← Chapters

အခန်း (၆၃၃)

Vol. 43 Ch. 633

အခန်း (၆၃၃)

Vol. 43 Ch. 633

အပြာရောင်ပင်လယ်ပြင်ကြီးပေါ်တွင် ရှိနေသော ဝဲကတော့များက တလက်လက် တောက်ပနေပြီး လှုပ်ရှားနေသော ရေလှိုင်းများပေါ်တွင် ငါးပျံလေးများ ခုန်ပေါက်သွားလာနေကြသည်။ အနည်းငယ် ခပ်လှမ်းလှမ်းတွင်တော့ ပင်လယ်ကမ်းစပ်တစ်ခုက မြင်ကွင်းထဲမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့၏။

မုန့်ချီက သူ့ဆီတွင် အချက်အလက် လုံလောက်မှု မရှိသည့်အတွက် ကူရှောင်စန်း၏ အစစ်အမှန် ရည်ရွယ်ချက်ကို ခန့်မှန်းနေခြင်း မရှိတော့ချေ။ သူ၏တွက်ချက်မှုများက သူ့ကို ပို၍သာ စိတ်ဓာတ်ကျစေနိုင်၏။ ထိုအရာက အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်သည်။

ထို့ပြင် ကူရှောင်စန်း၏ စွမ်းရည်အရ သူမက အမြဲလိုလို ကြိုတင်တွက်ချက်နိုင်ပြီး သူမ၏လုပ်ဆောင်မှုများကို တိတိကျကျ ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သူမက လုပ်ဆောင်ရမည့်အရာများကို ကြို၍သိနေပုံရပြီး သူမ၏အစီအစဉ်များ၊ ပုံစံများ အားလုံးကို လျှို့ဝှက်ဆန်းကြယ်စွာ ချန်ထားခဲ့ခြင်း ဖြစ်ပုံရ၏။ သူမက အမှန်တရားတစ်ဝက်သုံး၍ ပြိုင်ဘက်ကင်း ရန်သူများကိုပင် လမ်းလွှဲနိုင်ပြီး သူတို့ကို ထောင်ခြောက်ထဲသို့ ပို့နိုင်ခဲ့သည်။

“သူက သံသရာကမ္ဘာကြီးထဲမှာလည်း ဒီလိုနည်းလမ်းတွေကို အမြဲတမ်း သုံးနေတာလား။ သူ့မှာ အဖော်တွေ ရှိလား။ ဒါမှမဟုတ် တစ်‌ယောက်တည်းပဲ လှုပ်ရှားတာလား။ သူ့ရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ…”

မုန့်ချီ၏အတွေးများက ကူရှောင်စန်းဆီကိုသာ သတိလက်လွတ် ရောက်နေမိခဲ့သည်။ သူက သူမနှင့် ပတ်သက်ပြီး စိုးရိမ်ပေးရန်တော့ ခက်ခဲ၏။ သူမ၏ထိန်းချုပ်နိုင်စွမ်းနှင့် ကောက်ကျစ်သော နည်းလမ်းများက သူမကို လုံးဝကျဆုံးစေလိမ့်မည် မဟုတ်ချေ။

လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နတ်သမီးနယ်မြေထဲတွင် ဖန်တီးခဲ့သော အပျက်အစီးများ၏ ဆိုးကျိုးကြောင့် လျှူရှုယူ၏ အခြေအနေကိုသာ သူက စိုးရိမ်ပေးရမည်ဖြစ်သည်။ လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နတ်သမီးနယ်မြေတစ်ခုလုံး ပိတ်ဆို့လိုက်သည့်အချိန်တွင် အချိန်တိုလေးအတွင်း မည်သူကမျှ သံသယ အဝင်ခံရလိမ့်မည် မဟုတ်ချေ။

ရှန့်မြစ်နတ်သမီးနှင့် ကောရှီတို့ကလည်း သတိလစ်နေကြခြင်း ဖြစ်၏။ ထိုအချိန်မျိုးတွင် လျှူရှုယူ၏ နှောင့်ယှက်မှုက သံသယများ ပြည့်နှက်နေစေနိုင်သည်။ သို့သော် သူနှင့် ကူရှောင်စန်းတို့က လွတ်မြောက်သွားခဲ့ချိန်တွင် ဓားစာခံနှစ်ယောက်က သတိပြန်ဝင်လာနိုင်သည်။

ကောရှီက မည်သည့်အရာကိုမျှ ဖော်ပြနိုင်ဦးမည် မဟုတ်ချေ။ သူကတော့ အလွန်နိမ့်ကျသော အခြေအနေကြောင့် အချိန်အများစုတွင် ကယောင်ကတမ်းသာ ဆက်လက်ရှိနေနိုင်သည်။ လျှူရှုယူက အလွန်လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို အသုံးပြုပြီး သူမအတွက် အခွင့်အရေးများကို ယူဆောင်၍ ရနိုင်သည်။

သို့သော် ရှန့်မြစ်နတ်သမီးကတော့ ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စွမ်အားကြီးမားသော ပြိုင်ဘက်ကင်းထိပ်တန်း သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူမက သတိပြန်ဝင်လာသည့်အချိန်တွင် ထူးခြားမှုများကို သတိထားမိသွားနိုင်၏။ သူမက နှစ်မွှာကျင့်စဉ် လုပ်ဆောင်နေစဉ် အတောအတွင်း သူမ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အရည်အချင်း ပြည့်မီသော ယောကျ်ားလေး အဖော်တစ်ယောက်လည်း လိုအပ်နေနိုင်သည်။

သို့သော် လက်ရှိဆန်းကြယ်နတ်သမီးနှင့် ပတ်သက်၍ မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း ပြောပြရန် သူမ၏အခြေအနေက လုံလောက်သည်။ ထိုသို့ဆိုလျှင် သူနှင့် လေဟာနယ်မိန်းမပျိုဂိုဏ်း၏ အမုန်းတရားက ဆက်လက်ရှိနေဦးမည် ဖြစ်၏။

ယခုတစ်ကြိမ် မုန့်ချီနှင့် ကူရှောင်စန်းတို့က သူတို့၏စခန်းထဲသို့ ကျူးကျော် ဝင်ရောက်ခဲ့သည့်အတွက် သူတို့ကို ဒေါသထွက်စေခဲ့သော်လည်း ကွဲပြားခြားနားမှုတော့ ရှိနေခဲ့သည်။ ထို့ပြင် မုန့်ချီတို့က လောကသခင် ပျက်သုဉ်းခြင်းဓားနှင့် သူတို့ဂိုဏ်း၏ တည်ထောင်သူ အုတ်မြစ်ကို ခိုးယူခဲ့ခြင်း မရှိဘဲ ထွက်ခွာလာခဲ့ကြခြင်း ဖြစ်၏။

ယခု သူတို့က လွတ်မြောက်သွားကြပြီ ဖြစ်သည့်အတွက် လေဟာနယ်မိန်းမပျိုဂိုဏ်းက ထိုကိစ္စကို အလွတ်ပေးရန် ဖြစ်နိုင်ချေမှာ သေချာသလောက် ဖြစ်သည်။ သို့သော် လျှူရှုယူကတော့ အတော်လေးကို ခက်ခဲသော အခြေအနေတစ်ရပ် ဖြစ်နိုင်သည်။ သူမက ပူးပေါင်းကြံစည်မှုကြောင့် ဆန်းကြယ်နတ်သမီး ဆက်ခံသူဟူသောနေရာကပင် ယိမ်းယိုင်သွားနိုင်သည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ခေါင်းထဲတွင်လည်း သေဆုံးခြင်းဟူသော စကားလုံးတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက ရှန့်မြစ်နတ်သမီးနှင့် ကောရှီအတွက်တင် မဟုတ်ဘဲ လျှူရှုယူအတွက်သာ ဖြစ်သည်။

မုန့်ချီက စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလိုက်မိ၏။ သူက ကောရှီကို မသတ်ခဲ့ဘဲ သူ့ကို ကောင်းမွန်စွာ ဆက်လက် နေထိုင်ခွင့်ပေးခဲ့သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည့်အချိန်၌ သူ့ကိုယ်သူအတွက်သာ တွေးပေးနိုင်ခဲ့သည်က ဝမ်းနည်းစရာ ကောင်းလွန်းလှ၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါက တကိုယ်ကောင်းဆန်တဲ့ သူရဲကောင်းတစ်ယောက်တော့ မဟုတ်ဘူး…”

မုန့်ချီ၏ရင်ထဲတွင် ခံစားချက်များဖြင့် ရှုပ်ထွေးနေခဲ့သည်။

သူကတော့ တခြားကိစ္စများကို တွေးကြည့်ရန်သာ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်ပြီး ကောရှီနှင့် လျှူရှုယူတို့အတွက်ကို ဆက်လက်စိတ်ပူနေခြင်း မရှိစေရန် ကြိုးစားလိုက်၏။

အလွန်ဉာဏ်နီဉာဏ်နက်များသော ကူရှောင်စန်းက ရှန့်မြစ်နတ်သမီးဆီတွင် တစ်ခုခု ချန်ထားလိမ့်မည်ဟု မည်သူကရော ကြိုပြောနိုင်မည်နည်း။ သူမက ထိုအရာများကို အမှန်တကယ် ဖြေရှင်းခဲ့ခြင်း မရှိသော်လည်း သူမကတော့ ဝမ်းနည်းနေလိမ့်မည်ဟု မဟုတ်ချေ။

သူက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်နှင့် လောကသခင် ဓားသိုင်း(၆)ကွက်၏ ပင်မလမ်းညွှန်ချက်၊ ဒုတိယမြောက်နှင့် စတုတ္ထမြောက် သိုင်းကွက်များကို ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။

သူ ရရှိထားသော အသိပညာများအရ လောကသခင် ဓားသိုင်း(၆)ကွက်မှ စတုတ္ထသိုင်းကွက်က သူ၏ဓားမောက်စွမ်းရည်များကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး အနာဂတ်တွင် တိုးတက်မှုများ ရှိလာစေနိုင်သည်။

ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်က လှံရှည်အတွက် ရည်ညွှန်းသော သိုင်းပညာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဓားမောက်ကို အသုံးပြုသော မုန့်ချီအတွက် အသုံးဝင်မှု နည်းပါး၏။

“ငါရထားခဲ့တဲ့ ‘ပြီးခဲ့တာတွေ ပြီးပါစေတော့’ သိုင်းကွယ်ရယ်၊ ‘ဗုဒ္ဓများ သေဆုံးခြင်း’ဆိုတဲ့ သိုင်းကွက်ကနေ နားလည်ထားတဲ့အရာတွေက ငါ့ရဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ ကူညီပေးနိုင်လိမ့်မယ်..”

မုန့်ချီက တစ်ယောက်တည်း တွေးနေမိ၏။

“ဒါပေမဲ့ ‘အထွဋ်အမြတ်တောင်တန်းကျူးကျော်မှု’ သိုင်းကွက်မှာ ဗုဒ္ဓများ သေဆုံးခြင်းဆိုတာက အထွဋ်အမြတ်တောင်ဆိုတာကို အထူးရည်ညွှန်းနေတယ်။ ဘာကြောင့်လဲ မသိဘူး…”

မုန့်ချီက သံသရာခရီးသွားတစ်ယောက် ဖြစ်သည့်အတွက် အထွဋ်အမြတ်တောင်၏ အရေးပါမှုကို သိနေခဲ့သည်။ ထို့ကြောင့် သူက အစောပိုင်းတွင် ကြားခဲ့ရသော စကားလုံးအစုကို ပုံမှန်အတိုင်း ကျော်သွားနိုင်ခြင်း မရှိချေ။ ယခု သေချာစဉ်းစားကြည့်လေလေ တစ်စုံတစ်ခု လွှဲမှားနေကြောင်း ခံစားမိလာလေလေ ဖြစ်သည်။

မဟာဗုဒ္ဓ …

အစစ်အမှန် လောကကြီးထဲတွင် ရှိနေသော ဂေါတမဗုဒ္ဓက ဆာဟာသန့်စင်နယ်မြေတွင် နေထိုင်ပြီး အမိတဗ္ပဗုဒ္ဓကိုယ်တိုင်ကတော့ အနောက်ပိုင်း သန့်စင်နယ်မြေတွင် နေထိုင်ခဲ့သည်။ ထိုနေရာနှစ်ခုက အစစ်အမှန် လောကကြီးထဲတွင် ဗုဒ္ဓလမ်းစဉ်၏ အစစ်အမှန် သင်္ကေတများ ဖြစ်ကြပြီး အထွဋ်အမြတ်တောင်ထိပ်ကတော့ အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲတွင်သာ တည်ရှိနေခဲ့သည်။

ဘာကြောင့် လောကသခင်က တခြားသော နာမည်(၂)ခုအစား သူ၏သိုင်းကွက်တွင် အထွဋ်အမြတ်တောင်ဟူသော စကားလုံးကို သုံးခဲ့ရသနည်း။

“လောကသခင်က ဒဏ္ဍာရီအခြေအနေကို ရောက်ခဲ့တယ်။ သူက ကမ္ဘာအားလုံးကို ကျော်ဖြတ်နိုင်တဲ့ ပညာရှင်တစ်ယောက်ပဲ။ ဒီတော့ အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲမှာ သူ့ရဲ့ဒဏ္ဍာရီတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဒါကြောင့် သူက အထွဋ်အမြတ်တောင်ကို သိနိုင်တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘာလို့ သူက အထွဋ်အမြတ်တောင်ရဲ့ တခြားနာမည်တွေကို မသုံးရတာလဲ။ ဘာလို့ သူက လူသိများတဲ့ ဆာဟာသန့်စင်နယ်မြေဆိုတဲ့ နေရာကို မသုံးရတာလဲ။ မာနကြီးတဲ့ လောကသခင်ရဲ့ စကားလုံးတွေက အောင်မြင်မှုကို ရှာဖွေပြီး သူ့ကိုယ်သူ အင်မော်တယ်အဖြစ် ရည်ညွှန်ချင်တာလား…”

လောကသခင်၏ ရွေးချယ်မှုနှင့် ပတ်သက်ပြီး မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သို့သော် လုံးဝအဓိပ္ပာယ် မရှိခဲ့ချေ။

သိပ်မကြာခင် သူ၏မျက်စိရှေ့၌ အဆုံးမဲ့ကုန်းမြေကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူက အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ထိုကုန်းမြေကြီးပေါ်တွင် စတင်ဆင်းသက်လိုက်၏။

ပင်မကုန်းမြေကြီးနှင့် အချိန်တော်တော်ကြာ ခွဲခွာနေခဲ့ရသည့်အတွက် မုန့်ချီက သတင်းအချက်အလက်များကို ချက်ချင်း စတင်ရှာဖွေခဲ့သည်။ သူ့ကို ပျက်စီးသွားစေနိုင်သော အခြေအနေများစွာကိုလည်း လေ့လာနေခဲ့၏။

သွေးပြာလူသားများ၏ အဖြစ်အပျက်ကလွဲလျှင် အနီးအနားတွင် ရှိနေသော စားသောက်ဆိုင်များ၏စားပွဲပေါ်၌ တခြားသော အဖြစ်အပျက်တစ်ခုက ကြီးစိုးနေခဲ့သည်။

“အဆုံးမဲ့ဓား ရန်ချုံက လျှပ်စီးကပ်ဘေးကို ကြံ့ကြံ့ခံနိုင်ပြီး ဝေ့ကျင်းအဆင့်ကို တက်လှမ်းသွားပြီ..”

ယခင်မျိုးဆက် လူငယ်မှတ်တမ်းတွင် ဝေ့ကျင်းအဆင့်ကို တစ်ချက်တည်းနှင့် တက်လှမ်းသွားနိုင်သော ပညာရှင် စုစုပေါင်း (၆)ယောက် ရှိခဲ့သည်။

“ရန်ချုံက ဝေ့ကျင်းအဆင့် အခက်အခဲတွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာလား..”

မုန့်ချီက ထိုသတင်းကြောင့် အားတက်သွားခဲ့သည်။

ရန်ချုံက အလွန်အဆင့်အတန်း နိမ့်ကျသော သိုင်းဂိုဏ်းတစ်ခုမှ ဖြစ်၏။ သူက မထင်မှတ်ထားသော ကံကောင်းမှုများကို ကြုံတွေ့ခဲ့ရပြီး အကျိုးအမြတ်များ ရရှိလာခဲ့ခြင်း ဖြစ်သည်။ သူက ဝေ့ကျင်းအဆင့်ကို ရောက်သွားသည်မှာ သူ၏အရည်အချင်းက အဓိကဖြစ်သည်ဟု လူအများစုက တွေးမိကြ၏။ သို့သော် ယနေ့အခြေအနေမျိုး ရောက်လာသည်အထိ သူက ကြံ့ကြံ့ခံနိုင်ခဲ့သည်။

သူ၏ မာနများကို မျိုချပြီး အရင်းအမြစ်များ၊ သိုင်းကျမ်းများနှင့် မှော်ရတနာများ၊ ရတနာနယ်မြေများကို ရှာဖွေရန် အဆက်အသွယ်များစွာကို အသုံးချခဲ့ရသည်။ ရန်ချုံက ကြီးကျယ်မြင့်မြတ်မှုကို လိုချင်သော ဦးတည်ချက်ကို လုံးဝပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။

သူက စိတ်ရှည်လက်ရှည်နှင့် စောင့်ဆိုင်းနေခဲ့ပြီး အစဉ်တစိုက် ကြိုးစားနေခဲ့သည့်အတွက် ဝေ့ကျင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့၏။ ထို့ကြောင့် သူက အနာဂတ်တွင် သိုင်းသခင်တစ်ယောက် ဖြစ်နိုင်သည်ဟူသော သူ၏အရည်အသွေးကို သက်သေပြနိုင်ခဲ့သည်။ သူ၏ခိုင်မာမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုက သိုင်းလောကတွင် ဂုဏ်ယူစရာကောင်းသော လူတစ်ယောက် ဖြစ်လာခဲ့၏။

သာမန် သိုင်းလောကသားများ၏ မျက်လုံးထဲတွင်တော့ မုန့်ချီက ရှောင်လင်ကျောင်းတော်မှ တပည့်ဟောင်းတစ်ယောက် ဖြစ်ခဲ့သည်။ ရှောင်လင်ကျောင်းတော်၏ အမွေအနှစ်များ ၊ သင်ကြားပေးမှုများကြောင့် မုန့်ချီက သိုင်းလောကတွင် တဖြည်းဖြည်း အောင်မြင်ပြီး နာမည်ကျော်ကြားလာစေရန် အုတ်မြစ်များရှိသည်ဟု မျှော်လင့်ထားခဲ့ကြသည်။

တစ်ဖက်တွင်တော့ ရန်ချုံက စလာကတည်းက အလွန်နိမ့်ကျသော ပညာရှင်များ၏ အစစ်အမှန် ကိုယ်စားပြုတစ်ယောက် ဖြစ်သည်။ လူငယ်မှတ်တမ်းသို့ တက်လှမ်းရသော လှေကားထစ်တွင် အခက်အခဲမျိုးစုံကို ကြုံခဲ့ရသော်လည်း ရန်ချုံ၏ ဇွဲလုံ့လက မျှော်လင့်ချက်ဖြစ်ကြောင်း လူတိုင်းကို သတိပေးနေခဲ့သည်။ အနည်းဆုံးတော့ သာမန်လူများက ရန်ချုံကို သူတို့၏အနာဂတ်အိပ်မက်တစ်ခုဖြစ် ပုံဖော်နိုင်ကြ၏။

“သူ့အတွက်တော့ တကယ့်ကို ရှည်ကြာလှတဲ့ ခရီးလမ်းကြီးတစ်ခုပဲ။ သူ ကျခဲ့တဲ့ သွေးတွေ၊ ချွေးတွေနဲ့ မျက်ရည်တွေက ဟယ်ကျူးကိုတောင် အရှက်ရစေနိုင်တယ်..”

မုန့်ချီက တည်းခိုဆောင်ထဲမှ လှည့်ထွက်လာခဲ့သည်။ သူက ရုတ်တရက် တွေးလိုက်မိ၏။

“ငါက ဂုဏ်ပြုဖို့အတွက် သေချာပေါက် သွားလည်ရမယ်။ အမှောင်ထဲမှာ ငါ ခုခံနေတဲ့အချိန် ငါ့ရဲ့အကောင်းဆုံး ပြိုင်ဘက်က ငါ့ရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်..”

ဖန်းစီရင်စုထဲတွင် ရှိနေသော ကျင်းပိုမြို့က ပင်လယ်ကြီးနှင့် တောင်တန်းများ ကြားထဲတွင် ရှိနေခဲ့သည်။ သမုဒ္ဒရာရေလှိုင်းဂိုဏ်းက ကျင်းပိုမြို့ထဲတွင် လူတိုင်းလေးစားခံခဲ့ရသည့် တစ်ခုတည်းသော ဂိုဏ်းလည်း ဖြစ်၏။ ထိုအရာက သိုင်းလောကတွင် နာမည်ကျော်ကြားခြင်း မရှိသလိုဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ကို လုံးဝမွေးထုတ်ပေးနိုင်ခဲ့ခြင်းလည်း မရှိချေ။ သူတို့ဆီတွင် အဖိုးတန်လက်နက်များလည်း ပိုင်ဆိုင်ထားခြင်း မရှိခဲ့ပေ။

အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့ စွမ်းအားရှိသော ဂိုဏ်းတစ်ဂိုဏ်းက ယဲ့တူမြို့တွင် ရှိနေသော သာမန်ဂိုဏ်းတစ်ခုကိုပင် ယှဉ်နိုင်ခြင်း မရှိချေ။ သို့သော် ထိုရက်များ အတောအတွင်း အံ့သြနေကြသော လူအုပ်ကြီးနှင့် လေးစားအားကျနေရသော လူငယ်လူရွယ်ပေါင်းစုံက သမုဒ္ဒရာရေလှိုင်းဂိုဏ်း၏ ခန်းမထဲတွင် ပြည့်နှက်နေကြသည်။ အတော်များများကတော့ အဝေးမှ ရောက်လာပြီး ဂုဏ်ပြုနေကြခြင်း ဖြစ်၏။

သူတို့က ထိုနံရံများထဲတွင် ရှိနေသော မြင်ကွင်းများကို လုံးဝ မမြင်ဖူးချေ။ အကြီးအကဲများစွာ၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး သူတို့က အရည်အချင်းရှိသူများကိုလည်း သေချာရွေးချယ် ခေါ်ယူနေကြသည်။

ထိုခန်းမထဲတွင် ယခုလို စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေရသည့် အကြောင်းပြချက်ကတော့ ကျင်းပိုမြို့ထဲတွင် လူငယ်မှတ်တမ်း၏ အကြီးမြတ်ဆုံး နာမည်ကို ရရှိထားသည့် ရန်ချုံကြောင့်သာ ဖြစ်သည်။

သူက သမုဒ္ဒရာရေလှိုင်းဂိုဏ်း၏ လက်အောက်မှနေ၍ ဝေ့ကျင်းအဆင့်ကို ပထမဆုံး ရောက်ရှိသွားသူတစ်ယောက် ဖြစ်သည်။ ယခုတော့ သူ့ပုခုံးပေါ်တွင် မျှော်လင့်ချက်များ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ တစ်နေ့နေ့တွင် သူက သိုင်းသခင်တစ်ယောက် ဖြစ်မလာနိုင်ဟု မည်သူကမျှ သံသယဝင်နေခဲ့ခြင်း မရှိချေ။

သိုင်းလောကတွင် ရှိနေသော လူပေါင်းများစွာ၏ မျက်လုံးထဲတွင်တော့ ရန်ချုံကသာ ပို၍များပြားသော အရင်းအမြစ်များ ရရှိနိုင်မည်ဆိုလျှင် သူ၏စွမ်းရည်က ပိုမိုတိုးတက်လာနိုင်ပြီး မြေပြင်မှတ်တမ်းကိုပင် သေချာပေါက် ရောက်ရှိမည်ဟု ပြောဆိုနိုင်သည်။ ထို့ပြင် ရန်ချုံ၏ အခြေအနေအရ သမုဒ္ဒရာရေလှိုင်းဂိုဏ်းထက် ပို၍အစွမ်းထက်သော ဂိုဏ်းများကို ပူးပေါင်း၍လည်း ရနိုင်သေး၏။

ရန်ချုံက လက်နောက်ပစ်၍ ရပ်လိုက်ပြီး သူ့ခါးတွင်တော့ ဓားမောက်တစ်လက်ကို ချိတ်ထားခဲ့သည်။ သူကတော့ မြို့ခံလူတစ်ယောက် ဖြစ်သည့်အတွက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေခဲ့၏။ သူ့ဂိုဏ်းကို ဂုဏ်တက်လာစေရန် သူ့လက်နှင့် ကိုယ်တိုင် ထုဆစ်နိုင်ခဲ့သည်။ ထိုအရာက ဂိုဏ်းတစ်ဂိုဏ်း၏ အမွေခံ ပညာရှင်တစ်ယောက် ဖြစ်သည်ထက်ပင် ပို၍ ကျေနပ်စေနိုင်သော အောင်မြင်မှုတစ်ခု ဖြစ်၏။

“သခင်လေးရန်....”

“အကြီးအကဲရန်....”

“ဆရာတူအစ်ကိုကြီး.....”

လူငယ်များနှင့် တခြားတပည့်များ၏ မျက်နှာပေါ်တွင် လေးစားအားကျမှုများ ပြည့်နှက်နေကြပြီး သူ့ကို တွေ့သည့်လူတိုင်း နှုတ်ဆက်နေကြသည်။ လူငယ်များကတော့ သူနှင့် တစ်ဂိုဏ်းတည်း ရှိနေကြရသည့်အတွက် ဂုဏ်ယူနေကြပုံပေါ်၏။

ရန်ချုံက ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။ သူက သူတို့ကို အပြုံးနှင့် ပြောလိုက်၏။

“ကောင်းကင်ပေါ်မှာ အနက်ရောင် တိမ်တိုက်တွေ ရှိနေတယ်။ မိုးရွာတော့မယ် ထင်တာပဲ။ ခန်းမထဲကို သွားကြစို့…”

နွေရာသီမိုးက ထင်ထားသည့်အတိုင်း လျင်မြန်စွာ ရွာသွန်းတတ်သည်။ ကောင်းကင်ကြီးက အမှောင်ထုကြီး လွှမ်းခြုံနေပြီး လျှပ်စီးကြောင်းများကလည်း ကောင်းကင်တစ်ခုလုံးကို လင်းထိန်နေစေခဲ့သည်။

ရန်ချုံက လှုပ်ရှားနေသော တံခါးများကိုကြည့်ပြီး တောင်ကုန်းတစ်ခု၏ အလယ်ကို လျှောက်သွားခဲ့သည်။ သူက ဆင်ခြေလျှောအတိုင်း ဖြည်းညင်းစွာ တက်လာပြီး လက်(၂)ဖက်ကို နောက်ပစ်၍ သူ လေ့ကျင့်သည့်အိမ်ငယ်လေးထဲတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူက ထိုနေရာသို့ လှမ်းလာခဲ့သည့်အချိန်တွင် အလွန်ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်ခုနှင့် လျှပ်စီးကြောင်းတစ်ခု လင်းလက်လာကြောင်း တွေ့လိုက်ရသည်။ ထို့နောက် လေလှိုင်းများက ပြင်းပြင်းထန်ထန် တိုက်ခတ်နေပြီး ကြောက်စရာကောင်းသောမိုးများ ရွာသွန်းလာခဲ့၏။

အပြင်ဘက်တွင်လည်း တဖြည်းဖြည်း မှောင်မည်းလာပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည့်အချိန်တွင် အစိုဓာတ်များကြောင့် အငွေ့များ ထွက်လာသည်ကိုသာ မြင်တွေ့နေရသည်။ မိုးကြိုးမုန်တိုင်းကြီးကလည်း အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်နေသည့်အတွက် အိမ်ငယ်လေးက အချိန်မရွေး လွင့်သွားတော့မလို ဖြစ်နေခဲ့သည်။

သူက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး သဘာဝတရားကြီး၏ ဒေါသကို ကျေနပ်စွာ ကြည့်နေခဲ့၏။ သူက ဝေ့ကျင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ တည်ငြိမ်အေးချမ်းမှုမျိုးကို ရရှိရန် အလွန်ရှားပါးခဲ့သည်။

သူက ရုတ်တရက် ဆိုသလို ပြတင်းပေါက်ဆီကို လှည့်ကြည့်လိုက်သည်။ သူ၏ အာရုံခံစွမ်းရည်အရ အပြင်ဘက်တွင် မထင်မှတ်ထားသော လူတစ်ယောက် ရှိနေကြောင်း သတိပေးနေခဲ့သည်။ သူက မှောင်မည်းနေသော အပြင်ဘက်ကို စိုက်ကြည့်လိုက်၏။

လူတစ်ယောက်က လမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ကျပ်အင်္ကျီနှင့် ဓားမောက်ကို ခါးတွင် ဝတ်ဆင်ထား၏။ သူက အရက်တစ်အိုးနှင့် ဆီစိမ်စက္ကူပတ်ထားသော အထုတ်တစ်ခုကို ကိုင်ထားခဲ့သည်။

သူ့မျက်နှာက ချောမောခန့်ညားပြီး ယောကျ်ားများ အားလုံးထဲတွင် အရှင်သခင် တစ်ယောက်ကဲ့သို့ ပုံစံမျိုး ရှိသည်။ သူ့လက်ထဲတွင် ထီးကိုင်ထားခြင်း မရှိသလို အကာအကွယ် ချီစွမ်းအင်များလည်း မရှိချေ။ ထိုသို့ဆိုရာတွင် သူ့ဆံပင်၊ အဝတ်အစားနှင့် အရေပြားပေါ်သို့ ကျရောက်လာသော ရေစက်တိုင်းက ပျောက်ကွယ်သွားခဲ့၏။

ထိုလူက သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် လမ်းလျှောက်လာနေသော်လည်း နေပူထဲတွင် လျှောက်လှမ်းလာသလို ထင်မှတ်ရသည်။ လူစိမ်း‌ရောက်လာသည့်အချိန်တွင် လျှပ်စီးကြောင်းများ၊ မိုးကြိုးများက ကြောက်လန့်တကြား ပုန်းအောင်းနေကြသလို ထင်မှတ်ရပြီး အမှောင်ထုကြီးက ပို၍ ဆိုးရွားလာခဲ့သည်။

“အစ်ကိုရန်က ဝေ့ကျင်းအဆင့်ကို တက်လှမ်းသွားနိုင်တယ်လို့ ကြားတယ်။ ဒီတော့ အစ်ကိုရန်ကို ဂုဏ်ပြုဖို့အတွက် အရက်ကောင်းတစ်ပုလင်း ယူလာရတာပေါ့…”

အလွန်သည်းထန်သောမိုးများနှင့် အစွမ်းထက်သောလေလှိုင်းများက အဝေးမှ ရောက်လာသော မုန့်ချီ၏ လေသံကို လွှမ်းမိုးနိုင်ခြင်း မရှိချေ။

မုန့်ချီက ထိုစကားကို ပြောပြီးသွားသည့်အချိန်တွင် ရန်ချုံက တံခါးတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။

“မိုးထဲရေထဲ ရောက်လာတဲ့ မိတ်ဆွေဟောင်းကြီးကို ကြိုဆိုရတာ ငါ့အတွက်တော့ ကျေနပ်စရာပါပဲ…”

ရန်ချုံက တံခါးဖွင့်ပြီး အပြုံးနှင့် ပြောလိုက်သည်။ ကြီးကြီးမားမား ကြိုဆိုဧည့်ခံစရာမလိုဘဲ မုန့်ချီက ရိုးရှင်းသော အိမ်ငယ်လေးထဲသို့ ဝင်လာခဲ့သည်။ သူက ဆီစိမ်စာရွက်ကို ဖွင့်ထုတ်လိုက်ပြီး အမဲသားကင်များကို ထုတ်လိုက်၏။

ရန်ချုံကတော့ အရက်များကို ခွက် (၂)ခွက်ထဲတွင် ငှဲ့လိုက်သည်။

“ကမ်းပေ့...”

မုန့်ချီက လေးစားသည့်အနေဖြင့် ပထမခွက်ကို တကျိုက်တည်း မော့သောက်လိုက်သည်။ ရန်ချုံကလည်း သူ့ပုံစံအတိုင်း အရက်ကို မော့သောက်လိုက်၏။

“အစ်ကိုရန်ရဲ့အောင်မြင်မှုအတွက် နောက်တစ်ခွက်…”

မုန့်ချီက နောက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး တကျိုက်တည်း သောက်လိုက်ပြန်သည်။

ရန်ချုံ၏ရင်ထဲတွင် ခံစားချက်များ ရောနှောနေခဲ့၏။ သူက ခွက်ထဲတွင် ရှိနေသော အရက်များကို တကျိုက်တည်း မော့သောက်ပြီး ပြောလိုက်သည်။

“ငါ့ကို တခြားဂိုဏ်းတွေ၊ အဖွဲ့အစည်းတွေက ဝေ့ကျင်းအဆင့် ပညာရှင်တွေ လာခေါ်နေတာကြာပြီ။ ငါကတော့ ထွက်မသွားဖို့ ဆုံးဖြတ်ထားတယ်။ နောက်ဆုံးမှာတော့ ငါ့ရဲ့အကြီးမားဆုံးဆန္ဒကို နားလည်သွားပြီ။ ကမ်းပေ့..”

ရန်ချုံက သူ၏ခံစားချက်များကို ဖုံးကွယ်ထားရန် ကြိုးစားနေခြင်း မရှိချေ။ သူက တတိယမြောက် အရက်ခွက်ကို တကျိုက်တည်း မော့သောက်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြောလိုက်၏။

“လူတွေကတော့ ငါတို့ကို လူငယ်မှတ်တမ်းမှာရှိတဲ့ အမွှာဓားမောက်(၂)စင်းလို့ ခေါ်ကြတယ်။ ငါက မင်းနဲ့ တိုက်ခိုက်ချင်ခဲ့တာ။ ဒါပေမဲ့ အဲဒီလို တိုက်ခိုက်ဖို့ အခွင့်အရေးကလည်း အမြဲတမ်းလွဲချော်နေခဲ့တယ်။ အခု ငါတို့က အတူတူ ရှိနေကြပြီ။ ငါတို့(၂)ယောက်လုံးကလည်း ဝေ့ကျင်းအဆင့်ပဲ။ ဒါပေမဲ့ မင်းက ငါ့ထက် ပိုပြီး အဆင့်မြင့်တယ်။ ဒီလို ယှဉ်ပြိုင်မှုမျိုးက ငါ့အတွက် ဆုံးရှုံးစရာ ဖြစ်နိုင်ပေမဲ့ ငါကလည်း ဒီနေ့ ဒီသိုင်းကွက်အတွက် စောင့်နေတာ ‌တော်တော်လေး ကြာခဲ့ပြီ…”

ထိုစကားကို ပြောလိုက်ပြီးနောက် သူ့ခါးတွင် ချိတ်ထားသော ဓားမောက်က သူ့အလိုလို ပျံသန်းလာပြီး သူ၏လက်ဖဝါးအလယ်ကို ရောက်လာခဲ့သည်။ အရှိန်အဝါများ ဆုံးရှုံးသွားခြင်း မရှိဘဲ ဓားမောက်က လေထဲသို့ မြောက်သွားပြီး မုန့်ချီ ရှိရာမှ ပြန်ဆုတ်လာခဲ့၏။

ထိုဓားမောက်၏ လှုပ်ရှားမှု အငွေ့အသက်များက အလွန်လေးလံသော တိုင်လုံးကြီးတစ်ခု၏ အရိပ်ကဲ့သို့ ဖြစ်နေသည်။ လေထဲတွင် ကြောက်စရာ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော အရိပ်ကြီးက ဧရာမတိုင်လုံးကြီး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး ရန်ချုံ၏တိုက်ခိုက်ရေး စွမ်းအားများကို ပြသနေခဲ့သည်။

မုန့်ချီက ရန်ချုံကို ပြုံးပြလိုက်၏။ သူကိုယ်တိုင် မသိလိုက်ခင် သူ့လက်က သူ၏ ဓားမောက် လက်ကိုင်ပေါ်သို့ တင်လိုက်သည်။ ထိုအချိန်တွင် ဓားမောက်၏ မျက်နှာပြင်ပေါ်၌ ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာပြီး အချိန်ကပင် အေးခဲသွားသလို ထင်မှတ်ရ၏။

“ချွမ်း....”

မုန့်ချီ၏ ဓားမောက်က ဓားအိမ်ထဲမှ ထွက်သွားသည့်အချိန်တွင် ရုတ်တရက် အေးစက်သွားခဲ့သည်။ ထိုဓားမောက်က အလွန်ကြောက်စရာကောင်းပြီး အန္တရာယ် အငွေ့အသက်များကို ထိန်းသိမ်းထားနိုင်ခြင်း မရှိချေ။

အကြွင်းမဲ့ ငြိမ်သက်မှုမှ စတင်လာသော ခုတ်ချက်တစ်ခုက ရုတ်တရက် စွမ်းအားများနှင့် ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ဓားမောက်ဆီမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာပြီး (၂)ခုလုံးက အရှိန်နှင့် စွမ်းအားများ ပြည့်နှက်နေခဲ့သည်။ ထိုအရာကတော့ အရာအားလုံး ပြီးဆုံးပါစေ ဟူသော သိုင်းကွက်မှ နားလည်ထားသော အရာများကို ဖန်တီးထားခြင်းဖြစ်သည်။

“ချွမ်.....”

လှုပ်ရှားနေသော ဓားမောက်အလင်းတန်းများက နေရောင်အောက်တွင် လင်းလက်နေသလို ဖြစ်နေပြီး တိုင်လုံးကြီး၏အရိပ်က ထက်ပိုင်းပြတ်၍ တစစီ ပျက်စီးသွားခဲ့သည်။ တခဏကြာ တိုက်ခိုက်မှုက ရာသီဥတုကို သက်ရောက်စေနိုင်ခြင်းမရှိဘဲ မည်သူကမျှလည်း သတိထားမိခဲ့ခြင်း မရှိချေ။

ရန်ချုံက သူ့ထိုင်ခုံတွင် ဖြည်းညင်းစွာ ပြန်ထိုင်လိုက်ပြီး သူ၏ဓားကို ပြန်သိမ်းလိုက်၏။ သူက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

“ဓားမောက်နဲ့ ပတ်သက်ပြီး မင်းရဲ့စွမ်းရည်တွေက ငါ့ထက်ကျော်သွားတာ တော်တော်လေး ကြာခဲ့ပြီပဲ…”

အကယ်၍ မုန့်ချီကသာ ဆန္ဒရှိလျှင် သူ့ဓားကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်နိုင်ကြောင်း သူက သိနေခဲ့သည်။

ကောင်းကင်ပြစ်ဒဏ်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် မုန့်ချီက ရယ်ကာမောကာနှင့် ပြောလိုက်၏။

“ဒါက မျှတတဲ့ တိုက်ပွဲတစ်ခုဖြစ်ဖို့ ခက်တယ်လေ။ ပြီးတော့ အစ်ကိုရန်ရဲ့လက်နက်က အဖိုးတန်လက်နက်မှ မဟုတ်သေးတာ…”

ထိုစကားကို ပြောလိုက်ပြီးနောက် မုန့်ချီက ဂိုဏ်းငယ်လေးများနှင့် သီးခြားကျင့်ကြံသူများ လာရောက်နှုတ်ဆက်သည်ကို ကြုံခဲ့ရသည်။ ရန်ချုံ၏ အခြေအနေအရ သူက အဖိုးတန်လက်နက်တစ်ခု ပိုင်ဆိုင်ထားခြင်းမရှိဘဲ ဝေ့ကျင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ငါက ဒီဓားကို သန့်စင်ဖို့အတွက် ပစ္စည်းတွေ စုဆောင်းနေတုန်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ဆယ်စုနှစ်တစ်ခုလောက်တော့ အချိန်ပေးရမယ်ထင်တယ်..”

ရန်ချုံက ပြောလိုက်သည်။

“မင်းက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ပြဿနာ ပြီးသွားကတည်းကစပြီး မြစ်အရှေ့ပိုင်းမှာ တစ်ကြိမ်တည်း ပေါ်လာခဲ့တယ်။ ကြည့်ရတာတော့ သတ်ဖြတ်ရေးဓားက တစ်နေရာရာမှာ ပုန်းနေပြီး မထင်မရှား နေထိုင်နေခဲ့တယ်လို့ ထင်တာပဲ..”

“ကျွန်တော်က အချိန်ကို ကောင်းကောင်းအသုံးချပြီး ကျွန်တော့်ရဲ့စွမ်းရည်တွေကို မြှင့်တင်နေတာပါ။ ဒါကြောင့် ကျွန်တော်က သိုင်းလောကကိစ္စတွေနဲ့ ဝေးနေတာ..”

မုန့်ချီက အေးအေးဆေး‌ဆေး ပြန်ဖြေလိုက်သည်။

“သွေးပြာလူသားတွေရဲ့ပြဿနာက အခု သိုင်းလောကတခွင်လုံးမှာ ပြောစရာ ဖြစ်နေတယ်။ အဲဒီသတင်းက ကုန်းမြေတစ်ခုလုံးကိုလည်း တုန်လှုပ်သွားစေခဲ့တယ်..”

ရန်ချုံက သူ့ကို အေးအေးဆေးဆေး ပြောပြလိုက်သည်။

“ကရုဏာမဲ့နတ်ဆိုး ပြန်ပေါ်လာတဲ့ ကိစ္စလည်း ရှိနေသေးတယ်။ အခု သူ့ဆီမှာ ပြိုင်ဘက်ကင်းသိုင်းစွမ်းအားတွေ ရှိနေတယ်လို့ ပြောကြတာပဲ။ သူက ပုံရိပ်ယောင်ခန္ဓာတောင် သုံးစရာမလိုဘဲ ဝိညာဉ်ဖျောက်နတ်ဆိုးသခင်ကို ထွက်ပြေးအောင် လုပ်နိုင်တယ်လို့ လူတချို့က ပြောကြတယ်။ လေဟာနယ်မိန်းမပျိုဂိုဏ်းကတောင် သူ့ကို တော်တော်အလေးထား နေရတယ်လို့ ပြောတာပဲ..”

သူကတော့ သူ ကြားထားခဲ့သော သတင်းများကို ပြောပြလိုက်ပြီး နောက်ဆုံးတွင်တော့ မုန့်ချီကို ပြောလိုက်သည်။

“ကရုဏာမဲ့နတ်ဆိုးက လမ်းမှားဂိုဏ်းတွေ သတ်မှတ်ထားတဲ့ မဟူရာမှတ်တမ်းထဲကို ဝင်သွားပြီ။ အခုသူက အဆင့်(၉၉) ရှိတယ်..”

“ငါကိုယ်တိုင်ကတော့ အခုအချိန်အထိ မြေပြင်မှတ်တမ်းကို မရောက်သေးဘူး။ ဒါပေမဲ့ ငါ့ရဲ့အတုအယောင်ကတော့ မဟူရာမှတ်တမ်းကို ရောက်သွားပြီပဲ…”

မုန့်ချီကတော့ တခြားလူများပြောနေသည့် စကားများကို နားထောင်နေရင်း သက်ပြင်းချလိုက်မိသည်။ ထိုအရာကတော့ ရှက်ရွံ့မှုများ ရောနှောနေသော ဝင့်ကြွားမှုတစ်ခုသာ ဖြစ်၏။

“ပြီးတော့ ဖာကျန်းလို့ခေါ်တဲ့ ဘုန်းတော်ကြီး တစ်ပါးလည်း ရှိသေးတယ်။ သူကလည်း သိုင်းသခင်တစ်ယောက်လို အစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ အဲဒီဘုန်းတော်ကြီးက သွေးပြာလူသားတွေကို ရင်ဆိုင်နိုင်တဲ့ နည်းလမ်းရှိမရှိတော့ သေချာမသိရဘူး။ ယပ်တောင်(၆)လက်ကျောင်းက သူ့ရဲ့စွမ်းရည်တွေနဲ့ အရည်အချင်းတွေကို တရားဝင် မထုတ်ပြန်သေးဘူး…”

ရန်ချုံက ဆက်ပြောလိုက်သည်။

သူက အသံကိုနှိမ့်၍ ဆက်ပြောလိုက်၏။

“ရွမ်ကလန်က ဂိုဏ်းတွေ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို တိတ်တဆိတ် ဆင့်ခေါ်နေတယ်။ သူတို့က သွေးပြာလူသားတွေကို ရင်ဆိုင်ဖို့ စဉ်းစားနေတယ်လို့ ထင်တာပဲ…”

မုန့်ချီက စိတ်ဝင်တစား မျက်ခုံးပင့်လိုက်မိသည်။

“ရွမ်ကလန်က သွေးပြာလူသားတွေရဲ့ကိစ္စကို တော်တော်လေးကို စိတ်ဝင်စားနေတာများလား…”

Translated by Hein Htet.

All Chapters