← Chapters

ဂိုဏ်းသခင်ဟောင်း၊ ဂိုဏ်းသခင်လေး

Vol. 103 Ch. 1351

ဂိုဏ်းသခင်ဟောင်း၊ ဂိုဏ်းသခင်လေး

Vol. 103 Ch. 1351

“အဟမ်း အဟမ်း”

ဝေစွေ့ဖုန်းက ချောင်းဟန့်နေသည်။ သူသည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းချုပ် ဖြစ်သည့်အပြင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ အမှန်တကယ်ပင် ချင်မူ့ကို ဂိုဏ်းသခင်အသစ်အကြောင်း အသိမပေးခဲ့ပေ။

ချင်မူက သူ့ကို စိုက်ကြည့်နေသဖြင့် ဝေစွေ့ဖုန်းမှာ အချိန်အတော်ကြာသည်အထိ ချောင်းဆက်ဆိုးနေသည်။ ချောင်းဆိုးလွန်းရဿဖြင့် သွေးအန်လုဆဲဆဲပင် ဖြစ်နေသော်လည်း ရှောင်မထွက်နိုင်တော့သဖြင့် ပြောလိုက်၏။ “မင်း ကန်ထုတ်မခံရပါဘူးကွာ.… အခုလို လတ်လတ်ဆတ်ဆတ် အကောင်းကြီး ရှိနေသေးတာပဲမလား”

ချင်မူသည် ဆူပုပ်နေသော မျက်နှာကြီးဖြင့် သူ့အား စိုက်ကြည့်နေ၏။ “ကျွန်တော်က အခုမှ ဆယ့်ခုနစ်နှစ် ပြည့်ရုံ‌လေး ရှိသေးတယ် ဂိုဏ်းသခင်ဟောင်း ဖြစ်သွားပြီတဲ့လား… ဘယ်တုန်းက ကျွန်တော့်ကို ဖယ်ချလိုက်ကြတာလဲ… အနည်းဆုံးတော့ ပြောပြမှပေါ့”

ယွီချိန်ကျစ်က အခြေအနေကို ကြည့်လျက် ရေငုံနှုတ်ပိတ်နေပြီး မည်သည်မှမပြောပေ။ ‘ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဂိုဏ်းသခင်အသစ် တင်မြှောက်တဲ့ကိစ္စ ဂိုဏ်းသခင်ဟောင်းကို အသိမပေးဖူးတဲ့လား… တခြားဂိုဏ်းသာဆိုရင် ကွဲသွားတာ ကြာပေါ့… ဒါက သူတို့ရဲ့ အတွင်းရေးကိစ္စဆိုတော့ ငါ ဝင်ပြောလို့မရဘူး’

ဝေစွေ့ဖုန်းမှာတော့ ကူကယ်ရာမဲ့နေသည်။ “ဂိုဏ်းသခင် တင်မြှောက်လိုက်တဲ့ ကိစ္စက စံအိမ်သခင်တွေ၊ အကြီးအကဲတွေ၊ ကောင်းကင်နတ်မင်းတွေ၊ အစောင့်အရှောက်တွေနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်တွေလည်း ဆုံးဖြတ်ခဲ့ကြတာလေ… ဂိုဏ်းသခင်ဟောင်းတွေကလည်း အသိအမှတ်ပြုကြတယ်… ကောင်းကင်နတ်မယ်စစ်ယိုယိုကလည်း ခေါင်းညိတ်တယ် … ငါ့ဆီကိုတော့ အကြံလာတောင်းကြတာပေါ့… ငါလည်း ခေါင်းညိတ်ခဲ့တယ်…”

ချင်မူက ဒေါသတကြီး အော်လိုက်၏။ “ဒါပေမဲ့ ကျွန်တော်က အရှင်လတ်လတ်ကြီး ရှိသေးတယ်လေဗျာ… ဂိုဏ်းသခင်အသစ် တင်မြှောက်တာ ကျွန်တော့်ကို အရင်ဆုံး အသိပေးသင့်တယ် မထင်ဘူးလား”

“မင်း သေလား၊ ရှင်လား ဘယ်သူမှ မသိဘူးလေ… ဘယ်ရောက်နေမှန်းတောင် မသိကြဘူး”

‌ဝေ‌စွေ့ဖုန်းမှာလည်း ဒေါသထွက်သွားပြီး ဆူတော့သည်။ “ဂိုဏ်းသခင်ဖြစ်လာပြီးကတည်းက မင်းက ဂိုဏ်းကပ်လို့လား... ခြေဦးတည့်ရာ လျှောက်သွားနေတာလေ… ဘယ်တုန်းက အေးဆေးနေနိုင်လို့လဲ ... သေကြောင်းကြံနေတာကျလို့… ဂိုဏ်းကိုရော ပြန်လာဖူးလို့လား ... မင်း ပျောက်သွားတော့ ရှင်တစ်ဝက်၊ သေတစ်ဝက် ဖြစ်နေပြီလို့ အကုန်ထင်ကြတာကွာ... မင်း ပေါ်လာမှ သေမသေ အတည်ပြုနိုင်ကြမှာလေ… ဂိုဏ်းသခင် တင်မြှောက်ဖို့ မင်း သေတာ ထိုင်စောင့်နေလို့မှ မရတာကွ”

ချင်မူက မြည်တွန်တောက်တီးသည်။ “အဲ့လိုဆိုတော့လည်း အဲလိုပေါ့… ဘာလို့ အစ်ကိုကြီးက ဒေါသထွက်နေရတုန်း… ဒါပေမယ့်လည်း အနည်းဆုံးတော့ ကျွန်တော့်ကို အသိပေးသင့်တာပေါ့”

ဝေစွေ့ဖုန်းက နှာခေါင်းရှုံ့လိုက်သည်။ “မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်လာတိုင်း ဂိုဏ်းဆီ ခြေဦးတောင် လှည့်ဖူးလို့လား… အစတုန်းက စံအိမ်သခင်တွေက ဂိုဏ်းသခင်အသစ် ခန့်ချင်ခဲ့ကြတာမဟုတ်ဘူး.. ဒါပေမဲ့ မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ရောက်တာနဲ့ အရိပ်တောင် မြင်ရမယ်မရှိဘူး ပြန်ထွက်သွားတတ်တော့ ဂိုဏ်းရဲ့ အရေးကိစ္စတွေကို အာရုံမစိုက်ဘူးလေ… ငါ ပြန်လာတုန်းက သူတို့ ငါ့ဆီ လာပြီး ယာယီဂိုဏ်းသခင် လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်… ငါ မလုပ်ချင်ခဲ့ဘူး… ဒါကြောင့် သူတို့အားလုံးက ယာယီဂိုဏ်းသခင်နေရာအတွက် ဂိုဏ်းသခင်အသစ်တစ်ယောက် ခန့်လိုက်တာပဲ.. မင်းလည်း ဒီဂိုဏ်းသခင်လေးနဲ့ ရင်းနှီးပါတယ်”

ချင်မူ ရင်ထဲတွင် လှုပ်ရှားသွားသည်။

ဝေစွေ့ဖုန်းက အဘွားစစ်နှင့် ဝမ်ယွမ်အား ဖိတ်ခေါ်ရန် လူတချို့ကို အမိန့်ပေးလိုက်၏။ တခဏကြာသော် အဘွားစစ်သည် ဖြူစွတ်နေ‌သော သွားများ၊ နီရဲရဲနှုတ်ခမ်းသားများကို ပိုင်ဆိုင်ထားသည့် ခပ်ချောချော လူငယ်တစ်ဦးနှင့်အတူ ရောက်လာ၏။ ချင်မူက အပြေးလေး သွား၍ နှုတ်ဆက်လိုက်သည်။ “မတွေ့ရတာ ကြာပြီနော် ဂိုဏ်းချုပ်”

လူငယ်သည် ပြုံး၍ ပြော၏။ “ဂိုဏ်းသခင်၊ ဒီလို ရိုရိုကျိုးကျိုးနေရာ မလိုတော့ဘူး... ငါက အခု ဂိုဏ်းသခင် ဖြစ်သွားပြီ… မင်းက ဂိုဏ်းသခင်ဆိုတော့ နာမည်အရ ငါက မင်းရဲ့ တပည့်ပါပဲ”

ချင်မူမှာ ကြောင်အသွားတော့သည်။

ဤလူငယ်သည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ လူငယ်ဂိုဏ်းချုပ်ပင် ဖြစ်ချေ၏။ သူ မသိလိုက်သော အချိန်တစ်ချိန်တွင် လူဝင်စား၍ လူငယ်တစ်ယောက်ပင် ဖြစ်လာခဲ့ချေပြီ။ ထိုမျှသာမက သူ၏တပည့်ဟုပင် ဆိုရမည်တဲ့လော။

အဘွားစစ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြုံးလိုက်သည်။ “ဝမ်ယွမ်ကလေ တာအိုဒဿနတက္ကသိုလ်မှာလည်း သိပ်တော်တာ… ဒါပေါ့ ငါကတော့ မူအာရဲ့ ဆရာလည်းဖြစ်၊ သူ့ရဲ့ ဆရာလည်း ဖြစ်သွားတာပေါ့”

သူမသည် စိတ်ထဲတွင် အတော်လေး ဂုဏ်ယူနေမိ၏။

ယခင်က ဝမ်ယွမ်သည် သူမ၏ဆရာသဖွယ် ဖြစ်ခဲ့သော်လည်း လူငယ်တစ်ဦး၏ ရုပ်ရည်သာ ရှိခဲ့သောကြောင့် အမြဲလူငယ် ဂိုဏ်းချုပ်ဟု ခေါ်ခဲ့ရသည်။ ယခုတော့ ကံကြမ္မာဘီးမှာ တပတ်လည်လာလေပြီ။ သူမကား ဝမ်ယွမ်ထက် အကြီး ဖြစ်လာခဲ့သည်။

အားလုံး အတိတ်ကို ပြန်တွေးနေကြစဉ် အဘွားစစ်က စိတ်အားထက်သန်စွာ ပြော၏။ “ဝမ်ယွမ်, ဂိုဏ်းသခင်ဟောင်းကို မြန်မြန် ရှင်းလင်းဖယ်ရှားနိုင်ရင် နင် ဂိုဏ်းသခင်အစစ် ဖြစ်လာလိမ့်မယ်”

ချင်မူက ခပ်ဟဟ ရယ်သည်။ “ဒီဘဝမှာ မျှော်လင့်လို့မရတော့ဘူး…”

အဘွားစစ်၏ မျက်စောင်းတစ်ချက်က သူ့ဆီ ရောက်လာသဖြင့် ချင်မူမှာ ချက်ချင်း ပါးစပ်ပိတ်သွား၏။

ယွီချိန်ကျစ်က ချောင်းဟန့်၍ ပြောသည်။ “အားလုံးပဲ စကားဆက်ကြတာပေါ့”

သူက တခဏမျှ ရပ်လိုက်၏။ “အဘွားစစ်၊ ဝမ်ယွမ်နဲ့ မင်းသားယိုမင်းက အချိန်ပေး လေ့လာခဲ့ပြီးနောက်ပိုင်း ပြဿနာက တောင်ကောင်းကင်မုခ်ဝကနေ ကောင်းကင်နန်းဆောင်ဆီ ဖြတ်သန်းတဲ့ အချိန်မှာလို့ ခံစားခဲ့ကြရတယ်.. ဒါကြောင့် မြောက်ကောင်းကင်မုခ်၀ကို သူတို့ရဲ့ မူလဝိညာဉ်နဲ့ ဖြတ်သန်းကြည့်ပြီး စမ်းသပ်ခဲ့ကြတယ်… သူတို့ရဲ့ မူလဝိညာဉ်တွေ မြောက်ကောင်းကင်မုခ်၀ကို ဖြတ်ပြီးတဲ့အခါ လမ်းစဉ်အများကြီး သိမြင်နားလည်ခဲ့တဲ့အတွက် မြောက်နတ်မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေကို အသက်သွင်းနိုင်ခဲ့ကြတယ်… အဘွားစစ်၊ ဝမ်ယွမ် ဟုတ်တယ်မလား”

အဘွားစစ်နှင့် လူငယ်ဝမ်ယွမ်က ခေါင်းညိတ်လိုက်သည်။

“ငါတို့ဒီကိစ္စကို တာအိုဒဿနတက္ကသိုလ်က တခြားသူတွေဆီ ပြောပြီးပြီ… ဒါကြောင့် သူတို့တွေလည်း စမ်းကြည့်ကြတော့ ကောင်းကင်မုခ်၀လေးခုရဲ့ လုပ်ဆောင်ချက်တွေကို ဖြည်းဖြည်းချင်း အဖြေထုတ်လာနိုင်ခဲ့တာပဲ” အဘွားစစ်က ဆက်ပြော၏။

ယွီကျစ်ချိန်က ပြောသည်။ “အခု ကောင်းကင်မုခ်၀လေးခုကို တာအိုဒဿနတက္ကသိုလ်က နတ်ဘုရားတွေ ပြည့်စုံအောင် ဖော်ထုတ်ပြီးသလောက် ရှိနေပြီ… နည်းနည်းပဲ ထူးဆန်းနေတာ… လူတော်တော်များများက ကောင်းကင်မုခ်၀လေးခုကို ဖြတ်သန်းပြီးသွားရင် တာအိုကို နားလည်နိုင်ကြပေမယ့် လမ်းစဉ် မဝင်ရောက်နိုင်ကြဘူး… လမ်းစဉ်ဝင်ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေက နိမ့်လွန်းတယ်… နတ်ဘုရားတစ်ရာမှာ တစ်ပါး၊ နှစ်ပါးလောက် ဝင်ရောက်နိုင်ရင်တောင် အံ့သြဖို့ကောင်းနေပြီ… နောက်ဆုံးတော့ ကိုယ့်ပါရမီပေါ်မှာပဲ မူတည်နေတာ”

ချင်မူက တိတ်ဆိတ်စွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ကောင်းကင်မုခ်၀လေးခုကား အဘွားစစ်နှင့် မင်းသားယိုမင်းတို့ တီထွင်ခဲ့ခြင်းမဟုတ်ဘဲ တာအိုဒဿနတက္ကသိုလ်မှ ဉာဏ်ကြီးရှင်များ ပူးပေါင်း၍ ဖန်တီးခဲ့ကြခြင်းပင်။

အဘွားစစ်၊ လူငယ် ဝမ်ယွမ်နှင့် မင်းသားယိုမင်းတို့မှာ ဦးဆောင်သူများ ဖြစ်ကြသည်။ သူတို့သည် မူလတောင်ကောင်းကင်မုခ်ဝအပေါ် အခြေခံ၍ တောင်ကောင်းကင်မုခ်၀၏ လိုအပ်ချက်များကို ဖာထေးပေးနိုင်ခဲ့ကြ၏။

သူတို့ကို ကောင်းကင်နတ်အရှင်တစ်ပိုင်းများဟု သတ်မှတ်၍မရသော်လည်း ထိုသို့ ဦးဆောင်တီထွင်နိုင်ခြင်းမှာ ပေါ့သေးသေး ကိစ္စရပ်တော့ မဟုတ်ပေ။

တာအိုဒဿနတက္ကသိုလ်ရှိ ပုဂ္ဂိုလ်များ၏ အနာဂတ်ကား ထွန်းလင်းတောက်ပနေသည်။ အဘွားစစ်နှင့် မင်းသားယိုမင်းအား တာအိုကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ပေါင်းစည်းခဲ့သည့် ဉာဏ်ကြီးရှင်များဟု သတ်မှတ်နိုင်ပေ၏။ သူတို့၏ကောင်းမှုက အနာဂတ် ကျင့်စဉ်စနစ်များတွင် သိသိသာသာ နေရာယူလာကြလိမ့်မည်။

အနာဂတ်ကျင့်စဉ်စနစ်အတွက် သူတို့၏အားထုတ်မှုကား တာအိုဘိုးဘေးကြီးနှင့် ဗြဟ္မဗုဒ္ဓအောက် လျော့နည်းမနေပေ။

“တာအိုဒဿနတက္ကသိုလ် လိုအပ်တာက အမြင်ပဲ”

ချင်မူက စကားစရပ်၍ ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ “ဟွာရွှမ်းရှို့၊ အဘွားစစ်၊ ဝမ်ယွမ်၊ မင်းသားယိုမင်းနဲ့ ကောင်းကင်မုခ်၀လေးခု ကျင့်စဉ်စနစ်မှာ ကူညီပါဝင်ခဲ့တဲ့သူတွေအားလုံး ဒီတစ်ခေါက် ကျွန်တော်နဲ့အတူ ဘိုးဘေးနန်းတော်ဆီ လိုက်ခဲ့ကြပါ”

ဝေစွေ့ဖုန်း၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပသွားပြီး သူ၏ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။

ချင်မူက သူ့ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ “အစ်ကိုကြီးက ကောင်းကင်မုခ်၀လေးခု ကျင့်စဉ်စနစ်မှာ ပါဝင်ကူညီခဲ့လို့လား”

“ဒါပေါ့ကွ”

ဝေ‌စွေ့ဖုန်းက စပ်ဖြဲဖြဲ ရယ်၏။ “ငါက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ခဲ့တာလေ…. စစ်ယိုယိုက ငါ့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ဟောင်း…. ဝမ်ယွမ်က အသိပညာတွေ ဖြန့်ဝေပေးခဲ့တဲ့ လူငယ်ဂိုဏ်းချုပ်၊ ဟွာရွှမ်းရှို့က ငါ့တပည့်ရဲ့ တပည့် ... အင်း ငါ့တပည့်က နည်းနည်းတော့ တုံးတယ်... ငါသာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို မတည်ထောင်ခဲ့ရင် ‌ကောင်းကင်နတ်မယ်၊ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းသခင်ဆိုတာ ရှိမှာတောင် မဟုတ်ဘူး”

ချင်မူ့အရှိန်အဝါမှာ ခေါင်းတစ်လုံးစာ နိမ့်ကျသွားပြီး သူက မကျေမနပ် ရေရွတ်လိုက်သည်။ “အစ်ကိုကြီး လိုက်ချင်တယ်ဆိုလည်း လိုက်ခဲ့ပေါ့… ဘာမဟုတ်တာလေးတွေ ထုတ်ပြောနေစရာ မလိုပါဘူး… ကျွန်တော်တို့ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ကြီးသူကို ရိုသေပြီး ငယ်သူကို ညှာတာနေကြ… အလွန်ဆုံးမှ ဂိုဏ်းသခင်အသစ်က ဂိုဏ်းသခင်ဟောင်းကို ဖယ်ရှားပစ်ရုံပဲ ရှိတာပါ...”

အားလုံး ထွက်ခွာရန် အသင့်ဖြစ်နေကြသည်။ ယခုတွင် ကမ္ဘာဦးဘုံ၏ အခြေအနေမှာ တည်ငြိမ်နေသည့်အလျောက် တာအိုဒဿနတက္ကသိုလ်ရှိ ပညာရှင်များအနေဖြင့် ဤနေရာတွင် တစ်သက်လုံး ကျောက်ချထားစရာ မလိုပေ။ ချင်မူ့နောက်မှ ဘိုးဘေးနန်းတော်သို့ လိုက်၍ ကမ္ဘာလောကကြီးအား ကြည့်ရှုနိုင်ခြင်းက စိတ်လှုပ်ရှားဖွယ်ရာကောင်းလိမ့်မည်။

သို့သော် ချင်မူသည် သူတို့ကို ချက်ချင်းခေါ်မသွား‌ပေ။ ထိုအစား ရွာလူကြီး ကောင်းကင်နတ်အရှင်ရုံဆီမှ ပြန်လာသည်အထိ ရက်အနည်းငယ် စောင့်နေ၏။ ရွာလူကြီးက ဆေးဆရာကိုပင် ပြန်ခေါ်လာလေသည်။

“ကောင်းကင်နတ်အရှင်ရုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိသမျှလူတိုင်းကို စစ်ဆေးခဲ့တော့ အချိန်အတော်ကြာသွားတယ်”

ရွာလူကြီးက ချင်မူ့အား စာအုပ်လေးတစ်အုပ် ပစ်ပေးလိုက်၏။ “ဒါက ကောင်းကင်နတ်အရှင်ရုံ စစ်ဆေးထားတဲ့ ရလဒ်ပဲ… အဲဒီထဲမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ လူဝင်စားဖြစ်နိုင်တဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက သိုင်းပညာရှင်တွေနဲ့ နတ်ဘုရားတွေ ပါတယ်… ဆေးဆရာ၊ ရေနွေးကြမ်းသောက်ကြစို့လား”

နှစ်ယောက်သား ထိုင်၍ ရေနွေးအိုးတည်ရင်း ချင်မူ့ဘက်သို့ မကြာမကြာ လှမ်းကြည့်နေကြသည်။

ချင်မူလည်း စိတ်ကိုတည်ငြိမ်စေလိုက်ပြီး ကောင်းကင်နတ်အရှင်ရုံ၏ စာအုပ်ကို ဖွင့်ဖတ်လိုက်၏။ သူ၏မျက်နှာအမူအရာမှာ ဖြည်းဖြည်းချင်း တည်ကြည်လေးနက်လာသည်။

စာအုပ်ပေါ်တွင် ကောင်းကင်နတ်အရှင်ရုံ၏ လက်ရေးက နေရာယူထားသည်။ ပထမဆုံး စာမျက်နှာတချို့တွင် ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ နာမည်များဖြစ်သော ဟောင်၊ ရှောင်၊ ဟုန်၊ ကျူ၊ လန်၊ ဟွေ့၊ ကုန်း၊ ယန်၊ ချန်း၊ ရှုတို့ကို ရေးထားသည်။ ၎င်းတို့အနောက်တွင်တော့ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် တူသည့် လူဝင်စား နှစ်ယောက်မှ သုံးယောက် နာမည်များ ရှိကြသည်။

ကောင်းကင်နတ်အရှင်တိုင်းတွင် လူဝင်စားကိုယ်စီ ရှိကြ၏။ ပြုပြင်ပြောင်းလဲမှုကို အများဆုံး ဆန့်ကျင်ခဲ့သည့် ကောင်းကင်နတ်အရှင်ဟုန်နှင့် ကောင်းကင်နတ်အရှင်ဟွေ့ပင် ပါဝင်သည်။

ချင်မူ့ကြောင့် သေသွားခဲ့သော ကောင်းကင်နတ်အရှင်ရှောင်ပင်လျှင် ယခုတွင် လူဝင်စားအသစ် ရထားချေပြီ။ တို့လူဝင်စားက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လွန်ခဲ့သော နှစ်လ၊ သုံးလခန့်တုန်းက မွေးဖွားခဲ့သည့် ကလေးငယ်တစ်ဦးဖြစ်သည်။

မှန်ပါသည်။ ကောင်းကင်နတ်အရှင်ရုံ၏ လက်ရေးများကို တစ်ထစ်ချ ယုံကြည်၍တော့ မရပေ။ ထိုကောင်းကင်နတ်အရှင်များ၏ မှော်စွမ်းအင်မှာ အားကောင်းလွန်း‌သည့်အပြင် ယိုတုမဟာတာအိုကိုလည်း ကျွမ်းကျင်ကြသဖြင့် ကောင်းကင်နတ်အရှင်ရုံပင်လျှင် အာမ,မခံရဲချေ။ ထိုမျှသာမက ကောင်းကင်နတ်အရှင်ရုံနှင့် အခြားသူများကို လှည့်စားရန် ပြင်ဆင်ထားသည့် ထောင်ချောက်များလည်း ရှိနိုင်သည်။

“ငကြောက်တွေ…”

ချင်မူမှာ စာအုပ်အနောက်တွင် စာမျက်နှာ ဆယ်ရွက်ကျော် ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ သူက ၎င်းတို့အားလုံးကို လှန်လျောဖတ်ကြည့်ရင်း ငေးကြောင်သွားတော့သည်။

All Chapters