ကောင်းကင်နတ်အရှင်အလောင်းအလျာ
Vol. 103 Ch. 1349
ရွာလူကြီးက နတ်လေးကို စစ်ဆေးကြည့်နေသည်။ နတ်လေး၏ အံ့မခန်း အသုံးဝင်ပုံများကို နားမလည်သလို အမျိုးမျိုးသော သင်္ကေတများကိုလည်း မသိသည့်တိုင် သူ့မှာ မချီးကျူးဘဲ မနေနိုင်ပေ။ “လေးတစ်လက်က လူတစ်ယောက်ထက်တောင် သန်မာနေတာပဲ”
ချင်မူကတော့ အလွန်အမင်း စိတ်ကျေနပ်နေသည်။
“ဒီနတ်လေးက တော်တော်ကောင်းတယ်…. လူတစ်ယောက်ထက်တောင် သန်မာသေးတယ်”
ရွာလူကြီးက နတ်လေးကြိုးကို ဆွဲလိုက်သည့်အခါ ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်အား ချက်ချင်း စုပ်ယူလိုက်ကြောင်း တွေ့လိုက်ရသည်။ သူသည် အံ့အားသင့်သွားပြီး အကြိမ်ကြိမ် ချီးကျူးနေ၏။ ရွာလူကြီးမှာ ချင်မူ့ကို လှောင်ပြောင်လေ့ရှိသော်လည်း ယခုတွင်တော့ ဤနတ်လေးအား စိတ်ရင်းဖြင့် ချီးကျူးနေခြင်း ဖြစ်လေသည်။
ရွာလူကြီးသည် နတ်လေးကို ချ၍ ပြော၏။ “နတ်ဘုရားတွေကို စုံစမ်းဖို့ကိစ္စ ငါ့တာဝန် ထားလိုက်.. ငါ ကောင်းကင်နတ်အရှင်ရုံဆီ သွားပြီး သူ့ရဲ့သေခြင်းရှင်ခြင်းစာအုပ် ခဏငှားလိုက်မယ်”
ချင်မူ့တွင်လည်း သေခြင်းရှင်ခြင်းစာအုပ်ရှိသည့်တိုင် ကောင်းကင်ယင်သားတော်၏ ရတနာ ဖြစ်သည်။ ကောင်းကင်ယင်သားတော်၏ သေခြင်းရှင်ခြင်းစာအုပ်သည် အသုံးဝင်သော်လည်း ကောင်းကင်နတ်အရှင်တစ်ပါး၏ ဇစ်မြစ်ကိုတော့ ရှာမပေးနိုင်ပေ။
သူသာ ကောင်းကင်နတ်အရှင်လူဝင်စားများကို ရှာလိုပါက ကောင်းကင်နတ်အရှင်ရုံ၏ သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြုရပေမည်။
ချင်မူက တာအိုဒဿနတက္ကသိုလ်ထဲတွင် နေခဲ့ပြီး ရွာလူကြီးထံမှ သတင်းစောင့်နေရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို လေ့လာနေသည်။ တာအိုဒဿနတက္ကသိုလ်၏ လေ့လာမှုသည် ကောင်းကင်နန်းဆောင်ပြုပြင်ပြောင်းလဲမှုကို ဦးတည်၍ ဖွဲ့စည်းတည်ဆောက်ထားပုံအား ပြောင်းလဲရန် ကြိုးစားနေကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။ တာအိုဒဿနတက္ကသိုလ်၏ သိုင်းပညာရှင်များနှင့် နတ်ဘုရားများသည် ကောင်းကင်နန်းဆောင်များရှိ မုခ်၀အမျိုးမျိုးကို အသုံးပြုကာ ကောင်းကင်နန်းဆောင်အစီအစဉ်ကို ပြုပြင်ပြောင်းလဲရန် ကြိုးစားနေကြ၏။
တောင်ကောင်းကင်မုခ်ဝအဆင့်ကို အဆင့်ငယ်လေးဆင့်အဖြစ် ခွဲရန်ပင် ပြင်ဆင်နေကြသည်။
ရှေးရိုးစဥ်လာ သိုင်းအဆင့်များတွင် ကောင်းကင်နတ်သိုင်းပညာရှင်များ၏ မူလဝိညာဥ်တို့သည် အဆင့်တက်သည့်အခါ တောင်ကောင်းကင်မုခ်ဝသို့ ရောက်လာကြလိမ့်မည်။ တောင်ကောင်းကင်မုခ်၀ကို ဖြတ်ကျော်ပြီးပါက နတ်ဘုရားများ ဖြစ်လာနိုင်ချေပြီ။
တာအိုဒဿနတက္ကသိုလ်မှ ပုဂ္ဂိုလ်များသည် ထိုအဆင့်ကို တောင်ကောင်းကင်မုခ်ဝ၊ မြောက်ကောင်းကင်မုခ်၀၊ အရှေ့ကောင်းကင်မုခ်၀နှင့် အနောက်ကောင်းကင်မုခ်ဝဟူ၍ အဆင့်လေးဆင့် ခွဲလိုက်ခြင်းဖြင့် သူတို့၏မူလဝိညာဉ်များသည် ထိုအဆင့်လေးဆင့်ကို ဖြတ်သန်းနိုင်ပေလိမ့်မည်။
ချင်မူက မနေနိုင်သဖြင့် ရယ်လိုက်မိသည်။ ထို့နောက် သူ၏မျက်နှာအမူအရာက ပြန်လည်တည်ကြည်သွားပြီး သူက မေးစေ့ကို ပွတ်လျက် တွေးနေ၏။ “ကောင်းလိုက်တဲ့အတွေးပဲ… ဘိုးဘေးနန်းတော်ထဲမှာ ကောင်းကင်မုခ်၀လေးခု ရှိတယ်လို့ မဟာဧကရာဇ် ငါ့ကို ပြောပြခဲ့ဖူးတယ်… အဲ့ဒါက အထွတ်အမြတ်နယ်မြေတွေလည်း ဟုတ်တယ်… မဟာတာအိုကလည်း သိပ်ကိုထူးကဲတယ်… မဟာဧကရာဇ်ရဲ့ လေသံအရကတော့ ဘိုးဘေးနန်းတော်ထဲမှာ ရှိတဲ့ ကောင်းကင်မုခ်၀လေးခုရဲ့ မဟာတာအိုက မတူဘူးတဲ့… တစ်နည်းပြောရရင် တောင်ကောင်းကင်မုခ်၀ကို အဆင့်လေးဆင့်ခွဲဖို့ ဖြစ်နိုင်တယ်”
သူက ဆက်လက် ဖတ်ရှုနေသည်။ တာအိုဒဿနတက္ကသိုလ်၏ သိုင်းပညာရှင်များနှင့် နတ်ဘုရားများသည် ကျောက်စိမ်းမြို့တော်အဆင့်ကို ပယ်ဖျက်ရန်လည်း ကြံရွယ်ထားကြသည်။ ကျောက်စိမ်းမြို့တော်အဆင့်သည် ယေဘူယျဆန်လွန်းသဖြင့် ထိုက်သင့်သော အလားအလာအထိ မရောက်ရှိဟု ခံစားရ၏။
သူတို့သည် ကျောက်စိမ်းမြို့တော်ကို အဆင့်သုံးဆင့် ပိုင်းခြားထား၏။ ကောင်းမှုသီလတော်မုခ်ဝ၊ တော်ဝင်မီးငှက်မုခ်ဝနှင့် ကောင်းကင်အလိုတော်မုခ်ဝတို့ ဖြစ်ကြသည်။
ကောင်းမှုသီလမုခ်ဝသည် ကျောက်စိမ်းမြို့တော်သို့ ဝင်ပေါက်မုခ်ဝ ဖြစ်၏။ ဤမုခ်ဝအား ဖြတ်သွားလျှင် ကောင်းမှုသီလမုခ်ဝအဆင့်သို့ ရောက်မည်။
တော်ဝင်မီးငှက်မုခ်ဝကမူ ကျောက်စိမ်းမြို့တော်အတွင်းထဲရှိ တော်ဝင်မြို့တော်သို့ ဝင်ပေါက်မုခ်ဝ ဖြစ်သည်။ ယင်းမုခ်ဝအား ဖြတ်ကျော်နိုင်သွားပါက ကောင်းကင်နတ်ဧကရာဇ်၏ တားမြစ်နေရာသို့ ရောက်မည်။
ကောင်းကင်အလိုတော်မုခ်ဝကတော့ နတ်ကောင်းကင်ခန်းမအရှေ့ရှိ မုခ်၀ဖြစ်၏။ ဤမုခ်၀ကို ဖြတ်သန်းသွားပြီးပါက နတ်ကောင်းကင်ခန်းမသို့ ရောက်ရှိနိုင်ပေလိမ့်မည်။
“တာအိုဒဿနတက္ကသိုလ်က ပုဂ္ဂိုလ်တွေက အံ့သြဖို့ကောင်းလိုက်တာ”
ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး တခဏစဉ်းစားပြီးနောက် ထရပ်၍ ယွီချိန်ကျစ်နှင့် သွားတွေ့သည်။ “နောင်တော်၊ ဒီ ကောင်းကင်မုခ်၀ အဆင့်လေးဆင့် ကောင်းမှုသီလတော်မုခ်ဝ၊ တော်ဝင်မီးငှက်မုခ်ဝနဲ့ ကောင်းကင်အလိုတော်မုခ်ဝအဆင့်တွေကို ဘယ်သူ တီထွင်ခဲ့တာလဲ”
ယွီချိန်ကျစ်က ဖြေသည်။ “ဟွာရွှမ်းရှို့လို့ခေါ်တဲ့ ကောင်မလေးကို ကောင်းကင်နတ်အရှင် သိလား”
“ဟွာရွှမ်းရှို့လား”
ချင်မူမှာ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အနောက်ကောင်းကင်မှ စီရင်စုကိုးခုရှိ ရှေးဟောင်းနတ်ဘုရားများကို သတ်ခဲ့တုန်းက သူ ကယ်တင်ခဲ့ဖူးသော ကလေးမလေးတစ်ယောက်ကို မှတ်မိလိုက်သည်။ သူမ၏နာမည်က ဟွာရွှမ်းရှို့ပင်။ (အပိုင်း ၁၁၂၈)
ထိုကလေးမလေးသည် ပထမထောက်တိုင် ရှေးဟောင်းနတ်ဘုရား နင်းချေမှုကြောင့် သေဆုံးခဲ့ရပြီး ဝိညာဉ် ပျက်စီးသွားခဲ့သည်။ ချင်မူက ဝိညာဉ်လမ်းညွှန်အစီအရင်ဖြင့် သူမကို ကယ်တင်ပေးခဲ့လေသည်။
သို့သော် သူ့ဘေးတွင် လိုက်ပါရန်မှာ အန္တရာယ်များလှသဖြင့် ချင်မူသည် အစ်ကိုကြီးဝေစွေ့ဖုန်း၏ တပည့် ယွီချွီးတုအား ထိုကလေးမလေးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ခေါ်သွားစေခဲ့သည်။ ယွီချွီးတုသည် ဝေစွေ့ဖုန်း၏ တပည့်ဖြစ်သည့်အလျောက် အလွန်အစွမ်းထက်၏။
“ဟွာရွှမ်းရွှီက ဘယ်သူနဲ့အတူ သိုင်းကျင့်ခဲ့တာလဲ” ချင်မူက မေးလိုက်သည်။
“သူက ယွီချွီးတုရဲ့ တပည့်ဖြစ်လာပြီး ဆရာကြီးဝေ့ နောက်ကနေ ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော်ဆီ လိုက်သွားခဲ့တာ”
ယွီချိန်ကျိန်ပြောသည့် ဆရာကြီးဝေ့ဆိုသည်မှာ ဝေစွေ့ဖုန်းပင် ဖြစ်လေသည်။ သူသည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဖြစ်သည့်အတွက် ဆရာသခင်အဖြစ် လေးစားခံရ၏။ “ဆရာကြီးက ယွီချွီးတုနဲ့ ဟွာရွှမ်းရွှီ လောကကြီးအကြောင်း တွေ့ကြုံခံစားဖူးအောင် ခေါ်သွားတာလို့ ပြောတယ်… သူတို့သုံးယောက်သား ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေ ရှာဖို့ ထွက်သွားကြရင်းနဲ့ ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော်ဆီ ရောက်သွားကြတာပဲ… သူတို့က ကောင်းကင်အလိုတော်မုခ်ဝအထိတောင် ရောက်သွားပြီး နတ်ကောင်းကင်ခန်းမကို ရှာတွေ့ခဲ့ကြတယ်… သေကံပျောက်တော့မလိုတောင် ဖြစ်ခဲ့သေးတယ်တဲ့ … ပြန်ရောက်လာတော့ ဟာရွှမ်းရှို့က ကျောက်စိမ်းမြို့တော်က ကြီးမားလွန်းတော့ ကျောက်စိမ်းမြို့တော်အဆင့်တစ်ဆင့်နဲ့ ကျောက်စိမ်းမြို့တော်ရဲ့ ဆန်းကြယ်မှုတွေကို ထုတ်ပြနိုင်ဖို့ ခက်တယ်လို့ ပြောခဲ့တယ်… ဒါကြောင့် သူက ကောင်းမှုသီလတော်၊ မီးငှက်နဲ့ ကောင်းကင်အလိုတော်ဆိုတဲ့ မုခ်ဝသုံးခုကို စဉ်းစားခဲ့တာပဲ… ဆရာကြီးဝေ့ဆိုရင် သူ့ကို ချီးကျူးခန်းဖွင့်တာ အတောမသတ်နိုင်ခဲ့ဘူး”
ချင်မူက ပြုံး၏။ “အဲဒီအဆင့်သုံးဆင့်က တကယ်ကို ထူးချွန်ပြောင်မြောက်ပါတယ်”
ယွီချိန်ကျိန်က စိတ်ထဲ သိပ်မရှိပေ။ “ကလေးတစ်ယောက်အတွေးပါကွာ… အဓိပ္ပါယ်ရှိရင်တောင် ဆရာကြီးဝေ့နဲ့ တခြားသူတွေ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တော်တော်လေးကို လေ့လာခဲ့ပြီးပြီ.. ဒါပေမဲ့ ဘာမှမတွက်ထုတ်နိုင်ကြဘူး…. ကောင်းကင်နန်းဆောင်မှာ အဆင့်တစ်ဆင့်စီ တက်သွားတိုင်း သိုင်းအခြေခံရော၊ စွမ်းဆောင်ရည်ရော သိသိသာသာ တိုးတက်သွားကြတယ်… ဟွာရွှမ်းရွှီ စဉ်းစားခဲ့တဲ့ အဲဒီအဆင့်သုံးဆင့်က စွမ်းဆောင်ရည် တိုးတက်မလာစေဘူး”
သူက ရှင်းပြသည်။ “တာအိုဒဿနတက္ကသိုလ်က နတ်ဘုရားတွေ ကြိုးစားကြည့်ဖူးတယ်…သူတို့ရဲ့ မူလဝိညာဉ်တွေ ကျောက်စိမ်းမြို့တော်ထဲက ကောင်းမှုသီလတော်မုခ်ဝ၊ တော်ဝင်မီးငှက်မုခ်ဝနဲ့ ကောင်းမှုအလိုတော်မုခ်ဝတွေကို ဖြတ်သွားကြပေမယ့် သိုင်းအခြေခံ တိုးတက်မလာကြဘူး… ဝိုးတိုးဝါးတားအသံတွေပဲ ကြားရတယ်တဲ့”
ချင်မူလည်း တခဏ စဉ်းစားပြီးနောက် မေးလိုက်သည်။ “မြောက်ကောင်းကင်မုခ်ဝ၊ အရှေ့ကောင်းကင်မုခ်ဝနဲ့ အနောက်ကောင်းကင်မုခ်ဝတွေရော... မူလဝိညာဉ်တွေ အဲ့ဒီမုခ်၀တွေကို ဖြတ်သွားရင် သိုင်းအခြေခံနဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာရမှာမလား”
ယွီချိန်ကျစ်က လက်ခုပ်တီး၍ ဖြေသည်။ “အံ့ဩစရာက အဲဒါပဲလေ … တာအိုဒဿနတက္ကသိုလ်က နတ်ဘုရားတွေ စမ်းသပ်ကြည့်ပြီးပြီ… မူလဝိညာဉ်တွေ အဲ့ဒီမုခ်၀သုံးခုကို ဖြတ်သွားတဲ့အခါ သိုင်းအခြေခံနဲ့ စွမ်းဆောင်ရည် တိုးတက်လာပြီးတော့ လမ်းစဉ်အပေါ် သိမြင်နားလည်မှုလည်း နက်နဲလာကြတယ်… အရင်က လမ်းစဉ်မဝင်ရောက်နိုင်တဲ့ နတ်ဘုရားတွေက မုခ်၀တွေကို ကျော်ဖြတ်တာနဲ့ သိမြင်နားလည်ပြီး လမ်းစဉ်ဝင်ရောက်နိုင်လာကြတယ်”
ချင်မူက အနည်းငယ်ပြုံး၍ နောက်ကွယ်မှ အကြောင်းအရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေ ကောင်းကင်နတ်ဘုံကို တည်ဆောက်ခဲ့လို့ဖြစ်မှာ….. သူတို့က ဘိုးဘေးနန်းတော်ရဲ့ ကောင်းကင်မုခ်၀လေးခုနဲ့ နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်တို့ကို မြင်ဖူးကြပေမဲ့ ကျောက်စိမ်းမြို့တော်ကိုကျ တစ်ခါမှမမြင်ဖူးကြဘူး”
ယွီချိန်ကျစ်မှာ သူ ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်ပေ။
ချင်မူက ဆက်လက်မရှင်းပြဘဲ ထပ်မေး၏။ “အခု ဟွာရွှမ်းရှို့က ဘယ်အဆင့်မှာလဲ”
“သူက မူလသစ်ပင်သန္ဓေကို စိုက်ခဲ့ပြီးပြီဆိုတော့ ခုနစ်စင်ကြယ်အဆင့်မှာ ဖြစ်လိမ့်မယ် ဟုတ်တယ်မလား” ယွီချိန်ကျစ်မှာ အတပ်မပြောရဲပေ။
ချင်မူမှာ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ခဏကြာသော် သက်ပြင်းတစ်ရှိုက် ရှူထုတ်လိုက်သည်။ “ခုနစ်ကြယ်အဆင့်လေးနဲ့ ကလေးတစ်ယောက်ကို အစ်ကိုကြီးက ကောင်းကင်နတ်ဘုံဆီ ခေါ်သွားရဲတယ်ပေါ့.. အစ်ကိုကြီးသေရင် လှိုင်းဂယက်တွေကြောင့် သူလည်း သေမှာလေ… နောင်တော်၊ အားနာပေမယ့် ဟွာရွှမ်းရွှီကို ခေါ်ပေးလို့ရမလား”
တခဏကြာသော် ယွီချိန်ကျစ်က ဟွာရွှမ်းရွီအား ခေါ်လာသည်။
ဟွာရွှမ်းရွှီသည် တိရစ္ဆာန်သားမွှေးအဝတ်များနှင့် ခပ်တိုတို ၀တ်ရုံတစ်ခုကို ဝတ်ဆင်ထား၏။ အလွန်ကြီးမားသော အရိုးကြီးတစ်ခုကိုလည်း ကိုင်ထားသည်။ ၎င်းက ဒုတိယထောက်တိုင် နတ်ဘုရား၏ ပေါင်ရိုးဖြစ်လေသည်။
ဤကလေးမလေးသည် တောထဲတွင် ပြုစုပျိုးထောင်ခံခဲ့ရသည့်အလား လူရိုင်းမလေးတစ်ယောက်လို ဖြစ်နေပြီး နှာခေါင်းမှလည်း နှာချေးတွဲလောင်းကျနေသည်။
“မျက်လုံးသုံးလုံးနဲ့ အရိုးဦးလေးကြီး” ဟွာရွှမ်းရွှီက ပျော်ရွှင်ဝမ်းသာစွာ လှမ်းခေါ်သည်။
ချင်မူက အနည်းငယ် မျက်နှာပျက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ “ငါ့ကို လေးလေးလို့ ခေါ်… ငါက မင့်ဆရာဦးလေးရဲ့ ညီလေးပဲ”
ဟာရွှမ်းရွှီက လျှာထုတ်လျက် ပြောင်ပြသည်။ ဤကလေးမလေးသည် ဆယ်နှစ်အရွယ်ရှိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် မတူပေ။ သူမ၏ခန္ဓာကိုယ်က ထိန်းချုပ်ရန် ခက်ခဲသော အရိုင်းဆန်သည့် သဘာဝတို့ဖြင့် ပြည့်နှက်နေ၏။
ယခင် သူမ၏ဝိညာဉ် လွင့်ပြယ်သွားခဲ့စဉ်က ချင်မူသည် ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို မငှားယူခဲ့ပေ။ ထိုအစား သူ၏ကိုယ်ပိုင်စွမ်းအားနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို အသုံးပြုကာ သူမ၏ဝိညာဥ်ကို စုစည်း၍ ပြန်လည်တည်ဆောက်ကာ မွေးဖွားလာစေခဲ့သည်။
၎င်းကြောင့် သူမ၏ဝိညာဉ်သည် သာမန်ကောင်းကင်နတ်သိုင်းပညာရှင်များထက် အလွန်အမင်း သန်မာနေခြင်းဖြစ်၏။
ချင်မူ ယွီချွီးတုဆီ ပေးခဲ့စဉ်က သူမမှာ ကြောက်ရွံ့နေသည့် ကလေးငယ်တစ်ဦးသာဖြစ်ခဲ့သည်။ ယခုတွင်တော့ လူရိုင်းမလေး ကြမ်းတမ်းနေသောကြောင့် ချင်မူမှာ ဇဝေဇဝါဖြစ်နေမိသည်။
ယွီချွီးတု ဟာရွှမ်းရွှီကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ခေါ်လာရသည့် ခရီးလမ်းမှာ ချောမွေ့အဆင်ပြေမှုမရှိသည်ကိုတော့ ချင်မူ မသိပေ။ လမ်းတစ်လျှောက်လုံးတွင် လိုက်ဖမ်းခံရခြင်း၊ ပြန်လိုက်ဖမ်းခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ အနောက်ကောင်းကင်မှ လိုက်ဖမ်းသူများမှာ အလွန်အမင်း အင်အားကြီးသည့်အတွက် ယွီချွီးတု၏ ခရီးလမ်းတွင် သွေးမုန်တိုင်းတို့ ထန်ခဲ့သည်။ လူရိုင်းတစ်ယောက်လို နေထိုင်ခဲ့သောကြောင့်သာ ဟွာရွှမ်းရွှီကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ အသက်ရှင်လျက် ခေါ်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ကိစ္စပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ဟာရွှမ်းရွှီသည်လည်း အနည်းငယ် အရိုင်းဆန်လာခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်လာခဲ့စဉ်က သူတို့နှစ်ယောက်တွင် သားရဲအရေပြားများ၊ သွေးများဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။ အတော်လေး သနားစဖွယ် အခြေအနေဖြစ်ခဲ့သည်မှာ ပြောနေရန်ပင် မလိုချေ။
“မင်းရဲ့ ကောင်းမှုသီလတော်မုခ်ဝ၊ တော်ဝင်မီးငှက်မုခ်ဝနဲ့ ကောင်းကင်အလိုတော်မုခ်ဝတွေက စိတ်ဝင်စားစရာကောင်းတယ်”
ချင်မူက ခပ်ပြုံးပြုံးဖြင့် ပြောနေသည်။ “အဲဒီအဆင့်သုံးဆင့်ကို သေချာ ဖန်တီးပြီးရင် မင်းက လက်ရှိခေတ်ရဲ့ ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာလိမ့်မယ်”
“အရိုးဦးလေး….အဲ… လေးလေး”
ဟွာရွှမ်းရွှီက စကားပြင်၍ ပြုံးလျက် ပြောသည်။ “အဲ့ဒီအဆင့်သုံးဆင့်က အတုကြီးတွေလေ… ဆရာနဲ့ ဦးလေးတို့ စမ်းသပ်ကြည့်ပြီးပြီ… တက္ကသိုလ်က တခြားသူတွေလည်း စမ်းသပ်ပြီးပြီ.. အဆင့်တွေမဟုတ်ဘူး… သမီးလျှောက်ပြောတာ… အတည်ယူလို့ မရဘူး”
ချင်မူမှာ တခဏ ငေးကြောင်သွားပြီးနောက် ရုတ်တရက် ရင်ထဲထိသွားမိသည်။ သူ့မျက်လုံးမှ မျက်ရည်စက်များ စီးကျလာသဖြင့် ယွီချိန်ကျစ်နှင့် ဟွာရွှမ်းရွှီတို့မှာ လန့်သွားကြ၏။ ဟွာရွှမ်းရွှီက ချက်ချင်း ပြေးလာပြီး အရိုးကြီးကို ဘေးတွင် ချလိုက်ကာ ဆောင့်ကြောင့်ထိုင်၍ ချင်မူ့အား နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးနေသည်။ “လေးလေး၊ မငိုနဲ့လေ… လူကြီးဖြစ်နေတာတောင် ငိုတုန်းပဲ… မရှက်ဘူးလား”
ချင်မူက အော်ငိုတော့သည်။ “ငါ ငိုတာက အစ်ကိုကြီးလို ပုဂ္ဂိုလ်မျိုးကတောင်၊ တာအိုဒဿနတက္ကသိုလ်လို အထွတ်အမြတ်နေရာကတောင် ထာဝရငြိမ်းချမ်းအင်ပါယာလို လွတ်လပ်တဲ့ နယ်မြေတစ်မြေကတောင် ကလေးတွေကို အမြင်မှားစေပြီး ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တာ တွေးမိသွားလို့ပါ… ငါ ဝမ်းနည်းမိတာက ပညာရေးကြောင့်ပဲ… နှစ်တစ်သန်းကြာမြင်တဲ့ သမိုင်းတလျှောက်မှာ ဘယ်သူတွေကများ စကားလေးတစ်ခွန်းကြောင့် တစ်လောကလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အောင်မြင်မှုတွေနဲ့ လွဲချော်ခဲ့ရသလဲ စဉ်းစားမိသွားလို့ပါ”
ဟွာရွှမ်းရှို့နှင့် ယွီချိန်ကျစ်မှာ အူကြောင်ကြောင် ဖြစ်နေကြတော့၏။