ယောက်ျားတွေများ သစ္စာကို မရှိဘူး
Vol. 103 Ch. 1352
စာအုပ်အနောက်ပိုင်းရှိ စာမျက်နှာများမှာ အနောက်နတ်မင်း၊ အရှေ့နတ်မင်းနှင့် မြောက်နတ်မင်းကဲ့သို့ ရှေးဟောင်းနတ်ဘုရားများ၏ လူဝင်စားများ ဖြစ်ကြသည်။ ထိုရှေးဟောင်းနတ်ဘုရားများအပြင် ကောင်းကင်နတ်ဘုံမှ အင်အားကြီးပုဂ္ဂိုလ်များ၏ လူဝင်စားများလည်း ရှိကြသဖြင့် များပြားလှ၏။
ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ထိုမျှမောက်မာဝင့်ကြွားကြသည့် ပုဂ္ဂိုလ်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုအပေါ် အမြဲအထင်သေးခဲ့သည့်အပြင် ဖျက်စီးမှုများပင် ပြုလုပ်ခဲ့ကြဖူး၏။ အပြစ်မဲ့သော တိုင်းသူပြည်သားများအပေါ် ဖိအားပေး၍ နှိပ်စက်တတ်ပြီး သူတို့၏တပည့်များကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုနှင့် မထိတွေ့အောင် တားမြစ်ထားကြသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုနှင့် ထိတွေ့ပတ်သက်သူတိုင်းသည် သတ်ဖြတ်ခံကြရ၏။
သူတို့ကိုယ်တိုင်ကမူ ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို လူဝင်စားအဖြစ် ခွဲထုတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ တိတ်တဆိတ် စေလွှတ်ရင်း ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များကို ခံစားနေကြချေသည်။
ကြောင်သူတော် ကြွက်သူခိုးများပင်။
သူတို့ထက် မျက်နှာပြောင်တိုက်နိုင်သည့် သူများကို ရှာတွေ့နိုင်မည်မဟုတ်။
“အစောကြီးတည်းက လှေနံနှစ်ဖက် နင်းနေကြတာပဲ… သူတို့နိုင်သွားရင်ကတော့ ကိစ္စမရှိဘူး”
ချင်မူက စာအုပ်ကို ဘုန်းခနဲ ပိတ်လိုက်သည်။ “သူတို့ရှုံးသွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှာ အသွင်ယူပြီး ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြလိမ့်မယ်…. ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်တွေကို ခံစားပြီး ရာထူးကြီးတွေကို ချုပ်ကိုင်ထားဦးမှာပဲ… သူတို့ရဲ့အာဏာက ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး”
သူ၏မျက်နှာထက်တွင် ခါးသီးမုန်းတီးနေသော အမူအရာက နေရာယူထားသည်။ တခဏကြာသော် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏မျက်နှာအမူအရာက ပြန်လည်တည်ငြိမ်သွားသည်။
ကောင်းကင်နတ်ဘုံ၏ အင်အားကြီးမားသော ပုဂ္ဂိုလ်များသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လူဝင်စားနေကြ၏။ ထိုသူများ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရာထူးကြီးများကို ချုပ်ကိုင်မထားသရွေ့ အလွှတ်ပေးထား၍ ရသည်။
သို့သော် ရာထူးမက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာကို ထိန်းချုပ်လာလျှင်တော့ သတ်ဖြတ်ချေမှုန်းပစ်ရမည်။
ရွာလူကြီးနှင့် ဆေးဆရာက ရေနွေးကြမ်းသောက်ရင်း သူ၏မျက်နှာအမူအရာကို အကဲခတ်နေကြသည်။ ရွာလူကြီးက ခပ်တိုးတိုး မေးလေသည် “ဓားတစ်ချက်နဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေလေကွာ… မူအာရဲ့ မျက်နှာအမူအရာက ဘာလို့ မတည်မငြိမ် ဖြစ်နေရတာလဲ…. ကောင်းကင်နတ်အရှင်ဆိုတဲ့ နာမည်နဲ့တောင် မလိုက်မဖက်”
ဆေးဆရာကလည်း ခေါင်းညိတ်သည်။ “ဆေးတစ်အိတ်နဲ့ လွယ်လွယ်လေး ဖြေရှင်းလို့ရတယ်”
“ငါသာ သားသတ်သမားဆိုရင် ဓားမတစ်ချောင်းနဲ့ပဲ ဖြေရှင်းလိုက်မှာ”
“နားကန်းဆိုရင်လည်း သူတို့ကို ပြားကပ်နေတဲ့ မျက်နှာပြင်တွေ ဖြစ်သွားအောင် လုပ်လိုက်မှာ”
နှစ်ယောက်သား ချင်မူ့ကို ကပ်တိုးလေး ဖဲ့နေကြသည်။ ချင်မူသည် သူတို့၏ မနာလိုဝန်တိုမှုနှင့် နေသားကျပြီးဖြစ်သဖြင့် စာအုပ်ထဲမှ နာမည်များကို အလွတ်ကျက်ပြီးနောက် စာအုပ်ကို သူတို့ဆီ ပစ်ပေးလိုက်၏။ “အဲဒီလောက် လွယ်နေရင် ဘိုးဘိုးတို့နှစ်ယောက် ကိုင်တွယ်လိုက်ပါလား”
ရွာလူကြီးနှင့် ဆေးဆရာမှာ မျက်နှာအနည်းငယ်ပျက်သွားကြသည်။ ဤစာအုပ်သည် မီးခဲတစ်ခဲသဖွယ် ဖြစ်သည့်အတွက် မကိုင်ထားရဲပေ။
ကောင်းကင်နတ်အရှင်တစ်ပါး၏ လူဝင်စားကို သတ်ဖြတ်ရသည်က လွယ်ကူသော်လည်း ကောင်းကင်နတ်အရှင်၏ ကလဲ့စားပြန်ချေမည့် ဘေးကတော့ ကြောက်စရာကောင်းလွန်းသည် မဟုတ်လော။
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ “ဘယ်သူက ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ လူဝင်စားမှန်း ကောင်းကင်နတ်အရှင်ရုံ အတိအကျ မသိဘူး… လူမှားပြီး မသတ်မိအောင် လောလောဆယ်တော့ ကောင်းကင်နတ်အရှင်ဆယ်ပါးကို လွတ်ထားရမယ်… တခြားသူတွေကတော့ စောင့်ကြည့်ရမှာပေါ့… သူတို့ စည်းကျော်မလာသရွေ့ အာရုံစိုက်စရာ မလိုပါဘူး… ပြီးတော့ ဧကရာဇ်ယွိရှို့ စိတ်ပြင်ဆင်ထားနိုင်အောင် သွားသတိပေးရမယ်”
ထို့နောက်မှသာ ရွာလူကြီးနှင့် ဆေးဆရာမှာ စိတ်အေးသွားပြီး စာအုပ်ကို သိမ်းလိုက်ကြသည်။ “မင်း ကောင်းကင်နတ်အရှင်ရှောင်ရဲ့ လူဝင်စားနှစ်ယောက်ကို သတ်ခဲ့တာဆိုတော့ ကျန်တဲ့ကောင်းကင်နတ်အရှင်တွေလည်း လန့်သွားပြီး မင်းကို ရန်စကြမှာ မဟုတ်ပါဘူး… “
ဆေးဆရာက ခေါင်းညိတ်သည်။
ချင်မူသည် ကောင်းကင်နတ်အရှင်ရှောင်၏ လူဝင်စားနှစ်ယောက်ကို သတ်ရန် မြားဆယ်စင်းပစ်လွှတ်ခဲ့၏။ ကောင်းကင်နတ်အရှင်များပင်လျှင် ချင်မူ စောင့်ကြည့်နေသည့်အောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာကို လုယူနိုင်ရန် သေချာစဉ်းစားရပေမည်။
“မင်း သတိထားသင့်တာ တစ်ခုရှိတယ် မူအာ”
ရွာလူကြီးက ဖြည်းဖြည်းချင်း ပြော၏။ “တောင်နတ်မင်းကျူချွဲ သေသွားခဲ့ရတာက ကောင်းကင်နတ်အရှင်ဆယ်ပါးက တောင်၀င်ရိုးစွန်းထဲမှာ ရှိတဲ့ အခြေခံလူတန်းစားနဲ့ အလယ်အလတ် လူတန်းစားတွေကို ဖြည်းဖြည်းချင်း အစားထိုးပြီး အာဏာသဲ့ယူနေခဲ့လို့ပဲ… နောက်ဆုံးတော့ တောင်၀င်ရိုးစွန်းရဲ့ အထက်တန်းလွှာတွေလည်း အစားထိုးခံခဲ့ရတယ်… အဲဒီအတွက် ကောင်းကင်နတ်အရှင်ဟွေ့ တောင်၀င်ရိုးစွန်းကို တိုက်ခိုက်တဲ့အခါ မခုခံနိုင်ခဲ့ကြဘူး.. ကောင်းကင်နတ်အရှင်တွေက သိပ်စိတ်ရှည်တဲ့ကောင်တွေနော်”
ချင်မူအမူအရာက ခက်ထန်လာသည်။ “ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်”
ဝေစွေ့ဖုန်း၊ အဘွားစစ်နှင့် ကျန်သူများမှာ အဆင်သင့် ဖြစ်နေကြချေပြီ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သင်္ဘောက ရွက်လွှင့်ပေတော့မည်။ ချင်မူ သင်္ဘောပေါ် တတ်တော့မည့်အချိန်တွင် စွမ်းအင်အကူအပြောင်းတံတား၌ အလင်းတန်းတစ်တန်း ဖျတ်ခနဲ တောက်ပသွားသည်။ တစ်စုံတစ်ယောက်က ကောင်းကင်နတ်ဘုံမှ ဆင်းသက်လာ၏။
ချင်မူလည်း သင်္ဘောထိပ်တွင် ရပ်လျက် စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ကြည့်လိုက်သည်။ ယဇ်ပလ္လင်ပေါ်ရှိ အလင်းတန်းထဲမှ လှပသော မိန်းကလေးတစ်ဦး ခုန်ထွက်လာလေသည်။ သူမက ယဇ်ပလ္လင်ပေါ်မှ ခုန်ချ၍ စည်းနှောင်ထားသော ဆံပင်လေးနှစ်ဖက်ကို ခါရမ်းလိုက်သည်။ သူမ၏ဆံပင်များက တင်ပါးအထိ ရှည်လျားနေ၏။
ချင်မူမှာ အနည်းငယ် ကြောင်အသွားသည်။ “ယွင်ချွီးရှို့၊ သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘာလာလုပ်ပြန်တာတုန်း”
ထိုမိန်းကလေးသည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ အရှင်သခင်အဖြစ် အသွင်ယူထားသော အရှင်မယွမ်မု၏ လူဝင်စား မဟုတ်လော။ သူမက သင်္ဘောပေါ်ရှိ ချင်မူ့ကို မြင်လျှင် မျက်လုံးများတောက်ပသွားပြီး ချက်ချင်း ပြေးလာတော့သည်။
“ဝူချိန်”
ဝေစွေ့ဖုန်းမှာ ကြက်သီးမွေးညှင်းများ ထလာသည်။ တစ္ဆေသင်္ဘောပေါ်တွင် ကျွယ်ဝူချိန်ကို မြင်ဖူးသဖြင့် မှားစရာအကြောင်း မရှိပေ။
ချင်မူက ခပ်တိုးတိုး သတိပေးလိုက်၏။ “အဲဒါ အရှင်မယွမ်မုပဲ….. ကျွယ်ဝူချိန်က နတ်အရှင်မယန်လက်ထဲ ရောက်သွားပြီ”
ဝေစွေ့ဖုန်းမှာ အနည်းငယ် ကြောင်စီစီဖြစ်သွား၏။ ချင်မူက သင်္ဘောမှ ပျံထွက်လိုက်ရင်း ယွင်ချွီးရှို့အား သွားရောက်ကြိုဆိုသည်။ သူက နွေးထွေးစွာ ပြုံးလျက် မေးလေသည်။ “မမကြီးယွင်ချွီးရှို့၊ ဒီကို ဘယ်လိုရောက်လာတာတုန်း… စောစောက ကမ္ဘာဦးဘုံက သိပ်ကို စည်ကားနေခဲ့တာဗျာ … မမကြီး မပါဝင်နိုင်ခဲ့တာ နှမြောစရာကောင်းချက်ပဲ”
ယွင်ချွီးရှို့က လည်ပင်းလေးကို ဆန့်ကာ သူ့အနောက်ရှိ သင်္ဘောဆီသို့ လှမ်းကြည့်သည်။ ချင်မူက သူမအရှေ့တွင် ကာရပ်၍ အမြင်ကွယ်သွားစေ၏။
“ခိုးကြောင်ခိုးဝှက်နဲ့…. ဘာပြဿနာ ရှာဦးမလို့လဲ မသိဘူး”
ယွင်ချွီးရှို့က တခစ်ခစ် ရယ်သည်။ “ငါလည်း အစတုန်းက လာမလို့ပါပဲ… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုတောင် ပြင်ဆင်ထားခဲ့တာ…. ကောင်းကင်နတ်အရှင်ဆယ်ပါးကို ခြောက်လှန့်ပြီး ကမ္ဘာဦးဘုံတစ်ခုလုံးကို သိမ်းပိုက်မလို့လေဟယ်”
ချင်မူမှာ လန့်ဖြန့်သွားသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ကောင်းကင်လက်နက်များသည် အသုံးဝင်ကြ၏။ အရှင်မယွမ်မုသာ ၎င်းတို့ကို အသုံးပြု၍ ဆင်းသက်လာခဲ့လျှင် မည်သူ့မဆို ဖိနှိပ်နိုင်မည်ဖြစ်ရာ ကောင်းကင်နတ်အရှင်ဆယ်ပါးအနေဖြင့် ကမ္ဘာဦးဘုံကို သူမလက်ထဲမှ တိုက်ခိုက်လုယူနိုင်မည်မဟုတ်ပေ။
ယွင်ချွီးရှို့က သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ငါ ကောင်းကင်လက်နက်ကို ထိန်းချုပ်ပြီး ဆင်းသက်လာရင် ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါး ရှိနေမှန်း ကောင်းကင်နတ်အရှင်ဆယ်ပါး သိသွားကြမှာလေ…. အဲ့ကျ ပြဿနာအကြီးအကျယ် တက်မှာဟ…. ငါ့ကိုလည်း နှင်ထုတ်ကြလိမ့်မယ်… အဲဒါနဲ့ အကြံကို လက်လျှော့ပြီးတော့ နင်တို့တွေ အာဏာပြနေကြတာကို ကြည့်နေရတာပေါ့”
သူမက သက်ပြင်းအထပ်ထပ် ချနေရင်း ထိုသို့ ပျော်ရွှင်ဖွယ်ကောင်းသော ကိစ္စမျိုးတွင် မပါဝင်နိုင်သဖြင့် စိတ်ကသိကအောက် ဖြစ်နေဟန်တူသည်။
ချင်မူက ပြုံးရင်း မေးလိုက်၏။ “ဒါဆို ဘာလို့ မမကြီး ကမ္ဘာဦးဘုံကို ပြန်ရောက်လာတာလဲ”
ယွင်ချွီးရှို့၏ မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်သွားပြီး ငိုတော့မည့်အလား မဲ့သွားသည်။ သူမက ဟင့်ခနဲ ရှိုက်လျက် ပြော၏။ “ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ထွက်ပြေးသွားတယ် ကြားလို့လေ… အလောင်းတွေကိုမှ ကြိုက်တဲ့ အဲ့နှာဘူးက ငါ့ခန္ဓာကိုယ်ကို လွှတ်ပေးလိုက်တော့ ပြဿနာတွေတော့ တက်ကုန်တော့မှာ.... ငါ့ခန္ဓာကိုယ်ကို စိုက်ကြည့်ပြီး တဏှာစိတ်နဲ့ သိမ်းပိုက်ချင်နေတဲ့သူတွေ ဘယ်လောက်တောင် များနေပြီလဲမသိဘူး”
ချင်မူ့ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။
အရှင်မယွမ်မု၏ ခန္ဓာကိုယ်အစစ်သည် အမှန်တကယ် ပျောက်သွားခြင်းဖြစ်၏။ မှန်ပါသည်။ သူ တမင်တကာ လွှတ်ပေးလိုက်ခြင်း မဟုတ်ပေ။ အရှင်မယွမ်မု၏ ခန္ဓာကိုယ်မှာ ဖုတ်ဝင်သွားပြီး အလောင်းမိစ္ဆာအဖြစ် သူ့ဘာသာသူ ထွက်ပြေးသွားခြင်းဖြစ်သည်။
“အဲဒီနှာဘူးက ငါ့ခန္ဓာကိုယ်ကို ဆယ်နှစ်ကျော်တောင် သိမ်းထားခဲ့တာ… ငြီးငွေ့သွားတော့ အမှိုက်လေးလို လွှတ်ပစ်လိုက်တာပေါ့… ယောက်ျားတွေများ သစ္စာကိုမရှိဘူး”
ယွင်ချွီးရှို့မှာ ပြောရင်း ပိုပို၍ ဝမ်းနည်းလာသည်။ သူမက မျက်ရည်များကို သုတ်လျက် ပြော၏။ “ခန္ဓာကိုယ်ထဲက အဲဒီမိစ္ဆာက လူတိုင်းကို ငါ လှလားဆိုပြီး လျှောက်မေးရင်း ပြဿနာရှာနေကျ… ငါ့နာမည်ကို သက်သက်မဲ့ ဖျက်ဆီးနေတာလေ …. ငါက လှပြီးသားပဲဟာ”
ချင်မူမှာ ဇဝေဇဝါဖြစ်သွားမိသည်။ ထိုအလောင်းမိစ္ဆာ၌ ဤကဲ့သို့ ဝါသနာမျိုး ရှိနေသည်လော။
ယွင်ချွီးရှို့က သက်ပြင်းချလိုက်သည်။ “လှတယ်လို့ ဖြေရင် အဲဒီမိစ္ဆာမက ဝမ်းသာသွားပြီး နင့်ကို စားပစ်လိမ့်မယ်… ရုပ်ဆိုးတယ်လို့ ဖြေရင်တော့ ဒေါသထွက်ပြီး စားပစ်လိမ့်မှာ… မဖြေရင်လည်း စားပစ်တာပဲ…. ငါ့နာမည်ကို သိပ်ထိခိုက်တယ်”
သူမက ခေါင်းတတွင်တွင် ရမ်းရင်း ချင်မူ၏ သင်္ဘောပေါ်မှ လူများကို မြင်နိုင်ရန် လှမ်းကြည့်နေသည်။
ချင်မူက သူမအရှေ့မှ ဆက်၍ ကာရပ်ထားသည်။ “ဒါဆိုရင် ဘာလို့ အမြန်မလာခဲ့တာလဲ… မမကြီးရဲ့ခန္ဓာကိုယ်မှာက မမကြီးရဲ့အသိစိတ်အလျဉ်ရော မူလဝိညာဉ်ရော မရှိဘူးလေ…. တစ်ယောက်ယောက်သာ သတိထားမိသွားရင် ရုပ်ခန္ဓာကို ခိုးယူပြီး ခြိမ်းခြောက်လာမှာပေါ့”
ယွင်ချွီးရှို့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် တခစ်ခစ် ရယ်လိုက်သည်။ “ငါ အလောမကြီးတော့ဘူး…. နင် ဘယ်သွားမှာလဲ သိချင်တယ်… ငါ့ကို ဒီလောက် သတိထားနေပုံရတော့ အကြံအစည်တစ်ခုခုတော့ ရှိမှာပဲနော်”
ချင်မူက တည်ကြည်လေးနက်စွာ ဖြေသည်။ “ကျွန်တော် ဘိုးဘေးနန်းတော်ဆီ သွားမလို့ ပြင်နေတာပါ…. မမကြီးကို ပြောဖို့ တစ်ခုမေ့သွားတယ်… ကျွန်တော် ကောင်းကင်နတ်ဧကရီရဲ့ ခန္ဓာကိုယ်ကို သူ့ဆီ ပြန်ပေးပြီးသွားပြီ… ကျွယ်ဝူချိန်ရဲ့ ခန္ဓာကိုယ်ကိုတောင် လက်ဆောင်အနေနဲ့ ပေးခဲ့သေးတယ်”
ယွင်ချွီးရှို့မှာ သိသိသာသာ မျက်နှာပျက်သွားပြီး အေးစက်စွာ ပြော၏။ “သူက ရုပ်ခန္ဓာ ပြန်ရသွားပြီပေါ့…. နင် ဘာလို့ ငါ့ကို စောစောမပြောတာလဲ”