← Chapters

သစ်နက်တောင်တန်းသို့ သွားရောက်ခြင်း

Vol. 103 Ch. 1356

သစ်နက်တောင်တန်းသို့ သွားရောက်ခြင်း

Vol. 103 Ch. 1356

ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ချင်မူတို့မှာ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။ မြင်ကွင်းနှင့် ကြားနေရသည့် တာအိုအသံများကား လုံးလုံးလျားလျား ကွဲပြားနေ၏။

ကောင်းကင်နယ်စားမင်း မြင်နေရသည်က သူ တစ်ကြိမ်တစ်ခါမှ နားမလည်ဖူးသည့် အဆင့်တစ်ဆင့်၊ ကောင်းကင်တာအို၏ ပိုမိုနက်ရှိုင်းသိမ်မွေ့သော အဆင့်တစ်ဆင့် ဖြစ်သည်။ သူ ကြားနေရသည်က တာအိုအသံ ဖြစ်ပြီး တာအိုမှ မွေးဖွားခဲ့သော ကောင်းကင်နယ်စားမင်းထက်ပင် လေးနက်နေသည်။

မြေအောက်ဘုံအရှင်သခင်က ယိုမဟာတာအိုကို မြင်နေရပြီး ကောင်းကင်နယ်စားမင်း မြင်နေရသည့် အရာများကဲ့သို့ နက်ရှိုင်းကျယ်ပြောလှ၏။ သူ ကြားနေရသည့် အသံမှာမူ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသဖြင့် ကြားရသည်နှင့် လိုက်လံသီဆိုလိုစိတ်များပင် ဖြစ်ပေါ်စေနိုင်သည်။

ချင်မူ ကြားရ၊ မြင်ရသည့် အရာများကတော့ သူတို့နှင့် မတူပေ။ သူသည် မထင်ရှား မသဲကွဲသော အသံများကို ကြားရ၏။ ၎င်းက မည်သည့်အရာမှန်း သူ မသိသော်လည်း အင်မတန် ဆန်းကြယ်ပြီး နားလည်ရခက်လေသည်။

သုံးယောက်စလုံး ကိုယ်ပိုင်ခံစားချက်များဖြင့် ရှုပ်ထွေးနေကြသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် တော်ရုံအခြေအနေများတွင် စိတ်မလှုပ်ရှားတတ်သော်လည်း ယခုအခါတွင်တော့ သာမန်ထက်ပို၍ စိတ်လှုပ်ရှားနေကြ၏။ ရှေးအချိန်များထဲက မလှုပ်ရှားခဲ့သော သူတို့တာအိုနှလုံးသားများမှာလည်း ထိန်းသိမ်းမရနိုင်အောင် ခုန်ပေါက်နေကြသည်။

ချင်မူကတော့ နေသားကျနေပြီဖြစ်သဖြင့် စိတ်မလှုပ်ရှားတော့ပေ။

သုံးယောက်သား လှေကားထိပ်ဆုံးအထိ တက်လိုက်သည့်အခါ ခန်းမတံခါးဝရှေ့သို့ ရောက်လာကြသည်။

ခန်းမအတွင်းသို့ ကြည့်လိုက်ကြရာတွင် ရောင်စုံအလင်းတန်းများသည် ရေခူတစ်ကောင်၏ လက်တံများပမာ လှည့်ပတ်နေကြောင်း တွေ့လိုက်ကြရ၏။ ၎င်းတို့က တိမ်များအလား ဖြည်းဖြည်းချင်း ပြန့်ကားလာပြီး ဖော်ပြမတတ်နိုင်သော မြင့်မြတ်ထည်၀ါမှုတို့ကို ထုတ်လွှတ်နေတတ်သည်။

ခန်းမမှာ ခန်းမတစ်ခုနှင့် မတူဘဲ လမ်းစဉ်တာအိုအားလုံး စုဆုံသွားကြသည့် နေရာတစ်နေရာနှင့် တူနေ၏။ ချင်မူမှာ အထဲဝင်သွားရင်း ဤနေရာသို့ ပထမဦးဆုံး ရောက်ဖူးသည့်အလား ခံစားနေရသည်။

ဤမဟာခန်းမကို သူ တည်ဆောက်ထားခြင်း ဖြစ်၍ သူ၏ ကောင်းကင်နန်းဆောင်ဖြစ်၏။ ချင်မူအနေဖြင့် ဤနေရာသို့ လာလေ့မရှိသော်လည်း မဟာခန်းမသည် ယခုမြင်နေရသည်နှင့် မတူကြောင်းကိုတော့ သေချာသိထားသည်။

‘တောင်တန်းတွေက မမြင့်ဘူး… ရေတွေကလည်း တိမ်နေတယ်... ငါ့နန်းဆောင်ထဲမှာ ထိုက်ယီရှိနေတာနဲ့ အံ့မခန်းလိလိအရာတွေ ဖြစ်လာတော့တာပဲ' သူက စိတ်ထဲ တွေးနေမိသည်။

အရေးကြီးဆုံးအရာက မဟာခန်းမ, မဟုတ်ဘဲ ခန်းမအတွင်းရှိ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာ ပို၍ပင် အံ့အားသင့်နေကြသည်။ ချင်မူ၏ သိုင်းအဆင့်မှာ နိမ့်သေးသဖြင့် သူ မြင်နေရသည့်အရာများမှာ သူတို့မြင်နေရသလောက် မနက်နဲမကျယ်ပြောပေ။ သူသာ မြင်နိုင်ပါက မြင်ကွင်းက ပို၍ပင် အံ့ဩငေးမောဖွယ်ကောင်းပေလိမ့်မည်။

ချင်မူ့မျက်လုံးထဲတွင် တာအိုများဖြင့် ၀န်းရံခံထားရသော အဘိုးကြီးထိုက်ယီမှာ အသက်ဓာတ်တချို့ ကိန်းဝပ်နေသော သစ်ခြောက်ပင်ကြီးသဖွယ်သာ ဖြစ်သည်။ သို့သော် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးထဲတွင်တော့ သူကား ပေါ့သေးသေး ဖြစ်တည်မှုတစ်ခု မဟုတ်ပေ။

သူတို့သည် စကြဝဠာ၏ အစ၊ မဟာတာအို၏ အစ၊ မဟာတာအိုအထွတ်အထိပ်တွင် ထိုင်နေသော ပုဂ္ဂိုလ်တစ်ဦး၊ ဤစကြဝဠာ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် ထာဝရ တည်ရှိနေသည့် ပုဂ္ဂိုလ်တစ်ဦးကို မြင်နေရသည့်အလားပင်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့က ရှေ့သို့ လျှောက်သွားလိုက်ရင်း ဦးညွှတ်အရိုအသေပေးကာ ရိုရိုကျိုးကျိုး ခေါ်လိုက်ကြသည်။ “တာအိုနောင်တော်”

“အရမ်းရိုသေနေစရာမလိုပါဘူး တာအိုမိတ်ဆွေတို့”

အဘိုးကြီးထိုက်ယီက အသာအယာ ခေါင်းညိတ်ကာ ပြော၏။ “မင်းတို့ လာလည်ရတဲ့ အကြောင်းအရင်းကို ငါ သိထားပြီးပါပြီ”

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ တည်ငြိမ်နေသော အတွေးများမှာ လှိုင်းထန်သွားကြသည်။ မြေအောက်ဘုံအရှင်သခင်က ပြောလိုက်၏။ “အရင်တုန်းက ဘိုးဘေးနန်းတော်ထဲမှာရှိတဲ့ ဖန်ဆင်းရှင်တွေကို ရှင်းလင်းပစ်ချင်ခဲ့တဲ့သူက တာအိုနောင်တော်လို့ မဟာတာအိုက ပြောခဲ့ဖူးပါတယ်”

ထိုက်ယီက ခေါင်းညိတ်သည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကောင်းကင်နယ်စားမင်းက ပြောသည်။ “မိုးကောင်းကင်ဟာ ဖြောင့်မတ်တည်ကြည်ပါတယ် … တာအိုနောင်တော်က ဖန်ဆင်းရှင်တွေကို ဘာလို့ ဖယ်ရှားပစ်ချင်ရတာလဲ”

“ငါ ဖန်ဆင်းရှင်တွေကို မဖယ်ရှားချင်ခဲ့ဘူး… ဒါပေမဲ့ မင်းတို့ ဖန်ဆင်းရှင်တွေကို ရှင်းလင်းပစ်တာကိုတော့ ငါ လိုချင်ခဲ့တယ်”

ထိုက်ယီက ဖြေသည်။ “ငါ့ရဲ့ ဆန္ဒက ကောင်းမွန်ပါတယ်… ဒါပေမဲ့ ဖန်ဆင်းရှင်တွေကို ရှင်းလင်းနေရင်းနဲ့ မင်းတို့မှာ ကိုယ်ပိုင်လိုအင်တွေ၊ ရည်ရွယ်ချက်တွေ ရှိလာကြတယ်… နောက်ဆုံးမှာ ဖန်ဆင်းရှင်တွေကို မျိုးသုဉ်းသတ်ဖြတ်ချင်လာကြတော့တာပဲ … ငါ မြင်ချင်ခဲ့တာ အဲဒီလိုမျိုး မဟုတ်ဘူး”

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ ငြိမ်ကြသွားသည်။

တစ်ကိုယ်ကောင်းဆန်မှု။

သူတို့သည် ဖန်ဆင်းရှင်များကို ရှင်းလင်းရင်းဖြင့် တစိကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒမျိုးစုံ ဖြစ်ပေါ်လာခဲ့ကြ၏။ တချို့က ရည်ရွယ်ချက်ဖြစ်ပြီး၊ တချို့က အာဏာရလိုစိတ်ဖြစ်ကာ တချို့ကတော့ အခြားအရာများအပေါ် တပ်မက်စိတ်များ ဖြစ်လာခဲ့ကြသည်။

ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားများကား နတ်ဘုရားတစ်ပိုင်းများနှင့် ကမ္ဘာခေတ်နှောင်းမျိုးနွယ်များကို ကျွန်လုပ်စေခဲ့ကြ၏။ နတ်ဘုရားတစ်ပိုင်းများနှင့် ကမ္ဘာခေတ်နှောင်းမျိုးနွယ်များအား ဝါးမျိုစားသောက်ကာ စည်းစိမ်ချမ်းသာတို့အား ပျော်မွေ့ခံစားခဲ့ကြသည်။

ဤသို့ဖြင့် ရှေးဟောင်းနတ်ဘုရားများသည် စကြ၀ဠာထဲရှိ ကမ္ဘာလောကများအပေါ် အုပ်ချုပ်ရင်း မူလရည်ရွယ်ချက်၊ မူလခံယူချက်များ ပျောက်ကွယ်သွားခဲ့ကြ၏။

ရှေးဟောင်းနတ်ဘုရားအချို့မှာ ဖန်ဆင်းရှင်များကို အလုပ်အကျွေးပြုရန် ဖန်ဆင်းရှင်များမှ ဖန်ဆင်းခဲ့ကြခြင်း ဖြစ်သည်။ အချို့က ကောင်းကင်နှင့် မြေကြီးမှ မွေးဖွားလာကြပြီး အာဏာတည်တံ့အောင် ရှေးဟောင်းသားရဲမျိုးစုံ မွေးမြူခဲ့ကြသည်။ အချို့က ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုမှ မွေးဖွားလာကြကာ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းသာမက ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းကိုပါ တာဝန်ယူထားကြ၏။

တချို့က ကောင်းကင်နှင့်မြေကြီး၏ အလိုတော်အတိုင်း လောကကို ကာကွယ်ရန် ဥမှ ပေါက်ဖွားလာကြသည်။

သို့သော် ဖန်ဆင်းရှင်များကို ရှင်းလင်းကြသည့်ကိစ္စတွင် မူလစိတ်ဆန္ဒအားလုံး ဖြည်းဖြည်းချင်း ပြောင်းလဲသွားကြပြီး အာဏာရလိုစိတ်သာ တိုးပွားလာခဲ့၏။

ဖန်ဆင်းရှင်များကို ရှင်းလင်းပြီးနောက် သူတို့သည် ပိုမိုရက်စက်ကြမ်းကြုတ်သော ဖန်ဆင်းရှင်များ ဖြစ်လာခဲ့ကြသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်မှာ တခဏကြာသည်အထိ တိတ်ဆိတ်နေ၏။ ကောင်းကင်နယ်စားမင်းက ဦးညွှတ်၍ မေးလိုက်သည်။ “တာအိုနောင်တော်၊ ကျွန်တော် အောင်မြင်မှာလား”

ထိုက်ယီက ပြန်မေး၏။ “မင်းရဲ့ဆန္ဒက ဘာလဲ”

ကောင်းကင်နယ်စားမင်းက ဖြေသည်။ “ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ပါ”

ထိုက်ယီက ခေါင်းညိတ်၍ ပြော၏။ “မင်း အောင်မြင်လိမ့်မယ်”

ကောင်းကင်နယ်စားမင်းမှာ ဝမ်းမြောက်သွားသည်။

မြေအောက်ဘုံအရှင်သခင်ကလည်း ဦးညွှတ်အရိုအသေပေး၍ မေးလိုက်သည်။ “တာအိုနောင်တော်၊ ကျွန်တော်ရော အောင်မြင်မှာလား”

ထိုက်ယီက မေးသည်။ “မင်းရဲ့ဆန္ဒက ဘာလဲ”

မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “ယိုတုမဟာတာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ပြီး သက်ရှိလူသားတစ်ဦး ဖြစ်လာဖို့ပါ”

ကောင်းကင်နယ်စားမင်းမှာ မျက်မှောင်ကြုတ်၍ သူ့ကို ဇဝေဇဝါ ကြည့်လိုက်၏။

“မင်း အောင်မြင်လိမ့်မယ်” ထိုက်ယီက ဖြေသည်။

မြေအောက်ဘုံအရှင်သခင်၏ မျက်နှာထက်တွင် ဝမ်းမြောက်ပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားသည်။

ချင်မူလည်း မေးကြည့်လိုစိတ် ပြင်းပြလာသဖြင့် လက်မြှောက်လိုက်၏။ “တာအိုနောင်တော်ထိုက်ယီ၊ ကျွန်တော်ရော အောင်မြင်မှာလားဗျ”

ထိုက်ယီက ပြန်မဖြေ။

ချင်မူက စိတ်လှုပ်တရှား ပြောပြသည်။ “ကျွန်တော်ရဲ့ ဆန္ဒက တန်ခိုးရှင်လမ်းစဉ်ကို မြှင့်တင်ပြီး နတ်ဘုရားတွေရဲ့ အာဏာကို ချုပ်ကိုင်နိုင်ဖို့ နတ်ဘုရားတွေကိုပဲ ပြန်အသုံးချဖို့ပါ… နတ်ဘုရားတွေကို လူ့သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး ကျင့်ကြံပြီးမှ ရနိုင်တဲ့ ကမ္ဘာခေတ်နှောင်းတာအိုက မွေးရာပါမူလတာအိုကို ကျော်တက်သွားနိုင်အောင် ကြိုးစားဖို့ပဲ... လူတွေ ချမ်းသာလာအောင် လုပ်ပေးမှ ပညာ‌လေ့လာနိုင်ပြီး အောင်မြင်လာကြမယ်... အောင်မြင်လာတဲ့အခါ လောကအတွက် အကျိုးပြုနိုင်ပြီ... ကောင်းကင်နတ်အရှင်ဆယ်ပါးလို အကျင့်စာရိတ္တ ပျက်ပြားတဲ့ ပုဂ္ဂိုလ်တွေကို ရှင်းလင်းပစ်ရမယ်… မျိုးဆက်သစ်တွေကို အဆက်မပြတ် တိုးတက်နေအောင် လုပ်ပေးဖို့ အဓိကပဲ…. အောင်မြင်နိုင်လားဗျ”

ထိုက်ယီက နှုတ်ဆိတ်နေသည်။

ချင်မူမှာ မျက်မှောင်ကြုတ်သွားပြီး နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးရန် ပြင်လိုက်စဉ် ထိုက်ယီသည် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့၏။

ထိုက်ယီ၏ ဟောက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ချင်မူမှာ မျက်လုံးပြူးသွားသည်။ သူက ခပ်ပြတ်ပြတ် အသံဖြင့် မေးလိုက်၏။ “ဘာလို့ မဖြေတော့တာလဲ တာအိုနောင်တော်.. ခင်ဗျားက ကျွန်တော်ရဲ့ သစ်နက်တောင်တန်းမှာ နေနေတာနော်… မြေငှားခ မပေးတဲ့အပြင် ကျွန်တော့်မေးခွန်းကိုတောင် မဖြေဘူးပေါ့…”

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က ထိုက်ယီကို အရိုအသေပေးပြီးနောက် ချင်မူ့အား ဆွဲမ,သွားကြသည်။ ကောင်းကင်နယ်စားမင်းက မာန်မဲ၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဘာလို့ တာအိုနောင်တော်ထိုက်ယီကို အဲဒီလိုလေသံနဲ့ ပြောရတာလဲ… သူက တာအိုပုဂ္ဂိုလ်၊ တာအိုရပြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကွ… မင်း သူ့ကို ဆက်ဆံချင်တိုင်း ဆက်ဆံလို့မရဘူး”

မြေအောက်ဘုံအရှင်သခင်ကလည်း ဆူသည်။ “သူက မင်းနဲ့ ရန်ဖြစ်မှာ မဟုတ်တိုင်း မင်းဘက်ကလည်း ရောင့်တက်လို့မဖြစ်ဘူး… ဒီအကြောင်းကိုသာ သိသွားကြရင် လူတိုင်းက မင်းကို ဆဲဆိုကြလိမ့်မယ်… ငါတောင်မှ မင်းကို သေစာရင်းထဲ မှတ်ရလိမ့်မယ်”

နှစ်ယောက်သား ချင်မူ့ကို အထွတ်အမြတ်ခန်းမမှ ဆွဲထုတ်သွားကြသည်။ ချင်မူ့ခြေဖျားလက်ဖျားများမှာ အေးစက်နေပြီး သူက ခန်းမဘက်သို့ မေးလိုက်သေး၏။ “တာအိုနောင်တော်ထိုက်ယီ၊ ကျွန်တော့်ဆန္ဒက အောင်မြင်မှာလားလို့… အောင်မြင်မြင်၊ မအောင်မြင်မြင် ခေါင်းခါ၊ ခေါင်းညိတ် လုပ်ပြရုံပဲလေ… ဘာလို့ ဘာမှမဖြေတာလဲ”

ခန်းမ၏ ရောင်စုံအလင်းတန်းများ၊ တာအိုအလင်းတန်းများသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး ထိုက်ယီမှာလည်း ထွက်ခွာသွားချေပြီ။

ချင်မူမှာ ဆွံ့အသွားတော့သည်။

ကောင်းကင်နယ်စားမင်းက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ တာအိုနောင်တော်ထိုက်ယီက မင်းနဲ့အတူ ဒီမှာ နေနေတာပဲလေ… မေးဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်… ဘာလို့ အလောကြီးနေရတာလဲ… တာအိုမိတ်ဆွေ မြေအောက်ဘုံအရှင်သခင်၊ မင်းကရော ဘာဖြစ်နေတာလဲ… မင်း ယိုတုမဟာတာအိုကနေ လွတ်မြောက်ပြီး သက်ရှိလူသားတစ်ယောက် ဖြစ်ချင်တာ ငါ နားမလည်နိုင်ဘူး… လူသားတွေမှာ စိတ်ခံစားချက်ခုနစ်ခုနဲ့ လိုအင်ဆန္ဒခြောက်ခု ရှိတယ်… ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းနဲ့ နာကျင်ခြင်းတို့ပဲ… ငါတို့ရှေးဟောင်းနတ်ဘုရားတွေ မဟာတာအိုအချုပ်အနှောင်ကနေ လွတ်မြောက်ချင်တာ လူသားစိတ်ခံစားချက်တွေနဲ့ ပြန်ပြီး ချုပ်နှောင်ခံရဖို့ မဟုတ်ဘူးလေ… မင်းရဲ့လမ်းစဉ်က သွေဖယ်နေပြီ”

မြေအောက်ဘုံအရှင်သခင်က ချင်မူ့ကို ချလိုက်ပြီး ရုပ်ဆိုးအကျည်းတန်သော သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “တာအိုနောင်တော်၊ ခင်ဗျားအနေနဲ့ တစ်လောကလုံးက သတ္တဝါတွေကို ကြည့်ချင်ရင် ငုံ့ကြည့်ရတယ်.. ကျုပ် သတ္တဝါတွေကို ကြည့်ချင်ရင်တော့ ယိုတုကနေ မော့ကြည့်ရတာ… ခင်ဗျား မဟာတာအိုအချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ မစောင့်စားနိုင်သလို ကျုပ်လည်း သက်ရှိလူသား တစ်ယောက်ဖြစ်ဖို့ မစောင့်နိုင်တော့ဘူး”

ကောင်းကင်နယ်စားမင်းမှာ မျက်မှောင်ကြုတ်သွားသည်။

မြေအောက်ဘုံအရှင်သခင်က ပြော၏။ “ကောင်းကင်နတ်အရှင်မူအနေနဲ့ ထိုက်ယီကို တွေ့ဆုံခွင့်ရအောင် လုပ်ပေးဖို့ လွယ်ကူတော့ ကျုပ်တို့ သူ့ကို တောင်းဆိုခဲ့ကြတယ်… အခု သူ့ဘက်က ဖြည့်ဆည်းပေးပြီးပြီဆိုတော့ သူ လိုချင်တာ ပြန်ပေးဖို့ အချိန်ကျပြီ… ကောင်းကင်နတ်အရှင်မူ၊ ဦးချိုကို ငါ ပြင်ဆင်ထားပြီးပြီ”

ကောင်းကင်နယ်စားမင်းမှာ မဖြောင်းဖျနိုင်သည်ကို တွေ့လိုက်ရသဖြင့် ဤကိစ္စအား ခေတ္တဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက တလောကလုံးမှာ အစွမ်းထက်ဆုံး နတ်မျက်လုံးတွေကို ဖန်တီးချင်တာဆိုတော့ ငါ ငါ့ရဲ့နတ်မျက်လုံးထဲက ကောင်းကင်တာအို သလင်းကျောက်ကို ပြင်ထားပေးတယ်.. အဲဒါက မင်းရဲ့နတ်မျက်လုံးထဲမာ အရှေ့အခန်းတစ်ခန်း ဖြစ်လာနိုင်လိမ့်မယ်… အဆင်သင့် ဖြစ်ပြီလား”

ချင်မူမှာ ခန်းမသို့ စိုက်ကြည့်နေဆဲ ဖြစ်သည်။ တခဏကြာသော် သူက အကြည့်ရုတ်လိုက်ရင်း ငေးငိုင်စွာ ဖြေ၏။ “ကျွန်တော် အဆင်သင့်ဖြစ်ပြီ”

All Chapters