← Chapters

အခန်း (၆၃၅)

Vol. 43 Ch. 635

အခန်း (၆၃၅)

Vol. 43 Ch. 635

ပင်လယ်လေလှိုင်းများက လွတ်လပ်စွာ တိုက်ခတ်နေခဲ့သည်။ အချင်းချင်း စူးစူးနစ်နစ် စိုက်ကြည့်နေသော ပညာရှင် (၂) ယောက်၏ ရင်ထဲတွင်လည်း တင်းကြပ်မှုများ ပေါ်လာခဲ့ကြ၏။

သူတို့၏အပေါ်ဘက်တွင်တော့ အမှောင်ထုကြီးက ရုတ်တရက် ကျဆင်းလာခဲ့သည်။ ကောင်းကင်ကြီးကို မိုးကြိုးများ၊ လျှပ်စီးကြောင်းများ ပြည့်နှက်နေသည့် တိမ်တိုက်ကြီးများက လွှမ်းခြုံသွားခဲ့ပြီး မိုးခြိမ်းသံများ ပြည့်နှက်လာခဲ့၏။

"မင်းက တော်တော်အစွမ်းထက်တယ်…"

နင်တိုင်က ကျင်းအင်ပါယာ၏ ဘာသာစကားနှင့် မှတ်ချက်ပေးလိုက်သည်။

သူ့ခန္ဓာကိုယ်ကတော့ သက်သောင့်သက်သာ ရှိနေပြီး တည်ငြိမ်ပုံရသည်။ သို့သော် သူ၏ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာနေသော အငွေ့အသက်များက အထွဋ်အထိပ်ကို ရောက်လာခဲ့၏။ သူ၏မျက်လုံးထဲတွင် တငွေ့ငွေ့ လောင်ကျွမ်းနေပုံရသော ခံစားချက်များ ပြည့်နှက်နေသည်။ ထိုအရာကတော့ သူ့ဘဝတလျှောက်လုံးတွင် အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုကို ကြုံတွေ့ရတော့မည့်စိတ်ခံစားမှုမျိုး ဖြစ်၏။

"မင်းလည်း အတူတူပါပဲ…"

မုန့်ချီက သူ၏ဓားမောက်လက်ကိုင်ပေါ်သို့ လက်ကို အေးအေးဆေးဆေး တင်ထားပြီး သူ့အသံက မောက်မာမှုများ မရှိသော်လည်း သူ၏စွမ်းရည်အပေါ် အလွန်ယုံကြည်ချက် ပြည့်နေသလို ထင်ရသည်။ သူက ဂုဏ်ယူဝင့်ကြွားစွာရပ်နေပြီး သူ့ပုံစံက ယုံကြည်မှုများ ပြည့်နှက်နေသည့် သူရဲကောင်းတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

သူ့ပြိုင်ဘက်က ဓားနှင့် တိုက်ခိုက်ခြင်း မရှိသော်လည်း နင်တိုင်ကတော့ သူ့ဆီသို့ တဖြည်းဖြည်း ကျဆင်းလာနေသော ဖိအားတစ်ခုကို ခံစားမိနေခဲ့သည်။

"တော်တော်ကြောက်စရာကောင်းတဲ့ အငွေ့အသက်ပဲ။ ဒါက ငါကြုံခဲ့ဖူးတဲ့ အစွမ်းထက် ပညာရှင်တွေထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ တကယ်လို့ ဒီလိုသာ ဆက်ပြီးသွားမယ်ဆိုရင် ငါ့ဓားကို ထုတ်နိုင်မှာတောင် မဟုတ်တော့ဘူး…"

နင်တိုင်က ရုတ်တရက် တွေးလိုက်မိသည်။

လွန်ခဲ့သော လအနည်းငယ် အတောအတွင်း မုန့်ချီက သဘာဝတရားကြီး၏ အနှစ်သာရများကို ပေါင်းစပ်ကြည့်နေခဲ့သည်။ ထိုအချိန်အတောအတွင်း သူက တရားထိုင်ပြီး ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်နှင့် လောကသခင် ဓားသိုင်း (၆) ကွက်တို့ကို လေ့လာနေခဲ့၏။

ထိုအထဲတွင် လောကသခင်၏ လွှမ်းမိုးနိုင်သော အငွေ့အသက်များ ထုတ်ဖော်သည့် နည်းလမ်းလည်း ပါဝင်နေသည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် ရှိနေသည့်အတွက် ယခု သူက လောကသခင်ကိုယ်တိုင်၏ စွမ်းအား (၃) ပုံ (၂) ပုံခန့်ကို အသုံးပြုနိုင်၏။

လေလှိုင်းများက ကျဆင်းလာပြီး လှိုင်းလုံးများက ငြိမ်သက်သွားသည်။ လှေငယ်လေးပေါ်တွင် နင်တိုင်က ရှေ့ကို အနည်းငယ် ကုန်းလိုက်၏။ သူက ဘယ်ဘက်လက်ကို သူ့အနားသို့ ကပ်လိုက်ပြီး ညာဘက်လက်ကတော့ ဓားကို ရှေ့သို့ ချိန်ထားခဲ့သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ငါက မင်းကို (၂) ယောက်ချင်း တိုက်ဖို့ စိန်ခေါ်တယ်…"

ပြိုင်ဘက်၏ ကျယ်လောင်သော စိန်ခေါ်သံကြောင့် မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ဒီလိုဆိုလည်း ရတာပေါ့…"

ထိုစကားလုံးက တိုတောင်းပြီး ရိုးရှင်းသည်။ မလိုအပ်သော စကားလုံးများ မပါဝင်ပေ။ သူ ပြောလိုက်သည့်အချိန်တွင် သူ၏တံခါးပေါက်များက အကြွင်းမဲ့ ပွင့်လာခဲ့၏။ ရွှေကျီးကန်းများ၊ နေလုံးကြီးနှင့် လေဟာနယ်တွင်းနက်ထဲမှ ကြယ်များ ပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး ထိုအရာများက သူ၏ကိုယ်တွင်း တံခါးပေါက် (၉) ပေါက်၏ အငွေ့အသက်များနှင့် ဖန်တီးထားသော ကောင်းကင်ဘုံတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

စိတ်ကူးပုံဖော်ထားသော ကောင်းကင်ဘုံက တဖြည်းဖြည်းနှင့် မူလအခြေအနေကို ပြောင်းလဲသွားခဲ့ပြီး မည်သည့်အရာမျှ မရှိတော့ချေ။ တဟုန်ထိုး ဓားသိုင်းပညာက အဆင့်မြင့်လာပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တော့ မုန့်ချီက သူ့ဓားကို ပုံမှန်တိုက်ခိုက်သလို ပုံစံနှင့် တိုက်ခိုက်ခြင်း မရှိတော့ချေ။ ထိုအစား ကောင်းကင်ပြစ်ဒဏ်ဓားသွားပေါ်တွင် စွမ်းအားများကို ဆက်တိုက် စုစည်းလိုက်သည်။ ထိုခုတ်ချက်ထဲတွင် ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာမှ ဖရိုဖရဲဝဲကတော့၏ အငွေ့အသက်များနှင့် လောကသခင် ဓားသိုင်း (၆) ကွက်မှ ပထမသိုင်းကွက်၏ အခြေခံအနှစ်သာရများ ပါဝင်နေခဲ့သည်။

တံခါးပိတ် လေ့ကျင့်နေစဉ် အတောအတွင်း သူက ကိုယ်တိုင် ဖန်တီးထားခဲ့သော တဟုန်ထိုး ဓားသိုင်းပညာထဲသို့ သူ နားလည်ထားခဲ့သော အရာများကို ထပ်မံပေါင်းစပ်နိုင်ခဲ့သည်။ ထိုသိုင်းပညာကို ထပ်မံပြင်ဆင်လိုက်သည့်အချိန်တွင် တဟုန်ထိုး ဓားသိုင်းပညာက ပြည့်စုံလုနီးပါး အခြေအနေကို ရောက်ရှိသွားခဲ့၏။

သူ၏အရည်အသွေးကလည်း မုန့်ချီ ဖန်တီးထားခဲ့သော အနှစ်သာရများ၏ အကျိုးသက်ရောက်မှုကြောင့် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်သို့ နီးကပ်လာခဲ့သည်။ ထိုသိုင်းကွက်ကို ပြည့်ပြည့်ဝဝ အသုံးချလိုက်မည်ဆိုလျှင် ဓမ္မကာရအဆင့် သိုင်းကွက်များထက် နိမ့်ကျနေလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် မုန့်ချီ၏ အငွေ့အသက်များက ပြင်းပြင်းထန်ထန် မြင့်တက်လာနေကြောင်း နင်တိုင်က ခံစားမိလိုက်သည်။ အထူးသဖြင့် သူ၏ညာဘက်လက်ထဲတွင် ကိုင်ထားသော ဓားမောက် ဖြစ်သည်။ စွမ်းအားများက ဓားမောက်ထဲ၌ စုစည်းလာနေသည့်အချိန်တွင် ထူးဆန်းသော အာရုံစိုက်မှုတစ်ခု ရှိလာနိုင်ပြီး သူတို့၏အသက်ရှူသံနှင့် သွေးများ ဆူပွက်လာခြင်းကိုပင် ပြင်းပြင်းထန်ထန် သက်ရောက်စေနိုင်ခဲ့သည်။

"တကယ် အံ့ဩစရာကောင်းတဲ့ ဓားထုတ်မှုပဲ…"

နင်တိုင်က ထိတ်လန့်အံ့ဩစွာ ရေရွတ်လိုက်မိသည်။

သူ၏အငွေ့အသက်များက ကြောက်လန့်မှုကြောင့် လှုပ်ရှားသွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကလည်း မှေးမှိန်နေသလို ခံစားနေရ၏။ ထိုအချိန်တွင် ရပ်တန့်၍ မရနိုင်သော စွမ်းအားတစ်ခုကို ခံစားမိခဲ့၏။

သူက အရင်ဆုံး တိုက်ခိုက်ရန် ခက်ခဲသလို မုန့်ချီ တိုက်ခိုက်လိုက်သော ဓားချက်၏ ထူးခြားမှုနှင့် အစွမ်းများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရန်လည်း ခက်ခဲသည်။ တုန်စုန့်ကျွန်းမှ သိုင်းပညာများကတော့ ပထမဆုံး သိုင်းကွက်တွင် အစွမ်းထက်ဆုံး တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရန် အလေးပေးထားခြင်း ဖြစ်သည်။

စိတ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ပြီး သဘာဝတရားကြီး၏ စွမ်းအားများနှင့် ပေါင်းစပ်လိုက်သည့် အချိန်တွင် တိုက်ခိုက်မှု၏အစွမ်းက ဓားချက်တစ်ချက်တည်းတွင် ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာနိုင်သည်။ ထို့ကြောင့် တုန်စုန့်ကျွန်းမှ ပညာရှင်များ၏ ပထမသိုင်းကွက်က စွမ်းအားများကို အလုံးစုံ စုစည်းထားသည်ဟု ဆိုလိုနေသည်။

"အခုအချိန်ပဲ။ မဟုတ်ရင် ငါက ဓားကို လုံးဝဆွဲထုတ်လို့ရမှာ မဟုတ်တော့ဘူး…"

သူ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပေါ်လာခဲ့၏။ သူက မျက်လုံးကို အနည်းငယ် ကျုံ့လိုက်ပြီး စွမ်းအားများကို စုစည်းလိုက်သည်။

ရုတ်တရက်ဆိုသလို လှေငယ်လေးက လှိုင်းလုံးများထဲသို့ နစ်မြုပ်လာပြီး သင်္ဘောကြီးဆီသို့ အရှိန်နှင့် ထွက်ခွာလာခဲ့၏။ နင်တိုင်က ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေငယ်လေးပေါ်မှ ခုန်ဆင်းလိုက်သည်။

လေထဲကို ရောက်သည့်အချိန်တွင် သူ့အရှိန်က အလွန်လျင်မြန်လွန်းလှပြီး မုန့်ချီသို့ ပျံသန်းလာခဲ့၏။ နင်တိုင်က ခန္ဓာကိုယ်ကို အနည်းငယ် ကွေးလိုက်ပြီး လက်တစ်ဖက်တွင် ဓားကိုကိုင်၍ တခြားလက်တစ်ဖက်တွင် ဓားအိမ်ကိုကိုင်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ကမ္ဘာမြေကြီး၏ အစွမ်းများကို ဆင့်ခေါ်နိုင်ပြီး အဝေးမှနေ၍ ရန်သူကို ဓားသွားနှင့် တိုက်ခိုက်၍ ရနိုင်သည်။ သို့သော် တူညီသောခွန်အားနှင့် အစွမ်းရှိနေသော ပြိုင်ဘက်မျိုးကို ရင်ဆိုင်ရာတွင်တော့ ထိုကဲ့သို့ စွမ်းအားမျိုးက သိသိသာသာ လျော့ကျသွားနိုင်သည်။

အနှစ်သာရများ၏ အကျိုးသက်ရောက်မှုကပင် သူ့အပေါ်ကိုသာ ကျရောက်လာနိုင်သည်ဟု ဆိုနိုင်၏။ ထို့ကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ အသုံးချခြင်းမရှိဘဲ လူတစ်ယောက်၏ တိုက်ခိုက်မှုကို အားနည်းသွားစေနိုင်သည်။

ထို့နောက် တိုက်ပွဲက တူညီသော ခွန်အားရှိနေသူ (၂) ယောက်၏ ကြားထဲတွင် အနီးကပ်တိုက်ပွဲအဖြစ် ပြောင်းလဲသွားပြီး လက်သီးနှင့် ဆက်လက် တိုက်ခိုက်ကြရမည် ဖြစ်သည်။

နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ကို လေ့ကျင့်ထားကြသော ပညာရှင်များအတွက်တော့ သဘာဝတရားကြီး၏ အငွေ့အသက်များကို ပေါင်းစည်းထားခြင်းက တိုက်ခိုက်စွမ်းရည်ကို အမြင့်ဆုံး ထုတ်သုံးနိုင်သော လျှို့ဝှက်ချက်လည်း ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် မုန့်ချီက သူနှင့် အဆင့်တူ ခွန်အားတူ ပြိုင်ဘက်မျိုးဖြစ်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် နင်တိုင်က အနားသို့ ရောက်သည့်အချိန်မှသာ ပြိုင်ဘက်ကို ပြည့်ပြည့်ဝဝ တိုက်ခိုက်နေရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။

ကိုယ်ဖော့ပညာ၏ အကူအညီနှင့် နင်တိုင်၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရန်သူကို ရှုပ်ထွေးသွားစေနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ နင်တိုင်၏ ပုံရိပ်ယောင်ကို တိုက်ခိုက်မိလိုက်မည်ဆိုလျှင် သူက တိုက်ပွဲ၌ ရှုံးနိမ့်သွားနိုင်၏။

ထို့ကြောင့် မုန့်ချီအတွက်တော့ တိုက်ခိုက်ရန် အစစ်အမှန် ဟာကွက်တစ်ခု သို့မဟုတ် အဝေးတိုက်ခိုက်မှုကို အသုံးပြုပြီး နင်တိုင်၏ အရှိန်အဝါကို ဖျက်ဆီးရန်သာ ဖြစ်နိုင်သည်။ ထိုအစား မုန့်ချီကတော့ အရင်ဆုံး တိုက်ခိုက်ရန် ရွေးချယ်ခဲ့၏။ သူက လှေဦးပေါ်တွင် မတ်မတ်ရပ်နေပြီး ဓားမောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

"အခုအချိန်ပဲ…"

နင်တိုင်က အနားသို့ ကပ်လာပြီး ညာဘက်လက်ကို လှုပ်ရှား၍ ဓားအိမ်ထဲမှဓားကို ဆွဲထုတ်လိုက်သည်။

"ရွှပ်…"

အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ သူတို့၏ပတ်ပတ်လည်တွင်တော့ လှိုင်းလုံးများ မြောက်တက်လာပြီး ဓား ဝှေ့ယမ်းမှုနှင့်အတူ သူတို့က အောက်ဘက်သို့ ပြန်ကျသွားခဲ့သည်။ အပြာရောင် ရေလှိုင်းများကလည်း အရာအားလုံးကို ပျက်စီးသွားစေနိုင်သော အစွမ်းမျိုးနှင့် ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့၏။

မုန့်ချီကတော့ လျင်မြန်စွာ ချဉ်းကပ်လာသော ရန်သူကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ သူက လက်နက်ကို မထုတ်သေးပဲ သူ၏လက်ဖဝါးကို ရှေ့သို့ တွန်းပို့လိုက်သည့်အတွက် ဓားမောက်လက်ကိုင်က သူ၏ဓားအိမ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့သည်။

သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ပြင်းထန်သည့် ဖိအားများက တဖြည်းဖြည်းပို၍ လေးလံလာပြီး သဘာဝတရားကြီး၏ စွမ်းအားများ အားလုံးကလည်း အရာအားလုံးကို ဖျက်ဆီးနိုင်သော အစွမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဖိအားများ ပြင်းထန်လာသည့်အချိန်တွင် လေလှိုင်းများကလည်း နက်မှောင်လာခဲ့၏။

အေးစက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်များက မုန့်ချီဆီသို့ ရောက်လာပြီး သူက ကောင်းကင်ကြီးပေါ်တွင် ပြည့်နှက်လာသော လှိုင်းလုံးများကိုသာ မြင်တွေ့လိုက်ရ၏။ သူက လက်နက်ကို ရုတ်တရက် တင်းတင်းဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် ဓားမောက်က ဓားအိမ်ထဲမှ ထွက်လာပြီး ကြောက်စရာကောင်းစွာ အပေါ်ဘက်သို့ လွှဲခုတ်လိုက်၏။

"ချွမ်း..."

သူ၏ဓားမောက်ကို ဆွဲထုတ်လိုက်ခြင်းက နဂါးတစ်ကောင်၏ အော်သံကဲ့သို့ ထွက်ပေါ်လာပြီး အဝေးတွင ်ရှိနေသော လန်းယာ့မြို့ တစ်မြို့လုံးတွင်ပင် ပဲ့တင်ထပ်သွားခဲ့၏။

ဓားမောက်အလင်းတန်းက ကြောက်စရာကောင်းစွာ လှုပ်ရှားနေပြီး ဖိအားများကလည်း တဖြည်းဖြည်း ပေါက်ကွဲသွားခဲ့၏။ ထိုအချိန်တွင် လုံးဝမမြင်ဖူးသော ကြောက်စရာကောင်းသည့် စွမ်းအားပေါက်ကွဲမှုတစ်ခုကြောင့် ကောင်းကင်ကြီးပေါ်တွင် ဧရာမအလင်းတန်းကြီးတစ်ခု လင်းထိန်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော အမှောင်ထုကြီးက အက်ကွဲသွားခဲ့၏။

ကောင်းကင်ပေါ်တွင် ရှိနေသော တိမ်တိုက်များကပင် (၂)ခြမ်း ကွဲသွားခဲ့သည်။ သမုဒ္ဒရာလှိုင်းလုံးများက လှေကို ဗဟိုပြု၍ (၂) ပိုင်း ကွဲသွားကြ၏။ အဝေးမိုးကုတ်စက်ဝိုင်းတွင်တော့ အလင်းတန်းကြီး တောက်ပနေပြီး ထိုအရာက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် သမုဒ္ဒရာကြမ်းပြင်ကိုပင် မြင်တွေ့လိုက်ရသည်။

ထိုဓားသွားက အချိန်တော်တော်ကြာ တိတ်တဆိတ် အိပ်စက်နေခဲ့ပုံရ၏။ သူ နိုးထလာသည့်အချိန်တွင် ထွက်ပေါ်လာသည့် စွမ်းအားများက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပြီး သဘာဝတရားကြီးကိုပင် ပုံသဏ္ဍာန်တည်ဆောက်ခွင့် မပေးတော့ပေ။

လန်းယာ့မြို့ထဲရှိ ရွမ်မိသားစုစံအိမ်တွင် ရောက်နေသော ဟယ်ကျူးနှင့် အနီးအနား တောင်ထိပ်တစ်ခုပေါ်တွင် နေထိုင်နေသော ဝမ်စစ်ယွမ်တို့ ရှိနေကြသည်။ ဝေ့ကျင်းအဆင့် ပညာရှင်များ အားလုံးကလည်း ဆိပ်ကမ်းရှိရာကို စိုက်ကြည့်လိုက်၏။

"ဒီတိုက်ခိုက်မှုက ပြိုင်ဘက်ကင်းစွမ်းရည်ရှိနေတဲ့ ပညာရှင်တစ်ယောက်ရဲ့လွှမ်းမိုးမှုကို ပြသနေတယ်…”

“စုမုန့်က ဒီကိုရောက်နေပြီလား။ သူက ဒီလိုအဆင့်မျိုးထိ ရောက်သွားပြီလား။ တစ်နှစ်ကျော်အတွင်း သူ့ရဲ့ဓားမောက်ကို ကျင်းအင်ပါယာထဲမှာ တစ်နေ့မှ မမြင်ခဲ့ရဘူး။ အခုပေါ်လာတဲ့အချိန်မှာ ဒီလိုအစွမ်းမျိုး ရှိနေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…"

"ချွမ်..."

တောက်ပသော ဓားအလင်းရောင်က ကောင်းကင်ပြစ်ဒဏ်ဓားကို ဒေါသတကြီး ရင်ဆိုင်လိုက်မိသည်။

ချက်ချင်းဆိုသလိုပင် နင်တိုင်က ပြိုင်ဘက်၏ခုတ်ချက်ဆီမှ ရင်ဆိုင်၍ မရနိုင်သော စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ သူ့ဓား၏ အလင်းရောင်ကလည်း အက်ကွဲသွားခဲ့ပြီး (၂) ပိုင်း ဖြစ်သွားခဲ့သည်။ သူ့ဓားက အဖိုးတန် ဓားတစ်လက်ဖြစ်ပြီး ထိပ်တန်းအဆင့် ဖြစ်သည်။

သူကတော့ လက်နက်ခြင်း ထိခိုက်ရာမှ ထွက်ပေါ်လာသော အလင်းတန်းများထဲတွင် သူ့ဓားပေါ်ရှိ အပျက်အစီးတစ်ခုကို ဝိုးတဝါး မြင်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုဓားက ပျက်စီးတော့မည် ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူ့ပြိုင်ဘက်၏ ဓားမောက်ဆီမှ ထွက်ပေါ်လာသော ရူးသွပ်ဖွယ် အလင်းတန်းများက ပျော့ပျောင်းသွားခဲ့သည်။ ပုံရိပ်ယောင်များကလည်း သူ၏ခေါင်းထဲသို့ တိုးဝင်လာခဲ့၏။

ထိုအချိန်တွင် သူ၏မျက်စိရှေ့၌ ဆက်တိုက် လှုပ်ရှားနေသော ဓားမောက်၏ မတူညီသော တန်ပြန်တိုက်ခိုက်မှု နည်းလမ်းများက အရှိန်အဟုန်နှင့် ပေါ်လာခဲ့သည်။ ပင်လယ်ရေလှိုင်းများက တည်ငြိမ်သွားပြီး သူ့ပြိုင်ဘက်က နောက်ဆုတ်သွားခဲ့၏။

"ချွမ်.."

မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ မုန့်ချီ ဓားသိမ်းလိုက်သည့် အချိန်တွင် သူတို့၏ ရူးသွပ်ဖွယ် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အလင်းတန်းကလည်း ပျောက်ကွယ်သွားခဲ့၏။

ပင်လယ်ရေလှိုင်းများ၏ လှုပ်ရှားမှုက နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့ပြီး နင်တိုင်က ယခင်တုန်းကကဲ့သို့ လှေငယ်လေးပေါ်သို့ ပြန်ရောက်သွားခဲ့သည်။ မည်သည့်အရာမျှ ပြောင်းလဲမသွားသလို ထင်မှတ်ရ၏။ အစောပိုင်းတွင် သူတို့၏တိုက်ခိုက်မှုက စစ်မှန်သော အိပ်မက်တစ်ခုထက် မပိုခဲ့ချေ။

နင်တိုင်က ခဏကြာ မိန်းမောနေခဲ့ပြီး အားရပါးရ ရယ်လိုက်၏။

"အလယ်ကုန်းမြေကြီးထဲမှာ တကယ့်ပါရမီရှင်တွေ အများကြီး ရှိနေတာပဲ။ ဒီနေရာကိုလာတဲ့ ငါ့ရဲ့ခရီးစဉ်က အချည်းနှီးမဖြစ်တော့ဘူး။ ဒီကမ္ဘာကြီးထဲမှာ ဒီလိုဓားမောက်သိုင်းပညာမျိုးတောင် ရှိနေတာပဲ။ တကယ့်ကို ကြောက်စရာကောင်းလောက်တဲ့ သိုင်းပညာပဲ…"

သူကတော့ နာကျင်နေခြင်း မရှိသလို ဒေါသထွက်နေခြင်းလည်း မရှိချေ။ ထိုအစား နင်တိုင်က အားရပါးရ ရယ်နေခဲ့၏။

"ဉာဏ်ပညာက ရောင်နီကို ထွန်းလင်းတောက်ပစေတယ်။ သေခြင်းတရားကို ရင်ဆိုင်ရမယ့်အချိန်မှာ ဘာများ နှမြောစရာရှိဦးမှာလဲ…”

“နောက်ထပ် သိုင်းအရူးတစ်ယောက်ပဲ…"

ပြိုင်ဘက်အပေါ် မုန့်ချီ၏အမြင်က တိုးတက်လာခဲ့သည်။

သူက တရိုတသေ ဦးညွှတ်ပြီး ပြောလိုက်၏။

"မိတ်ဆွေကလည်း တကယ်ကို အစွမ်းထက်ပါတယ်။ တကယ်လို့ ငါတို့ကသာ လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက တွေ့ခဲ့ရမယ်ဆိုရင် ငါက မိတ်ဆွေရဲ့တိုက်ခိုက်မှုကို တားဆီးဖို့အတွက် တော်တော်လေးခက်တယ်…"

အမှန်အတိုင်းပြောရလျှင် နင်တိုင်က သူ့နာမည်နှင့် ထိုက်တန်သော ပညာရှင် တစ်ယောက် ဖြစ်သည်။ အကယ်၍ မုန့်ချီကသာ လောကသခင် ဓားသိုင်း (၆) ကွက်ကို မရသေးခင် ရင်ဆိုင်ရမည်ဆိုလျှင်တော့ ကောင်းကင်မိုးကြိုး (၅) သွယ် သို့မဟုတ် တဟုန်ထိုး ဓားသိုင်းပညာတို့ကိုမသုံးဘဲ အနိုင်ရရန် မဖြစ်နိုင်ပေ။

စိတ်နှင့်တိုက်ပွဲ၏ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း မရှိလျှင် သူက ခုခံမှုသာ လုပ်ဆောင်ရပါလိမ့်မည်။ သူ့ဆီ၌ လက်အပိုများ ပေါက်လာပြီး နိယာမဖြစ်စဉ်ကိုသာ မသုံးလျှင် သူက သိုင်းကွက်တစ်ကွက်တည်းနှင့် အနိုင်ရရန် လုံးဝမဖြစ်နိုင်ပေ။

"ဒီက သခင်လေးရဲ့နာမည်ကို သိခွင့်ရှိမလား…"

နင်တိုင်က သူ့ဓားကို သိမ်းလိုက်ပြီး တွေဝေစွာ မေးလိုက်သည်။

"သတ်ဖြတ်ရေးဓား စုမုန့် ..."

မုန့်ချီက သူ့နာမည်ကို အပြုံးနှင့် ပြန်ဖြေလိုက်၏။

နင်တိုင်၏ အမူအရာက အလွန်ဂုဏ်ယူဝင့်ကြွားနေရာမှ ချက်ချင်း အေးစက်သွားသည်။ သူ ပြတ်သားစွာ ပြောလိုက်၏။

"ငါက အနောက်ဘက်ကို ခရီးနှင်လာတဲ့အချိန် လေးစားရတဲ့ လူ(၂)ယောက်ကို တွေ့ခဲ့ရတယ်။ မင်းက သူတို့တွေထဲက တစ်ယောက်ပဲ သခင်လေးစု...။ မင်းက ငါတို့ရဲ့ (၂) ယောက်ချင်း တိုက်ခိုက်မှုမှာ ကျေနပ်အောင် လုပ်ပေးနိုင်တယ်…"

သူက အလယ်ကုန်းမြေကြီး၏ ဘာသာစကားကို ပြောနေရသော်လည်း လှိုက်လှိုက်လှဲလှဲ ရှိနေသေးသည်။

"ဒါဆိုရင် တခြားတစ်ယောက်က ဘယ်သူလဲ…"

မုန့်ချီက ပြန်မေးလိုက်၏။

"သူက လှေငယ်လေးတစ်စီးနဲ့ ပင်လယ်ထဲမှာ သွားလာနေတဲ့ လူတစ်ယောက်ပဲ။ သူက ထူးဆန်းတဲ့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့အမူအရာက အရူးတစ်ယောက်လို့ပဲ။ ငါက သူ့ကို မီအောင်လိုက်ပြီး သူ့ကို စိန်ခေါ်ချင်ခဲ့ပေမယ့် သူ့ရဲ့လှေကိုတောင် အမီမလိုက်နိုင်ခဲ့ဘူး။ ငါက သူ့ရဲ့အသံတစ်ခုကိုတော့ ကြားခဲ့ရတယ်။ ငါ ဘယ်သူလဲဆိုတဲ့ စကားကို အကြိမ်ကြိမ် ရွတ်နေခဲ့တာ..."

"ငါ ဘယ်သူလဲ ဆိုတဲ့စကားလား.."

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး အပူအပင်မဲ့တောင်ကြား၏ အပြင်ဘက်တွင် တံခါးစောင့် ပြောခဲ့သော ထူးဆန်းသည့် တာအိုသခင်ကို အမှတ်ရသွားခဲ့သည်။ ထိုတာအိုသခင်က တုန်းရန်နတ်ဘုရားစံအိမ်ထဲတွင်လည်း စာအုပ်တစ်ခုကို ချန်ထားခဲ့သေး၏။

"သူက ဘယ်နေရာကို ဦးတည်သွားနေတာလဲ…"

မုန့်ချီက အေးအေးဆေးဆေးပုံစံနှင့် မေးလိုက်သည်။

"အရှေ့ဘက်ကို..."

နင်တိုင်က ရိုးရှင်းစွာ ပြန်ဖြေလိုက်၏။

"အရှေ့ဘက်ကိုလား…"

ထိုအဖြေကြောင့် မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါဆိုရင် အဲဒါက တုန်းရန်နတ်ဘုရားရဲ့အရှေ့ဘက်ကို ရည်ညွှန်းနေတာပဲ။ စာပေအရဆိုရင်တော့ အရှေ့ပိုင်းဘိုးဘေးလား…"

သူ့အတွေးများက အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ဟူသော နာမည်ကို စဉ်းစားကြည့်နေခဲ့သည်။ ထိုအရာက တုန်းရန်နတ်ဘုရား၏ စုဆောင်းမှုများထဲမှ တစ်ခုဖြစ်ကြောင်း သူလည်း သတိထားမိခဲ့၏။ အသူရာအင်ပါယာဟူသော နာမည်ကိုလည်း အရှေ့ပိုင်းဘိုးဘေးဟူသော နာမည်အဖြစ် လူသိများသည်။

ရှေးဟောင်းဒဏ္ဍာရီပညာရှင်များ၏ နာမည်ကို တွေးတောနေသည့်အချိန်တွင် မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ၏မျက်နှာပေါ်တွင်တော့ ခံစားချက် တစ်စုံတစ်ခုမျှ ပေါ်မလာခဲ့ချေ။

နင်တိုင်က ထပ်မပြောချင်ကြောင်း သိနေသည့်အတွက် မုန့်ချီက ခေါင်းစဉ်ပြောင်းလိုက်၏။

"မင်းက ချင်းဟွာဝိညာဉ်သစ်သားဆိုတာကို ကြားခဲ့ဖူးလား။ တုန်စုန့်ကျွန်းဆိုတာက သဘာဝအရင်းအမြစ်တွေ အများကြီးရှိတဲ့နေရာတစ်ခုလို့ ငါ ကြားဖူးတယ်…"

"ငါတို့ဆီမှာ ရှိတယ်။ ဒါပေမယ့် နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ အရာတွေကတော့ တော်တော်လေး ရှားတယ်။ အချိန်အကြာကြီး အသက်ရှင်နေနိုင်တဲ့အရာတွေက အမှန်တကယ် မရှိတော့ဘူးလေ…"

နင်တိုင်က ကျင်းအင်ပါယာ ဘာသာစကားနှင့် ပြန်ပြောလိုက်၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူက လက်ဝှေ့ယမ်းပြလိုက်၏။

"လန်းယာ့မြို့က ရှေ့မှာပဲရှိတယ်။ မင်းက ဟယ်ကျူးနဲ့ တိုက်ခိုက်ချင်သေးလား…"

နင်တိုင်က ခေါင်းခါပြလိုက်သည်။

"ငါက သခင်လေးစုနဲ့တိုက်ပွဲမှာ တော်တော်လေးကို သင်ယူခဲ့ရပါပြီ။ ငါက လေ့ကျင့်ပြီး ရလာတဲ့အရာတွေကို သုံးသပ်ပြီးမှ ဟယ်ကျူးကို စိန်ခေါ်တော့မယ်…"

သူက ပြောလိုက်သည်။ ထို့နောက် သူက လှေငယ်လေးကို ပြန်လှည့်ပြီး လန်းယာ့အနားတွင် ရှိနေသော ကျွန်းတချို့ဆီသို့ ဦးတည်သွားခဲ့၏။

မုန့်ချီကတော့ ပြုံးလိုက်ပြီး သူ၏မိတ်ဆွေအသစ် ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ကုန်းမြေပေါ်သို့ ပြန်ရောက်လာပြီးနောက် သူက လှေအတွက် ကျန်ရှိနေသော ကုန်ကျစရိတ်ကိုပေးလိုက်ပြီး မြို့ထဲသို့ ဝင်လာ၍ ရွမ်ကလန်ရှိရာကို လျှောက်လာခဲ့သည်။

သူ အနားသို့ ရောက်လာသည့်အချိန်တွင် စောင်းသံ ၊ ပုလွေသံ တိုးတိုးကို ကြားလိုက်ရ၏။ ချိုသာသောအသံများက လေလှိုင်းနှင့်အတူ ပျံ့နှံ့လာပြီး တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။ ထိုအရာက ရွမ်ကလန်၏စံအိမ် တည်ရှိမှုနေရာဖြစ်ကြောင်း ပြသနေခဲ့၏။ ပင်လယ်ထဲတွင် သူ၏တိုက်ခိုက်မှုကို ရွမ်ကလန်က သတိမထားမိရန် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် ဝင်ပေါက်၌ သူသိနေသော လူတစ်ယောက်က သူ့ကို စောင့်နေခဲ့၏။ ထိုအရာကတော့ ရွမ်ယောင်ကွမ်း ဖြစ်သည်။ သူမ၏ဆံပင်ကို အပြာရောင် ဖဲကြိုးတစ်ခုနှင့် စည်းနှောင်ထား၏။ သူမက နဂါးခေါင်းတုတ်ကို ဆုပ်ကိုင်ထားပြီး မုန့်ချီကို သေချာစိုက်ကြည့်နေခဲ့သည်။

"မင်းက တကယ့်ကို အစွမ်းထက်တဲ့ လူငယ်တစ်ယောက်ပဲ.."

မုန့်ချီက ပြန်ဖြေတော့မည့်အချိန်တွင် သူမက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မင်း ရောက်လာတဲ့အချိန်ကတော့ အဆင်မပြေဘူး။ ငါတို့ရဲ့နံပါတ် (၂၁) သခင်မလေးက တံခါးပိတ် လေ့ကျင့်နေတယ်။ သူက ဝေ့ကျင်းအဆင့်ကို တက်လှမ်းဖို့ စီစဉ်နေတယ်။ အနည်းဆုံးတော့ သူက အောင်မြင်ဖို့အတွက် (၁၀) ရက် (၁၅) ရက်လောက် အချိန်ပေးရဦးမယ်ထင်တယ်..”

သူမ၏အသံအရ ရွမ်ယုရှု၏ အောင်မြင်မှုကို သံသယဝင်စရာ မလိုအပ်ပေ။

"တကယ့်ကို အချိန်ကိုက်ဖြစ်နေတာပဲ…"

မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်ပြီး သူ လာလည်ရသည့် အစစ်အမှန် ရည်ရွယ်ချက်ကို ဆက်ပြောလိုက်သည်။

"ကျွန်တော်က သွေးပြာလူသားတွေနဲ့ ပတ်သက်တဲ့ကိစ္စကို ကြားခဲ့ရတယ်။ ဒါကြောင့် အကူအညီပေးနိုင်မလား လာကြည့်တာ...။ ကလန်မှာ အစီအစဉ်တစ်ခုခုများ ရှိသလား…"

ရွမ်ယောင်ကွမ်းက အနည်းငယ် မျက်ခုံးပင့်၍ ပြောလိုက်သည်။

"မင်းက အခုထိ ပထမကောင်းကင်လှေကားကို မရောက်သေးဘူး မဟုတ်လား…"

မုန့်ချီက နင်တိုင်နှင့် တိုက်ပွဲတွင် သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ် အသုံးပြုခဲ့သည်ကို သူမက မတွေ့ခဲ့ရပေ။

"ကျွန်တော် နည်းနည်းလေး လိုပါသေးတယ်.."

မုန့်ချီက ရိုးရိုးသားသား ဝန်ခံလိုက်၏။

"သွေးပြာလူသားတွေက တိုက်ခိုက်ရာမှာ ပါရမီရှိတဲ့လူတွေပဲ။ ပထမကောင်းကင်လှေကား အစွမ်းမျိုး မရှိရင် ဝေ့ကျင်းအဆင့်ပညာရှင်တိုင်းကို သူတို့က သတ်နိုင်ကြတယ်။ ဒီတော့ မင်းက ဘေးကင်းလုံခြုံမှုအတွက် ဝေးဝေးနေဖို့ပဲ အကြံပေးချင်တယ်.."

ရွမ်ယောင်ကွမ်းက မုန့်ချီ၏ကမ်းလှမ်းမှုကို ပယ်ချလိုက်သည်။

သို့သော် သူမ၏ပြတ်သားမှုကြောင့် မုန့်ချီက ဇဝေဇဝါ ဖြစ်နေခဲ့၏။ သူက လျင်မြန်စွာ ပြောလိုက်သည်။

"ကျွန်တော့်ဆီမှာ ရေတွေကို ထိန်းချုပ်နိုင်တဲ့ သွေးပြာလူသားတွေရဲ့စွမ်းရည်ကို နှောင့်ယှက်နိုင်တဲ့ ကျင့်စဉ်တွေရှိတယ်…"

"ငါ နားလည်ပါတယ်…"

ရွမ်ယောင်ကွမ်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

"ခေါင်းဆောင်က ဝမ်ကလန် သခင်ကြီးနဲ့ သူ့ရဲ့နတ်ဘုရားလက်နက် လော်စာအုပ်ကို အကူအညီတောင်းထားတယ်။ ငါတို့ စကားပြောနေတဲ့အချိန်မှာ သူတို့က သွေးပြာလူသားတွေရဲ့ အချက်အလက်တွေကို တွက်ချက်နေကြတယ်။ အခုအချိန်မှာတော့ နောက်ထပ်အစီအစဉ်တွေ မရှိသေးဘူး။ ငါတို့စောင့်နေတဲ့အချိန်မှာ မင်းက ရက်အနည်းငယ်လောက်တော့ လာနေလို့ရတယ်.."

"လော်စာအုပ်… ပြိုင်ဘက်ကင်းနတ်ဘုရားလက်နက်တွေထဲက တစ်ခုလား။ မြစ်အရှေ့ပိုင်း ဝမ်ကလန်ကတောင် ဒီကိစ္စမှာ ပတ်သက်နေတာလား..”

ထိုအခြေအနေကြောင့် မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။

သူက ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး နှိမ့်ချ၍ ပြောလိုက်၏။

"ယုရှုက လေ့ကျင့်နေတယ်ဆိုမှတော့ ကလန်ထဲမှာ ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်မှ မရှိဘူး။ ဒီတော့ ကျွန်တော်က သင့်တော်တဲ့ ကျောင်းဆောင်တစ်ခု ဒါမှမဟုတ် ဘုန်းကြီးကျောင်းတစ်ခုမှာပဲ သွားတည်းပါတော့မယ်.."

"ကောင်းပါတယ်…"

ရွမ်ယောင်ကွမ်းက တိုးတိုးလေး ပြောလိုက်၏။

"ငါက တော်တော်လေးများ နှိမ့်ချလိုက်မိတာလား…"

မုန့်ချီက အနည်းငယ် အိုးတို့အန်းတန်း ဖြစ်သွားခဲ့၏။ ရွမ်ယောင်ကွမ်း၏ ထူးဆန်းသော အပြုအမူနှင့် ပတ်သက်ပြီး သူ့ရင်ထဲတွင်လည်း သံသယများ ပေါ်လာခဲ့သည်။

သူက နောက်ထပ် ပေါ်လာတော့မည့် အတွေးများ အားလုံးကို ဖိနှိပ်ပြီး အနီးအနားတွင် ရှိနေသော ကြည်လင် (၃) သွယ် ကျောင်းဆောင်၌ ယာယီနားခိုရန် ထွက်သွားခဲ့လေသည်။

Translated by Hein Htet.

All Chapters