← Chapters

အခန်း (၆၃၆)

Vol. 43 Ch. 636

အခန်း (၆၃၆)

Vol. 43 Ch. 636

လန်းယာ့မြို့တွင် ရှိနေသော ကြည်လင်(၃)သွယ် ကျောင်းဆောင်က အနီးနားတွင် နေထိုင်သော သာမန်လူများ ရောက်လာပြီး ပူဇော်ကန်တော့တတ်သည့် သာမန်ဘုန်းကြီးကျောင်းတစ်ခုသာ ဖြစ်သည်။ ထိုဘုန်းကြီးကျောင်းက ဂိုဏ်းများ၊ သိုင်းပညာရှင် အဖွဲ့အစည်းများနှင့် ပတ်သက်နေခြင်း မရှိချေ။

ထိုအရာက အလွန်ကြီးကျယ်ခမ်းနားသော နယ်မြေတွင် တည်ရှိနေခြင်း မဟုတ်သည့်အတွက် မြို့ထဲတွင် နာမည်ကျော်ကြားမှု နည်းပါးသည်။ ထိုဘုန်းကြီးကျောင်းတွင် ကျင့်ကြံသူအနည်းငယ်သာရှိနေပြီး သူတို့က ဝေ့ကျင်းအဆင့် အစွမ်းများလည်း မရှိကြသေးပေ။

မုန့်ချီ၏ တောင်းဆိုမှုကြောင့် သူတို့က နေရာထိုင်ခင်း စီ‌စဉ်ပေးလိုက်ကြသည်။ နေထိုင်မှုနှင့် ပတ်သက်ပြီး စီစဉ်ပြီးသွားသည့်အချိန်တွင် မုန့်ချီက ရေနွေးအိုး တည်ပြီး ပထမဆုံးတစ်ငုံ မြည်းကြည့်လိုက်သည်။

မုန့်ချီက အစောပိုင်းတွင် တွေ့ခဲ့သော ရွမ်ယောင်ကွမ်း၏ အပြုအမူများကို ပြန်လည်စဉ်းစားကြည့်နေသည့်အချိန်တွင် အစောင့်တစ်ယောက်က သူ့တံခါးဆီကို ရောက်လာခဲ့၏။ ဖန်းစီရင်စုမှ ရွှေတံဆိပ်လူဆိုးထိန်း နီကျိက သူ့ဆီကို လာရောက်လည်ပတ်နေ‌ကြောင်း အစောင့်က သတင်း‌ပို့ခဲ့သည်။

“ရွှေတံဆိပ်လူဆိုးထိန်းလား…”

မုန့်ချီကတော့ ထိုလူ ရုတ်တရက် လာရောက်လည်ပတ်သည့်အတွက် အံ့ဩသွားခဲ့၏။ သူက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။

ကျန်းတုံနယ်မြေများက ကျန်းစီရင်စုနှင့် ဖန်းစီရင်စု (၂)ခုလုံးတွင် ပါဝင်နေသည်။ လန်းယာ့မြို့ကတော့ ဖန်းစီရင်စု၏ မြို့တော်ဖြစ်၏။ ယပ်တောင် (၆)လက်ကျောင်း၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော ရုံးတော်တစ်ခုလည်း ရှိနေသည်။ လန်းယာ့တွင် ရွှေတံဆိပ်လူဆိုးထိန်းနှင့် သူ၏လက်ထောက် ခရမ်းဖဲပြား လူဆိုးထိန်းဦးဆောင်သော အဖွဲ့ခွဲကိုတော့ စီရင်စု၏ တရားမျှတရေးအဖွဲ့အစည်းဟု နာမည်ခေါ်ကြသည်။

လက်ရှိ ရွှေတံဆိပ်လူဆိုးထိန်းက နီကျိဖြစ်ပြီး သူက ကောင်းကင် (၅)သွယ် ဝေ့ကျင်းအဆင့် ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်ဖြစ်သည်။ နီကျိကဲ့သို့သော လူဆိုးထိန်းတစ်ယောက်က ပုံမှန်အားဖြင့် လူတိုင်းလေးစားအားကျသည့် ပညာရှင်မျိုး ဖြစ်သည်။

သို့သော် လန်းယာ့မြို့ထဲတွင်တော့ သူ၏အစွမ်းက ရွမ်ကလန်၏ လွှမ်းမိုးမှုကို ခံထားရသည်။ ထိုကလန်တစ်ခုတည်းကပင် နီကျိ၏အစွမ်းများကို မှေးမှိန်သွားစေနိုင်သော အစွမ်းရှိနေသည့် လူပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့၏။ ထို့ပြင် ရွမ်ကလန်၏ ခေါင်းဆောင်ကလည်း ယခင်လွှတ်တော်ရေးရာ အမတ်ကြီး တစ်ယောက်ဖြစ်ခဲ့ပြီး နန်းတွင်းထဲတွင် လူတိုင်းလေးစားမှုကို ခံခဲ့ရသည်။

ထို့ကြောင့် ကွမ်လင်းနှင့် ယဲ့တူမြို့များတွင် စခန်းချနေသော သူ့လူများကဲ့သို့ နီကျိကလည်း အနီးနားတွင် ရှိနေသော ဖန်းစီရင်စုနှင့် တခြားလူများကိုသာ အာရုံစိုက်ရန် လိုအပ်သည်။

“ဘာလို့ သူက ငါ့‌ဆီကို ရောက်လာရတာလဲ…”

မုန့်ချီက ခြံဝန်းတံခါးဆီသို့ လျှောက်သွားပြီး ဇဝေ‌ဇဝါဖြစ်နေခဲ့သည်။

ထိုနေရာတွင် နီကျိက သူ့ကို စောင့်နေကြောင်း တွေ့လိုက်ရ၏။ သူက ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိပေ။ သူ့ပုံစံက ငယ်ရွယ်ပြီး စွမ်းအားများ ပြည့်နှက်နေပုံရသည်။

သူက အားရပါးရရယ်ပြီး ပြောလိုက်၏။

“တူလေး…

မင်းက မင်းတို့မျိုးဆက်မှာ တကယ့်ကို အထူးချွန်ဆုံး လူငယ်တစ်ယောက် ဖြစ်ခဲ့တာပဲ။ အစောပိုင်းမှာ မင်း တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုအရ ငါကိုယ်တိုင်တောင် မင်းရဲ့ပြိုင်ဘက်ဖြစ်ရင် ရှောင်တိမ်းဖို့ တော်တော်လေး ခက်လိမ့်မယ်…”

သူက ယပ်တောင် (၆)လက်ကျောင်း၏ အနီရင့်ရောင် လူဆိုးထိန်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ခါးတွင်တော့ ရွှေရောင်တံဆိပ်တစ်ခု ချိတ်ထားခဲ့သည်။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းနှင့် နီကျိက မတ်တပ်‌ရပ်နေသည့် အချိန်၌ သူ၏အသက်အရွယ်နှင့် ယှဉ်လိုက်လျှင် အလွန်ရဲစွမ်းသတ္တိရှိသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။

ဧည့်သည်က သူ့ကို တူလေးဟု ခေါ်လိုက်ကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ ထို့ကြောင့် ထိုဧည့်သည်က ယပ်တောင် (၆)လက်ကျောင်း၏ အဖွဲ့အစည်းထဲတွင် စုကလန်နှင့် ပတ်သက်မှုရှိနေမည်ဟု ခန့်မှန်းကြည့်လိုက်မိ၏။ သို့မဟုတ် သူက စုကလန်နှင့် ပတ်သက်သော အကြောင်းအရာများကို လာရောက်ဆွေးနွေးခြင်း ဖြစ်နိုင်သည်။

သူက လက်နှစ်ဖက်ဆုပ်ပြီး တရိုတသေ ဦးညွှတ်၍ ပြောလိုက်၏။

“ဦးလေးက အရမ်းကို နှိမ့်ချနေပြန်ပါပြီ…”

နီကျိက အားရပါးရ ရယ်လိုက်ပြန်၏။

“ပြောရမယ်ဆိုရင်တော့ ငါက အသက်ကြီးနေပါပြီကွာ၊ ငါက တော်တော်လေး အိုနေပြီ”

ထိုစကားပြောလိုက်ပြီးနောက် သူက ခြံဝန်းထဲသို့ ဝင်လာခဲ့သည်။ ထိုအရာကို သတိထားမိသည့်အခါ အစောင့်ကလည်း အဝေးသို့ အလိုက်တသိ ထွက်ခွာသွားခဲ့၏။ သူတို့က ခြံဝန်းထဲတွင် ရှိနေသော ကျောက်စားပွဲတွင် ထိုင်လိုက်ကြသည်။

နီကျိက ပြန်လှည့်လာပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ လေပြည်လေညင်းလေး တစ်ခုကလည်း သူတို့ကို ဖြတ်၍ တိုက်ခတ်သွားခဲ့သည်။ မည်သည့်အရာမျှလွဲချော်နေခြင်း မရှိကြောင်း သတိထားမိသည့်အခါ သူက အကာအကွယ်တစ်ခု ဖန်တီးလိုက်ပြီး သူတို့ပြောသည့်စကားများကို မည်သူမျှ ချောင်းနားထောင်၍ မရစေရန် ပြင်ဆင်လိုက်သည်။

“မင်းက မိသားစုအိမ်တော်ထဲကနေ ရုတ်တရက် ထွက်သွားခဲ့တယ်။ ပြီးတော့ တစ်နှစ်ကျော်လောက် ရုတ်တရက် ပျောက်သွားပြီး ကျန်းတုံမှာ ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန် ပြဿနာတွေကြောင့် မင်းအဖေနဲ့ မင်းဦးလေးက တော်တော်လေးကို စိတ်ရှုပ်နေကြတယ်။ သူတို့က မင်းရဲ့လုံခြုံမှုအတွက် တော်တော်လေးကို စိုးရိမ်နေကြတာ။ တကယ်လို့ မင်းသာ ဒီနေရာမှာ ရုတ်တရက် ပေါ်မလာဘူးဆိုရင် ငါတောင် မင်းကို လွဲသွားဦးမှာ…”

နီကျိက အနည်းငယ် တွေးတွေးဆဆနှင့် ပြောလိုက်သည်။

မုန့်ချီက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားခဲ့ရ၏။ သူကတော့ သူ၏ဆွေမျိုးသားချင်း တစ်ယောက်ဖြစ်သော စုကျိယွဲ့တစ်ယောက်တည်းကိုသာ ဂရုစိုက်ပေးခဲ့သည်။ ထိုအရာကလည်း သူ့အမေဘက်မှ သူ့ဦးလေးနှင့် ပတ်သက်နေ‌ခြင်းကြောင့်ဖြစ်၏။ သူ ရရှိထားသော ခန္ဓာကိုယ်၏ ကံကြမ္မာများအရ သူက စုကျိယွဲ့နှင့် ကူချန်းချင်တို့ကို ကယ်တင်ခြင်းအပြင် သူတို့(၂)ယောက်လုံးကို သိုင်းပညာလေ့ကျင့်မှုများတွင် အကြံပေးခဲ့သေးသည်။

“ကျွန်တော်က အစွမ်းထက်တဲ့ ရန်သူတွေ အများကြီးကို ဒေါသထွက်အောင် လုပ်ထားခဲ့တယ်။ ဒါကြောင့် ကျွန်တော်သာ အဲဒီမှာ အမြဲတမ်းနေမယ်ဆိုရင် သူတို့က အလွယ်တကူ အလစ်ချောင်း တိုက်ခိုက်နိုင်သလို ကျွန်တော့်နောက်ကို လိုက်လာနိုင်တယ်။ ဒီတော့ ကျွန်တော်က အိမ်ရဲ့အဝေးမှာပဲ နေရတော့တာပေါ့…”

မုန့်ချီကတော့ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီး ပြန်ဖြေလိုက်သည်။ ထိုသို့ဆိုရာတွင် သူ ပေးလိုက်သော ဆင်ခြေတွင် အမှန်တရားအနည်းငယ်သာ ပါဝင်နေသည်။

နီကျိက ခေါင်းခါပြီး ပြောလိုက်၏။

“လော့ရန်မြို့တော်‌ကို စောင့်ကြည့်နေတဲ့ အစွမ်းထက်ပညာရှင်တွေ အများကြီးရှိတယ်။ အဲဒီမကောင်းဆိုးရွားတွေက လော့ရန်ပိုင်နက်ထဲကို ကျော်လာရဲမှာ မဟုတ်ဘူး။ အဲဒါက ကောင်းကင်ဘုံအောက်မှာ အလုံခြုံဆုံးနေရာတစ်ခုပဲ။ ဘာလို့ မင်းရဲ့လုံခြုံမှုကို စိုးရိမ်နေရတာလဲ…”

“အဲဒါလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဦးလေး။ မြို့တော်ထဲမှာ ဓမ္မကာရအဆင့် အစွမ်းထက်ပညာရှင်တွေ ရန်ပြုလို့မရအောင် တားမြစ်ထားတဲ့ အရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒါက သာမန်အခြေအနေမှာပဲလေ။ တကယ်လို့ တစ်ယောက်ယောက်ကသာ အသက်ကိုစွန့်ပြီး ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားလိုက်မယ်ဆိုရင်တော့ အခြေအနေက လုံးဝကွဲပြားသွားပြီ။ မြို့တော်ထဲမှာရှိတဲ့ အတားအဆီးတွေ၊ အစောင့်အရှောက်တွေက အဲဒီလိုအရာမျိုးကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ရဲ့အသက်ကလည်း အချိန်မရွေး သေဆုံးသွားနိုင်တယ်….”

မုန့်ချီက လော့ရန်တွင် နေထိုင်နေစဉ် အတောအတွင်း သူ့အသက်ကိုသတ်ရန် ကြိုးစားခဲ့သည့်အရာကို ပြန်လည်သတိပေးလိုက်ခြင်းဖြစ်သည်။

“ပြီးတော့ ကျွန်တော့်ဆီမှာ အဲဒီလိုစွမ်းရည်မျိုး ပိုင်ဆိုင်ထားတဲ့ ရန်သူတွေက လက်တစ်ဖက်တောင်မကဘူး…”

“အဲဒါက ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက် ပြဿနာမှာ ဝင်ပါခဲ့တဲ့ အတွက်ကြောင့်လား..”

နီကျိက အနည်းငယ် စိတ်ဝင်စားစွာ မေးလိုက်သည်။

“ကျွန်တော်က ချန်းရှန့်အဖွဲ့အစည်းကလွဲရင် မကောင်းဆိုးဝါး လမ်းစဉ်(၉)သွယ်ထဲမှာရှိတဲ့ အဖွဲ့အစည်းတိုင်းနဲ့ ပြသနာဖြစ်ခဲ့တယ်။ ကျွန်တော်က သူတို့တွေကို ဒေါသထွက်အောင် တစ်ကြိမ်ထက်မနည်း လုပ်နိုင်ခဲ့တယ်။ အဲဒီထဲမှာ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းကိုတော့ တစ်ကြိမ်တောင်မကဘူး။ ကျွန်တော်က သူ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တဲ့အတွက် သူက ကျွန်တော့်ကိုလိုက်ပြီး သတ်ချင်နေတာကြာပြီ…”

မုန့်ချီကတော့ သိုင်းလောကမကောင်းဆိုးရွားများနှင့် ပတ်သက်သော အဖြစ်အပျက်များကို တိတ်တဆိတ် ပြန်လည်စဉ်းစားနေခဲ့သည်။

“တစ်ယောက်ပြီး တစ်ယောက်ပဲ..”

မုန့်ချီက ပြန်ဖြေလိုက်၏။

သူက နီကျိကို မေးလိုက်သည်။

“ဦးလေးဆီမှာ ကျွန်တော့်မိသားစုနဲ့ ပတ်သက်တဲ့သတင်းတစ်ခုခုများရှိလား…”

“မင်းတို့မိသားစု အကြီးအကဲတွေအားလုံး ကျန်းမာရေးကောင်းကြပါတယ်။ မင်းရဲ့အဘွား၊ မင်းအဖေနဲ့ မင်းရဲ့ဦးလေးတို့ပေါ့။ မင်းအဖေက အမတ်ကြီးရာထူးကို ဆုံးရှုံးသွားခဲ့ပေမဲ့ အဆင့်မြင့်လူဆိုးထိန်း (၈)ယောက်ထဲက တစ်ယောက်ဆိုတဲ့ နာမည်အရ ဩဇာအာဏာ ရှိနေသေးသလို ရိုသေလေးစားမှုလည်း ရှိပါသေးတယ်..”

နီကျိကတော့ ကီဟွေလျှံ၏နာမည်ကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိဘဲ ရှောင်တိမ်း၍ ပြောခဲ့သည်။ သူက ခဏရပ်လိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါပေမဲ့ မင်းအဖေကတော့ အဲဒီပြဿနာတွေ ဖြစ်ပြီးကတည်းက နည်းနည်းလေး စိတ်ဓာတ်ကျနေတယ် ထင်တယ်။ သူက ကျမ်းစာတွေနဲ့ ကျင့်စဉ်တွေကိုပဲ ညဉ့်နက်တဲ့အထိ အမြဲတမ်းဖတ်နေခဲ့တာ…”

မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကျွန်တော့်ညီမကရော…”

“မင်းမိသားစု ကြုံတွေ့ခဲ့ရတဲ့ ပျက်စီးခြင်းတွေကြောင့် ကျိယွဲ့လေးကလည်း မရင့်ကျက်မှုဒဏ်ကို တော်တော်လေး ခံခဲ့ရတယ်။ အခုတော့ သူက တော်တော်လေးကို ကြိုးစားအားထုတ်ပြီး တိုးတက်မှု ကောင်းပါတယ်…”

နီကျိက ပြောပြလိုက်သည်။

မုန့်ချီနှင့် နီကျိတို့က အစစ်အမှန်တူအရီးကဲ့သို့ စကားပြောဆိုနေကြ၏။

“ကျွန်တော် တိတ်တဆိတ်ထွက်သွားတဲ့အပေါ် ကျွန်တော့်မိသားစုက ဘယ်လိုတုံ့ပြန်ခဲ့သေးလဲ…”

ဆွေးနွေးမှုအဆုံးတွင်တော့ မုန့်ချီက မနေနိုင်ဘဲ မေးလိုက်သည်။

နီကျိက အားနည်းစွာ ပြုံး၍ ပြောလိုက်၏။

“မင်းက နဂိုကတည်းက လွတ်လွတ်လပ်လပ် သွားချင်နေတဲ့လူတစ်ယောက်လို့ မင်းအဖေက ပြောတယ်လေ..”

“လွတ်လွတ်လပ်လပ် သွားချင်နေတဲ့လူလား။ ကျွန်တော်က ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ဘူးဆိုတာ သူက ပြောလိုက်တာပဲ…”

မုန့်ချီက ပြန်မဖြေခဲ့ပေ။ သူက ပြုံးရုံလေးသာ ပြုံးပြလိုက်မိသည်။

သူတ့ို၏ စကားဝိုင်းအဆုံးတွင် နီကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီနေ့ တူလေးဆီကို ငါ လာလည်တာက တခြားကိစ္စတစ်ခုရှိ‌နေသေးတယ်…”

“ကျေးဇူးပြုပြီးပြောပါ ဦးလေး…”

ထိုဧည့်သည်က အသေးအဖွဲ မိသားစုရေးရာကိစ္စများအတွက် သူ့ဆီကို ရောက်လာမည် မဟုတ်ကြောင်း မုန့်ချီက တွက်ဆပြီးသားဖြစ်သည်။

နီကျိက သူ၏မုတ်ဆိတ်ဖြူကို လက်နှင့်သပ်လိုက်ပြီး ပြောလိုက်၏။

“သွေးပြာလူသားတွေနဲ့ ပတ်သက်ပြီး ရွမ်ကလန်ရဲ့အချက်အလက်တွေကို စုံစမ်းဖို့ တောင်းဆိုချင်လို့ပါ…”

သူ့စကားက ရွမ်ကလန်နှင့် မုန့်ချီ၏ပတ်သက်မှုအပေါ် ယုံကြည်ချက်ရှိနေပုံရသည်။

“ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်အသေးစိတ်ကို မေးဖို့ကတော့ မလွယ်ဘူးထင်တယ်…”

မုန့်ချီက ပြန်ပြောလိုက်သည်။

နီကျိက ခေါင်းခါပြလိုက်၏။

“ဒီကိစ္စက ငါ့ရဲ့ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှု မဟုတ်ဘူး။ နယ်မြေခံ ယပ်တောင်(၆)လက်ကျောင်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါက အခြေအနေတွေ ‌ဆိုးဆိုးရွားရွားဖြစ်မသွားအောင် ထိန်းသိမ်းဖို့တာဝန်ရှိတယ်”

နီကျိက ဆက်လက်ပြော‌ဆိုလိုက်သည်။

“ရွမ်ကလန်က ရက်ပေါင်းများစွာ သိုသိုသိပ်သိပ်နေထိုင်ပြီး သွေးပြာလူသားတွေရဲ့ တည်နေရာကို စုံစမ်းရှာဖွေနေကြတယ်။ ကလန်ကနေ ငါတို့စောင့်ကြည့်နိုင်တဲ့ လှုပ်ရှားမှုတွေကတော့ သူတို့စေလွှတ်လိုက်တဲ့ သိုင်းသခင်တွေရဲ့ ရှာဖွေမှုတွေပဲ။ အချက်အလက်နည်းပါးမှုကလည်း တော်တော်လေး ပြဿနာများတယ်။ တချိန်တည်းမှာပဲ တခြားထူးခြားမှုတွေလည်း အများကြီး ရှိနေသေးတယ်…”

“ဝမ်ကလန်က ပညာရှင်ကလည်း လော်စာအုပ်နဲ့အတူ ရွမ်ကလန်ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ သခင်လေး ဝမ်စစ်ယွမ်ကတော့ ဒီမြို့ရဲ့အရှေ့ဘက်တောင်ထိပ်ပေါ်မှာရှိတဲ့ ဗုဒ္ဓကျောင်းဆောင်တစ်ခုမှာပဲ ရှိနေတယ်။ သူက ဒီအဖြစ်အပျက်တစ်ခုလုံးနဲ့ ဝေးဝေးမှာ ခွဲနေတယ်။ တစ်ဖက်မှာတော့ ကိုယ်ပျောက်ဓားဟယ်ကျူးနဲ့ သူ့လူတွေက အရှေ့ပင်လယ်ဓားကျေးရွာကနေ အကူအညီအဖြစ် ရောက်လာကြတယ်…”

နောက်ဆုံးတွင်တော့ နီကျိက လှိုက်လှိုက်လှဲလှဲတောင်းဆိုလိုက်သည်။

“မင်းကို ခိုင်းစေရတဲ့ အချက်အလက်တွေက တော်တော်လေးကို အဆင်မပြေ ဖြစ်နိုင်တယ်ဆိုတာ ငါလည်း နားလည်ပါတယ်။ ဒါပေမဲ့ မင်းရဲ့အခြေအနေတွေလည်း ပေါ်သွားနိုင်တယ်။ ငါက အဲဒီအတွက် မင်းကို အတင်းအကြပ်တောင်းဆိုတာမျိုးတော့ မလုပ်ပါဘူး…”

“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ် ဦးလေး…”

မုန့်ချီက ဇဝေဇဝါဖြစ်နေပုံ‌ရသော ရွမ်ယောင်ကွမ်း၏ အပြုအမူများကို ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။ သူ ကိုယ်တိုင်လည်း စိတ်ဝင်စားနေသည့်အတွက် မုန့်ချီက ထပ်မံရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

မုန့်ချီက သူ့က ိုအဖြေပေးနိုင်သော အကောင်းဆုံးလူတစ်‌ယောက်ကို သိနေပြီးသားဖြစ်သည်။ ထိုအရာက ဝမ်ကလန်၏သခင်လေး ဝမ်စစ်ယွမ်ဖြစ်၏။ တချို့လူများကတော့ သတ်ဖြတ်ချင်စိတ်များ ရှိနိုင်သော်လည်း မုန့်ချီက လူလိမ်ဝမ်ဟု နာမည်ပေးထားသော ဝမ်စစ်ယွမ်ကတော့ အကြောင်းအရာများကို စိတ်လိုလက်ရပြောပြတတ်သည်။

သူက မတည်ငြိမ်သော စိတ်အခြေအနေ၏ဒဏ်ကို အမြဲလိုလို ခံစားနေတတ်ရ၏။ ထို့ကြောင့် သူက ဝမ်စစ်ယွမ်ဆီမှ တွက်ချက်မှုများကို အကြံဉာဏ်တောင်းပြီး လှည့်ပတ်မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နီကျိက မုန့်ချီ၏အဖြေကို ကျေနပ်ပြီး ထွက်ခွာသွားခဲ့၏။

မုန့်ချီက ရေနွေးသောက်နေရင်း ရုတ်တရက် သူ့အနားကို တစုံတစ်ယောက် ချဉ်းကပ်လာကြောင်း ခံစားမိခဲ့သည်။ သူက လျင်မြန်စွာ မတ်တပ်ရပ်ပြီး သွားကြည့်လိုက်၏။ ထိုအချိန်တွင် သူ၏မျက်လုံးထဲ၌ ဝေဝါးသွားခဲ့ပြီး သူ့ရှေ့တွင် မီးခိုးရောင်လူရိပ်တစ်ခု ပေါ်လာခဲ့သည်။

‘သူရောက်လာတာကို ငါသတိထားမိတဲ့အချိန်မှာ ငါ့အနားကိုတောင် ရောက်နေပြီပဲ။ တော်တော်ကြောက်စရာကောင်းလိုက်တာ…’

မုန့်ချီက ခုခံကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။

သူကတော့ သက်လတ်ပိုင်းအရွယ် မီးခိုးရောင်ဘုန်းတော်ကြီးကို ကြည့်လိုက်၏။ သူ့ပုံစံက အဆင့်အတန်းမြင့်ပြီး ရိုးသားပုံရသော်လည်း မျက်လုံးများကတော့ ကောက်ကျစ်စဉ်းလဲမှုများ ပြည့်နှက်နေသည်။

“အော်မီတော်ဖော်...

ငါ့နာမည်က ဖရာကျဲတူလို့ခေါ်တယ်။ သခင်လေးစုနဲ့ တွေ့ရတာ ဝမ်းသာပါတယ်..”

သူက လက်အုပ်ချီပြီး အပြုံးနှင့် နှုတ်ဆက်လိုက်သည်။

’ဖရာကျဲတူလား။ ဒါက အလောင်းအစားကိစ္စတွေကို လက်ရှောင်နေတဲ့ ဘုန်းတော်ကြီးလား..’

သူ့ခေါင်း‌ထဲတွင် သူတော်စင်မ ကျဲရှဟူသောနာမည်များနှင့် တူညီမှုကိုပြန်လည်‌စဉ်းစားနေ၏။ သို့သော် ဖရာကျဲတူဟူသောနာမည်က သိုင်းလောကတွင် နာမည်ကျော်ကြားသည်။

အလွန်ကျယ်ပြန့်သော ကမ္ဘာကြီးထဲတွင် လှည့်ပတ်သွားလာနေသော လူပေါင်းများစွာရှိပြီး ကြောက်စရာကောင်းသော အစွမ်းများလည်း ရှိတတ်ကြသည်။ သို့သော် သူတို့အားလုံးက ဘုန်းကြီးကျောင်းများ၊ ကျောင်းဆောင်များကိုသာ မှီခိုအားထားပြီး အများစုကတော့ ဘာသာရေးအဖွဲ့အစည်း တစိတ်တပိုင်း ဖြစ်ကြသည်။

မည်သို့ဖြစ်စေကာမူ ထိုအရာကလွဲလျှင် ဖရာကျဲတူဟူသည်မှာ သီးသန့်အဖွဲ့အစည်း မရှိသော တစ်ကိုယ်တော် ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။ ထို့ကြောင့် သူက သိုင်းသခင်အဆင့်ကို ကိုယ့်အစွမ်းအစနှင့် ကိုယ်ရောက်လာပြီး မြေပြင်မှတ်တမ်း၏ အစွမ်းထက်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်‌လာသည်မှာ အလွန်အံ့ဩစရာကောင်းလွန်းလှသည်။

သူ၏နောက်ကြောင်းက သိုသိပ်သော်လည်း သူက အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု လူတိုင်းက ခံစားမိနေကြ၏။ သူက စိတ်တိုင်းကျ သွားလာလှုပ်ရှားနိုင်ပြီး လောင်းကစားမှုနှင့် နာမည်ကျော်ကြားသည်။ သူက အရာအားလုံးတွင် အလောင်းအစားလုပ်ရခြင်းကို ဝါသနာပါပြီး အလောင်းအစားတစ်ခုမျှအနိုင်ရဖူးခြင်း မရှိချေ။

တစ်ကြိမ်တွင်တော့ သူက အလောင်းအစားတစ်ခုတွင် သူ့လက်နှစ်ဖက်ကို ဆုံးရှုံးရမည့်အဖြစ်မှ ပွတ်ကာသီကာ လွတ်မြောက်လာသေး၏။ ထို့နောက် သူက အလောင်းအစားလုပ်ခြင်းကို ရှောင်ကျဉ်မည်ဟု ဗုဒ္ဓရှေ့တွင် သစ္စာဆိုခဲ့သော်လည်း သူ၏နာကျင်မှုများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

သူက တဖြည်းဖြည်းနှင့် လမ်းမှားကိုပြန်လှည့်သွားပြီး ဖရာကျဲတူဟူသော နာမည်အသစ်ကို ဆက်လက်အသုံးပြုခဲ့သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ အားနည်းချက်မျိုးရှိနေသော ပညာရှင်မျိုးက တိုးတက်ရာတွင် အခက်အခဲများစွာ ကြုံရနိုင်ပြီး ရန်သူပေါင်းများစွာ၏ ထောင်ချောက်များထဲတွင် အလွယ်တကူ မိသွားနိုင်သည်။

သို့သော် ဖရာကျဲတူကတော့ သိုင်းလောကထဲတွင် ထိုကဲ့သို့ ကောက်ကျစ်စဉ်းလဲသော အန္တရာယ်များမှ ယခုထိလွတ်မြောက်နိုင်သည့်အပြင် သူ၏စွမ်းအားများကလည်း တအိအိ မြင့်တက်လာနေခဲ့၏။ သူက တဖြည်းဖြည်းနှင့် သူ၏‌သမိုင်းကိုပင် ပြန်လည်ပြောပြနိုင်ခဲ့သည်။

သိုင်းလောကတွင် လှည့်ပတ်သွားလာနေသော ဖရာကျဲတူနှင့် ပတ်သက်ပြီး စကားများစွာ ရှိခဲ့သည်။ တချို့ကတော့ သူက ရက်စက်ခြင်းကျောင်းဆောင်မှ အပြာရောင်လုပ်ကြံသူ၊ သို့မဟုတ် အစိမ်းရောင်လုပ်ကြံသူဟုလည်း ထင်မြင်နေကြသည်။ ဖရာကျဲတူက ရက်စက်ခြင်းကျောင်းဆောင်သခင် ကိုယ်တိုင်ဖြစ်သည်ဟုပင် တချို့က ခန့်မှန်းကြည့်နေကြ၏။

ဖရာကျဲတူဟူသောနာမည်က ဖုံးကွယ်ထားသော နာမည်တစ်ခုသာဖြစ်သည်။ ထိုသို့ဆိုရာတွင် သူနှင့် ရင်းနီးသော လူတချို့ကတော့ သံရဲတိုက်အဖွဲ့အစည်းမှ ဟုလည်း ပြောကြ၏။ သူက လျှို့ဝှက်အဖွဲ့အစည်း အများဆုံး(၃)ခုတွင် ဦးဆောင်နေသူ တစ်ယောက်ဖြစ်နိုင်သည်။

သို့သော် သူနှင့်ပတ်သက်ပြီး တစ်ခုတော့ သေချာ၏။ သူ့ဆီတွင် လျှို့ဝှက်ချက်များ၊ လျှို့ဝှက်‌ဆန်းကြယ်မှုများ ပြည့်နှက်နေသည်။

မုန့်ချီက တလေးတစား မေးလိုက်၏။

“ကျွန်တော်က ဘယ်လိုကူညီပေးရမလဲ ကိုယ်တော်..”

ဖရာကျဲတူက အပြုံးနှင့် ပြောလိုက်၏။

“သခင်လေးစုက ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကို လေ့လာဖို့အတွက် လန်ကီကျောင်းတော်ဆီ လူတိုင်းကို ခေါ်သွားပေးနိုင်တယ်လို့ သတင်းရတယ်။ ဒါကြောင့် သခင်လေးက ငါ့ကို အဲဒီအခွင့်အရေးပေးနိုင်မလား လာပြီးတော့ တောင်းဆိုကြည့်တာပါ…”

“ဗောဓိတဗ္ပက လူစိမ်းတွေကို လန်ကီကျောင်းဆောင်ရဲ့သန့်စင်နယ်မြေဆီ ခေါ်လာတာ ကြိုက်မကြိုက် ကျွန်တော်လည်း သေချာမသိဘူး…”

မုန့်ချီက ရွမ်ယုရှုနှင့် သူ့အဖော်များကိုလည်း ထိုနေရာသို့ ခေါ်သွားရန် စဉ်းစားထားခဲ့သည်။ သို့သော် ကဒြာမုနိ ဗောဓိတဗ္ပက သစ္စာဆိုထားသည်ဆိုလျှင်ပင် အကြိမ်ပေါင်းများစွာ ကျူးကျော်ဝင်ရောက်လာလျှင် လန်ကီကျောင်းဆောင်မှ တခြားအဖွဲ့သားများက မကျေမနပ်ဖြစ်သွားနိုင်သည်။ ထိုအရာက သူ၏အနာဂတ်အစီအစဉ်များကို ပျက်စီးသွားနိုင်၏။

ထို့ပြင် မုန့်ချီက ဖရာ‌ကျဲတူနှင့် ရင်းနှီးသူတစ်ယောက် မဟုတ်ချေ။ ဘာကြောင့် သူက လူစိမ်းတစ်ယောက်ကို ထိုနေရာသို့ ခေါ်သွားရမည်နည်း။

ထိုဘုန်းတော်ကြီးက လက်အုပ်ချီလိုက်၏။

"ငါက အလောင်းအစားတစ်ခုမှာ ငါ့ရဲ့ကံကြမ္မာတွေအားလုံးကို ဆုံးရှုံးသွားခဲ့ရတယ်။ ဒါကြောင့် ငါက အပေးအယူလုပ်ဖို့အတွက် တန်ဖိုးရှိတဲ့အရာ မရှိဘူး။ ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့က အလောင်းအစားတစ်ခုလုပ်ကြမယ်လေ။ တကယ်လို့ ငါ ရှုံးတယ်ဆိုရင် ငါက (၃)နှစ်တိတိ မင်းရဲ့အစေခံလုပ်ပေးမယ်။ တကယ်လို့ ကံကောင်းပြီး ငါက အနိုင်ရသွားမယ်ဆိုရင်တော့ မင်းက ငါ့ကို လန်ကီကျောင်းဆောင်ဆီ ခေါ်သွားပေးရမယ်”

’အလောင်းအစားလား..။ ဒီဘုန်းကြီးရဲ့ဝါသနာကတော့ အခုထိမပျောက်သေးဘူးပဲ..’

မုန့်ချီက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

“ဘာလို့ ကျွန်တော်က အလောင်းအစားလုပ်ရမှာလဲ။ အဲဒါက တစ်ယောက်ယောက်က ကျွန်တော့်ကို နှောင့်ယှက်နေသလိုပဲဖြစ်လိမ့်မယ်…”

သူကိုယ်တိုင်က လျှို့ဝှက်ချက်များစွာကို သိမ်းဆည်းထားသည့်အတွက် သူ့အနားတွင် သိုင်းသခင်တစ်ယောက် ထပ်ချပ်မခွာ လိုက်နေသည်မှာ သူ့အတွက် ကောင်းမွန်သော အရာတစ်ခုမဟုတ်ချေ။ အထူးသဖြင့် သူက အင်မော်တယ်ယွင်ဟယ်နှင့် ပြည့်စုံခြင်းတံခါးထဲကို ဝင်သည့်အချိန်မျိုးတွင် ပြဿနာရှိနိုင်သည်။

ဖရာကျဲတူကို စကားပြောခွင့်မပေးဘဲ မုန့်ချီက အလျင်အမြန်ဆက်ပြောလိုက်သည်။

“ကျွန်တော်က လန်ကီကျောင်းတော်ထဲကို ဝင်‌ခွင့်ပေးနိုင်တယ်လို့ ကိုယ်တော့်ကို ဘယ်သူပြောလိုက်တာလဲဆိုတာပြောပြလို့ရနိုင်မလား..”

သူကတော့ အကြောင်းအရာကို‌ ပွင့်ပွင့်လင်းလင်းသာမေးလိုက်သည်။

ဖရာကျဲတူကတော့ သူခိုးတစ်ယောက်ကဲ့သို့ ပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။

“ငါက ဟယ်ရှီနဲ့ နည်းနည်းလေး ရင်းနှီးတယ်။ ဒါကြောင့် သူ့ဆီကနေ အဲဒီအချက်အလက်တွေကို သိခဲ့ရတာ။ ဒီကိစ္စကို တခြားဘယ်သူမှ မသိပါဘူး။ စိတ်မပူပါနဲ့….”

“ဟယ်ရှီ ဒါဆို…”

ဟယ်ကျူးနှင့် သူ့လူအနည်းငယ်ကသာ အရှေ့ပင်လယ်ဓားကျေးရွာမှာ စစ်ကူရောက်လာသည် ဟူသောစကားကို ပြန်လည်အမှတ်ရသွားခဲ့၏။

မုန့်ချီက တိုးတိုးလေးရယ်ပြီး နောက်တစ်ကြိမ် ငြင်းဆန်လိုက်သည်။

“ဒါဆိုရင် ကိုယ်တော်က ကျွန်တော့်ကို ဘာနဲ့ကမ်းလှမ်းမှာလဲ…”

ထိုဘုန်းတော်ကြီးက စိတ်ဓာတ်ကျစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါပေမဲ့ ငါက တော်တော်လေး ဆင်းရဲနေတော့ ငါ့ကိုယ်ငါ ကမ်းလှမ်းဖို့ပဲရှိတယ်…”

သူက သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားခဲ့၏။

မုန့်ချီကတော့ မီးခိုးရောင်လူရိပ်၏နောက်ကျောကို ကြည့်လိုက်မိသည်။ ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီးနောက် မုန့်ချီက အခြေအနေတစ်ရပ်လုံးကို ပြန်လည်သုံးသပ်ကြည့်နေခဲ့၏။

………………..

ရွမ်ကလန်၏ စံအိမ်တွင် ဟယ်ကျူးက အိပ်ရာပေါ်တွင် လေ့ကျင့်နေခဲ့၏။ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး သူက တံခါးထဲမှ ယုံကြည်ချက်ရှိရှိ ထွက်လာခဲ့၏။

“ဘယ်သွားမလို့လဲ သခင်လေး…”

သူ၏အစေခံက မေးလိုက်သည်။

ဟယ်ကျူးက ကျယ်လောင်စွာရယ်ပြီး ပြောလိုက်သည်။

“ငါက စုမုန့်ကို သွားပြီးတော့ စိန်ခေါ်မလို့…”

“ဘာဖြစ်လို့လဲ…”

အစေခံ၏မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့သည်။

ဟယ်ကျူးက လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့၏။ သူက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

“ငါက သူ့ထက်အရင် တစ်နှစ်နီးပါးလောက် ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငါတို့(၂)ယောက်က ပထမကောင်းကင်လှေကားကို တက်လှမ်းဖို့ ကြိုးစားနေတဲ့ အဆင့်တူတွေ ဖြစ်သွားကြပြီ။ ငါက နောက်ထပ်အချိန်ဆွဲလို့ မရနိုင်တော့ဘူး။ တကယ်လို့ ငါသာ သူ့ကို အမီမလိုက်နိုင်ဘူးဆိုရင် ငါတို့ရဲ့ကြားထဲမှာရှိတဲ့ ကွာဟမှုက ပိုပြီးတော့ကြီးလာတော့မယ်။ ငါက ဒီအခွင့်အရေးကိုသုံးပြီး သူ့ကို (၂)ယောက်ချင်း တိုက်ခိုက်ဖို့ စိန်ခေါ်ရမယ်။ မဟုတ်ရင် နောက်ပိုင်း ဒီလိုအခွင့်အရေးမျိုး မရှိတော့မှာ စိုးရတယ်။ တကယ်လို့ ငါတို့(၂)ယောက်ရဲ့ အစွမ်းကသာ အရမ်းကွာဟသွားခဲ့မယ်ဆိုရင် ဒီလိုတိုက်ခိုက်မှုမျိုးက စိတ်လှုပ်ရှားစရာမကောင်းတော့ဘူး။ ဒါက တဖက်သတ်တိုက်ပွဲမျိုးဖြစ်သွားလိမ့်မယ်…”

အစေခံက နှစ်သိမ့်‌သည့်အနေနှင့် အလျင်အမြန် ပြောလိုက်သည်။

“ကွာဟမှုက အဲဒီလောက်ထိ သေချာပေါက် မကြီးနိုင်ပါဘူး။ တကယ်လို့ သူက ကောင်းကင်ကပ်ဘေး(၄)ကြိမ် ရင်ဆိုင်ခဲ့ရတယ်ဆိုရင်တောင် သခင်လေးကလည်း တစ်ကြိမ်ရင်ဆိုင်ခဲ့ရတာပဲလေ…”

ဟယ်ကျူးကတော့ ဝမ်းနည်းနေခြင်း မရှိဘဲ ရယ်လိုက်သည်။

“ငါ ဟယ်ကျူးက အဲဒီလို သဘောထားသေးတဲ့ လူစားမျိုး မဟုတ်ဘူး။ သူက ငါ့ထက် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်လာတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ သူ့ရဲ့တိုးတက်မှုတွေက အတားအဆီးတစ်ခု ရှိလာနိုင်တယ်။ အဲဒါက ဓမ္မကာရတစ်ဝက်အဆင့်၊ ဓမ္မကာရ ဒါမှမဟုတ် ဒဏ္ဍာရီအဆင့်မှာတောင် ဖြစ်နိုင်တယ်။ ငါကတော့ လုံ့လဝိရိယရှိရှိ နောက်ကနေ ဆက်လိုက်နေမှာပဲ။ ငါတို့က အဆင့်တူဖြစ်သွားတဲ့ နေ့တနေ့ သေချာပေါက်ရှိလာလိမ့်မယ်…”

ထိုစကားများကိုပြောပြီး ဟယ်ကျူးက သူ၏ယုံကြည်မှုကို ထိန်းချုပ်ထားခဲ့သည်။ ထို့နောက် ဟယ်ကျူးက အားရပါးရရယ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားခဲ့၏။ သူက ကြည်လင်(၃)သွယ် ကျောင်းဆောင်ဆီသို့ ဦးတည်သွားခဲ့ခြင်းဖြစ်သည်။

သူက ကျောင်းဆောင်ဝင်ပေါက်သို့ ရောက်သည့်အချိန်တွင် ထိုနေရာ၌ အစောင့်တစ်ယောက် စောင့်နေသည်ကို တွေ့လိုက်ရသည်။

“သခင်လေးစုက သခင်လေးဟယ်ကိုစောင့်နေပါတယ်။ ကျေးဇူးပြုပြီး ကြည်လင်(၃)သွယ်ကျောင်းဆောင်ထဲကို လိုက်ခဲ့ပါ…”

“အရမ်းကောင်းတယ်”

ဟယ်ကျူးက ပြန်ဖြေလိုက်သည်။

သူကတော့ ရောက်လာသည့်အချိန်ကတည်းကစပြီး သူ၏အငွေ့အသက်များကို ဖိနှိပ်ထားခဲ့ခြင်းမရှိချေ။ ထို့ကြောင့် မုန့်ချီက သူရောက်လာမည့် အကြောင်း သိနေသည်ကို အံ့ဩစရာ မရှိပေ။

အစောင့်က ကျောင်းဆောင်၏မြေကွက်လပ်ထဲသို့ ခေါ်သွားပြီးနောက် ကြည်လင်(၃)သွယ် ကျောင်းဆောင်ထဲရှိ ခန်းမကြီးထဲသို့ ခေါ်သွားခဲ့သည်။ ထိုနေရာတွင် အပေါ်ဘက်၌ ရုပ်ထု (၃)ခု ထိုင်နေသည်ကို သတိထားမိခဲ့၏။

ပထမဆုံးရုပ်ထုကတော့ ဘိုးဘေးတိုတီနှင့် ဘိုးဘေးလင်းပေါင်တို့ဖြစ်ပြီး သူတို့ကတော့ ကောင်းကင်ဘိုးဘေးရုပ်ထု၏ ဘေးနှစ်ဖက်တွင် ရှိနေကြသည်။ ဘယ်ဘက်မှ ညာဘက်ကို ကြည့်လိုက်မည်ဆိုလျှင် အသက်ကြီးရာမှ သက်လတ်အရွယ်၊ ထို့နောက် လူငယ်ဟူသော ကွာခြားမှု (၃)ခုကို တွေ့မြင်သတိထားမိနိုင်သည်။

ထိုဘိုးဘေး(၃)ယောက်၏ရုပ်ထုများတွင် တုတ်တံတစ်ချောင်း၊ စိမ်းပြာရောင် ဓားတစ်လက်နှင့် ထိုက်ကျိစက်ဝိုင်း (၂)ခုကို အသီးသီး ကိုင်ထားကြသည်။ ထိုရုပ်ထုများက မှော်စွမ်းရည်များ မရှိသော်လည်း အသက်ဝင်နေသည့်အလား ဉာဏ်ပညာကို ခံစားမိနိုင်လောက်အောင် အသေးစိတ်ရေးဆွဲထားခြင်းဖြစ်သည်။

ထိုရုပ်ထုများက ကြီးကြယ်ခမ်းနားမှု၊ အနုစိတ်မှုနှင့် ကြီးမြတ်မှုများကို ပြသနေခဲ့သည်။ ထိုရုပ်ထု (၃)ခုက တာအိုဘိုးဘေး (၃)ယောက်ကို ကိုယ်စားပြုပြီး တစ်ယောက်ချင်းဆီတွင် ကိုယ်ပိုင်ဒဏ္ဍာရီများ ရှိနေကြသည်။ သူတို့ပေါင်းစပ်လိုက်လျှင်တော့ သူတို့ရှိနေခြင်းကပင် ခန်းမထဲသို့ ဝင်ရောက်လာသော လူတိုင်းကို ရိုသေလေးစားကြောက်ရွံ့သွားစေနိုင်သည်။

ဟယ်ကျူး၏ အငွေ့အသက်များက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ သူက အလွန်အံ့ဩစရာကောင်းသော ရုပ်ထု(၃)ခုကို ကြည့်နေရာမှ အောက်တွင် ထိုင်နေသော မုန့်ချီကို စိုက်ကြည့်လိုက်၏။

အနက်ရောင်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသော သူက တရားထိုင်နေသည့်အလား မျက်လုံးမှိတ်နေခဲ့၏။ သူ၏အငွေ့အသက်များက တည်ငြိမ်အေးချမ်းနေပြီး အခန်းတစ်ခုလုံးက ငြိမ်းချမ်းမှုကို ဖော်ဆောင်နေခဲ့သည်။

Translated by Hein Htet.

All Chapters