မင်းသားနှင့် လုံရှန်းဆန်းရန်
Vol. 103 Ch. 1355
ချင်မူ လေ့လာထားသမျှ၊ ကျင့်ကြံထားသမျှ၊ တွေးခေါ်ထားသမျှ၊ ဖန်တီးထားသမျှ.... စသည်တို့အား နဂါးချီလင်ဆီမှ ကွယ်ဝှက်ထားခဲ့ခြင်း မရှိခဲ့ပေ။ နဂါးချီလင်သည် ချင်မူ့နောက်မှ တကောက်ကောက် လိုက်ရင်း ဗဟုသုတ နှံ့စပ်လာခဲ့၏။
ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းဆိုသည်မှာ ချင်မူ ဖန်ဆင်းရှင်တို့၏ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်သည်။
ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းသည် အားကောင်းသော အသိစိတ်အလျဉ်ကို အသုံးပြု၍ ကမ္ဘာဦးသားရဲတစ်ကောင် ဆင်းသက်လာအောင် ဆင့်ခေါ်သော ကောင်းကင်နတ်သိုင်းဖြစ်၏။
ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းမှာတော့ ဆန့်ကျင်ဘက်ပင်။ ၎င်းသည် ကမ္ဘာဦးသားရဲ၏ တည်နေရာကို ဦးစွာအသုံးချပြီးနောက် ကမ္ဘာဦးသားရဲ ရှိရာသို့ ပို့ဆောင်ပေးခြင်း ဖြစ်၏။
ချင်မူ ဤကောင်းကင်နတ်သိုင်းကို ဖန်တီးခဲ့စဉ်က နဂါးချီလင်နှင့် ယန်အာတို့လည်း ရှိနေခဲ့သည်။ ဘိုးဘေးဝိညာဥ် လော့ရှောင်၊ မဟာဧကရာဇ်ဖြစ်သည့် တဟုန်နှင့် ကောင်းကင်နတ်ဧကရာဇ် ကုရှောင်တို့လည်း ရှိခဲ့လေသည်။ သို့သော် ချင်မူ ယဇ်ပလ္လင်အား ပုံစံရေးဆွဲတည်ဆောက်ရာတွင် နဂါးချီလင်တစ်ယောက်တည်းသာ ကူညီနိုင်ခဲ့သည်။
ပြောင်းပြန်ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို သင်ယူနိုင်ခဲ့သူမှာ နဂါးချီလင်တစ်ယောက်တည်းသာ ဖြစ်၏။ နဂါးချီလင် ရှူကျွင်းအား ပြောင်းပြန်ဆင့်ခေါ်ခြင်း ကောင်းကင်နတ်သိုင်းကို သင်ပေးခဲ့စဉ်က ရှုကျွင်းသည် လက်တည့်စမ်း၍ ပထမလူသားဧကရာဇ်၊ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် ကျန်သူများကို ဘိုးဘေးနန်းတော်၏ အနောက်ဘက်ခြမ်းသို့ ဆင့်ခေါ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
‘အကုန်လုံး စိုးရိမ်အောင် လုပ်တတ်တဲ့ လူတွေပဲ… အဲဒီလုံရှောင်က သွားရန်စလို့ရတဲ့ကောင်ကြီး မဟုတ်ဘူး… သူ့ရဲ့ရုပ်ခန္ဓာက ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ တန်းတူအဆင့် ရှိတယ်’
ချင်မူမှာ ခေါင်းရမ်းလိုက်မိသည်။ ဤသည်ကား ရှုကျွင်း၏ တစ်ကိုယ်ကောင်းဆန်သော အကြံဟု ဆိုရမည်။ ရှုကျွင်းသည် လုံရှောင်ကို အမြဲတမ်း လိုချင်နေခဲ့ကာ သူ့အပိုင်သားရဲ ဖြစ်လာစေချင်ခဲ့သည်။ သို့သော် တစ်ယောက်တည်း လုပ်ရန် ယုံကြည်ချက် မရှိသဖြင့် ပထမလူသားဧကရာဇ်၊ လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် တခြားသူများကို ခေါ်သွားခဲ့ခြင်း ဖြစ်ချေသည်။
“သူတို့သွားတာ ဘယ်လောက်ကြာပြီလဲ” ချင်မူ မေးလိုက်သည်။
“သုံးလ”
“သုံးလလား...”
ချင်မူမှာ ၎င်းကို ကြားလျှင် အလောကြီး မနေတော့ပေ။ သူက သင်္ဘောပေါ်မှ အကုန်လုံး ဆင်းစေလိုက်သည်။ ဝေစွေ့ဖုန်းက မေးလေ၏။ “ညီလေး၊ သူတို့ကို မကယ်တော့ဘူးလား”
“ထွက်သွားတာ သုံးလတောင် ရှိနေပြီလေဗျာ … သေမယ်ဆိုရင် သေတာကြာပေါ့… ဘိုးဘေးနန်းတော်ရဲ့ အနောက်ဘက်ခြမ်းမှာ သုံးလတောင် နေနိုင်ခဲ့တယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နိုင်မှာပဲ… အလောကြီးနေဖို့ မလိုအပ်ဘူး”
ချင်မူက ပြုံးလျက် ပြော၏။ “လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရဦးမယ်… ကျွန်တော်သာ အလောတကြီး လိုက်သွားလိုက်ရင် သူတို့နဲ့အတူ ဒုက္ခရောက်လိမ့်မယ်”
ဝေစွေ့ဖုန်းမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ပြောလိုက်သည်။ “ငါ တစ္ဆေသင်္ဘောပေါ်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တုန်းက မင်းကို မြေပုံအတိုင်း လိုက်လာပြီး ကယ်ပေးဖို့ ခဏခဏ တောင်းဆိုခဲ့တာ… မင်းက ဘယ်တုန်းကမှ မလာခဲ့သလို မြေပုံအတိုင်းလည်း မသွားခဲ့ဘူး…. အခုလေးတင် ပြောပြလိုက်တဲ့ အကြောင်းပြချက်ကြောင့်လား”
ချင်မူက စပ်ဖြဲဖြဲ ရယ်လိုက်ရင်း အဝေးသို့ လျှောက်ထွက်သွားတော့သည်။ ထို့နောက် ကြည်လင်ပြတ်သားစွာ လှမ်းအော်နေ၏။ “ဗျို့ အစ်ကိုကြီးယီ၊ မမကြီးယီ… ဘယ်ရောက်နေတုန်းဗျ…. ညီငယ်လေးက နှုတ်ဆက်ချင်လို့ပါ”
ဝေစွေ့ဖုန်းက မည်းမှောင်နေသော မျက်နှာကြီးဖြင့် သူ့ကို စိုက်ကြည့်နေပြီး အံတင်းတင်းကြိတ်လိုက်သည်။ “ခွေးသူတောင်းစားလေးချင်”
“ဟုတ်ပါ့… ဝောာ်တော်ရက်စက်တဲ့ကောင်”
မင်းသားယိုမင်းက သူ့ဘေးသို့ ရောက်လာကာ ဖန်သားကောင်းကင်စေတီဆီ ကြည့်လိုက်သည်။ သူ၏အကြည့်သည် ယန်အာထံမှ နဂါးချီလင်အပေါ် ကျရောက်သွားပြီး ဒေါသတကြီး ပြောလိုက်၏။ “လူလိမ်အတွဲ… နောက်ဆုံးတော့ မင်းတို့ကို တွေ့ပြီ… လုံရှန်းဆန်းရန်”
နဂါးချီလင်မှာ ကြောက်ဒူးတုန်သွားပြီး ကပျာကယာ အကြည့်လွှဲလိုက်သည်။ မင်းသားယိုမင်း သူ့ကို လိုက်ဖမ်းတော့မည်ကို မြင်လျှင် ချက်ချင်း ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ကာ နဂါးခေါင်း၊ လူကိုယ်ရှိသော လုံရှန်းဆန်းရန် အသွင်ပြောင်းလိုက်၏။ သူက မြေပေါ်တွင် ဒူးထောက်ချ၍ ကျယ်လောင်စွာ တောင်းပန်တော့သည်။ “တောင်းပန်ပါတယ်…”
ယန်အာကလည်း အလောတကြီး နဂါးချီလင်ဘေးတွင် ဒူးထောက်လိုက်သည်။ “ကျွန်မနဲ့ ကျွန်မရဲ့ မောင်ကြီးက တောင်းပန်ပါတယ်ရှင်”
မင်းသားယိုမင်းမှာ ချုပ်တည်းမရနိုင်သော ဒေါသများဖြင့် သူတို့နှစ်ယောက်ဆီ ရောက်လာသော်လည်း သူတို့အား ဘာမှမလုပ်နိုင်ချေ။
နဂါးချီလင်နှင့် ယန်အာ သူ၏ဖန်သားကောင်းကင်စေတီကို ခိုးသွားခဲ့သည့်အတွက် သူ့မှာ မြောက်နတ်မင်း၏ အပြစ်ပေးမှုအား ခံခဲ့ရပြီး လိပ်နက်ကောင်းကင်နန်းဆောင်တွင် နှစ်ခြောက်သိန်းတိုင်အောင် အချုပ်ကျခဲ့သည်။ သို့သော် နဂါးချီလင်နှင့် ယန်အာက လိပ်နက်မျိုးနွယ်နှင့် ကောင်းကင်နန်းဆောင်မှ မျိုးနွယ်ဝင်များစွာကို ကယ်တင်ခဲ့သည့်အပြင် သူ၏အသက်ကိုလည်း ကယ်တင်ပေးခဲ့သည်။
ပို၍အရေးကြီးသည်က လိပ်နက်ကောင်းကင်နန်းဆောင်မှ မင်းသားယိုမင်းအား အကျဉ်းချခဲ့သော အကြောင်းအရင်းက ဖန်သားကောင်းကင်စေတီ ခိုးယူခံရမှုနှင့် သိပ်မဆိုင်ပေ။ ထိုအချိန်တုန်းက မင်းသားယိုမင်း၏ ဘေးတွင် အိမ်ရှေ့မင်းသားဖြစ်သော သူကိုယ်တိုင်နှင့် မြောက်နတ်မင်းကို အချိန်မရွေး အကောက်ကြံနိုင်သည့် ကောင်းကင်ယင်သားတော်လို ပုဂ္ဂိုလ်များ ဝိုင်းနေခဲ့သည်။ သူတို့က မြောက်၀င်ရိုးစွန်း ကောင်းကင်ဘုံအား တပ်မက်နေခဲ့ကြ၏။
မင်းသားယိုမင်းသာ အကျဉ်းချမခံခဲ့ရလျှင် ဟိုးအရင်အချိန်များကတည်းက သေသွားခဲ့မည်ဖြစ်သည်။
နောက်ပိုင်းတွင် ချင်မူက သနားညှာတာပေးရန် တောင်းဆိုခဲ့သည့်အတွက် သူ့မှာ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ရသည်။ လွတ်လာပြီးနောက် မြောက်၀င်ရိုးစွန်းမှ ထွက်လာခဲ့သည့်အချိန်တွင် ကောင်းကင်ယင်သားတော်အား ကောင်းကင်နတ်မြစ်တွင် တွေ့ခဲ့ရ၏။ တုံးအသော သူ့မှာ ကောင်းကင်ယင်သားတော်၏ ကျော့ကွင်းထဲ နောက်တစ်ကြိမ် ဝင်မိတော့မလို ဖြစ်ကာ ကောင်းကင်နတ်ဧကရာဇ်၏ မိဖုရားဆောင်ထဲသို့ အတင်းအကြပ် တွန်းပို့ခံခဲ့ရလေသည်။
ကံကောင်းစွာဖြင့် ချင်မူ သူ့အတွက် ချန်ထားပေးခဲ့သော ကောင်းကင်နတ်သိုင်းက ထွက်ပေါ်လာသဖြင့် ကောင်းကင်ယင်သားတော်၏ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့ကာ ကပ်ဘေးကို ရှောင်လွှားနိုင်ခဲ့သည်။
“ကျေးဇူးပြုပြီး ထကြပါ”
မင်းသားယိုမင်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း သူတို့နှစ်ယောက်ကို ဆွဲထူပေးလိုက်ကာ ပြုံးရွှင်စွာ ပြော၏။ “ငါ စောစောက ဒေါသမထိန်းနိုင်ဘူးဖြစ်သွားတယ် … ငါဟာ ကြွယ်၀ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာခဲ့တော့ ငွေမက်ပြီး လာပေါင်းတဲ့သူတွေကိုပဲ အဟုတ်ထင်ခဲ့မိတယ်… သူငယ်ချင်း အစစ်အမှန် ဆိုတာ ဘာမှန်း မသိခဲ့ဘူး… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ရောက်တော့မှ သူငယ်ချင်းစိတ်ဓာတ်ဆိုတာ ဘာမှန်း နားလည်ခဲ့တယ် …မင်းတို့နှစ်ယောက်က ငါ့ရဲ့ ဖန်သားကောင်းကင်စေတီကို ခိုးယူခဲ့ပေမယ့် တကယ်တော့ ကောင်းမှုလုပ်ပေးခဲ့တာပါ ... ဒီလိုမျိုး ရိုကျိုးနေစရာ မလိုပါဘူး”
နဂါးချီလင်နှင့် ယန်အာလည်း အခြေအနေကို အခွင့်ကောင်းယူ၍ ထရပ်လိုက်ကြပြီး မင်းသားယိုမင်းက ပြုံးလိုက်သည်။ “ဖန်သားကောင်းကင်စေတီက လေးလံပေမယ့် ငါ့နှလုံးသားထဲက အစိုင်အခဲကတော့ မလေးလံတော့ပါဘူး”
ဝေစွေ့ဖုန်းက မင်းသားယိုမင်းအနား ရောက်လာကာ ချီးကျူးသည်။ “မင်းသားယိုမင်းက ရင့်ကျက်ပြီး သဘောထား ကြီးလာပြန်ပြီပဲ… နဂါးဟန်ခေတ်ရဲ့ အထူးချွန်ဆုံးပုဂ္ဂိုလ်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်..”
နဂါးဟန်ခေတ်၌ အိမ်ရှေ့စံမင်းသားယိုမင်း ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ခဲ့သည့်အချိန်တွင် ဧကရာပလ္လင်အဆင့်ပုဂ္ဂိုလ်များကား တစ်လောကလုံးတွင်ပင် ဆယ်ဦးထက်မပိုခဲ့ပေ။ နောက်ပိုင်းမှသာ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မယန်တို့ကဲ့သို့ နာမည်ကြီးပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာခဲ့သော်လည်း မင်းသားယိုမင်းတို့နှင့်ယှဉ်လျှင် အရေးမပါလှပေ။
ထိုစဉ်က ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အခြားသူတချို့သာ မင်းသားယိုမင်းနှင့် ပခုံးချင်း ယှဉ်နိုင်ခဲ့သည်။
မြောက်နတ်မင်းရွှမ်းဝူသည် မင်းသားငယ်လေး ယိုမင်းကို နှစ်ခြောက်သိန်းကြာ အကျဉ်းချထားခဲ့၏။ ထိုစဉ်အခါက မင်းသားနှင့် မယှဉ်နိုင်သော သေးနုပ်သိမ်ဖွဲသော လူများသည် ပြိုင်ဘက်ကင်းသော ကောင်းကင်နတ်အရှင်များပင် ဖြစ်လာခဲ့ကြချေပြီ။ ကောင်းကင်ယင်သားတော်သည်ပင် မင်တု၏ ဘုရင်တစ်ပါး ဖြစ်လာကာ သူ့ထက် သာသွားခဲ့သည်။
လောကဒဏ်အနိမ့်အမြင့်များကို ခံစားရသည့်တိုင် စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်သေးသည့် မင်းသားယိုမင်းအား ဝေစွေ့ဖုန်း လေးစားအားကျနေမိ၏။
မင်းသားယိုမင်းက ပြုံးလျက် ပြောသည်။ “ငါသာ မြောက်နတ်မင်း အကျဉ်းချတာ မခံခဲ့ရရင် နဂါးဟန်ခေတ်အဆုံးအထိ အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါးလို ပုဂ္ဂိုလ်မျိုး ဖြစ်လာဖို့ မပြောနဲ့ အသက်တောင် ရှင်နိုင်မှာမဟုတ်ဘူး… လက်ရှိ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ဉာဏ်အမြော်အမြင်က ငါ မှီနိုင်တာထက် အများကြီးကျော်လွန်တယ်… ကောင်းကင်နတ်အရှင်မူလို ပုဂ္ဂိုလ်မျိုးသာ သူတို့နဲ့ တိုက်ခိုက်နိုင်မှာ… သူတို့ရဲ့ အကြံအစည်တွေ လှည့်ကွက်တွေက ငါနဲ့ မြောက်၀င်ရိုးစွန်းကို တစ်သက်လုံး ဒုက္ခရောက်သွားစေနိုင်တယ်… ငါ့ရဲ့အတိုင်းအတာကို ငါကိုယ်တိုင် သိပါတယ်”
လွန်ခဲ့သော နှစ်ခြောက်သိန်းမှ အတွေ့အကြုံများကို ပြန်စဉ်းစားမိသည့်အခါ ရောထွေးသော ခံစားချက်များစွာ သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည်။
ထိုစဉ်က သူနှင့် တန်းတူ ပါရမီရှင်များဖြစ်ခဲ့သည့် အိမ်ရှေ့စံမင်းသားရှဲ့ဝူကျိနှင့် ကောင်းကင်နတ်အရှင်ယွင်တို့ ရှိခဲ့ဖူးသည်။ သို့သော် ထိုသူများပင် သေဆုံးခဲ့ရလေသည်။
ဉာဏ်ပညာနိမ့်ပါးသည့် သူကမူ အသက်ရှင်နိုင်ခဲ့သည်။ ၎င်းနောက်ကွယ်မှ အကြောင်းအရင်းကို သူ နားလည်လေသည်။
အခြားတစ်ဖက်တွင် ချင်မူက သစ်နက်တောင်တစ်လုံးအား ပြုပြင်နေသော ထိုက်ယီကို တွေ့သွားသည်။
ထိုက်ယီသည် ယခုတွင် အလွန်တရာ အိုမင်းနေကာ ရှေးဟောင်းအရှိန်အဝါတို့ကို ပိုင်ဆိုင်ထား၏။ တာအိုနီးပါး အိုမင်းနေသော်လည်း အကန့်အသတ်မဲ့သည့် အသစ်အဆန်း အသက်ဓာတ်တို့ကိုလည်း ပိုင်ဆိုင်ထားလေသည်။
ချင်မူမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အပြုံးလေးဖြင့် မေးလိုက်၏။ “တာအိုနောင်တော်၊ ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ကို တွေ့ဖို့ အဆင်သင့်ဖြစ်ပြီလား”
ထိုက်ယီ၏ ပုံပန်းသွင်ပြင်မှာ အိုမင်းရင့်ရော်နေပြီ မျက်လုံးများက ဗလာကျင်းနေ၏။ သူ၏နှလုံးသားထဲတွင် မည်သည့်အတွေးကိုမှ မတွေ့ရှိနိုင်ဘဲ အလွန်အင်မတန် တိတ်ဆိတ်နေလေသည်။ “ငါတို့ အခု သူတို့နဲ့ တွေ့လို့ရပြီ”
ချင်မူလည်း စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုနောင်တော်”
ထိုက်ယီက ခေါင်းရမ်း၏။ “မင်းအတွက်ကြောင့် သူတို့နဲ့ တွေ့တာမဟုတ်ဘူး… ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ်… သူတို့နဲ့တွေ့ဖို့ မင်းရဲ့ နန်းဆောင်ကို ငှားယူချင်တယ်”
ချင်မူက ပြော၏။ “တာအိုနောင်တော် စိတ်တိုင်းကျ အသုံးပြုပါ”
သူက သစ်နက်တောင်တန်းများဆီ ရောက်လာ၍ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ ကောင်းကင်မြေကြီးတံခါးတစ်ချပ်သည် မြင့်တက်လာ၏။ တခဏကြာသော် တံခါးက အတွင်းမှ ပွင့်လာသည်။ မြေအောက်ဘုံအရှင်သခင်၏ မူလဝိညာဉ်က ထွက်လာကာ ချင်မူ့ကို နှုတ်ဆက်သည်။
ချင်မူကလည်း ပြန်လည်၍ ဂါဝရပြုလိုက်သည်။
ထို့နောက် ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်ကလည်း ထွက်လာငကာ ချင်မူ့ကို နှုတ်ဆက်၏။ ချင်မူက ပြန်လည်နှုတ်ဆက်လိုက်သည်။ “တာအိုနောင်တော်ထိုက်ယီက စောင့်နေပါတယ်”
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်သား သစ်နက်တောင်တန်းတစ်လျှောက်ရိုသေလေးစားစွာ ဖြတ်လျှောက်လာရင်း ချင်မူ့နောက်မှ မဟူရာသစ်ပင်၏ အလယ်ဗဟိုသို့ လိုက်လာကြသည်။
ရုတ်တရက် ခေါင်းလောင်းသံတစ်ချက်သည် ကောင်းကင်နှင့်မြေကြီးကို အက်ကွဲသွားစေတော့မည်အလား မြည်ဟည်းလာ၏။ ချင်မူ၊ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာ တအံ့တဩ မော့ကြည့်လိုက်ကြရာ စိမ်းစိုနေသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။ ၎င်းက စကြဝဠာအလယ်တွင် လွင့်မြောနေပြီး ၎င်းအောက်ရှိ ခန်းမမှာ ရွှေရောင်များ ထိန်လင်းလျက် ရှိနေသည်။ ရောင်စုံအလင်းတန်းများက ရေပန်းတစ်ခုအလား ဖြာကျကာ မဟာခန်းမကို မြှောက်တင်ပေးထား၏။
သူတို့သုံးယောက်က မဟာခန်းမဆီသို့ ငေးမောပြီး ချီးကျူးရင်းဖြင့် အထဲရောက်လာကြသည်။ သူတို့သည် လှေကားထစ်များကို တတ်နေစဉ် ဟွမ်ကျုံးနှင့် တလူကဲ့သို့ တူရိယာ တီးခတ်နေသည့်အလား တာအိုသံမျိုးစုံ ကြားနေရ၏။