← Chapters

တာအိုအတွက် ငိုကြွေးမိခြင်း

Vol. 103 Ch. 1350

တာအိုအတွက် ငိုကြွေးမိခြင်း

Vol. 103 Ch. 1350

ချင်မူမှာ မျက်ရည်စီးဖြိုင်ကျလျက်ဖြင့် တဟင့်ဟင့် ငိုကြွေးနေတော့သည်။ ယွီချိန်ကျစ်မှာ စိုးရိမ်ပူပန်လာသဖြင့် ခိုးထွက်ပြီး ဝေစွေ့ဖုန်း၊ ယွီချွီးတုနှင့် အခြားသူများအား သွားခေါ်သည်။ ‘ကောင်းကင်နတ်အရှင်မူ အရင်က ငိုဖူးလား… တစ်ခါမှတော့ မကြားဖူးဘူး… ကောင်းကင်နတ်အရှင် ငိုတာက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး…ငါ သူ့ကို ဖျောင်းဖြလို့လည်း မရဘူး…”

ဝေစွေ့ဖုန်း၊ ယွီချွီးတုနှင့် အခြားသူများကို တွေ့၍ ထိုအကြောင်း ပြောပြသည့်အခါ ဝေစွေ့ဖုန်းမှာ အံ့အားသင့်နေ၏။ “ငါ့ညီလေး ငိုနေတာတဲ့လား.. ထူးဆန်းလိုက်တာ…. ကောင်းကင်နဲ့ မြေကြီးတောင် မကြောက်တဲ့ကောင်ကို ဘာကများ ငိုအောင် လုပ်နိုင်တာပါလိမ့်… ငါ သွားကြည့်ဦးမယ်”

ယွီချွီးတုကလည်း အလျင်အမြန် ထရပ်လိုက်သည်။ ထိုစဉ် ယွင်ကျန်းလီ၏ မျက်ဝန်းများက လင်းခနဲ တောက်ပသွားသည်။ “ကောင်းကင်နတ်အရှင်မူ တစ်ခါငိုဖူးတယ်” သူက ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတုန်းက ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်ဘုံကို ဆန့်ကျင်ခဲ့ရတယ်…. ကောင်းကင်နယ်စားမင်းက သူ့ကို မကူညီခဲ့သလို မြေအောက်ဘုံအရှင်သခင်ကလည်း မကူညီခဲ့ဘူး…. ရန်သူတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အတွက် ကောင်းကင်နတ်ဘုံကို ထိပ်တိုက်ရင်ဆိုင်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တင်ဖို့ သူ ယုံကြည်ချက် မရှိခဲ့ဘူး…. အဲဒါကြောင့် သူ့မျက်လုံးကို ဖောက်ထုတ်ပြီး ငိုကြွေးခဲ့တယ်”

ဝေစွေ့ဖုန်းမှာ သူ၏ညီလေးကြောင့် ဝမ်းနည်းကြေကွဲသွားပြီး ထရပ်လိုက်သည်။ “သွားကြည့်ကြစို့”

သူတို့ရောက်လာသည့်အခါ ဟွာရွှမ်းရှို့သည် ချင်မူ့ကျောကို ပုတ်ပေးရင်း နူးညံ့ညင်သာသော အသံလေးဖြင့် နှစ်သိမ့်ပေးနေကြောင်း တွေ့လိုက်ရသည်။ ယွီချွီးတု၏ ရင်ထဲတွင် နွေးထွေးသွားမိသည်။ သူ ထွက်ပြေးခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်ခဲ့စဉ်က ဟွာရွှမ်းရှို့လေးကား သူ့ကိုလည်း ယခုလို နှစ်သိမ့်ပေးခဲ့ဖူး၏။

ဟွာရွှမ်းရွှီမှာ ဒဏ်ရာရနေသည့် ခွေးကြီးတစ်ကောင်ကို နှစ်သိမ့်ပေးနေသလို ခံစားခဲ့ရလေသည်။

ဝေစွေ့ဖုန်းက တဟားဟား ရယ်လိုက်သည်။ “ကြီးကျယ်ခမ်းနားလှတဲ့ ကောင်းကင်နတ်အရှင်မူ၊ ယောက်ျားတစ်ယောက် ဖြစ်ပြီး ဘာလို့ ကလေးလေးလို ငိုနေရတာလဲ”

ချင်မူက ဝမ်းနည်းမှုကို မြိုသိပ်လိုက်ရင်း ခေါင်းမော့ကာ နှာခေါင်းရှုံ့လိုက်သည်။ “အစ်ကိုကြီး အသုံးမကျ၊ အဖြစ်မရှိလို့ ငိုနေတာလေ… ပါရမီရှိတဲ့ သစ်ပင်တစ်ပင်ကို ထင်းစိုက်ပြီး မီးရှို့ပစ်လိုက်ရတယ်တဲ့… တစ်လောကလုံးက သူရဲကောင်းတွေ သာမန်ဖြစ်သွားတာ တွေးမိလို့ ငိုနေတာ…. ပါရမီရှိတဲ့လူတွေ အလဟဿဖြစ်သွားလို့ ငိုနေတာ”

ဝေ‌စွေ့ဖုန်းမှာ သူ့စကားကြောင့် ဒေါသထွက်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။ “တခြားကိစ္စတွေ ပြောမနေနဲ့… ငါနဲ့ ယွင်ကျန်းလီ မက်မွန်တောအုပ်မှာ မင်းကို မကူညီခဲ့လို့ မင်း မကျေမနပ်ဖြစ်နေတာပါ … ငါတို့က မင်းအပေါ်ကို အကြွေးတင်နေတယ်လို့ မင်း ခံစားရတာမလား… ဒါကြောင့် အမှားလုပ်ခံရသလို ဟန်ဆောင်ရင်း ငါတို့ကို ခြိမ်းခြောက်ချင်နေတာပဲ… မက်မွန်တောအုပ်ထဲမှာ ကောင်းကင်နတ်အရှင်တွေရဲ့ တိုက်ပွဲဖြစ်နေတာလေ… ငါတို့နေခဲ့ရင်တောင်မှ အသုံးဝင်မှာ မဟုတ်ဘူး”

ချင်မူက ခေါင်းရမ်း၍ ထရပ်လိုက်သည်။ သူ၏အကြည့်က ဟွာရွှမ်းရှို့အပေါ် ကျရောက်သွား၏။ “အဲဒီကိစ္စကို ပြောနေတာမဟုတ်ဘူး… ရွှမ်းရှို့သာ အစ်ကိုကြီးရဲ့စကားကို နားထောင်ပြီး ကောင်းမှုသီလတော်၊ တော်ဝင်မီးငှက်နဲ့ ကောင်းကင်အလိုတော်အဆင့်တွေကို မလေ့လာခဲ့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လမ်းစဉ်အသစ် ဖွင့်လှစ်ပေးနိုင်တဲ့ ကောင်းကင်နတ်အရှင်တစ်ပါး လျော့ကျသွားလိမ့်မယ်”

သူက သက်ပြင်းချလိုက်၏။ “အစ်ကိုကြီးရဲ့ စကားတွေကြောင့် ဒီကလေးရဲ့ အနာဂတ် ပျက်စီးတော့မလို့… ကျွန်တော်သာ မမေးခဲ့ရင် သာမန်လူတစ်ယောက်ပဲ ဖြစ်သွားပြီး အသုံးဝင်မှာ မဟုတ်တော့ဘူး… အများဆုံး အစ်ကိုကြီးတို့နဲ့ အတူနေပြီး အင်အားချင်း ယှဥ်ပြိုင်နိုင်ရုံပဲ တတ်နိုင်တော့မှာ… အဲဒီအတွေးကြောင့် ကျွန်တော် ရင်ထဲကနေ ဝမ်းနည်းရတယ်… ဟော့ဒီသမိုင်းတစ်လျှောက်မှာ ပါရမီရှိတဲ့ပုဂ္ဂိုလ်တွေ အစ်ကိုကြီးရဲ့စကားလို မရည်ရွယ်တဲ့ စကားတစ်ခွန်းကြောင့် ဖျက်ဆီးခံခဲ့ရလောက်တာ တွေးမိတော့ မငိုနိုင်ဘဲ ဘယ်နေတော့မလဲ… မင်းမှားနေပြီ၊ မလုပ်နဲ့… အဲ့ဒီလိုစကားမျိုးက အနာကျင်ရဆုံးဗျ”

ထိုစည် ထိုက်ယီကို ချင်မူ တွေးမိသွားသည်။

ချင်မူ ကိုယ်ပိုင်လမ်းစဉ်ကို စွန့်ပယ်၍ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့စဉ်က ထိုက်ယီမှာ ချင်မူ့မျက်လုံးထောင့်မှ စီးကျလာသော မျက်ရည်တစ်စက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစဉ်တုန်းက သူ၏ခံစားချက်ကို ချင်မူ နားလည်သွားလေပြီ။

ဝေစွေ့ဖုန်း၊ ယွင်ကျန်းလီနှင့် အခြားသူများမှာ ဟာရွှမ်းရှို့ကို ကြည့်ရင်း ငေးကြောင်နေကြသည်။

ယွင်ကျန်းလီက စပ်စု၏။ “ကောင်းကင်နတ်အရှင်၊ အဲဒီအဆင့်တွေက တကယ်ရှိတယ်လို့ ပြောချင်တာလား”

ချင်မူက ခေါင်းညိတ်သည်။

ဝေ‌စွေ့ဖုန်းက ခေါင်းခါ၏။ “ငါတို့ စမ်းသပ်ပြီးပြီ တကယ် မရှိဘူး… ဒါပေမဲ့ အရှေ့ကောင်းကင်မုခ်၀၊ အနောက်ကောင်းကင်မုခ်၀နဲ့ မြောက်ကောင်းကင်မုခ်၀တွေကတော့ တကယ် ရှိတယ်… ဒါပေမယ့် အဲဒီ ကောင်းကင်မုခ်၀လေးခုက ကိုယ်ပိုင်အစွမ်းတွေ ရှိကြတော့ အသေးစိတ်ပြောင်းလဲမှုတွေကို နားလည်ဖို့ အချိန်ယူရဦးမယ်”

“ကောင်းမှုသီလတော်၊ တော်ဝင်မီးငှက်နဲ့ ကောင်းကင်အလိုတော်... အဲဒီအဆင့်သုံးခု တကယ်ရှိတယ်”

ချင်မူက ရှင်းပြ၏။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က ကောင်းကင်နတ်ဧကရာဇ် ဖန်တီးထားတာ…. ဒါပေမဲ့ အဲဒါက အစပဲ ရှိသေးတယ်…. နဂါးဟန်ခေတ်ပြီးမှ ကောင်းကင်နန်းဆောင်တွေ ဖြည့်စွက်နိုင်ခဲ့တာ…. ဒီနေ့အထိ အဲဒီကောင်းကင်နတ်ဘုံတစ်ခုလုံးကို ဖြည်းဖြည်းချင်း ဖြည့်ထားခဲ့ကြတယ်… ဒါပေမဲ့ အမှန်တကယ် ကျင့်ကြံဖူးတဲ့သူ တစ်ယောက်မှ မရှိသေးဘူး”

ဝေစွေ့ဖုန်းနှင့် ယွင်ကျန်းလီက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ဝေစွေ့ဖုန်းက မေး၏။ “ဒါဆိုရင် အဲ့ဒီအဆင့်သုံးဆင့် ရှိတယ်လို့ ဘာကြောင့် ပြောတာလဲ”

“တာအိုကျင့်စဉ်စနစ်ကြောင့်ပဲ”

သူတို့မှာ အံ့အားသင့်သွားကြသည်။ ယွီချွီးတုမှာ မူးဝေလာပြီး ချင်မူ့အတွေးများကို လိုက်မမှီတော့သလို ခံစားလာရတော့သည်။

“ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က သိုင်းအခြေခံ၊ မှော်စွမ်းအင်နဲ့ ခွန်အားကို အားစိုက်တယ်…. တာအိုအပေါ် သိမြင်နားလည်မှု တစ်ခုမှ မပါဘူး… အဲဒါကို အားလုံး သတိထားမိကြတယ်မလား”

ချင်မူက အေးအေးလူလူ ဆက်ရှင်းပြသည်။ “တာအိုကျင့်စဉ်စနစ်ကတော့ တာအိုအပေါ် သိမြင်နားလည်မှုကို အရေးထားတာပဲ... ဒီတော့ မေးစရာရှိတာက ကောင်းကင်နန်းဆောင်စနစ်မှာ တာအိုအပေါ် သိမြင်နားလည်မှု တကယ်ပဲ မရှိတာလားပေါ့... ကျွန်တော့်အမြင်အရ ကောင်းကင်မုခ်၀လေးခုဆိုတာ လမ်းစဉ် ဒါမှမဟုတ် တာအိုထဲ ဝင်ရောက်နိုင်ဖို့ မုခ်၀တွေပဲ …ကောင်းကင်မုခ်၀လေးခုကို ဖြတ်ပြီးတာနဲ့ တာအိုရသွားပြီ … ဒါဟာ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ရဲ့ အစစ်အမှန် အနှစ်သာရပဲ…. ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားခဲ့လို့ ဘယ်သူကမှ ဒီအစစ်အမှန်အနှစ်သာရကို မဖော်ထုတ်နိုင်ခဲ့ဘူးလေ .. အဲဒါကြောင့် စွမ်းအားကိုပဲ ဗဟိုပြုတဲ့ ကျင့်စဉ်စနစ်မှာ လျှောက်လှမ်းနေကြတာ”

ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်သွား၏။ “ငါ့ရဲ့မူလဝိညာဥ် တခြားကောင်းကင်မုခ်၀ သုံးခုကို ဖြတ်သွားကြည့်တုန်းက တကယ်ပဲ ထူးဆန်းတာ တစ်ခု ခံစားခဲ့ရတယ်… ဒါပေမဲ့ ကောင်းမှုသီလတော်မုခ်ဝ၊ တော်ဝင်မီးငှက်မုခ်ဝနဲ့ ကောင်းကင်အလိုတော်မုခ်ဝတို့မှာတော့ သိမြင်နားလည်သလို မခံစားခဲ့ရဘူး”

“ဘာကြောင့်ဆိုရင် ကောင်းကင်နတ်ဘုံရဲ့ အဲဒီမုခ်၀သုံးခုက အတုတွေမလို့ပဲ… အပေါ်ယံပဲရှိတာ အမှန်တကယ် မရှိကြဘူး”

ချင်မူက စိတ်လှုပ်ရှားလာသည်။ “အဲဒါတွေက အတုဖြစ်ရုံတင် မကဘူး … ‌တောင်ကောင်းကင်မုခ်၀လို ကောင်းကင်မုခ်၀လေးခုမှာတောင် အစစ်အမှန် ကောင်းကင်မုခ်ဝလေးခုရဲ့ မဟာတာအိုနိယာမတွေ မပါဘူး… တကယ့်အစစ်တွေက ဘိုးဘေးနန်းတော်ထဲမှာ… နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ ကျောက်စိမ်းမြို့တော်တို့ကလည်း ဘိုးဘေးနန်းတော်မှာပဲ”

ယွင်ကျန်းလီနှင့် ဝေစွေ့ဖုန်းတို့မှာ အတွေးနက်နေကြသည်။

“တာအိုကျင့်စဉ်စနစ်နဲ့ ကောင်းကင်နန်းဆောင်စနစ်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်တဲ့သူ ရှိလာလို့ကတော့ … အဲဒီလူက ကောင်းကင်နတ်အရှင်တစ်ပါးမဟုတ်ရင် ဘယ်သူများ ဖြစ်မလဲ”

ချင်မူက အင်္ကျီလက်စများကို ခါလိုက်ရင်း အေးစက်စွာ ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ဟွေ့ကလွဲပြီး ကျန်တဲ့သူတွေက အံ့မခန်းလိလိ စွမ်းအားကို ပိုင်ဆိုင်ထားကြပေမယ့် ကျင့်စဉ်စနစ်တွေနဲ့ ပတ်သက်လာရင် ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်မှု မရှိဘူး”

“ကျွန်တော်ပြောနေတဲ့ ကောင်းကင်နတ်အရှင်ဆိုတာက နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ခုနစ်ပါး၊ ခိုင်ဧကရာဇ်လို တာအိုစနစ်ကို ဖွင့်ခဲ့ပေးတဲ့ ပုဂ္ဂိုလ်... ကောင်းကင်နတ်မြစ်ရတနာကို ဖွင့်ခဲ့တဲ့ ရှုရှန်းဟွာလို ပုဂ္ဂိုလ်၊ ဘိုးဘေးနန်းတော်အဆင့်ကို ဖွင့်ခဲ့တဲ့ ကျွန်တော့်လို ပုဂ္ဂိုလ်ပဲ”

“ပြီးတော့ တာအိုဒဿနတက္ကသိုလ်မှာ အဲ့လိုပုဂ္ဂိုလ်တစ်ယောက် ရှိနေတယ်”

သူ၏အကြည့်သည် ဟွာရွှမ်းရှို့အပေါ် ကျရောက်သွား၏။

လူတိုင်းကလည်း သူမကို ကြည့်လိုက်မိကြသည်။ ကလေးမမှာ အလန့်တကြားဖြင့် ထခုန်မိသောကြောင့် မြေပြင်ပေါ်တွင် ပစ်ချခဲ့သည့် ပေါင်ရိုးကို ဝင်တိုက်မိသွားသည်။

“မိုးကောင်းကင်က ဆောင်မလို့သာပေါ့ သူ့ရဲ့အတွေးတွေက ခင်ဗျားတို့အတွေးတွေလို အနှောင်အဖွဲ့တွေ၊ အကန့်အသတ်တွေ၊ စည်းဘောင်တွေ ရှိမနေဘူး”

ချင်မူက အေးအေးလူလူ ဆက်ပြောသည်။ “ကျွန်တော်သာ နှစ်နည်းနည်း နောက်ကျပြီးမှ ရောက်လာခဲ့ရင် သူက လူတိုင်းလို၊ ခင်ဗျားတို့လို သာမန်လူတွေ ဖြစ်သွားမှာ “

ဝေစွေ့ဖုန်း၊ ယွင်ကျန်းလီနှင့် ယွီချိန်ကျစ်တို့မှာ သာမန်လူဟု အဆူခံလိုက်ရသဖြင့် မကျေနပ်ကြသော်လည်း ဟွာရွှမ်းရှို့၏ ဖန်တီးနိုင်စွမ်းအား နှောင့်နှေးစေလုနီးပါး ဖြစ်စေမိသည်ကိုတော့ ဝန်ခံရပေမည်။

တခြားတစ်ဖက်တွင် ယွီချွီးတုမှာ ပျော်ရွှင်ဝမ်းမြောက်နေသည်။ သူသည် ဟွာရွှမ်းရှို့၏ ဆရာဖြစ်သည့်အတွက် ဤကလေးမလေးကို နေ့တိုင်း သင်ကြားပေးခဲ့ကာ သူမ၏ တိုးတက်မှုနှင့် အလားအလာအား အတော်လေး အလေးအနက် ထားခဲ့၏။

“ဟွာရွှမ်းရှို့အပြင် တာအိုဒဿနတက္ကသိုလ်မှာ ကောင်းကင်နတ်အရှင်တစ်ပိုင်း ရှိသေးတယ်…. ကျန်တဲ့ ကောင်းကင်မုခ်ဝသုံးခုကို ဖွင့်ခဲ့တဲ့ နတ်ဘုရားက ဘယ်သူလဲ”

ချင်မူမှာ သိချင်စိတ်ပြင်းပြလာသည်။ “ဒီလူက အဆင့်တစ်ဝက်ကို ဖွင့်နိုင်ခဲ့တော့ ကောင်းကင်နတ်အရှင်တစ်ပိုင်းလို့ ခေါ်လို့ရတယ်”

“အဲဒါက မင်းသားယိုမင်းနဲ့ ဝမ်ယွမ်ပေါ့.. သူတို့နှစ်ယောက်သား အဘွားစစ်ဆီကနေ ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေကို သင်ခဲ့ကြတုန်းက လုပ်ခဲ့ကြတာ”

ယွီချိန်ကျစ်က ရှင်းပြသည်။ “အဘွားစစ်က တာအိုစနစ်ကို လေးလေးနက်နက် သိမြင်နားလည်ထားတယ်… ဝမ်ယွမ်နဲ့ မင်းသားယိုမင်းလည်း သူ့ဆီကနေ တာအိုစနစ် ကောင်းကင်နတ်သိုင်းတွေအပြင် မြောက်နတ်မင်းရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေကိုလည်း သင်ယူပြီးပြီ… ဝမ်ယွမ်အတွက် မြောက်နတ်မင်းရဲ့ ကောင်းကင်နတ်သိုင်းကို အမြင့်ဆုံးအထိ ထုတ်လွှတ်ဖို့ အမြဲခက်ခဲ့တယ်.. မင်းသားယိုမင်းက သူ့ကို ပြန်သင်ပေးခဲ့ပေမယ့် ထူးဆန်းတာက မင်းသားယိုမင်းလည်း မြောက်နတ်မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေကို အမြင့်ဆုံးအထိ မထုတ်လွှတ်နိုင်ဘူး… အဘွားစစ်က သွေးဆက်ကြောင့် ဖြစ်တာထင်လို့ မင်းသားယိုမင်းရဲ့ သွေးကို ယူပြီးတော့တောင် စမ်းသပ်ကြည့်ခဲ့သေးတယ်… နောက်ဆုံးမှာတော့ ပြဿနာက သွေးဆက်ရော၊ ကျင့်စဉ်မှာရော မဟုတ်တာ တွေ့ခဲ့ရတယ်… သုံးယောက်သား အကြာကြီး စဉ်းစားခဲ့ပြီးတော့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်မှာ တစ်ခုခုလိုအပ်နေတဲ့အကြောင်း တွေ့လိုက်ရတာပဲ”

ချင်မူက နားထောင်ရင်း မေးလိုက်သည်။ “ဝမ်ယွမ် ... ဘယ်ဝမ်ယွမ်လဲ””

ယွီချိန်ကျစ်မှာ အံ့အားသင့်သွားသည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေ… မင်းက ဂိုဏ်သခင်ဟောင်း ဖြစ်ပြီး မသိဘူးလား”

“ငါက ဂိုဏ်းသခင်ဟောင်း ဖြစ်သွားတာလား”

ချင်မူမှာ ကြောင်စီစီဖြင့် ဝေစွေ့ဖုန်းဆီသို့ ခက်ခက်ခဲခဲ လှမ်းကြည့်လိုက်သည်။ “အစ်ကိုကြီး၊ ကျွန်တော် ဘယ်တုန်းက ကန်ထုတ်ခံလိုက်ရတာလဲ… ဘာလို့ ကျွန်တော်က ဒီကိစ္စကို မသိရတာလဲ”

All Chapters