်လမ်းစဉ်
Vol. 103 Ch. 1348
ကောင်းကင်နန်းဆောင်ထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ချင်မူသည် ကျင့်စဉ်အတွေ့အကြုံများ မျှဝေနေကြ၏။ ချင်မူက မည်သည်ကိုမှ ကွယ်ဝှက်မထားဘဲ မဟာတာအိုအပေါ် နားလည်ထားသည့် အသိအမြင်မျိုးစုံကို သူမဆီ လွှဲပြောင်းပေးနေသည်။
အခြေခံသင်္ချာမှ အဏုမြူသင်္ချာအထိ၊ ရှေးဟောင်းနတ်ဘုရားများ၏ မဟာတာအိုသင်္ကေတများမှ ဖန်ဆင်းခြင်းလမ်းစဉ်အထိ၊ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာမှ ဘိုးဘေးနန်းတော်၏ ရှေးဟောင်းနတ်ဘုရားငါးပါးအထိ အားလုံး လွှဲပြောင်းပေးနေသည်။
ထိုမျှသာမက ဤကမ္ဘာလောက၏ တည်ဆောက်ပုံအနေအထား၊ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ နယ်ပယ်အပေါ် နားလည်မှုများနှင့် တာအိုအဆင့်ကျင့်စဉ်စနစ်အပေါ် နားလည်သိမြင်မှုများလည်း ပါဝင်၏။ ချင်မူက မည်သည်ကိုမှ ချန်မထားပေ။
ချုံဧကရာဇ်ခေတ်သည် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပြီးပြည့်စုံစေခဲ့သော ခေတ်တစ်ခေတ်ဟု ဆိုနိုင်၏။ ထိုခေတ်၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ယွဲ့တွင် သူမတူသော နားလည်သိမြင်နိုင်စွမ်းကို အလိုအလျောက် ပိုင်ဆိုင်ထားချေသည်။
နှစ်ယောက်သား အချိန်ကို နှမြောသည့်အတွက် ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့သည် အိပ်မက်ထဲသို့ အတူတကွ ဝင်ရောက်ကာ အိပ်မက်ထဲ၌ အချိန်ဆွဲဆန့်ထားကြသည်။ အိပ်မက်များမှတစ်ဆင့် ပြောဆိုဆက်သွယ်နေကြပြီး နှစ်ယောက်လုံး များစွာအကျိုးအမြတ်ရှိလာကြောင်း ခံစားနေကြရသည်။
သူတို့ပင် မသိလိုက်ဘဲ လပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီးလေပြီ။ ကမ္ဘာဦးဘုံသည် တည်ငြိမ်အေးချမ်းနေပြီး အသေးအမွှားအနှောင့်အယှက် အနည်းငယ်သာ ရှိခဲ့၏။
ကမ္ဘာဦးဘုံထဲရှိ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတို့တွင် မျိုးနွယ်စုများစွာရှိသဖြင့် အင်အားစုများ ရောယှက်နေကြသည်။ ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ယုံကြည်ရသော ပုဂ္ဂိုလ်များ စေလွှတ်၍ သူတို့၏ ကိုယ်ပိုင်ပိုင်နက်များကို တည်ထောင်ခဲ့ကြ၏။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ကတောက်ကဆ အနည်းငယ် ဖြစ်ခဲ့ကြသည်။
ကောင်းကင်ဘုံများမှ မျိုးနွယ်စုများကလည်း ပြိုကွဲနေသော အခြေအနေအား အခွင့်ကောင်းယူကာ အမျိုးမျိုးသော ကောင်းကင်နတ်အရှင်များနှင့် အင်အားစုများကို ထောက်ခံကြသည်။ ကောင်းကင်ဘုံများအကြား တိုက်ပွဲများ တဖြည်းဖြည်း များပြားလာပြီး အရွယ်အစားမှာလည်း ကြီးမားလာကြသည်။
ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့သည် မက်မွန်တောအုပ်ထဲတွင် ပုန်းနေကြပြီး အပြင်လောကကို မသိချင်ယောင်၊ မကြားချင်ယောင် ဆောင်ထားကြ၏။
ကောင်းကင်နတ်အရှင်ယွဲ့ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်မှာ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ဖြစ်လေသည်။ သူမသည် ချုံဧကရာဇ်နှင့် နဂါးဟန်ခေတ်မှ ဧကရာဇ်ပလ္လင်ကျင့်စဉ်များ သင်ယူခဲ့ရသည့်အလျောက် ကောင်းကင်နတ်ဘုံအဆင့်အထိ ရောက်အောင် လျှောက်လှမ်းနေခဲ့သည်။
ချုံဧကရာဇ်ခေတ်တွင် တောင်ပိုင်းချုံဧကရာဇ် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီး အများစုမှာ သူမနှင့် ကောင်းကင်နတ်အရှင်လင်၏ တပည့်များ ဖြစ်ခဲ့ကြသည်။ သူမသည် မိသားစုအသီးသီးမှ အင်အားများ စုစည်းလျက် ကိုယ်ပိုင်ကောင်းကင်နတ်ဘုံ တည်ဆောက်ခဲ့ဖူးသောကြောင့် ထူးကဲသော အောင်မြင်မှုများစွာ ပိုင်ဆိုင်ထား၏။
ကောင်းကင်နတ်ဘုံအဆင့်သို့သာ မဝင်ရောက်နိုင်ခဲ့သဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါးကဲ့သို့ အစွမ်းမထက်ခဲ့ပေ။
ဤတစ်ကြိမ် ချင်မူနှင့် အလဲအလှယ်လုပ်ခြင်းက ထိုလိုအပ်ချက်များအား ဖာထေးရာ ရောက်သည်။
သို့သော် သူမအနေဖြင့် ကိုယ်ပိုင်ကောင်းကင်နတ်ဘုံကျင့်စဉ် ဖန်တီး၍ ကျင့်စဉ်အားလုံးကို စုစည်းလိုပါက အချိန်ယူ၍ စဉ်းစားရပေမည်။
သူမ၏ကျင့်စဉ်က အန္တိမဟင်းလင်းပြင်ကျမ်းစာဟု ခေါ်သည်။ အန္တိမဟင်းလင်းပြင်ဟု ခေါ်ရခြင်းက အန္တိမနှင့် ဟင်းလင်းပြင်တို့သည် ကိန်းဂဏန်းများ ဖြစ်သည့်အတွက်ပင်။ အန္တိမသည် အကြီးမားဆုံး ကိန်းဂဏန်း ဖြစ်ပြီး ကုဋေသန်းပေါင်းများစွာ ရှိ၏။
ဟင်းလင်းပြင်မှာ သုညအနောက်တွင် ဂဏန်း ၁၈လုံး ပါ ရှိသည့် အလွန်သေးငယ်လှသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ကျင့်စဉ်က အန္တိမဟင်းလင်းပြင်အပေါ် အခြေခံကာ နာမည်ပေးထားခြင်းဖြစ်ပြီး နေရာဟင်းလင်းပြင်၏ အရွယ်အစားနှင့် သက်ဆိုင်သည်။ ထိုကျင့်စဉ်အား တတ်မြောက်ထားသော တစ်စုံတစ်ယောက်သည် စကြ၀ဠာတစ်ခုလုံး၌ ရှိသည့် ကမ္ဘာလောကများအား ခြေတစ်လှမ်းတည်းဖြင့် ဖြတ်သန်းသွားနိုင်သည့်အပြင် အသေးငယ်ဆုံး ဖုန်မှုန်လေးများကိုပင် ဝင်ပုန်းနိုင်သည့် ဟင်းလင်းပြင်များ ဖြစ်လာစေနိုင်၏။
သူမ၏ အောင်မြင်မှုမှန်သမျှက အန္တိမဟင်းလင်ပြင်ကျမ်းစာမှ အခြေခံခြင်းဖြစ်သည်။ သူမသည် နေရာဟင်းလင်းပြင်ကောင်းကင်နန်းဆောင်ကို ဗဟိုပြု၍ ၎င်းပတ်ပတ်လည်တွင် ကောင်းကင်နန်းဆောင်များ တည်ဆောက်ကာ ကိုယ်ပိုင်ကောင်းကင်နန်းဆောင်စနစ်ကို ဖွဲ့တည်ထားလေသည်။
ချင်မူမှာ သူမ၏ အန္တိမဟင်းလင်းပြင်ကျမ်းစာအား လေ့လာ၍ နေရာဟင်းလင်းပြင်လမ်းစဉ်၏ နက်နဲမှုကို နားလည်ရန် ကြိုးစားနေရင်း စိတ်ဝင်စားဖွယ် အရာများစွာ သိရှိခဲ့ရသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ကျင့်စဉ်ထဲတွင် သင်္ကေတများစွာ ပါရှိပြီး အံ့သြဖွယ်ကောင်းစွာနှင့် ဟင်းလင်းပြင်သားရဲ၏ သင်္ကေတများနှင့် တူညီနေသည်။ ထိုမျှသာမက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှ သင်္ချာသင်္ကေတများစွာမှာလည်း အန္တိမဟင်းလင်းပြင်ကျမ်းစာ၏ နေရာဟင်းလင်းပြင် သင်္ကေတများနှင့် ဆင်နေသည်။
“ငါ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်လင်တို့နဲ့ သွားခဲ့တုန်းက မဟာလေဟာနယ်ဆီ ဟင်းလင်းပြင်သားရဲတစ်ကောင်ကို မြင်ခဲ့ရတယ်… ဒါကြောင့် နေရာဟင်းလင်းပြင်သင်္ကေတအများကြီးကို ကူးယူခဲ့တာပဲ”
ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးနေသည်။ “အဲဒီနေရာဟင်းလင်းပြင်သင်္ကေတတွေက ငါ့ရဲ့နေရာဟင်းလင်းပြင်လမ်းစဉ်ကို ဉာဏ်အလင်းပွင့်စေခဲ့တာ… ဒါပေမဲ့ ငါ အကျိုးအမြတ် အများကြီးရခဲ့တဲ့ နေရာကတော့ ဖရိုဖရဲနေရာဟင်းလင်းပြင်ပဲ… အဲဒီနေရာမှာ နှစ်တစ်ရာတောင် ပိတ်မိနေခဲ့တာ ဆိုတော့ နေရာဟင်းလင်းပြင် မဟာတာအိုရဲ့ နက်နဲမှုကို နားလည်သိမြင်နိုင်ဖို့ အချိန်ရခဲ့တယ်”
ချင်မူမှာ လေးစားအားကျနေမိသည်။ “အဲဒီဖရိုဖရဲ နေရာဟင်းလင်းပြင်ထဲမှာ ဘယ်လိုအပျက်အစီးတွေ ရှိတာလဲ”
“ထူးဆန်းတဲ့ နေရာဟင်းလင်းပြင် အပိုင်းအစတွေနဲ့ ပျက်စီးနေတဲ့ အရာတချို့ပဲ… ငါ သေချာရှင်းမပြနိုင်ပေမယ့် ဒီခေတ်က အရာတွေ မဟုတ်တန်ဘူး”
ကောင်းကင်နတ်အရှင်ယွဲ့ က အတိတ်ကို ပြန်တွေးရင်း ခေါင်းရမ်းလိုက်သည်။ “ဘယ်ခေတ်ကလဲဆိုတာ မသိဘူး …အန္တရာယ်များလွန်းတော့ ဟိုးအနက်ထဲထိ ၀င်မသွားရဲခဲ့ဘူးလေ… လမ်းမြန်မြန်ရှာပြီး ထွက်လာခဲ့တာပဲ”
နေရာဟင်းလင်းပြင်လမ်းစဉ်မှာ လေ့လာ၍ ကျင့်ကြံရန် အလွန်တရာခက်သည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ချင်မူသည် အခြေခံသဘောတရားအချို့ နားလည်ခဲ့သောကြောင့် နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းတချို့ ကျွမ်းကျင်ခဲ့၏။ နေရာဟင်းလင်းပြင်ကို လိုသလို ထိန်းချုပ်နိုင်သော ကောင်းကင်နတ်အရှင်ယွဲ့ကဲ့သို့ ဖြစ်ချင်ပါက ပို၍ကြိုးစားရပေမည်။
သူ့အနေဖြင့် နေရာဟင်းလင်းပြင်နန်းဆောင်ကို ဖွဲ့တည်ကော လမ်းစဉ်ဝင်ရောက်ရန်ပင် ခက်နေသည်။
‘ငါလည်း နေရာဟင်းလင်းပြင်ရဲ့ ဆန်းကြယ်မှုကို နားလည်ဖို့ ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲ သွားဖို့ လိုနေတာများလား’
သူ ခေါင်းရမ်းလိုက်မိသည်။ ဖရိုဖရဲနေရာဟင်းလင်းပြင်သည် အလွန်အန္တရာယ်များလှသည်မဟုတ်လော။ ကောင်းကင်နတ်ရှင်ရှောင်လည်း ထိုနေရာသို့ နှင်ထုတ်ခံခဲ့ရသဖြင့် ယခုအချိန်မှာ သွားရောက်၍ နေရာဟင်းလင်းပြင်လမ်းစဉ်ကို သိမြင်နားလည်ရန် အချိန်ကောင်းမဟုတ်ပေ။
‘ကမ္ဘာဦးဘုံရဲ့ နယ်မြေတွေက အသီးသီးပြိုကွဲနေတယ်… ဒီအချိန်က ဘေးအကင်းဆုံးပဲ… ဒါပေမဲ့ သတိလျှော့လိုက်လို့မဖြစ်ဘူး’
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့ထံမှ မီးအိမ်တစ်လုံး ငှားကာ နှုတ်ဆက်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ကောင်းကင်နတ်အရှင်ဟုန်ကို ယုံလို့ရပေမယ့် ကျန်တဲ့ကောင်းကင်နတ်အရှင်တွေကိုတော့ ယုံလို့မရဘူး… သူတို့ဘယ်အချိန် ကမ္ဘာဦးဘုံကို တိုက်ခိုက်လာကြမလဲ ကျွန်တော် မသိဘူး… မမကြီးယွဲ့၊ မမကြီးက နေရာဟင်းလင်းပြင်လမ်းစဉ်မှာ ကျွမ်းကျင်တယ်… ကောင်းကင်နတ်အရှင်ဆယ်ပါး ကမ္ဘာဦးဘုံကို ဖျက်ဆီးချင်ရင် မမကြီးကို အရင်တိုက်ခိုက်ကြမှာပဲ… သတိထားပါ”
ကောင်းကင်နတ်အရှင်ယွဲ့က သူ့ကို မက်မွန်တောအုပ်အပြင်သို့ လိုက်ပို့ရင်း တုံ့ဆိုင်းနေသည်။ ချင်မူက ထွက်သွားတော့မည့်အချိန်တွင် သူမက ရုတ်တရက် ပြုံးလိုက်ရင်း မေးလေသည်။ “မူ၊ နင် အရင်တုန်းက ငါ့ကို ပန်းချီတစ်ခု ဆွဲပေးခဲ့တယ်… ဒီနေ့ နောက်ထပ်တစ်ခု ဆွဲပေးလို့ရမလား”
ချင်မူလည်း စုတ်တံ၊ မင်၊ စာရွက်နှင့် မင်သွေးကျောက်တို့ကို ထုတ်လိုက်သည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မက်မွန်တောအုပ်ရှိ ပန်းပွင့်များသည် ဤအမျိုးသမီး၏ အလှတရားကို မယှဉ်နိုင်ကြောင်း တွေ့လိုက်ရ၏။ သူမက မက်မွန်သစ်ကိုင်းတစ်လက်အား လက်ထဲတွင် ကိုင်ထားလေသည်။
မက်မွန်သစ်ကိုင်းတွင် ပန်းပွင့်သုံးလေးပွင့် ရှိနေပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းသားလေးများကို ဖုံးကွယ်ပေးထား၏။ သူမသည် တည်ငြိမ်နေသော်လည်း အနည်းငယ် ရှက်ရွံ့နေသလို မျှော်လင့်ချက်များလည်း ပြည့်နေသယောင်ပင်။
ချင်မူက စုတ်တံကိုမြှောက်၍ ဤအခိုက်အတန့်လေးတွင် သူမ ပြသနေသည့် အလှတရားကို ပန်းချီဆွဲတော့သည်။ လှပသော ပန်းချီကားတစ်ချပ်ကား အလျင်အမြန်ပင် ပြီးဆုံးသွား၏။
ကောင်းကင်နတ်အရှင်ယွဲ့က ရှေ့သို့ တက်လာကာ ကြည့်လိုက်သည်။ ပန်းချီကားထဲရှိ သူမ၏ မျက်နှာအမူအရာက သူမကို အနည်းငယ် ရှက်သွေးဖြာသွားစေသည်။
ထိုစဉ် ချင်မူက မရပ်ဘဲ ဒုတိယမြောက် ပန်းချီကားကို ဆက်လက်ရေးဆွဲသည်။
ထိုပန်းချီထဲတွင် စုတ်တံကို မြှောက်၍ ပန်းချီဆွဲနေသော ချင်မူ့အသွင် ရှိနေသည်။ ကောင်းကင်နတ်အရှင်ယွဲ့က သူ့အနောက်မှ ခါးလေးကိုင်းလျက် ပန်းချီကားကို မျက်တောင်မခက်ဘဲ စိုက်ကြည့်နေသည်။ သူမ ဆံနွယ်ရှည်များက လျောကျလာသဖြင့် ချင်မူ၏ လည်ပင်းပေါ်သို့ ကျနေ၏။
ပန်းချီကားထဲတွင် သူတို့၏ ဘေးတခြမ်းမျက်နှာများကိုသာ မြင်ရသည်။ သူတို့၏မျက်နှာအမူအရာများက လေးနက်တည်ကြည်နေသော်လည်း အနည်းငယ် ရှက်နေကြလေသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ပန်းချီကားကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားသည်။ ချင်မူသည် လက်ရှိသူတို့၏အခြေအနေကို ပန်းချီဆွဲနေခြင်း မဟုတ်ပါလော။
“ငါ ဒီတစ်ခု လိုချင်တယ်”
ကောင်းကင်နတ်အရှင်ယွဲ့က ဒုတိယမြောက်ပန်းချီကားကို ဆတ်ခနဲ ဆွဲယူကာ လိပ်ပြီးနောက် မက်မွန်တောအုပ်ဆီ ပြန်သွားသည်။ သူမက ပြန်လှည့်လာပြီး လက်ဝှေ့ရမ်းပြ၏။ “မူ...”
ချင်မူက ပထမပန်းချီကားကို လိပ်နေရင်း သူမခေါ်သံ ကြားသဖြင့် မော့ကြည့်ကာ လက်ပြန်ပြလိုက်သည်။
“မူ…”
ကောင်းကင်နတ်အရှင်ယွဲ့က လှမ်းအော်သည်။ “အသက်ရှင်မှ ဖြစ်မယ်နော်… နင် မက်မွန်တောအုပ်ဆီ ပြန်လာမှာ စောင့်နေမယ်”
“စိတ်ချပါ” ချင်မူက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
သူက ချာခနဲ လှည့်၍ မက်မွန်တောအုပ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ လျှောက်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့သည် ကောင်းကင်နန်းဆောင်တံခါး၀ကို မှီလျက် ရပ်ကြည့်နေ၏။ သူမ၏ ကောင်းကင်နတ်သိုင်းများမှာ ကျယ်ပြောသောကြောင့် ချင်မူ မီးအိမ်ကို ကိုင်ရင်း လမ်းလျှောက်နေသည်အား မြင်နေရလေသည်။
“ကောင်းကင်နတ်အရှင်မူက ငါ မှတ်မိသလောက် မချောဘူးပဲ… သူ့ကို အရမ်းချောတယ်လို့ ငါကပဲ စိတ်ကူးခဲ့မိတာ ဖြစ်မယ်… ဒါပေမဲ့ အရမ်းလက်တွေ့ကျတယ်”
သူမက ခပ်ဟဟ ရယ်လိုက်သည်။ “ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းတယ်”
ချင်မူသည် သူမ၏အကြည့်ကို ခံစားရသဖြင့် ပြန်လှည့်ကြည့်လာ၏။ ကောင်းကင်နတ်အရှင်ယွဲ့မှာ ကပျာကယာ အကြည်လွှဲလိုက်ပြီး ရင်တဒိန်းဒိန်း ခုန်လာမိသည်။ ‘သူ့ရဲ့ အာရုံခံနိုင်စွမ်းက ကောင်းလိုက်တာ... နေရာဟင်းလင်းပြင်ကို ဖြတ်ပြီးတော့ ကြည့်နေတာကိုတောင် ခံစားလို့ရတယ်.... တော်ပါသေးရဲ့ ငါ သူ့ကို ခိုးကြည့်နေတာ သိသွားတော့မလို့’
ချင်မူက ခေါင်းရမ်းရင်း ထာဝရငြိမ်းချမ်းအင်ပါယာသို့ ပြန်ကာ ကောင်းမှုတော်မြေကမ္ဘာနန်းတော်တွင် တည်ဆောက်ထားသည့် တာအိုဒဿနတက္ကသိုလ်ဆီ ပထမဦးဆုံး သွားရောက်သည်။ ရွာလူကြီးသည် တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်၏။ သူ လာသည်ကို မြင်လျှင် ရှောင်ကျုချွဲ မြားပစ်ခံရ၍ သေဆုံးသွားသည့်အကြောင်း ပြောပြနေသည်။
“ကောင်းကင်နတ်ဧကရာဇ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူဝင်စားပြီး ဝိညာဉ်နှစ်ခုတောင် တစ်ပြိုင်နက် ရှိနေတာကွ... ကောင်းကင်နတ်အရှင်တစ်ပါး သူ့ကို ပစ်သတ်ပေးခဲ့လို့ တော်သေးတယ်.. ငါတို့ ဒီကိစ္စကို သတိထားရမယ်.. ကောင်းကင်နတ်ဧကရာဇ်အပြင် တခြားကောင်းကင်နတ်အရှင်တွေလည်း ထာဝရငြိမ်းချမ်းအင်ပါယာမှာ လူပြန်ဝင်စား နေလား မနေလား ငါတို့ မသိနိုင်ဘူး”
ချင်မူက ပြော၏။ “ဒါဆိုရင် သေခြင်းရှင်ခြင်းစာအုပ်နဲ့ နတ်ဘုရားတိုင်းကို စစ်ဆေးပြီး သူတို့ရဲ့ ဇစ်မြစ်ကို ရှာရမယ်.. အဲဒီကောင်းကင်နတ်အရှင်တွေ ထာဝရငြိမ်းချမ်းအင်ပါယာရဲ့ အလယ်ဗဟိုအထိ ရောက်မလာသရွေ့တော့ သင်ကြားခွင့်ပေးလိုက်ပါ”
ရွာလူကြီးက နှာခေါင်းရှုံ့သည်။ “သူတို့ ရောက်လာကြရင်ရော… သူတို့ကို ထပ်သတ်ပေးမယ့် ကောင်းကင်နတ်အရှင်တစ်ပါးကို ဘယ်က သွားရှာရမှာလဲ”
ချင်မူက နတ်လေးကို ထုတ်လိုက်ရင်း အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ဖြေ၏။ “ဘိုးဘိုးရွာလူကြီး၊ ကြည့်လိုက်ပါဦး… ဒါက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဝိညာဉ်နှစ်ခုကို သတ်သွားတဲ့ နတ်လေးမလား”
ရွာလူကြီးမှာ မျက်လုံးများပြူးကျယ်သွားပြီး နတ်လေးကိုတစ်လှည့် ချင်မူ့ကိုတစ်လှည့် ကြည့်နေတော့သည်။
ချင်မူက လက်တစ်ဖက်တွင် နတ်လေးကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က ခါးထောက်ကာ သူ့ကိုယ်သူ ဂုဏ်ယူနေလေသည်။