← Chapters

ဆင့်ခေါ်ခြင်း

Vol. 103 Ch. 1358

ဆင့်ခေါ်ခြင်း

Vol. 103 Ch. 1358

“တာအိုသစ်ပင်ရဲ့ သစ်ရွက်တဲ့လား”

ချင်မူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သစ်ရွက်ကို ဖမ်းဆွဲမိခါနီးမှ လွတ်သွားသည်မှာ နှမြောစရာကောင်းလှ၏။

ထိုက်ယီ၏ တာအိုသစ်ပင်မှာ အလွန်တရာ အစွမ်းထက်ပေလိမ့်မည်။ ၎င်း၏သစ်ရွက်တွင်လည်း မှန်းဆမရနိုင်သော အစွမ်းအစများ ပါရှိနိုင်၏။ သူသာ တစ်ရွက်မျှ ရရှိနိုင်ပါက အဆန်းကြယ်ဆုံး ရတနာအဖြစ် သန့်စင်နိုင်ပေလိမ့်မည်။

‘ဒါပေမဲ့ ဒီသစ်ရွက်က မြင်ဖူးနေသလိုပဲ’

ချင်မူက စိတ်ထဲမှ တွေးလိုက်မိသည်။ ၎င်းလိုသစ်ရွက်မျိုးကို မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် မြင်ဖူးသော်လည်း ထိုနေရာ၌သာ မြင်ဖူးခြင်းမဟုတ်ပေ။ ထိုသစ်ရွက်မျိုးကို ထိုက်ယီ မကြာခဏ သယ်ဆောင်လာတတ်သည့် ရေပုံးထဲတွင်လည်း မြင်ဖူး၏။

ထိုက်ယီသည် ပျင်းရိနေပါက သူတို့အား မိုးမခသစ်ကိုင်း ပေး၍ ရေပုံးထဲမှ ရေဖြင့် သစ်နက်တောင်တန်းများအပေါ် ပက်ဖြန်းကာ ပြုပြင်ခိုင်းတတ်သည်။ ထိုသစ်ကိုင်းပေါ်ရှိ သစ်ရွက်က ယန်အာ ကိုက်ထားသော သစ်ရွက်နှင့် တထေရာတည်း တူသည်။

‘တခြားနည်းနဲ့ပြောရရင် ငါတို့က တာအိုသစ်ပင်ရဲ့ သစ်ရွက်တွေ၊ သစ်ကိုင်းတွေနဲ့ ရေဖြန်းနေတာလား’

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြန်ပြီး သူ့မှာ စိတ်ထဲမှ နောင်တရနေမိသည်။ ‘ငါသာ စောစောသိရင် နှစ်ရွက်လောက် ခိုးပြီး ခူးထားလိုက်ပါတယ် … သစ်ကိုင်းနဲ့ သစ်ရွက်တွေက ထိုက်ယီရဲ့ တာအိုသစ်ပင်ဆီက လာတာဆိုရင် ရေပုံးထဲက ရေတွေကရော’

ဤရေစက်သည် အဘယ်ကြောင့် သူ၏မျက်လုံးထဲမှ ဖရိုဖရဲချီတို့အား ဖိနှိပ်နိုင်ပါသနည်း။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ မဟာတာအိုဖွဲ့စည်းတည်ဆောက်ပုံအား မြင်ရအောင်ပင် စွမ်းဆောင်ပေးနိုင်သည်။

သူ့မှာ ထိုရေပုံးထဲရှိ ရေများအကြောင်း ပိုပို၍ သိချင်လာမိတော့သည်။

ကောင်းကင်နယ်စားမင်းက ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒေါင်လိုက်မျက်လုံးကို အသက်သွင်းပြီးတော့ သူ့ရဲ့စွမ်းအားကို နောက်တစ်ကြိမ် စမ်းသပ်ကြည့်ပါဦး”

ချင်မူ့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ချီစွမ်းအားနှင့် အသိစိတ်အလျဉ်ကို တဖန် အသက်သွင်းကာ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးအား ဖွင့်လိုက်သည်။

သို့သော် သူ အသက်သွင်းလိုက်သည်နှင့် ဖရိုဖရဲချီများ သူငယ်အိမ်ထဲမှ တဟုန်ထိုး ထွက်ပေါ်လာကြောင်း တွေ့လိုက်ရ၏။ မကြာမီ သူ၏ဒေါင်လိုက်မျက်လုံးသည် ဖရိုဖရဲဖြစ်လာပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

သူ ကမန်းကတန်း ရပ်လိုက်သည့်အခါ ဖရိုဖရဲချီများက သူ၏သူငယ်အိမ်ထဲ အလိုအလျောက် ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

ဒေါင်လိုက်မျက်လုံးမှာ အမှန်တကယ်ပင် မည်သည့်စွမ်းအားမှ ရှိမနေချေ။

သို့သော် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ကို ကြည့်လျှင်မူ သူတို့မူလဝိညာဉ်များ၏ တည်ဆောက်ပုံကို မြင်နေရသေးသည်။

ဒေါင်လိုက်မျက်လုံးမှာ ထူးဆန်းလွန်းပေသည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့မှာလည်း ဇဝေဇဝါဖြစ်နေကြသည်။ မြေအောက်ဘုံအရှင်သခင်သည် ချင်မူ့ဒေါင်လိုက်မျက်လုံး၏ စွမ်းအားကို ယခင်က မြင်ဖူး၏။ ချင်မူသည် ၎င်းကို သုံး၍ ကောင်းကင်နတ်အရှင်ရှောင်သာမက သူ၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကိုပါ ချိပ်ပိတ်ဖူးခဲ့သည်။ ထို့နောက်မှသာ ကောင်းကင်နတ်အရှင်ရှောင်၏ မာနထောင်လွှားနေမှုမှာ ပျောက်ကွယ်သွားခဲ့၏။

တစ်နည်းပြောရလျှင် ကောင်းကင်နတ်အရှင်ရှောင်ကိုသာ နှင်မထုတ်နိုင်ခဲ့ပါက မက်မွန်တောအုပ်တိုက်ပွဲတွင် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် ဘေးကင်းစွာ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။

ယုတ္တိကျကျ ပြောမည်ဆိုပါက လက်ရှိဒေါင်လိုက်မျက်လုံးတွင် ပါဝင်သည့် ပစ္စည်းများသည် ယခင်မျက်လုံးထက် များစွာသာလွန်၏။ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုသည် ယခင်ချင်စာလုံးမြေထက် ခိုင်မာပြီး ကောင်းကင်နယ်စားမင်း၏ ကောင်းကင်တာအိုသလင်းကျောက်ဆိုလျှင် ချင်မူ့တွင် ရှိပင် မရှိခဲ့ချေ။ ထိုမျှသာမက ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် သူတို့၏ ကိုယ်ပိုင်မဟာတာအိုများဖြင့် ချင်မူ့ကို သန့်စင်ပေးကာ ဒေါင်လိုက်မျက်လုံးအသစ်အား ယခင်မျက်လုံးထက် သာလွန်စေခဲ့သည်။ သို့သော် ဒေါင်လိုက်မျက်လုံးအသစ်သည် မည်သည့်အင်အားမှာမရှိသည်က သိသာလှ၏။

‘ပြဿနာက ထိုက်ယီဥခွံကြောင့်ပဲ ဖြစ်ရမယ်’

ချင်မူသည် ကျင့်စဉ်သိုင်းကွက်တို့အား ကြိုက်နှစ်သက်ပြီး အကောင်းဆုံးအရာများကိုသာ စုစည်းတတ်မှန်း ရှေးဟောင်းနတ်ဘုရားနှစ်ပါးလုံး သိထားကြသည်။ သို့သော် အကောင်းဆုံးပစ္စည်းများက အသုံးမဝင်သည်လည်း ဖြစ်နိုင်၏။

ချင်မူသာ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ဥခွံကို အသုံးပြုခဲ့လျှင် သူ့မျက်လုံးများ၏ စွမ်းအားသည် ယခင်ကထက် အဆပေါင်းများစွာ အလိုအလျောက် သန်မာသွားပေလိမ့်မည်။ သို့သော် လွယ်ကူလွန်းသော ဥခွံကို အသုံးပြုခဲ့သဖြင့် ဒေါင်လိုက်မျက်လုံး၏ စွမ်းအားကို အသက်သွင်းနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် ချင်မူအနေဖြင့် ဒေါင်လိုက်မျက်လုံးစွမ်းအားကို အသက်မသွင်းနိုင်သည့်တိုင် သူတို့ မူလဝိညာဉ်များကို ထွင်းဖောက်မြင်နေရသည်အား သူတို့မသိကြချေ။

ကောင်းကင်နတ်အရှင်တစ်ပါး အသက်သွင်းသော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကိုပင်လျှင် ချင်မူသည် တစ်ချက်ကြည့်ရုံနှင့် မြင်ရနိုင်၏။

ဤသည်က ဒေါင်လိုက်မျက်လုံး၏ ကြောက်မက်ဖွယ်စွမ်းအားပင်။

“ကောင်းကင်နတ်အရှင်မူ၊ ငါတို့ ကတိအတိုင်း လုပ်ပေးပြီးပြီ… မင်းရဲ့နေရာက အန္တရာယ်များလွန်းတယ်… ငါတို့ကြာကြာနေလို့ မရဘူး… ပြန်ဖို့ အချိန်ရောက်ပြီ”

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံသခင်က တစ်ယောက်ပြီးတစ်ယောက် တွက်ခွာသွားသည်။ ချင်မူ သူတို့ကို သစ်နက်တောင်တန်းများအပြင်သို့ လိုက်ပို့ပြီးမှသာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ထွက်ခွာသွားနိုင်၏။

သူတို့အနေဖြင့် သစ်နက်တောင်တန်းများဆီမှ တိုက်ရိုက်ထွက်မသွားနိုင်ကြပေ။ တောင်တန်းများအပြင်ထွက်ပြီးနောက်မှ ကိုယ်ပိုင်လောကများဆီသို့ ပြန်နိုင်ကြသည်။

မြေအောက်ဘုံအရှင်သခင်က မထွက်ခွာမီ အလေးအနက် သတိပေး၏။ “ဒီမဟူရာတောင်တန်းက နိမိတ်မကောင်းတဲ့နေရာဆိုတော့ ငါတို့ ဒီနေရာမှာ နေဖို့ မသင့်တော်ဘူး… ထူးဆန်းတဲ့ ကိစ္စတွေလည်း မရေမတွက်နိုင်အောင် ဖြစ်ထားတယ်… ပြီးတော့ ဒီနေရာက ငါတို့ တိုက်ရိုက်ဆင်းသက်လာလို့မရ၊ ထွက်ခွာသွားလို့မရတဲ့ နေရာတချို့ထဲက တစ်ခုပဲ… လူတော်တစ်ယောက်ဟာ အန္တရာယ်ရှိတဲ့ နံရံအောက်မှာ ဘယ်တော့မှ မရပ်ဘူး… ဆိုတော့ ကောင်းကင်နတ်အရှင်မူ ပြန်စဉ်းစားပါဦး”

ချင်မူက ကျေးဇူးတင်၍ မြေအောက်ဘုံအရှင်သခင်အား လိုက်ပို့သည်။

“ကျွန်တော် သစ်နက်တောင်တန်းတွေရဲ့ အန္တရာယ်ကို မသိဘဲနေပါ့မလားဗျာ”

သူက ခပ်တိုးတိုး ပြော၏။ “ဒါပေမဲ့ အန္တရာယ်များလေလေ၊ အကျိုးအမြတ် များများရလေလေပဲ… ဒါက ကျွန်တော်ငယ်ငယ်တည်းက သိခဲ့ရတဲ့ အရာပဲ… မဟူရာတောင်တန်းတစ်သိန်းရဲ့ အန္တရာယ်တွေကို တခြားနေရာတွေ ယှဥ်လို့မရပေမယ့် ဒီနေရာကရတဲ့ အခွင့်အလမ်းတွေကိုလည်း ဘယ်သူမှ မမှန်းဆနိုင်ဘူး”

ဤသည်က မဟူရာတောင်တန်းများ၏ အန္တရာယ်ကို သိရှိပြီးသည့်တိုင် သူ ဆက်နေခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

ချင်မူက ဝေစွေ့ဖုန်း၊ အဘွားစစ်၊ မင်းသားယိုမင်း၊ ယွီချွီးတုနှင့် အခြားသူများကို လူစုလိုက်သည်။ နဂါးချီလင်၊ ယန်အာ၊ မျက်ကန်းနှင့် ရွှေအတို့ကိုလည်း ခေါ်လိုက်သည်။ “ရှုကျွင်း၊ ပထမလူသားဧကရာဇ်၊ လန်ယွီတျန်း ရှုရှန်းဟွာနဲ့ တခြားသူတွေက ဘိုးဘေးနန်းတော်ရဲ့ ပြောင်းပြန်ဘက်ခြမ်းဆီ ထွက်သွားကြတယ်… အဲဒီနေရာက ပြောပြလို့မရအောင်ကို အန္တရာယ်များလွန်းတယ်… သူတို့ကို ပြန်ဆင့်ခေါ်နိုင်၊ မနိုင် သိရအောင် ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်မယ်”

“လူသားတွေကိုလည်း ဆင့် ခေါ်လို့ရတာလား”

ယွီချွီးတုမှာ ဇဝေဇဝါ ဖြစ်နေသည်။ “ကမ္ဘာဦးသားရဲကြီးတွေကို ဆင့်ခေါ်တာတောင် အတွေးမမှီတာ… လူသားတွေကို ဆင့်ခေါ်မယ်ဆိုတော့ တော်တော်အံ့သြစရာပဲ”

ချင်မူက ပြုံး၏။ “တူလေး၊ အဲဒီဟာကို အသုံးပြုတဲ့ ဆန်းကြယ်မှုတွေက အသုံးပြုတဲ့သူရဲ့ နှလုံးသားပေါ်မှာပဲ မူတည်တယ်… မင်း ကောင်းကင်နတ်သိုင်းတစ်ခုကို လေ့လာရင် လုပ်ဆောင်နိုင်စွမ်းတွေကို ဆင်ခြင်သုံးသပ်ဖို့လည်း လိုအပ်တယ်.. လူသားတစ်ယောက်နဲ့ ကမ္ဘာဦးသားရဲတစ်ကောင်မှာ ကွာခြားချက် သိပ်မရှိဘူး… နှစ်ခုစလုံးက သက်ရှိတွေပဲ… တခြားတစ်ဖက်မှာတော့ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းက ဆင့်ခေါ်ခံရတဲ့သူနဲ့ ချိတ်ဆက်မှုတစ်ခု လုပ်လိုက်တာပဲ… အားကောင်းတဲ့ အသိစိတ်အလျဉ်တစ်ခုကနေတဆင့် အခြားနေရာဟင်းလင်းပြင်က လူတစ်ယောက်ကို ငါတို့ရဲ့ လက်ရှိနေရာဟင်းလင်းပြင်ဆီ ဆွဲယူနိုင်တယ်”

ယွီချွီးတုမှာ နားလည်သယောင် ထင်ရသော်လည်း နားမလည်သဖြင့် ခေါင်းတဆတ်ဆတ်သာ ညိတ်နေသည်။

ချင်မူက ဝေစွေ့ဖုန်းအား ပြောလိုက်သည်။ “အစ်ကိုကြီးရဲ့တပည့်ကို ဟွာရွှမ်းရှို့ကို ပြန်မသင်ခိုင်းနဲ့‌‌နော် … သူသာ သင်ပေးရင် အသုံးကျမှာမဟုတ်ဘူး”

ယွီချွီးတု၏ မျက်နှာကြီးမှာ နီရဲသွား၏။ ဝေစွေ့ဖုန်းလည်း သူ၏တပည့်မှာ ပြောင်းလဲမှုများကို လက်ခံရာတွင် အားနည်းကြောင်း သတိထားမိသည်။ သူက ပြုံးလျက် ပြော၏။ “ဒါဆို ငါ သင်ပေးလိုက်မယ်လေ”

ချင်မူက ခေါင်းရမ်းသည်။ “အစ်ကိုကြီးက အစ်ကိုကြီးရဲ့ တပည့်နဲ့ တူတူပဲ”

ဝေ‌စွေ့ဖုန်းမှာလည်း မျက်နှာကြီးနီရဲသွားပြီး ဒေါသတကြီး အော်သည်။ “မင်းအဲ့ဒီလောက် တော်နေတတ်နေရင်လည်း မင်းဘာသာ သင်ပေးလိုက်”

ချင်မူမှာတော့ အခက်တွေ့နေလေသည်။ သူက အဘွားစစ်ဆီ တစ်ချက်လှမ်းကြည့်လိုက်ရာ အဘွားစစ်က ချက်ချင်း သဘောပေါက်သည်။ “ငါက ဝမ်ယွမ်နဲ့ မင်းသားယိုမင်းကို သင်ပေးနေတုန်းဆိုပေမယ့် ဟွာရွှမ်းရှို့လေး ငါ့အနောက်လိုက်လို့လည်း အကျိုးမယုတ်ပါဘူး… မင်းသားယိုမင်းက အသက်ကြီးလွန်းနေပြီ… ဝမ်ယွမ်လေးကတော့ ငယ်သေးတယ်… ဒီတော့ ငါလည်း အဖော်ရတာပေါ့”

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်၏ မျက်နှာမှာ နီသွားပြီး သူက ခပ်တိုးတိုး ပြော၏။ “ဂိုဏ်းချုပ်လို့ခေါ်ပါဟ… ဝမ်ယွမ်လေးလို့ မခေါ်ပါနဲ့… မူအာ..”

ချင်မူမှာ မျက်နှာပျက်သွားသည်။ “ကျွန်တော့်ကို မူအာလို့ မခေါ်နဲ့ ဂိုဏ်းသခင်ဟောင်းလို့ ခေါ်..”

လူငယ်ဂိုဏ်းချုပ်ဝမ်ယွမ်မှာ ငိုရခက်၊ ရယ်ရခက်ဖြင့် မေး၏။ “ဂိုဏ်းသခင်ဟောင်း၊ မင်း ရှုကျွင်းနဲ့ တခြားသူတွေကို ဆင့်ခေါ်နိုင်ရင် ဘာလို့ ငါတို့ကို ခေါ်လာရတာလဲ… သူတို့ကို ဆင့်ခေါ်တဲ့အခါ အန္တရာယ်ရှိနိုင်မှာမလို့လား”

ချင်မူက စိတ်ထဲမှ ချီးကျူးလိုက်သည်။ “ဂိုဏ်းချုပ်ဆိုတဲ့အတိုင်းပါပဲ… ခင်ဗျားရဲ့ ဦးနှောက်က အတော်လေးကို ထက်မြက်တယ်”

ချင်မူသည် အသိစိတ်အလျဉ်ကို အသက်သွင်းကာ ခပ်ဖွဖွ အော်လိုက်၏။ “မြင့်တက်လာစမ်း”

သူ၏ ချီစွမ်းအင်က လှည့်ပတ်သွားပြီး ဧရာမယဇ်ပလ္လင်ကြီးတစ်ခုအား ချက်ချင်းမြင်ယောင်ဖန်ဆင်းလိုက်သည်။ ယဇ်ပလ္လင်ပေါ်ရှိ ချီစွမ်းအင်အမှတ်အသားများကား ဆင့်ခေါ်ခြင်းသင်္ကေတများအဖြစ် ပြောင်းလဲသွားကြလေသည်။

ယဇ်ပလ္လင်သည် အားလုံး၏ ခြေထောက်အောက်တွင် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာ၏။

အမိကမ္ဘာမြေသည်လည်း ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသုံးပြုတတ်သော်လည်း သူမ အသက်သွင်းခဲ့သည့်အခါတွင် သစ်ပင်များနှင့် သစ်မြစ်များကို ယဇ်ပလ္လင်သဖွယ် ထိန်းချုပ်ရန် လိုအပ်ခဲ့သည်။

ချင်မူကတော့ ထိုသို့လုပ်စရာမလိုဘဲ သူ၏အားကောင်းသော အသိစိတ်အလျဉ်ဖြင့် ချက်ချင်း မြင်ယောင်ဖန်ဆင်းနိုင်၏။ ၎င်းက ရိုးရှင်းပြီး သေသပ်လှသည်။

ချင်မူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်အခါ ဧရာမယဇ်ပလ္လင်ကြီးအောက်မှ ပို၍ကြီးမားသော ယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာ၏။ အကုန်လုံး ပထမယဇ်ပလ္လင်ထက်တွင် ရပ်နေရင်း ငုံ့ကြည့်လိုက်ကြသည်။ ဒုတိယယဇ်ပလ္လင်သည် ပထမတစ်ခုထက် နှစ်ဆမှသုံးဆအထိ ပိုမိုကြီးမားသည်ကို တွေ့လိုက်ကြရ၏။

ရုတ်တရက်‌ အောက်မှ တတိယယဇ်ပလ္လင်တစ်ခု ပေါ်လာပြန်ပြီး ဒုတိယတစ်ခုထက်ပင် ပို၍ကြီးမားလေသည်။

ချင်မူက ယဇ်ပလ္လင်ကိုးခုကို တစ်ဆက်တည်း မြင်ယောင်ဖန်ဆင်းလိုက်ပြီး ၎င်းတို့က တောင်တန်းကြီးများသဖွယ် တစ်ခုနှင့်တစ်ခုထပ်နေကြသည်။

“ခင်ဗျားတို့အားလုံးကို ခေါ်လိုက်ရတာက ဘိုးဘေးနန်းတော်အနောက်မှာ ကမ္ဘာဦးသားရဲတွေ မရေမတွက်နိုင်အောင် ရှိနေလို့ပဲ.. သူတို့ရဲ့ အစွမ်းအစတွေကလည်း ပြိုင်ဘက်ကင်းတယ်… ကောင်းကင်နတ်အရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ လုံရှောင်ဆိုတဲ့ သားရဲတစ်ကောင်လည်း ရှိတယ်”

ချင်မူက ယဇ်ပလ္လင်ကိုးခုကို အသက်သွင်းလိုက်သဖြင့် သူ၏ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းက ချက်ချင်း ပေါက်ကွဲထွက်လာ၏။ “လုံရှောင်က ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်ကို ဘိုးဘေးနန်းတော်အနောက်ဆီ ဆွဲယူမှာ စိုးရိမ်မိတယ်… အားလုံးပဲ အသိစိတ်အလျဉ်တွေကို ကျွန်တော်နဲ့ ပေါင်းစည်းထားလိုက်ကြပါ… ခင်ဗျားတို့ရဲ့ အသိစိတ်အလျဉ်ကို ဘိုးဘေးနန်းတော်အနောက်ဘက်ဆီ ယူဆောင်သွားမယ်”

All Chapters