အသစ်မြင်တော့ အဟောင်းမေ့ (မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့ဖြင့် အစားထိုးခံရမည်သာ)
Vol. 103 Ch. 1354
“အလောင်းမိစ္ဆာက ငါ့ရဲ့ရုပ်ခန္ဓာပဲ” ယွင်ချွီးရှို့မှာ ပျာယာခတ်လာတော့သည်။
မင်းသားမင်ရက အဖက်ပင် မလုပ်ဘဲ အလောင်းမိစ္ဆာနှင့်အတူ ပျံသန်းပျောက်ကွယ်သွား၏။
“သူ့နောက်လိုက်ဖမ်း” ယွင်ချွီးရှို့မှာ ဒေါသလည်း ထွက်နေသလို စိုးရိမ်ပူပန်နေသည်။
သုံးယောက်သား အပြေးလိုက်သွားကြသည်။ ကောင်းကင်နတ်အရှင်ရုံ၏ ပိုင်နက်ထဲသို့ ရောက်သောအခါ ယွင်ချွီးရှို့က ချက်ချင်း ဒေါသတကြီး ထအော်သည်။ “ကောင်းကင်နတ်အရှင်ရုံ၊ ရှင် ဘာလို့ ကျွန်မ ခန္ဓာကိုယ်ကို ယူချင်ရတာလဲ… ရှင်က တစ်ယောက်တည်းနေတာလေ…. မဟုတ်မှာလွဲရော ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားကို တဏှာစိတ်နဲ့ စော်ကားချင်တာလား”
ကောင်းကင်နတ်အရှင်ရုံမှာ သူမ ဒေါသထွက်နေသည်ကို မကြည့်ရက် ဖြစ်လာသည်။ ထိုမျှသာမက ယွင်ချွီးရှို့သည် ကျွယ်ဝူချိန်၏ မျက်နှာကို အသုံးပြုထားသည် မဟုတ်လော။ ကျွယ်ဝူချိန် ပေါ်လာခဲ့တုန်းက အသည်းမာပါသည်ဆိုသေ သူသည်ပင် သူမ၏အလှတရားတွင် ပျော်ဝင်ကာ လိုချင်တပ်မက်စိတ် ဖြစ်ပေါ်ခဲ့သည်။
ယခု ယွင်ချွီးရှို့ကို မြင်သည့်အခါ ကောင်းကင်နတ်အရှင်ရုံမှာ စကားပင် မပြောနိုင်တော့ချေ။ သူက ယွင်ကျန်းလီကို လက်လှမ်းပြသည်။
ယွင်ကျန်းလီက အလျင်အမြန် ပြေးသွားသည်။ ကောင်းကင်နတ်အရှင်ရုံက သူ့နားတွင် ကပ်၍ စကားတချို့ တီးတိုးပြောလိုက်သည့်အခါ ယွင်ကျန်းလီက ခေါင်းညိတ်ပြီး ပြန်ပြေးလာကာ ယွင်ချွီးရှို့အား ပြန်ပြောပြသည်။ “ကောင်းကင်နတ်အရှင်ရုံက ခန္ဓာကိုယ်ကို ပြန်ယူလို့ရတယ်တဲ့… အလဲအလှယ်အနေနဲ့ တစ်ခုခုတော့ ပြန်ပေးရလိမ့်မယ်”
ယွင်ချွီးရှို့၏ မျက်နှာထက်ရှိ ဒေါသများ ပျောက်ကွယ်သွားသည်။ သူမက ချိုမြိန်စွာ ပြုံးလျက် ပြော၏။ “ဒါဆို ကောင်းကင်နတ်အရှင်က အလဲအလှယ်အနေနဲ့ ဘာလိုချင်တာလဲ.… တစ်ညတော့ အတူ မထားခဲ့နိုင်ဘူးနော်…. ဘယ်လိုပဲဖြစ်ဖြစ် သူလည်း ယောက်ျားတွေထဲက ယောက်ျားတစ်ယောက်ပဲ မဟုတ်လား”
ယွင်ကျန်းလီက ထပ်ပြေးသွားပြန်သည်။ ကောင်းကင်နတ်အရှင်ရုံက ခပ်တိုးတိုး ထပ်ပြော၏။ ယွင်ကျန်းလီက ပြန်ပြေးလာပြန်၍ ပြောပြသည်။ “သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပြန်ပြင်စေချင်နေတာတဲ့”
ယွင်ချွီးရှို့မှာ အစက ပြုံးနေခဲ့သော်လည်း ၎င်းကို ကြားလျှင် မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။။ သူမက နှာခေါင်းရှုံ့၍ ပြောသည်။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပြန်စေချင်တယ်တဲ့လား…. ရှင်တို့ ယိုတုကနေ လုယူလာခဲ့တဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမလား…. အိပ်မက်မက်နေလိုက်လေ…. ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနဲ့ဆို ဘယ်လိုလုပ် မြေအောက်ဘုံအရှင်သခင်ကို သတ်လို့ရတော့မှာလဲ*
ကောင်းကင်နတ်အရှင်ရုံက စကားတစ်ခွန်းမှ မပြောပေ။ သူက လက်ရမ်းလိုက်ကာ ယွမ်မုအလောင်းမိစ္ဆာအား ရှဲ့ဝူကျိဆီ ပေးရန် ပြင်လိုက်သည်။ ရှဲ့ဝူကျိသည် ဒေါသအမျက်တစ်ချောင်းချောင်းဖြင့် ဟိန်းဟောက်၍ လက်များဆန့်တန်းကာ ယွမ်မု၏ခန္ဓာကိုယ်ကို လှမ်းဆွဲ၏။ အရှင်မယွမ်မုကို အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်နေသည့်အလား ပါးစပ်ထောင့်မှ သွားရည်များ စီးကျနေသည်။
ယွင်ချွီးရှိုက သက်ပြင်းချကာ ပြောလိုက်သည်။ “ရှင်… ရှင်… မြန်မြန်ရပ်လိုက်…. ရှင် ပြောတဲ့အတိုင်း လုပ်မယ်”
ကောင်းကင်နတ်အရှင်ရုံက အရှင်မယွမ်မု၏အလောင်းကို ပြန်ယူလိုက်သည်။
ယွင်ချွီးရှို့က သူမ၏ ရုပ်ခန္ဓာကိုတစ်လှည့် ကောင်းကင်နတ်အရှင်ရုံကို တစ်လှည့် ကြည့်နေလေသည်။ ထို့နောက် နှာခေါင်းရှုံ့၍ ပြော၏။ “ရှင် ရိုးသားဖြောင့်မတ်တဲ့လူပါ ကောင်းကင်နတ်အရှင်ရုံ…. ရှင့်အပြုအမူတွေက ရှင်နဲ့ မတူသလိုပဲ… ဒီလိုအကြံမျိုး ရှင့်ကို ဘယ်သူပေးလိုက်တာလဲ…. ကောင်းကင်နတ်အရှင်မူလား..”
ကောင်းကင်နတ်အရှင်ရုံက သူမ၏ မျက်နှာလေးအား မမြင်ရအောင် တစ္ဆေမျက်နှာဖုံး ၀တ်လိုက်သည်။
ယွင်ချွီးရှို့က နှာခေါင်းရှုံ့ကာ ဆက်ပြော၏။ “သူမှန်း ကျွန်မ သိပါတယ်… သူပဲ ဒီလောက် ကောက်ကျစ်တာ…. ရှဲ့ဝူကျိနဲ့ မင်းသားမင်ရကို ထုတ်ပြခိုင်းတာလည်း သူ့အကြံပဲမလား… ရှင် ကောင်းကင်နတ်အရှင်ဟောင်ကို စော်ကားနေတာပဲ”
သူမသည် ချာခနဲ လှည့်၍ ထွက်ခွာသွားသည်။ “ကျွန်မ ယိုတု သွားပြီး အဲ့ဒီကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပြင်ပေးမယ်… အချိန်ကျလို့ ကျွန်မရဲ့ ရုပ်ခန္ဓာကို ပြန်မပေးဘဲ တစ်ခုခု ထပ်တောင်းဆိုလို့ကတော့ ရှင့်ကို ကျွန်မကိုယ်တိုင် သတ်ပစ်မယ်”
ကောင်းကင်နတ်အရှင်ရုံက မျက်နှာဖုံးကို ပင့်တင်၍ သက်ပြင်းချလိုက်သည်။ သူ၏ အိုမင်းနေသော မျက်နှာကြီးမှာ အရေးအကြောင်းတို့ဖြင့် ပြည့်နှက်နေ၏။
ယွင်ကျန်းလီက စပ်စပ်စုစု မေးသည်။ “တကယ်ပဲ ကောင်းကင်နတ်အရှင်မူရဲ့ အကြံလား”
ကောင်းကင်းနတ်အရှင်ရုံက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လေသည်။ “အရှင်မယွမ်မုက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နဲ့ ကောင်းကင်လက်နက်ကို ထိန်းချုပ်တဲ့ ပုဂ္ဂိုလ်မှန်း ကောင်းကင်နတ်အရှင်မူ သိထားတယ်…. ဒါကြောင့် သူ ယိုတုကနေ ထွက်မသွားခင် အကြံပေးခဲ့တာပဲ… သူက အရှင်မယွမ်မုရဲ့ အလောင်းနဲ့ ယွင်ချွီးရှို့ကို ခြိမ်းခြောက်ပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပြန်ပြင်ခိုင်းစေချင်ခဲ့တာ…. အဲ့ဒီအကြံက တကယ် အလုပ်ဖြစ်သွားတယ်”
ယွင်ကျန်းလီက တခဏ တုံ့ဆိုင်းနေပြီးနောက် မင်းသားမင်ရနှင့် ရှဲ့ဝူကျိဆီ ကြည့်၍ ခပ်တိုးတိုး မေးလိုက်သည်။ “သူတို့ကရော..”
“မင်းသားမင်ရက ယိုတုကို သူ့ဆန္ဒနဲ့သူ ရောက်လာခဲ့တာ… ရှဲ့ဝူကျိနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လေ”
ကောင်းကင်နတ်အရှင်ရုံက ဆက်ပြောသည်။ “ကောင်းကင်နတ်ဘုံမှာ ရှိတဲ့ ကောင်းကင်နတ်ဧကရာဇ်က အတုမှန်း သူ သိသွားခဲ့တယ်… ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကို ဖန်တီးခဲ့တာ ကောင်းကင်နတ်အရှင်ဆယ်ပါးမှန်း သိသွားတော့ သူ သိပ်ကို ကြောက်ရွံ့ခဲ့တာ… သူ့အစ်ကိုတော် ကောင်းကင်နတ်အရှင်ဟောင်ကလည်း ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ ပါတော့ ကောင်းကင်နတ်ဘုံမှာ တခဏလေးတောင် မနေရဲခဲ့ဘူး…. ဒီနှစ်တွေအတွင်း သူက ယိုတုမှာ ရှဲ့ဝူကျိနဲ့အတူ ပုန်းနေခဲ့တာ… ရှဲ့ဝူကျိက သူ့ရဲ့အစ်ကိုတော်ပဲ”
ယွင်ကျန်းလီက ရှဲ့ဝူကျိနှင့် အိမ်ရှေ့မင်းသားမင်ရဆီသို့ ကြည့်လိုက်သည်။ မင်းသားသည် ရှဲ့ဝူကျိကို ဂရုစိုက်နေပြီး ရှဲ့ဝူကျိသည် သူ့အား မျက်နှာချင်းဆိုင်မှသာ ငြိမ်သွားတတ်၏။
ယခုတွင် “ညီအစ်ကိုနှစ်ယောက်” မှာ တစ်ယောက်ကိုတစ်ယောက် အားကိုးအားထား ပြုနေကြရသည်။
“ရှဲ့ဝူကျိသာ မသေခဲ့ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှာ တစ်စိတ်တစ်ပိုင်း ပါ၀င်နေခဲ့မှာပဲ…. ဒါပေမဲ့ သမိုင်းကြောင်းမှာ တကယ်လို့ ဆိုတာတွေ မရှိတာ နှမြောဖို့ကောင်းတယ်” ယွင်ကျန်းလီက ဟာတာတာဖြစ်နေသော နှလုံးသားဖြင့် ပြောလိုက်သည်။
အခြားတစ်ဖက်တွင် ချင်မူ၏သင်္ဘောသည် ဘိုးဘေးနန်းတော်ထဲသို့ ရွက်လွှင့်၀င်ရောက်လာ၏။ ဤသင်္ဘောကား ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပန်းပဲပညာတွင် အမြင့်ဆုံး အောင်မြင်မှုတစ်ခု ဖြစ်သည်။ ဆေးပေါင်းဖိုကို ဧရာမအရွယ်အစားအဖြစ် တိုးမြှင့်ထားနိုင်ခဲ့သဖြင့် သင်္ဘော၏အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာ၏။
သို့သော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၌ ကျွမ်းကျင်သူများစွာ ရှိသည့်တိုင် ကောင်းကင်နတ်ဘုံ သို့မဟုတ် ခိုင်ဧကရာဇ်ခေတ်တုန်းကကဲ့သို့ မြေထုအလား ကြီးမားလှသည့် စစ်သင်္ဘောများကို မသွန်းလုပ်နိုင်ကြသေးပေ။
ခိုင်ဧကရာဇ်ခေတ်သည် ပန်းပဲလမ်းစဉ်တွင် အမြင့်မားဆုံးဖြစ်သည့် ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တလှေတို့ကို သွန်းလုပ်ပေးနိုင်ခဲ့သည်။
ထိုသို့စစ်သင်္ဘောများ သွန်းလုပ်ရန် ပန်းပဲလမ်းစဉ်သာမက အင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံ၊ ကြွယ်၀ချမ်းသာသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ရန် လိုအပ်ချေသည်။
ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများမှာ အဆင့်အတန်း မြင့်မားကြသည်။ ကောင်းကင်နတ်ဘုံ၏ ပန်းပဲလမ်းစဉ်မှာ ခိုင်ဧကရာဇ်ခေတ် သို့မဟုတ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် မယှဉ်နိုင်သော်လည်း ကောင်းကင်နတ်ဘုံ၏ အခြေခံအုတ်မြစ်က ခိုင်ခံ့လှ၏။
ခိုင်ဧကရာဇ်ခေတ်၏ ငွေကြေးအင်အားဖြင့် ပရမတ္တလှေကဲ့သို့ ဧရာမစစ်သင်္ဘောနှစ်စင်းသာ သွန်းလုပ်နိုင်သော်လည်း ကောင်းကင်နတ်ဘုံတွင်တော့ အလားတူ စစ်သင်္ဘောများ တစ်ပုံတစ်ပင် ရှိလေသည်။
သင်္ဘောက ဘိုးဘေးနန်းတော်၏ ကောင်းကင်တစ်လျှောက် ဖြတ်သန်းရွက်လွှင့်နေစဉ် ချင်မူသည် ဘိုးဘေးနန်းတော်၏ ပထဝီအနေအထားကို ငုံ့ကြည့်နေ၏။
ဝေစွေ့ဖုန့်၊ အဘွားစစ်၊ ဟွာရွှမ်းရှို့နှင့် မင်းသားယိုမင်းတို့မှာ ဘိုးဘေးနန်းတော်၏ ခမ်းနားမှုကြောင့် အံ့ဩငေးမောနေကြသည်။ ဤနေရာ၍ ရှုခင်းမှာ အသက်ရှူမှားဖွယ်ကောင်းသော်ငြား သင်္ဘောဘေးမှ ဖြတ်သွားသည့် ကမ္ဘာဦးသားရဲများမှာ ပို၍ပင် အံ့ဩဖွယ်ကောင်း၏။
သင်္ဘောက နတ်တောင်တန်းအမျိုးမျိုး၊ အထွတ်အမြတ်နယ်မြေအမျိုးမျိုးအား ဖြတ်သွားနေပြီး သူတို့မျက်လုံးများမှာလည်း တဖျတ်ဖျတ် တောက်ပနေကြတော့သည်။ သင်္ဘောပေါ်၌ ဟင်ခနဲ၊ ဟာခနဲ အာမေဋိတ်သံများကို မကြာမကြာ ကြားရနိုင်၏။
ချင်မူက မျက်မှောင်ကြုတ်လိုက်သည်။ ဘိုးဘေးနန်းတော်၏ ပိုင်နက်မှာ နှိုင်းယှဉ်မရလောက်အောင် ကျယ်ပြန့်သဖြင့် ကောင်းကင်မုခ်၀လေးခု၏ တည်နေရာကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။
'ငါ ပြန်ပြီး ရှုကျွင်းကို သွားခေါ်သင့်တယ်… သူဆို ဘိုးဘေးနန်းတော်ထဲက ကောင်းကင်မုခ်၀လေးခုရဲ့ တည်နေရာကို သိမှာပဲ… မဟုတ်ဘဲ ငါ ဒီလို ရှာနေလို့ကတော့ ရှာတွေ့နိုင် မတွေ့နိုင် မသေချာဘူး…’
သူက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ချိတ်ဆွဲလိုက်သည့်အခါ ရက်ပိုင်းအတွင်း သင်္ဘောသည် မဟူရာတောင်တန်းတစ်သိန်းဆီသို့ ပျံသန်းရောက်ရှိသွား၏။
နဂါးချီလင်နှင့် ယန်အာက အလျင်အမြန် ထွက်လာကာ သူ့ကို ကြိုဆိုကြသည်။ ရုတ်တရက် နဂါးချီလင်မှာ လူငယ် ဝမ်ယွင်ကို တွေ့လိုက်လျှင်ချင်း ငေးကြောင်သွားတော့သည်။ သူက ချင်မူ့ကို အဖက်မလုပ်တော့ဘဲ ဝမ်ယွမ်ဆီ တန်းခနဲ ပြေးသွားလေသည်။
ချင်မူမှာ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားမိသည်။ ‘အသစ်မြင်တော့ အဟောင်းမေ့... ငါးစိမ်းမြင်တော့ ငါးကင် ပစ်ရက်သွားပြီပေါ့... ငါက တော်တော်ဟောင်းနေပြီပေါ့လေ’
နဂါးချီလင်က ဝမ်ယွမ်အား ဖက်လှဲတကင်း နှုတ်ဆက်ပြီးနောက် ပြန်ပြေးလာသည်။ သူက အရိပ်အခြည်ကြည့်ကာ ခေါ်လေသည်။ “ဂိုဏ်းသခင်….”
“ငါ့ကို ဂိုဏ်းသခင်ဟောင်းလို့ ခေါ်”
ချင်မူက စိတ်မကြည်မသာ မေးလိုက်သည်။ “ပထမလူသားဧကရာဇ်နဲ့ တခြားလူသားဧကရာဇ်တွေရော…”
“သူတို့ပျောက်သွားပြီ” နဂါးချီလင်က ပို၍ပင် သတိထားကာ ဖြေ၏။
“ပျောက်သွားတယ်တဲ့လား….”
ချင်မူက အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။ “ဧရာမသားရဲကြီးတွေကို သွားထိန်းကြတာမလား…. ရှုကျွင်းရော…”
နဂါးချီလင်က ခပ်တိုးတိုး ဖြေသည်။ “သူတို့လည်း ပျောက်သွားတယ်….”
ချင်မူမှာ အနည်းငယ် ကြောင်အသွားပြီး နဂါးချီလင်ကို အသေအချာကြည့်လိုက်သည်။ သူက ဘယ်မျက်ခုံးကို ပင့်လိုက်၏။ “ကျန်းယွင်ကျန့်နဲ့ တခြားသူတွေရော…”
နဂါးချီလင်၏ပုံစံမှာ ၀မ်းနည်းလာသည့် အမူအရာ ရှိသည်။ “သူတို့လည်း ရှုရှန်းဟွာ၊ လန်ယွီတျန်းနဲ့ ကျန်တဲ့သူတွေနဲ့အတူ ပျောက်သွားတယ်…”
ချင်မူက စိတ်ထိန်း၍ မဟူရာတောင်တန်းတစ်သိန်းဆီသို့ ကြည့်လိုက်သည်။ ဤနေရာ၌ နတ်ဘုရားတချို့ ကျန်နေသေး၏။ ရတနာများ တူးဖော်သန့်စင်နေသည့် နတ်ဘုရားများမှာ ဘိုးဘေးနန်းတော်၏ ပင်မကျောရိုးဖြစ်လေသည်။
“သူတို့ ဘယ်လို ပျောက်သွားတာလဲ”
ချင်မူက အက်ကွဲစွာဖြင့် မေးလိုက်၏။ “ညဘက်မှာ ထွက်သွားတာလား..”
နဂါးချီလင်က ချက်ချင်း ခေါင်းရမ်းသည်။ “သူတို့က ဂိုဏ်းသခင်လောက် သတ္တိမရှိတော့ ညဘက်တော့ ထွက်မသွားရဲကြပါဘူး… ရှုကျွင်းက ဘိုးဘေးနန်းတော်ရဲ့ ပြောင်းပြန်ဘက်ခြမ်းဆီ သွားလို့ရတဲ့ လမ်းတစ်လမ်း သူ့မှာ ရှိတယ်လို့ ပြောခဲ့တာ… အဲ့ဒီနေရာက ကမ္ဘာဦးသားရဲတွေကို ဖမ်းမယ်ဆိုပြီး အသံကောင်းဟစ်သွားတာပဲ…. အဲ့ဒီနေရာက ကမ္ဘာဦးဘုံသားရဲတွေက ပိုသန်မာတော့ ဘိုးဘေးနန်းတော် မြောက်ဘက်ဆီ ထွက်ပြေးသွားကြတယ်..”
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ ညအချိန် ထွက်ခွာမသွားသရွေ့ ကယ်တင်၍ ရသေး၏။ သူက အေးစက်စွာ ပြောသည်။ “ရှုကျွင်းက ဘယ်လို ပြောင်းပြန်ဆင့်ခေါ်ရမလဲ မသိဘူး…. သူ့ကို အဲ့ဒါ တစ်ခါမှ မသင်ပေးခဲ့ဘူး…. ဒီနေရာမှာ ပြောင်းပြန်ဆင့်ခေါ်တတ်တာ... ငါ ၊ နတ်ဘုရင်လန်ဝူနဲ့ မင်းပဲ ရှိတယ်”
နဂါးချီလင်က ခေါင်းငုံ့၍ တိုးတိုးလေး ပြောသည်။”ရှုကျွင်းက ဘိုးဘေးနန်းတော်အနောက်ဆီ သွားချင်နေတာ… အဲ့ဒီမှာ တစ်လောကလုံးမှာ အသန်မာဆုံး ကမ္ဘာဦးသားရဲ လုံရှောင် ရှိတယ်တဲ့… ဒါပေမဲ့ အဲ့ဒီနေရာကို ဘယ်လိုသွားမရလဲ မသိဘူးတဲ့လေ…. ကျွန်တော်လည်း ကြွားရတာကြိုက်တာနဲ့ သူ့ကို ပြောပြလိုက်မိတယ်….”
ချင်မူ့မှာ မိုက်ခနဲ ဖြစ်သွားပြီး စိတ်ထိန်းလိုက်ရသည်။
ဤလောကတွင် ဗဟုသုတအနှံ့စပ်ဆုံးသူမှာ သူ ပြီးလျှင် နဂါးချီလင် ဖြစ်၏။