← Chapters

ငါ လှလား

Vol. 103 Ch. 1353

ငါ လှလား

Vol. 103 Ch. 1353

ယွင်ချွီးရှို့ကား ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

ချင်မူမှာ သူမထွက်သွားမှ စိတ်ဒုန်းဒုန်း ချနိုင်ပြီး သင်္ဘောဆီ ပြန်သွားလိုက်သည်။

ဝေစွေ့ဖုန်းက ကပ်တိုးလေး မေးသည်။ “အဲ့ဒါက အရှင်မယွမ်မုလား… သူက ဘာလို့ အမြှီးနင်းခံရတဲ့ တိရစ္ဆာန်တစ်ကောင်လို ဒေါသထွက်နေရတာလဲ”

ချင်မူက ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြလိုက်သည်။ “ကောင်းကင်နတ်ဧကရီသာ ရုပ်ခန္ဓာ ပြန်ရသွားရင်‌ သူ ဒုက္ခရောက်ပြီလေ … သူတို့က အမြွှာပန်းပွင့်ကနေ မွေးလာ‌တဲ့ ရှေးဟောင်းနတ်ဘုရားတွေဆိုတော့…”

ဝေစွေ့ဖုန်းက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲရှိ အမြွှာပန်းပွင့်ကို ပြန်တွေးရင်း ရုတ်တရက် မေး၏။ “ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုက ‌ရှေးဟောင်းနတ်ဘုရားတစ်ပါးတည်းအဖြစ် ပေါင်းစည်းနိုင်လား”

ချင်မူမှာ ကြောင်အသွားသည်။ ဝေစွေ့ဖုန်း၏ အကြံက ထူးဆန်းသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုတို့သာ ရုပ်ခန္ဓာများ အသီးသီး ရရှိသွားပြီး အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပါက ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ စွမ်းအားများ ပေါင်းစည်းသွားကာ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ကဲ့သို့ ပုဂ္ဂိုလ်များ ဖြစ်လာနိုင်သည့် အဓိပ္ပာယ်မဟုတ်ပါလော။

ပို၍ပင် အစွမ်းထက်နိုင်သေးသည်။

ချင်မူက အဓိက အရေးပါသည့် အချက်တစ်ချက်ကို တွေးမိသွား၏။ ကောင်းကင်နတ်ဧကရီ၏ လူ၀င်စား နတ်အရှင်မယန်နှင့် အရှင်မယွမ်မု၏ လူ၀င်စား ရှစ်ချီလော်။ နှစ်ယောက်လုံး ကောင်းကင်နတ်အရှင်အဆင့်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့၏ ကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်အရှင်ရှောင်နှင့် ဟော‌င်လောက် မများပြားသော်လည်း တစ်ယောက်နှင့် တစ်ယောက် သိပ်ကွာမည်မဟုတ်ချေ။

သူတို့ထဲမှ တစ်ယောက်သာ ကျန်တစ်ယောက်ကို ဝါးမြိုလိုက်ပါက ပြီးပြည့်စုံသော ကောင်းကင်ဘုံအား ချက်ချင်း ဖွဲ့တည်နိုင်ပြီး ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များ ဖြစ်လာကြလိမ့်မည်။

“ဒါပေမဲ့ အရှင်မယွမ်မု ကောင်းကင်နတ်ဧကရီကို သတ်ခဲ့တုန်းက ကောင်းကင်နယ်စားမင်းနဲ့‌ မြေအောက်ဘုံအရှင်သခင်တို့လို ဖြစ်လာဖို့ ဘာလို့ တစ်ခါတည်း မဝါးမြိုခဲ့တာလဲ…”

ချင်မူမှာ နားမလည်နိုင်တော့ဘဲ မေးလိုက်သည်။ “ဒီလို အခွင့်အ‌ရေးမျိုးဆိုတာ ရှားတယ်… သူက ဘာလို့ ကောင်းကင်နတ်ဧကရီရဲ့ အလောင်းကို တစ္ဆေသင်္ဘောပေါ်မှာ ‌ထားဖို့ အစ်ကိုကြီးကို ပြောခဲ့တာလဲ”

ဝေစွေ့ဖုန်းက ခေါင်းရမ်းလိုက်သည်။ “သူ့မှာ အခွင့်အရေး မရှိခဲ့ဘူး… ကောင်းကင်နတ်ဧကရီက ငါ့အရှေ့မှာ သေဆုံးသွားခဲ့တာ… ငါက အင်အားအကြီးဆုံး နန်းစောင့်တပ်ကို ဦးဆောင်ထားတာဆိုတော့ သူ ကောင်းကင်နတ်ဧကရီရဲ့‌ အလောင်းကို ဝါးမြိုသန့်စင်ခွင့် မပေးနိုင်ဘူး…. ပိုပြီး အရေးကြီးတာက ကောင်းကင်နတ်ဧကရီရဲ့ မူလဝိညာဉ်ကိုလည်း မရခဲ့ဘူးလေ… ကောင်းကင်နတ်ဧကရီက သေသွားခဲ့ပေမယ့် မူလဝိညာဉ်ကတော့ လွတ်မြောက်သွားခဲ့တယ်…. အရှင်မယွမ်မု ကောင်းကင်နတ်ဧကရီရဲ့ အလောင်းကို ရပြီး ဝါးမြိုလိုက်ရင်တောင်မှ ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်ဘူး…”

ချင်မူလည်း ထိုအချက်အား တွေး၍ သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

နဂါးဟန်ခေတ်၏ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် ယနေ့ခေတ်လောက် တိုးတက်မထွန်းကားခဲ့ပေ။ အရှင်မယွမ်မုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်ဖွဲ့များ၏ ရိုက်နှက်ခြင်းအား မရှူမလှ ခံရနိုင်သည်။

'အဲ့ဒီညီအစ်မတွေက တစ်သက်လုံး တိုက်ခိုက်လာခဲ့ကြတာ…. ဆက်လည်း တိုက်ခိုက်နေဦးမှာ‌ပဲ… ဘယ်သူက အနိုင်ရပြီး အစွမ်းထက်ဆုံး ဖြစ်လာမလဲ ငါ မသိတာပဲရှိတာ…” သူက စိတ်ထဲမှ တွေးနေမိသည်။

သင်္ဘောက စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်သန်းလျက် ဘိုးဘေးနန်းတော်သို့ ဦးတည်သွားသည်။

အခြားတစ်ဖက်တွင် ယွင်ချွီးရှို့သည် လိမ္မာပါးနပ်သူပီပီ သူမက တာအိုဒဿနတက္ကသိုလ်ထံသို့ ခုန်ပေါက်လျက် သွားကာ ယွင်ကျန်းလီကို ရှာတော့၏။

ယွင်ကျန်းလီမှာ သူမကို မြင်သည့်အခါ ခေါင်းကိုက်လာသည်။ သူ၏ မွေးစားညီမမှာ အရှင်မယွမ်မုဖြစ်ကြောင်း သတိရသွားသဖြင့် ရင်ထဲတွင် လေးပင်လာလေသည်။

ယွင်ချွီးရှို့က သူ့ကို လွှတ်မပေးဘဲ ပူဆာတော့သည်။ “အစ်ကိုတော်၊ ‌ညီမလေးရဲ့ ရတနာကို လုယူချင်နေတဲ့ မိန်းမပျက်တစ်ယောက် ရှိနေတယ်…. ညီ‌မလေးအတွက် ကလဲ့စားချေပေး”

ယွင်ကျန်းလီမှာ ကြက်သီးမွှေးညှင်းများ တဖြန်းဖြန်း ထသွားပြီး အလျင်အမြန် ပြော၏။ “ညီမလေး၊ လွှတ်ပါဦး…. ပြောစရာရှိရင် ပြောလိုက်လေ… ဘယ်မိန်းမပျက်လဲ…. အစ်ကိုတော် သွားပြီး နုတ်နုတ်စင်းပစ်မယ်”

ယွင်ချွီးရှို့က အံတင်းတင်းကြိတ်လိုက်၏။ “နတ်အရှင်မယန်ဆိုတဲ့ မိန်းမပျက်ပေါ့”

ယွင်ကျန်းလီမှာ ချွေးစေးများ ပြန်လာကာ တောင်းပန်လိုက်သည်။ “ကောင်းကင်နတ်အရှင်တစ်ပါးကို ဘယ်လိုလုပ် ရန်စရဲမှာတုန်း.. အစ်ကိုတော့်အသက်လေးတော့ ချမ်းသာပေးပါ”

“ညီမလေးကိုတော့ ရန်စရဲတယ်ပေါ့”

ယွင်ချွီးရှို့၏ မျက်နှာအမူအရာမှာ မှုန်ကုပ်သွားသည်။ ထို့နောက် သူမက ပြုံး၍ ပြော၏။ “စိတ်မပူပါနဲ့…. ဒီတစ်ကြိမ် အဲဒီမိန်းမပျက်က သူ့ကြောင် လွှတ်ပြီး ညီမလေးကို ပြဿနာရှာလိုက်တာ…. အဲဒီကြောင်က နတ်ကောင်းကင်ခန်းမအဆင့်မှာပဲ ရှိသေးတော့ ရှင်းပစ်ဖို့ မခက်ပါဘူး… ဒ့ါအပြင် ညီလေးမှာ သွေးသောက်ညီမလေးတွေ ရှိသေးတယ်လေ… အမိကမ္ဘာမြေယန်အာနဲ့ ဧကရာဇ်ယန်ရှို့က သွေးသောက်ညီအစ်မတွေပဲ… သူတို့ဆီ သွားမယ်…. အစ်ကိုတော်လည်း လိုက်ခဲ့”

ယွင်ကျန်းလီမှာ သတ္တိရှိသူဖြစ်သော်လည်း ကုန်းစွန်းယန်ကို သွားရှာရန် ဆွဲခေါ်ခံရသည့် ဤအခိုက်အတန့်တွင်တော့ သူ၏မျက်နှာမှာ သွေးမရှိတော့ပေ။

ကုန်းစွန်းယွန်သည် သူတို့၏ လာရောက်ရသည့် အကြောင်းအရာကို သိရှိသွား၏။ “ကျွန်မက ကောင်းမှုတော်မြေကမ္ဘာနန်းတော်ကို စောင့်ရှောက်ရမှာမလို့ အစ်မတော်နဲ့အတူ မလိုက်နိုင်ပေမယ့် ဖုန့်ချွေးယွင်လို့ခေါ်တဲ့ နတ်ကောင်းကင်ခန်းမ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် ရှိတယ်.. သူ လိုက်လာရင် အလောင်းမိစ္ဆာကို ကိုင်တွယ်နိုင်ပါလိမ့်မယ်”

ယွင်ချွီးရှို့က လင်ယွိရှို့ကို သွားရှာရန် ကြံစည်နေသော်လည်း ကုန်းစွန်းယန်က ပြုံး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သိုင်းပညာရှင်တွေအကုန်လုံး ကောင်းကင်နတ်အရှင်မူနဲ့အတူ ဘိုးဘေးနန်းတော်ဆီ သွားကြပြီ… ညီမ ၄ ကို သွားရှာရင်တောင်မှ အစ်မတော်အတွက် သိုင်းပညာရှင်တွေ ရှာပေးနိုင်မှာ မဟုတ်ဘူး”

ယွင်ချွီးရှို့လည်း လက်လျှော့လိုက်ပြီး ဖုန့်ချွေးယွင်ကို စောင့်ဆိုင်းပြီးနောက် ထွက်ခွာလာခဲ့၏။

ဆယ်ရက်ကျော်ကြာပြီးနောက် သူတို့သည် ကောင်းကင်ဘုံနှစ်ဘုံ တိုက်ခိုက်နေကြသော စစ်မြေပြင်သို့ ရောက်လာခဲ့ကြ၏။ စစ်ပွဲမှာ မဖြစ်ပွားသေးဘဲ နှစ်ဖက်လုံး အစီအရီ နေရာယူ၍ တည်ကြည်လေးနက်နေကြပြီး အသတ်အဖြတ် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။

သူတို့သုံးယောက် ပျံသန်းသွားတော့မည့်အချိန်တွင် ရုတ်တရက် ရပ်သွားကြ၏။ စစ်မြေပြင်ပေါ်ရှိ မိစ္ဆာနတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးမှာ ခေါင်းပြတ်အလောင်းများ ဖြစ်နေသည်ကို တွေ့လိုက်ကြရလေသည်။

“ဘယ်လိုမိစ္ဆာမျိုးက ဒီလိုပြဿနာတွေ ရှာနေတာလဲ” ယွင်ကျန်းလီက ပါးစပ်မှ လွှတ်ခနဲ ရေရွတ်လိုက်မိ၏။

ယွင်ချွီးရှို့က သက်ပြင်းချသည်။ “ပြဿနာရှာနေတာ ကျွန်မရဲ့ ရုပ်ခန္ဓာထဲက အလောင်းမိစ္ဆာပဲပေါ့… သူက ကျွန်မခန္ဓာကိုယ်ထဲက မဟာတာအိုစည်းမျဉ်းတွေရဲ့ တစ်စိတ်တစ်ပိုင်းကို နားလည်ခဲ့လို့ ဒီလောက်လူတွေအများကြီးကို တိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့တာပဲ ဖြစ်ရမယ်”

သူမက လက်သည်းကိုက်နေသဖြင့် သူမ၏ အင်္ကျီလက်စရှည်များက လေထဲတွင် လွင့်မြောနေတော့သည်။ သူမပုံစံမှာ အူယားစရာ ကလေးမလေးတစ်ယောက်အလားပင်။

ယွင်ကျန်းလီနှင့် ဖုန့်ချွေးယွင်နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။

ဖုန့်ချွေးယွင်သည် အတွေ့အကြုံရှိကာ ဗဟုသုတ နှံ့စပ်သူဖြစ်၏။ သူမက အဓိကအချက်ကို တွေးမိသွားသဖြင့် အက်ကွဲနေသောအသံဖြင့် မေးလိုက်သည်။ “ဒါဆို ကောင်းကင်နတ်အရှင် အဆုံးသတ်မြို့ပျက်ရဲ့ ပိုင်ရှင်အနေနဲ့ အရှင်မရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခြင်းလား ... ဖန်ဆင်းခြင်းလား”

ယွင်ကျန်းလီက အသိစိတ် ပြန်ဝင်လာပြီး ယွင်ချွီးရှို့ဆီသို့ လှမ်းကြည့်လိုက်သည်။ ယွင်ချွီးရှို့က တခစ်ခစ် ရယ်၏။ “ဖန်ဆင်းခြင်းပေါ့”

“ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူက ဖန်ဆင်းခြင်းကို ထိန်းချုပ်တဲ့ နက်ဘုရားမကိုပဲ လက်ထပ်မှာ…. ဖျက်ဆီးခြင်းကို ထိန်းချုပ်တဲ့ နတ်ဘုရားမကို လက်ထပ်မှာမဟုတ်ဘူး”

ယွင်ကျန်းလီက ပြော၏။ “ကောင်းကင်နတ်ဧကရီက ဖန်ဆင်းခြင်း ရှေးဟောင်းနတ်ဘုရား ဖြစ်ပြီး မင်းက ဖျက်ဆီးခြင်း ရှေးဟောင်းနတ်ဘုရားပဲ”

ယွင်ချွီးရှို့က တခစ်ခစ် ရယ်နေပြန်သည်။ ယွင်ကျန်းလီက မျက်မှောင်ကြုတ်လျက် ဟိုဟိုသည်သည် ကြည့်လိုက်သည်။ သူက စိတ်ထဲမှ တွေးနေမိ၏။ ‘ဖျက်ဆီးခြင်း ရှေးဟောင်းနတ်ဘုရားကနေ မွေးလာတဲ့ အလောင်းမိစ္ဆာမှာ ဖျက်စီးလိုတဲ့ စိတ်ဆန္ဒ တော်တော်ပြင်းထန်မှာပဲ’

သူတို့အားလုံး စစ်မြေပြင်မှ ဖြတ်လာကြသည်။ နှစ်ဖက်လုံးတွင် ခေါင်းပြတ်အလောင်းများ ရှိနေကြသဖြင့် ကျောချမ်းစရာကောင်း၏။

ရုတ်တရက် အလောင်းများကြားမှ ဖြတ်သွားသော ကြောင်ဖြူတစ်ကောင်အား ယွင်ကျန်းလီ တွေ့လိုက်ရသည်။ သူ၏ရင်မှာ တဒိန်းဒိန်းခုန်သွားပြီး ယွင်ချွီးရှို့နှင့် ဖုန့်ချွေးယွင်ဆီသို့ တစ်ချက်ကြည့်လိုက်သည်။

သူတို့သုံးယောက်သား တိတ်တဆိတ် လိုက်လာကြ၏။ ကြောင်ဖြူက ပျံသန်းနေသည့်အလား ခုန်ပေါက်ပြေးနေသည်။ ဤသို့ဖြင့် ကြောင်ဖြူနောက်မှလိုက်ရင်း ကမ္ဘာဦးဘုံအလယ်သို့ ရောက်လာခဲ့ကြရာ ပတ်ဝန်းကျင်တွင် ပို၍များပြားသော နတ်မင်းများ စုဝေးနေကြကြောင်း တွေ့လိုက်ကြရသည်။

ထိုနတ်မင်းများသည် မည်သည်ကို ရှာဖွေနေကြသနည်း။ နတ်ခွေးများပင်လျှင် ရှိကြ၏။

ခြေသုံးချောင်း ရွှေကျီးကန်းများကလည်း ကောင်းကင်ထက်တွင် ပျံဝဲနေကြသည်။

အရှင်မယွမ်မု၏ ရုပ်ခန္ဓာကို မျက်စောင်းထိုးနေသူမှာ နတ်အရှင်မယန်တစ်ယောက်တည်း မဟုတ်ပေ။

“ငါ လှလား”

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ ယွင်ချွီးရှို့က အလျင်အမြန် ပြေးသွားလိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွား၏။ သူတို့နောက်မှ ခြေရာခံလိုက်လာခဲ့သည့် နတ်မင်းအချို့ သေဆုံးသွားခဲ့လေပြီ။ ခေါင်းများ ပြတ်နေကြသည်။

“ငါ လှလား”

နောက်ထပ် အသံတစ်သံက ထွက်ပေါ်လာပြန်၏။ သူတို့ ပြေးမသွားနိုင်ခင် အော်သံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် မေးခွန်းသံက ထပ်ခါထပ်ခါ ထွက်ပေါ်လာ၏။ ပတ်ပတ်လည်တွင် အော်သံများ ပိုမိုဆူညံလာသည်။

ဖုန့်ချွေးယွင်၏ နဖူးထက်မှ ချွေးသီးချွေးပေါက်များ ကျလာ၏။ ယွင်ကျန်းလီမှာလည်း ကြောက်မက်ဖွယ်ရာ ရန်သူတော်တစ်ဦးကို ရင်ဆိုင်နေရသည့် အမူအရာဖြစ်နေသည်။ ရုတ်တရက် ကြောင်တစ်ကောင်က ညောင်ခနဲ အော်လိုက်၏။ ထို့နောက် ကြောင်ဖြူတစ်ကောင်က သူတို့ခေါင်းပေါ်မှ ဖြတ်ကာ အလောတကြီး ပြေးသွားသည်။

“နတ်အရှင်မယန်ရဲ့ ကြောင်ကတောင် အလောင်းမိစ္ဆာနဲ့ မယှဉ်နိုင်ဘူး” ယွင်ချွီးရှို့မှာလည်း မျက်နှာပျက်နေ၏။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အသံမှ မကြားရပေ။ သုံးယောက်သား အသက်ကို အတည်ငြိမ်ဆုံး ရှူရင်း မလှုပ်ရှားကြချေ။

တခဏကြာသော် ယွင်ကျန်းလီ၏ လည်ပင်းနားမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ အမျိုးသမီး၏ အသက်ရှူထုတ်လိုက်သည့် လေက သူ့ဆံပင်များကို လွင့်ခါသွားစေသည်။ “ငါ လှလား”

“ခင်ဗျား လှလား၊ မလှလား သိရအောင် အရင် ကြည့်ဦးမယ်”

ယွင်ကျန်းလီ ခေါင်းလှည့်လိုက်သည့်အခါ သူ၏မျက်နှာသည် အရှင်မယွမ်မု၏ အလောင်းမိစ္ဆာမျက်နှာနှင့် ထိလုနီးပါး ဖြစ်နေသည်။

အရှင်မယွမ်မု၏ အလောင်းမှာ လှသည်ထက် ပို၏။ သူမက ချိုသာစွာ မေးပြီးနောက် မဟူရာချောက်နက်ကြီးသဖွယ် ပါးစပ်အား ဟလိုက်သည်။

ထိုအခိုက်အတန့်တွင် လက်တစ်ဖက်က ရုတ်တရက် ပေါ်လာကာ အလောင်းမိစ္ဆာ၏ မျက်နှာပေါ်တွင် အဝါရောင်စာရွက်တစ်ရွက် ကပ်ခံလိုက်ရ၏။

အလောင်းမိစ္ဆာမှာ အဝါရောင်စာရွက်ဖြင့် ကပ်ခံလိုက်ရပြီးနောက် မလှုပ်တော့ချေ။

“ကောင်းကင်နတ်အရှင်ရုံ”

သုံးယောက်သား လှည့်ကြည့်လိုက်ကြသော်လည်း ကောင်းကင်နတ်အရှင်ရုံ မဟုတ်ဘဲ အိမ်ရှေ့စံမင်းသားမင်ရ ဖြစ်နေသည်။ အိမ်ရှေ့စံမင်းသားမင်ရက သူတို့ကို တစ်ချက်ကြည့်၍ ပြော၏။ “အလောင်းမိစ္ဆာကို ဖိနှိပ်ဖို့ ကောင်းကင်နတ်အရှင်ရုံက ငါ့ကို အမိန့်ပေးလိုက်တယ်… ကောင်းကင်နတ်အရှင်ရုံက ဒီအလောင်းမိစ္ဆာကို သုံးပြီးတော့ ကမ္ဘာဦးဘုံမှာ အာဏာပြင်ချင်တယ်ပြောတယ်… ငါ ယူသွားလိုက်မယ်”

All Chapters