အခန်း (၆၃၈)
Vol. 43 Ch. 638
ဟယ်ကျူး၏ စိတ်ထဲတွင် သတ္တိများ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။ သူက ပြောင်းလဲမှုများ ဆက်လက်ဖန်တီးနေပြီး ပုံသဏ္ဌာန်ကင်းမဲ့ခြင်းနှင့် ပုံသဏ္ဌာန်များ ကြားထဲတွင် ဓားချီစွမ်းအင်များကို ဆက်လက်ထုတ်လွှတ်နေခဲ့သည်။
သူက တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်၊ တိုက်ခိုက်လိုက်နှင့် တစ်လှည့်ဆီ လုပ်ဆောင်နေပြီး အလွန်ကြောက်စရာကောင်းသော လျှပ်စီးစွမ်းအားများကို ခုခံနေခဲ့၏။
ရုတ်တရက်ဆိုသလို သူ၏မျက်လုံးထဲတွင် အမှောင်ထုကြီး လွှမ်းခြုံသွားခဲ့ပြီး သူက ပွင့်နေသော မျက်လုံးတံခါးကို ဆုံးရှုံးလိုက်ရသည်။ သူ့နားထဲတွင် တိတ်ဆိတ်မှုကလွဲလျှင် မည်သည့်အရာကိုမျှ မကြားရတော့ပေ။
အလွန်ပြင်းထန်စွာ တိုက်ခတ်လာသော လေပြည်လေညင်းများနှင့် ခြေလှမ်းများကို ထုံကျဉ်သွားစေနိုင်သော လျှပ်စီးကြောင်းများ အားလုံးကလည်း တချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့၏။ ရုတ်တရက်ဆိုသလို ဟယ်ကျူးက အပေါက်ဘက်၊ အောက်ဘက်၊ ဘယ်ဘက်၊ ညာဘက်၊ အရှေ့ဘက်၊ အနောက်ဘက်ဟူ၍ ပြောပြနိုင်ခြင်း မရှိတော့ဘဲ အရပ်မျက်နှာအားလုံးကို ခွဲခြားနိုင်ခြင်း မရှိတော့ချေ။
“ဒါက...”
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ရှင်းရှင်းလင်းလင်း မပေါ်နိုင်သေးခင် အလွန်သိမ်မွေ့နူးညံ့သော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ ထိုအငွေ့အသက်က အမှောင်ထုကြီးထဲတွင် အဆုံးမဲ့ပင်လယ်ကြီးတစ်ခုအလား ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
ထိုအငွေ့အသက်က ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာအားလုံးထက် ပို၍အဆင့်မြင့်သည်ဟူသော ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်သည်။ ထိုအရာက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ပြန်လည်ကြည့်ရှုနိုင်ပုံရ၏။ ထိုအငွေ့အသက်ကို ရင်ဆိုင်ရသည့်အချိန်တွင် ရင်ထဲ၌ လေးစားသော ခံစားမှုတစ်ခု ထွက်ပေါ်လာပြီး ထိုအငွေ့အသက်၏ ဆန္ဒများကို ဆန့်ကျင်ရန် ခက်ခဲနေခဲ့သည်။
ရုတ်တရက်ဆိုသလို အမှောင်ထဲတွင် ဓားမောက်အလင်းတန်းတစ်ခု တောက်ပလာပြီး ဟယ်ကျူး၏ မျက်လုံးထဲတွင် ခရမ်းရောင် ပြောင်းလဲသွားခဲ့သည်။ အရောင်များက ပြန်လည်ရောက်ရှိလာပြီး နောက်ဆုံးတွင်တော့ သူက မြင်လိုက်ရ၏။
ခရမ်းရောင်ဓားမောက်အလင်းတန်းက မိုးကြိုးလခြမ်းတစ်ခုကဲ့သို့ အမှောင်ထုကြီး၏ အပေါ်ဘက်တွင် ပုံမှန်မဟုတ်သော ဒဏ်ရာတစ်ခု ဖန်တီးပေးလိုက်သည်။ အလင်း၊ ဆူညံသံနှင့် လေလှိုင်းများကလည်း ဒဏ်ရာဆီမှ ထွက်ပေါ်လာခဲ့၏။
သူ၏ပင်မဝိညာဉ်က မျက်လုံးဖွင့်လိုက်မိသည်။ ကမ္ဘာမြေကြီးက ရှင်သန်နေသေးသည့်အတွက် အရာအာလုံးက အသွင်ပြောင်းလာသည်မှာ သဘာဝသာဖြစ်သည်။
ဓားမောက်အလင်းတန်းက အလွန်လျင်မြန်လွန်းလှသည့်အတွက် ဟယ်ကျူးက သတိထားမိလိုက်သည့်အချိန်တွင် မျက်နှာဆီသို့ ရောက်လာခဲ့ပြီဖြစ်သည်။ သူက ပုံသဏ္ဌာန်ကင်းမဲ့သည့် အခြေအနေကို ပြောင်းလဲရာမှ ရှောင်တိမ်းရန် ကြိုးစားလိုက်ရ၏။
“ခလွပ်…”
လေဟာနယ်က ပိုးဖဲစတစ်ခုကို ဖြတ်တောက်ပစ်လိုက်သည့်အလား အက်ကွဲသွားခဲ့၏။
ထိုအချိန်တွင် ဝေဝါးပြီး ရှုပ်ထွေးနေသော ဓားအလင်းတန်းက လေဟာနယ်ကို ထိုးဖောက်လာခဲ့သည်။ အံ့ဩမှင်တက်နေသော ဟယ်ကျူးကတော့ ပုံသဏ္ဍာန်ရှိနှင့် ပုံသဏ္ဌာန်ကင်းမဲ့မှုကြားထဲတွင် ဆက်လက်ပြောင်းလဲနေပြီး သူ၏စွမ်းရည်ကို အမြင့်ဆုံး ထုတ်သုံးနေခဲ့၏။ အလွန်ထက်မြက်ပြီး လျင်မြန်သော ဓားချီစွမ်းအင်များလည်း ထွက်ပေါ်လာနေပြီး ဓားဝင်္ကပါတစ်ခုပမာ အလွှာတစ်ခု ဖန်တီးထားခဲ့သည်။
ဖျောက်...
ဓားဝင်္ကပါက ပျက်စီးသွားခဲ့ပြီး ဟယ်ကျူး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီနှင့်သွေးများက စတင်လှုပ်ရှားလာခဲ့၏။ သူက ကိုယ်ပျောက်ဓားချီစွမ်းအင်များကို ထိန်းသိမ်းရန် အစွမ်းကို ဆုံးရှုံးသွားခဲ့ရသည့်အတွက် လူသားပုံသဏ္ဌာန်အဖြစ် ပြန်ပေါ်လာခဲ့သည်။
သူ၏မျက်လုံး၊ နားနှင့် နှားခေါင်းပေါက် အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိသော သွေးကြောမှတ်များအားလုံးထဲမှနေ၍ သွေးများ စီးထွက်လာနေခဲ့၏။ ထို့နောက် ဓားမောက်အလင်းတန်းနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သွေးများက အနီရောင်ဓားချီစွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
“တကယ်လို့ စုမုန့်ကသာ နောက်တစ်ကြိမ် ငါ့ကို တိုက်ခိုက်လိုက်မယ်ဆိုရင် ငါက ခံနိုင်ရည်မရှိနိုင်တော့ဘူး…”
ဟယ်ကျူးက တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းလာစေရန် ကမ္ဘာမြေကြီးမှ ချီစွမ်းအင်များအားလုံးကို အမြန်စုပ်ယူနေခဲ့သည်။ အစောပိုင်းတွင် အလွန်ပြင်းထန်သော သူတို့၏တိုက်ခိုက်မှုများကြောင့် သူက ပထမကောင်းကင်လှေကားကို ထိတွေ့ရန် နီးကပ်သည်အထိ ရောက်လာခဲ့သည်။
အမှန်အတိုင်း ပြောရလျှင် သူက ပထမကောင်းကင်လှေကားကို တက်လှမ်းရန် လုံလုံလောက်လောက် နီးကပ်နေသော်လည်း သူ့ကို ရှေ့သို့ တွန်းပို့ပေးရန် တစ်စုံတစ်ခု လိုအပ်နေသေး၏။ သူက နောက်ဆုံးတိုက်ပွဲ၏ ဖိအားကို ငှားယူပြီး ထိုအရာကို တွန်းပို့ချင်ခဲ့သည်။
ထိုသို့ဆိုရာတွင် အကယ်၍ မုန့်ချီ၏အခြေအနေကသာ သူ့ထက်ပို၍ အနည်းငယ် ပိုကောင်းသွားပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူက စွမ်းအားများကို စုစည်းရန် အခွင့်အရေးပင် မရှိနိုင်တော့ချေ။
ချီစွမ်းအင်များက ဧရာမပင်လယ်ကြီးတစ်ခုကဲ့သို့ ဤကမ္ဘာကြီး၏ နေရာတိုင်းတွင် တည်ရှိနေခဲ့သည်။ ထိုအရာက ဟယ်ကျူး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ကုသမှုကို အားဖြည့်ပေးနေခဲ့၏။
ရုတ်တရက်ဆိုသလို သူ၏ဘယ်ဘက်တွင် ရှိနေသော ပင်မချီစွမ်းအင်ပင်လယ်ကြီးက ပူလောင်လာသလို ခံစားလိုက်ရ၏။ ပင်လယ်ကြီးက စတင်ပူလောင်လာနေသည်မှာ နေလုံးကြီးတစ်ခု မြင့်တက်လာသလို ထင်မှတ်ရသည်။ သူ၏ညာဘက်တွင်တော့ အလွန်အေးစက်သော ခံစားမှုတစ်ခု ရှိနေပြီး ကြည်လင်သော လရောင်များကို ခံစားမိနေခဲ့၏။
“ဒါက...”
သူက လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။
ထိုအချိန်တွင် ညကောင်းကင်ကြီးပေါ်၌ တလက်လက် တောက်ပနေသော ကြယ်အလင်းစက်လေးများ ထွက်ပေါ်လာခဲ့သည်။ ကြယ်များ၏ အတွင်းထဲတွင် ရွှေကျီးကန်းများ လှုပ်ရှားနေပြီး နတ်ဘုရားများ၏ ပုံရိပ်များကို ပြသနေခဲ့၏။ ထို့နောက် အရာအားလုံးက စတင်ကျုံ့လာခဲ့ပြီး သူတို့က အချင်းချင်း ပျက်စီးသွားကြသည်။ သူတို့၏ ခေါင်းပေါ်တွင် ဝဲကတော့တစ်ခု ရှိနေသည့်အလား သူတို့အားလုံးကိုဝါးမြိုပြီး ပေါင်းစပ်ပစ်လိုက်၏။
ထိုအချိန်ကျမှသာ ဟယ်ကျူးက မုန့်ချီကို မြင်လိုက်ရတော့သည်။ မုန့်ချီက ပုံမှန်အတိုင်း အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို သယ်ဆောင်ထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော သွေးကြောမှတ်များ အားလုံးဆီမှ ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့၏။
သူ့နောက်တွင်တော့ အင်္ကျီအပွကြီး ဝတ်ဆင်ထားသော လူသားပုံရိပ်တစ်ခု ရှိနေခဲ့သည်။ ထိုပုံရိပ်က ဖြစ်စဉ်များအားလုံးကို ဝါးမြိုပစ်လိုက်သော ဝဲကတော့နှင့် တူညီနေပုံရ၏။ ထိုပုံရိပ်ယောင်ကို သေချာစိုက်ကြည့်လိုက်သည့်အချိန်တွင် ထိုအရာက မုန့်ချီ၏မျက်နှာဖြစ်ကြောင်း နားလည်သွားခဲ့သည်။
ထို့ပြင် ကမ္ဘာမြေကြီး၏ စွမ်းအားများကလည်း ထိုပုံရိပ်ယောင်၏ ခန္ဓာအစိတ်အပိုင်းများကို ပေါင်းစပ်ပေးထားသလို ထင်ရသည်။ ထိုစွမ်းအားများက မုန့်ချီ၏ စွမ်းအားနှင့် အနှစ်သာရမျိုးစုံကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအရာက မြင်လိုက်သူတိုင်းကို ရူးသွပ်သွားစေနိုင်၏။
“သူက ပုံရိပ်ယောင်ခန္ဓာကို ဘယ်လိုဖြစ်ပြီး အစစ်အမှန်ပုံသဏ္ဌာန် ဖန်တီးနိုင်ရတာလဲ..”
ဟယ်ကျူးက ထိုပုံရိပ်ကို အကြည့်မလွှဲနိုင်ဘဲ တွေဝေစွာ ငေးကြည့်နေမိခဲ့သည်။
သေချာစစ်ဆေးကြည့်လိုက်သည့်အချိန်တွင် ပုံရိပ်က ပျက်စီးသွားပြီး အသေးငယ်ဆုံး အနှစ်သာရများအဖြစ် စတင်ဖြစ်ပေါ်လာကြောင်း ခံစားမိခဲ့သည်။ ပျက်စီးမှုက ဆက်လက်ထွက်ပေါ်လာပြီး နောက်ဆုံးတွင်တော့ အနက်ရောင်အစက်လေးတစ်ခုသာ ကျန်နေတော့သည်။
ထိုအစက်လေးက အလွန်သေးငယ်လွန်းလှသည့်အတွက် အပေါ်မရှိသလို၊ အောက်လည်း မရှိပေ။ ရှေ့မရှိသလို၊ နောက်လည်း မရှိချေ။ ဖြစ်နိုင်ခြေပေါင်းစုံ ရှိနေခဲ့သည်။ ထိုအစက်လေးဆီမှ အတိတ်နှင့်အနာဂတ်ဟူသော အရာများလည်း မခံစားမိခဲ့ပေ။ ထိုအရာက ဖော်ပြရန် ခက်ခဲသော အရာတစ်ခုဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ထိုအရာကို အနက်ရောင်အစက်လေးတစ်ခုဟုပင် သတ်မှတ်နိုင်ခြင်း မရှိချေ။ ထိုအရာက စိတ်ကူးထားသော ပုံသဏ္ဌာန်တစ်ခု၊ မွေးဖွားလာနိုင်သော အကြီးမြတ်ဆုံးပုံစံတစ်ခု ဖြစ်သည်။
“ပုံရိပ်ယောင်လား…”
ဟယ်ကျူးက စစ်ဆေးနေခြင်းကို ရပ်တန့်လိုက်သည်။ သူ နောက်တစ်ကြိမ် ကြည့်လိုက်သည့် အချိန်တွင် ထိုလူသားပုံရိပ်ယောင်၏ မျက်နှာက ဆက်လက်ရှိနေသေးကြောင်း တွေ့လိုက်ရ၏။
ထိုအရာက မုန့်ချီ၏မျက်နှာသာ ဖြစ်သည်။ သူက သက်ပြင်းချလိုက်ပြီး တိုက်ခိုက်ချင်စိတ်များ အားလုံးကို ဖယ်ရှားလိုက်၏။ သူက မုန့်ချီကိုအရိုအသေ ပေးလိုက်၏။
“အရင်တုန်းကတော့ ငါက မင်းတို့ရဲ့အစွမ်းကိုငှားပြီး အဆင့်တက်ခဲ့တယ်။ ဒီနေ့ ငါက မင်းကို ပထမကောင်းကင်လှေကား ဖြတ်ကျော်ဖို့အတွက် အကူအညီပေးပြီး အဲဒီကျေးဇူးကို ပြန်ဆပ်နိုင်ခဲ့ပြီ။ ဟူး... ဒီလိုဘဝကြီးက တော်တော်လေးကို လွတ်လပ်တာပဲ။ ဂုဏ်ယူပါတယ်... တကယ့်ကို ဂုဏ်ယူပါတယ်…”
အကယ်၍ မုန့်ချီကသာ အဆင့်တက်ခြင်း မရှိလျှင် သူက နောက်ဆုတ်ဦးမည် မဟုတ်ချေ။ ထို့ပြင် တဖက်လူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်ပြီး ကောင်းကင် (၄)သွယ် ဝေ့ကျင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင်လည်း အဓိပ္ပာယ်မရှိနိုင်တော့ချေ။
မုန့်ချီ၏နောက်တွင် ရှိနေသော ပုံရိပ်ယောင်ခန္ဓာက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်တွင် ရှိနေသော သွေးကြောမှတ်များမှ ထွက်ပေါ်လာသော အလင်းတန်းများကလည်း ပျောက်ကွယ်သွားခဲ့၏။ သူက အရာအားလုံး ပုံမှန်ဖြစ်သွားသည်ကိုကြည့်ပြီး ပြုံးလိုက်သည်။
“သခင်လေးဟယ်က နည်းနည်းလေး လိုနေသေးတာတော့ နှမြောဖို့ကောင်းတယ်..”
အစောပိုင်းတွင် လှုပ်ရှားနေသော အနှစ်သာရများကြောင့် သူကလည်း ထိတွေ့ကိုင်တွယ်၍ရသော ပုံရိပ်ယောင်ခန္ဓာနှင့် နီးကပ်နေပြီဖြစ်ကြောင်း သိသာနေသည်။
ပုံရိပ်ယောင်ခန္ဓာတွင် ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ် ဖြစ်ပေါ်လာပြီးနောက် အဝေးကြည့်မျက်လုံးကဲ့သို့သော ကောင်းကင်သိစိတ်နှင့် စိတ်ဝိညာဉ် ထိန်းချုပ်ရေးပုတီး၏ စွမ်းရည်ကလည်း မြင့်တက်လာပါလိမ့်မည်။ ထိုအရာက လူတစ်ယောက်၏ ကျင့်ကြံမှု အတားအဆီးကို ရောက်လာပြီးနောက် သေချာပေါက် ဖြတ်ကျော်ရမည့်အရာတစ်ခုလည်းဖြစ်သည်။ ထိုအရာကမှ အစစ်အမှန်စွမ်းအားလည်း ဖြစ်၏။
အစောပိုင်းတွင် မုန့်ချီက ထိုကဲ့သို့ စွမ်းရည်တစ်စိတ်တစ်ပိုင်းကို အသုံးပြုခဲ့သည်။ ပထမဆုံးတစ်ခုကတော့ လေလှိုင်းကဲ့သို့ ပြောင်းလဲမှုများဖြစ်ပြီး ထိုအရာက နတ်ဘုရားချုပ်နှောင်ခြင်းကဲ့သို့ စွမ်းရည်များကို ခြေဖျက်နိုင်သော ပင်မဝိညာဉ်၏ လမ်းလွဲခြင်း ကျင့်စဉ်တစ်မျိုးဖြစ်သည်။
ဒုတိယတစ်ခုကတော့ ဗုဒ္ဓမျက်လုံးထက် ပို၍ဝေးဝေးကြည့်နိုင်သော အဝေးကြည့်မျက်လုံးကဲ့သို့ စွမ်းရည်ရှိနေသည့် အလုံးစုံမျက်လုံးဖြစ်သည်။ ထိုအရာက မိုင်(၁၀၀)အတွင်း ရှိနေသော အငွေ့အသက်တစ်ခုနှင့် ဆက်စပ်ပြီး အသေးစိတ် အချက်အလက်များကိုပင် ကြည့်ရှု၍ရနိုင်သည်။
ယခု တစ်ဖက်လူက ဝေဝေဝါးဝါးအရိပ်များသာ ထုတ်ပေးနိုင်ခဲ့၏။ အကယ်၍ မုန့်ချီကသာ တဖက်လူထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေမည်ဆိုလျှင် ထိုပုံရိပ်က တစ်ဖက်လူ၏ တည်နေရာကိုပင် ဆုံးဖြတ်ပေးနိုင်လောက်အောင် ပြတ်ပြတ်သားသား ပေါ်လာနိုင်သည်။
တတိယတစ်ခုကတော့ မုန့်ချီ၏ ရွှံ့ဆေးလုံးနန်းတော်ထဲတွင် အခြေစိုက်သော ရွှေကြာပန်းဖြစ်သည်။ ထိုအရာက သူ၏ပင်မဝိညာဉ်နှင့် ဆက်သွယ်ထားပြီး ပြိုင်ဘက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို အားနည်းသွားအောင် လုပ်ဆောင်နိုင်ပြီး အချိန်တိုလေးအတွင်း ကံကြမ္မာကို ရှုပ်ထွေးသွားစေနိုင်သည်။ ထိုအရာက ကံကြမ္မာနှင့် ပတ်သက်သော လျှို့ဝှက်ကျင့်စဉ်များကို ကာကွယ်နိုင်သော အရာတစ်ခုလည်း ဖြစ်၏။
မုန့်ချီက အင်မော်တယ်ဘိုးဘေး ပုံရိပ်ယောင်ခန္ဓာကို သူ့မျက်နှာနှင့် ပြောင်းထားရသည့် တခြားတစ်ချက်ကတော့ ထိုအရာက တခြားသောနတ်ဘုရားများ၏ မျက်နှာကို ယူဆောင်ထားခြင်းနှင့် မတူလှပေ။ ထိုအရာက အစစ်အမှန်စိတ်ဝိညာဉ်လွှဲပြောင်းမှုနှင့် တစ်စုံတစ်ခု ပတ်သက်နေနိုင်၏။ သူက ထိုအရာကို မကျွမ်းကျင်သေးသော်လည်း ထိုကဲ့သို့ အဆင့်မျိုးရှိသော စိတ်ဝိညာဉ်လွှဲပြောင်းမှုမျိုးက အသေးစိတ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။
“ငါ ၊ ထူးခြားမှုနဲ့ အမှန်တရားက ငါ့ကိုယ်ငါ ရှာတွေ့သွားပြီ…”
“ငါက အဆင့်တက်ဖို့ တော်တော်လေးကို နီးနေပါပြီ။ ငါက အများဆုံးလဝက်လောက်ပဲ အချိန်ပေးရတော့မယ်…”
ဟယ်ကျူးက မုန့်ချီကို အငြိုးအတေးမထားခဲ့ပေ။ သူက မုန့်ချီနှင့် စကားပြောပြီး စိတ်ဓာတ်မကျချင်ပေ။ တစ်ဖက်လူကလည်း သူ၏အဆင့်တက်ခြင်းကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်ကြောင်း သိနေခဲ့၏။ သူက ပုံရိပ်ယောင်ခန္ဓာနှင့် ပတ်သက်ပြီး လုံးဝမမေးခဲ့ဘဲ ချက်ချင်း ပြန်လှည့်ပြီး လန်းယာ့ ရွမ်မိသားစုစံအိမ်ဆီသို့ ပျံသန်းသွားခဲ့၏။
ဟယ်ကျူးက သူ ၊ ရန်ချုံနှင့် တခြားသူများကို စိန်ခေါ်ခဲ့သည့်အကြောင်း မုန့်ချီက ပြန်လည်စဉ်းစားမိနေခဲ့၏။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အကြောင်းအရာမျိုးစုံ ဖြစ်ပေါ်လာခဲ့သည်။ သူက လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူ၏အောင်မြင်မှုနှင့် ပတ်သက်ပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့၏။
“အခု ငါက မဟူရာမှတ်တမ်းရဲ့အောက်ခြေကို ရောက်နိုင်တဲ့အစွမ်းမျိုးရှိနေပြီ…”
မုန့်ချီက တစ်ယောက်တည်း တွေးလိုက်မိ၏။
အပေါ်ဘက်တွင်တော့ ကောင်းကင်ကြီးက ကြည်လင်တောက်ပနေပြီး နေရောင်ခြည်က တိမ်တိုက်ပင်လယ်ကြီးကို ရွှေရောင်တောက်ပစေနေခဲ့သည်။
နောက်တနေ့ မုန့်ချီက အနောက်ဘက်တောင်ကုန်းပေါ်သို့ သွားခဲ့သည့်အချိန်တွင် ဗောဓိပင်အောက်၌ ဝမ်စစ်ယွမ်က ရေနွေးသောက်နေသည်ကို မြင်လိုက်ရသည်။ သူကတော့ သာမန်ရိုးရှင်းသောဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး သူ၏မျက်နှာက အဖြူရောင်စာရွက်တစ်ခုကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့၏။
သူ့ပုံစံက ပိန်ပိန်ပါးပါးနှင့် လေတိုက်လျှင် လဲကျတော့မလို ဖြစ်နေခဲ့၏။ သူက မကြာခဏ ချောင်းဆိုးနေရသည့်အတွက် အစေခံမလေးက ရင်ထဲတွင် နာကျင်နေရပုံပေါ်သည်။
“နောက်တစ်ကြိမ် နင်ပဲ လာပြန်ပြီ။ သခင်လေးက ဒီအရူးနဲ့တွေ့တဲ့အချိန်တိုင်း ချောင်းဆိုးတာက တဖြည်းဖြည်းပိုပြီးဆိုးလာတယ်…”
သူမက မုန့်ချီကို စိုက်ကြည့်လိုက်၏။
မုန့်ချီက ပြုံးလိုက်ပြီး ဝမ်စစ်ယွမ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
“သခင်လေးဝမ် …
ရှေးဟောင်းဗုဒ္ဓကျောင်းဆောင်တစ်ခုရဲ့ရှေ့မှာရှိတဲ့ ဗောဓိပင်အောက်မှာ ထိုင်နေတာ တော်တော်လေးကို ချောမောခန့်ညားတာပဲ။ သခင်လေးဝမ်က ဗုဒ္ဓလမ်းစဉ်ကိုများ စိတ်ဝင်စားနေတာလား…”
ဝမ်စစ်ယွမ်က သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။
“မင်းမှာ မေးစရာရှိတယ်ဆိုရင် တည့်တည်သာမေးပါ။ မဟုတ်ရင်လည်း ရေနွေးပဲသောက်လိုက်တော့…”
သူက အေးအေးဆေးဆေး ပြောလိုက်သည်။
“မင်းလို အရူးတစ်ယောက်နဲ့ ကစားပွဲတွေ ကစားနေဖို့ မလိုပါဘူး…”
မုန့်ချီက မျက်ခုံးပင့်လိုက်မိပြီး အင်္ကျီလက်ကို မြှောက်လိုက်သည်။ သူက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ရန် ပြင်လိုက်သလိုမျိုးဖြစ်၏။
“ငါက လွန်ခဲ့တဲ့(၃)လကတည်းက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသွားပြီ..”
ဝမ်စစ်ယွမ်က ရိုးရှင်းစွာ ပြောလိုက်၏။ သူ၏နှုတ်ခမ်းကလည်း သွေးမရှိတော့သလို ဖြစ်နေခဲ့၏။
“တိုက်ဆိုင်လှချည်လား…”
မုန့်ချီက သူ့ကို တိုက်ခိုက်ရန် အစီအစဉ်မရှိချေ။ သူက အခြေအနေကို လှုပ်ရှားလာစေရန် ကြိုးစားလိုက်ခြင်းသာ ဖြစ်သည်။
ဝမ်စစ်ယွမ်၏စကားကို ကြားသည့်အခါ သူက ပြောလိုက်၏။
“မင်းက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ဝေ့ကျင်းအဆင့် သွေးပြာလူသားတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အရေးမနိမ့်နိုင်တော့ဘူး။ ဒါဆိုရင် ဘာလို့ ရွမ်မိသားစုစံအိမ်ကို သွားမယ့်အစား အနောက်ဘက်တောင်ကုန်းပေါ်မှာပဲ နေရတာလဲ..”
ဝမ်စစ်ယွမ်က ရေနွေးနှင့် လည်ချောင်းရှင်းလိုက်ပြီး နှစ်ကြိမ်ချောင်းဟန့်လိုက်သည်။
“ငါ ရှိနေလို့လည်း ဘာမှမထူးခြားဘူးလေ…”
သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“ဒီလိုစကားမျိုးကို ပြောတဲ့သူတွေက ဉာဏ်အများဆုံးပဲ…”
မုန့်ချီက လက်ချောင်းလေးများကို လှုပ်ရှားပြီး ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုအစွမ်းကို အသုံးပြုလိုက်သည်။ ဝမ်စစ်ယွမ်ကတော့ မုန့်ချီ၏ ညာဘက်လက်ကို သေချာစိုက်ကြည့်နေခဲ့၏။
သူ၏အမူအရာက အေးအေးဆေးဆေးဖြစ်သွားပြီး ပြောလိုက်သည်။
“လော်စာအုပ်က ကာကွယ်ထားတဲ့အတွက် မင်းက ဘယ်လောက်ပဲ တွက်ချက်တွက်ချက် ဘာမှသိရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက ငါ့ရဲ့အစီအစဉ် မဟုတ်တဲ့အတွက် ဆွေးနွေးစရာလည်း သိပ်မရှိဘူး။ အရာအားလုံးကို ရက်အနည်းငယ်လေးအတွင်း ရှင်းရှင်းလင်းလင်း သိရပါလိမ့်မယ်…”
အပြောင်အပျက်ကိစ္စများ လုပ်ဆောင်လိုက်ပြီးနောက် သူ ထွက်ပြေးရန် အခြေအနေက ကန့်သတ်ချက်ရှိသည်။ မုန့်ချီက ထိုခေါင်းစဉ်ကို ခေါင်းထဲမှ ထုတ်လိုက်ရ၏။ သူက ရေနွေးခွက်ကိုယူပြီး ရေနွေးသောက်လိုက်သည်။ ထို့နောက် အပြုံးနှင့်ထွက်သွားခဲ့၏။
ဝမ်စစ်ယွမ်က တစုံတစ်ခုမျှထုတ်ဖော်ပြောပြခဲ့ခြင်း မရှိသော်လည်း လော်စာအုပ်၊ ‘ငါရှိနေတာက ဘာမှမထူးခြားဘူး’ ‘ရက်အနည်းအငယ်အတွင်း အရာအားလုံး ရှင်းရှင်းလင်းလင်းပါ်လာလိမ့်မယ်’ ဟူသော စကားလုံးများက မုန့်ချီထွက်သွားရန် လုံလောက်သည်။
ကြည်လင် (၃)သွယ် ဘုန်းကြီးကျောင်းသို့ ပြန်ရောက်လာပြီးနောက် မုန့်ချီက အပြုံးနှင့် ရောက်လာသော ဖရာကျဲတူကို တွေ့လိုက်ရသည်။ ဖုန်များ ပေနေသော အင်္ကျီကို ဝတ်ဆင်ထားသည့် ဖရာကျဲတူက သူ့ဆီကို ဝင်းလက်တောက်ပနေသော မျက်လုံးများနှင့် ပြေးလာခဲ့၏။
“ငါက တစ်ခုခုကိုတော့ စဉ်းစားလို့ရပြီထင်တယ်။ အဲဒါကတော့ တံခါးပိတ်ဖို့ သုံးခဲ့တဲ့ ငါ့ဆရာရဲ့တံဆိပ်ပဲ။ အဲဒါက အားနည်းပြီး အစွမ်းမရှိပေမဲ့ သေချာပေါက် ရတနာတစ်ခုလို့ ပြောလို့ရတယ်…”
“တကယ်လို့ အဲဒါက တန်ဖိုးရှိမယ်ဆိုရင် ခင်ဗျားက ပေါင်လိုက်ပြီပေါ့…”
မုန့်ချီက ပြုံးလိုက်သည်။
ဖရာကျဲတူက ခေါင်းတုံးကိုသာ တဗျင်းဗျင်း ကုတ်နေခဲ့သည်။
“မင်းက အရမ်းကို ကြင်နာတတ်ပါတယ်။ ငါက အဲဒီပစ္စည်းရဲ့သာမန်ပုံစံကြောင့် ခဏခဏလျစ်လျူရှုခဲ့မိတယ်…”
သူက စကားပြောနေရင်း အဝါရောင်စာရွက်တစ်ခုကို ထုတ်လိုက်သည်။ ထိုစာထွက်ပေါ်တွင် အရေးအကြောင်းများ ရှိနေပြီး တွန့်ကြေနေသလို ထင်ရ၏။ ထိုစာရွက်ပေါ်တွင်တော့ သက္ကတစကားလုံး (၆)ခုရေးထားခဲ့သည်။
“ဥုံ၊ မာ၊ နိ၊ ပဒ်၊ မေ၊ ဟုန်…”
“မှော်တံဆိပ် (၄)ခုလား…”
မုန့်ချီက ဖရာကျဲတူကို သတိလက်လွတ် မော့ကြည့်လိုက်မိသည်။ အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲတွင် တိုင်(၅)လုံးတောင်တန်းရှိနေပြီး ယခုဖရာကျဲတူက မှော်တံဆိပ် (၆)ခုနှင့် ပတ်သက်သော အဆောင်တစ်ခု ပေးနေခဲ့သည်။
“ဒါက တိုက်ဆိုင်နေတာများလား..”
မုန့်ချီက ရင်ထဲတွင် လှုပ်ရှားနေပြီး ထိုကိုယ်တော်ကို စိုက်ကြည့်လိုက်ရာ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သူ တစ်ယောက်ဖြစ်ကြောင်း သေချာနေခဲ့သည်။
“မင်းက ဘယ်လိုသဘောရလဲ…”
ထိုကိုယ်တော်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ဒီတံဆိပ်ကို ဘယ်နေရာကနေ ရလာတာလဲ…”
မုန့်ချီကတော့ မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိဘဲ မေးလိုက်သည်။
“ဒါက ငါ့ဆရာ ချန်ထားတဲ့ပစ္စည်းတစ်ခုပဲ။ သူဘယ်ကနေ ရလာလဲဆိုတာတော့ ငါလည်း ဘယ်လိုလုပ်သိပါ့မလဲ…”
ထိုကိုယ်တော်က သူ့ကို ဝေဝေဝါးဝါးသာ ပြန်ပြောခဲ့သည်။
“ခင်ဗျားရဲ့ဆရာက ဘယ်သူလဲ…”
မုန့်ချီက ပြန်မေးလိုက်၏။
ဖရာကျဲတူက ပြုံးလိုက်သည်။
“ငါ့ဆရာက သေသွားတာ အရမ်းကြာပြီ။ သူ့မှာ နာမည်မရှိဘူး။ ငါတောင် သူ့နာမည်ကို မသိဘူး…”
ထိုဘုန်းတော်ကြီးက မုန့်ချီ နောက်ထပ်မေးလာသည့် မေးခွန်းအနည်းငယ်ကိုလည်း ဆက်လက်ရှောင်တိမ်းနေခဲ့၏။ သူက အလွန်နှုတ်လုံနေကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီက ပြောလိုက်၏။
“တကယ်လို့ ခင်ဗျားက ကျုပ်ကို အသေးစိတ်မပြောနိုင်ဘူးဆိုရင်တော့ ကျုပ်လည်း အကူအညီမပေးနိုင်ဘူး…”
ထိုဘုန်းတော်ကြီးက နောက်တစ်ကြိမ် စိုးရိမ်သွားပုံရသည်။
“ငါ တကယ်မသိလို့ပါ…”
‘ဗုဒ္ဓလက်ဝါးကတောင် သူ့ကိုဆွဲဆောင်ဖို့မလုံလောက်ဘူးလား…’
မုန့်ချီက မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
“ကျွန်တော် နားလည်ပြီ။ ကျွန်တော်က ကူညီချင်ပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ…”
ယခုအချိန်က စိတ်ရှည်သည်းခံမှုကို ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဖရာကျဲတူက သက်ပြင်းချလိုက်ပြီး သူ့အဆောင်ကို သိမ်းလိုက်သည်။ သူက ပြန်လှည့်ပြီး ထွက်သွားရန်ပြင်လိုက်၏။
“ခဏနေပါဦး ကိုယ်တော်…”
ဘုန်းတော်ကြီးက ဝမ်းသာအားရပြန်လှည့်လာခဲ့၏။
“ဒါဆိုရင် မင်းက ကူညီဖို့ သဘောတူပြီလား ဒကာလေး…”
“မဟုတ်ဘူး။ ကိုယ်တော်က ဆရာကြီးဟယ်ချီနဲ့ ရင်းနှီးနေမှတော့ သွေးပြာလူသားတွေနဲ့ ပတ်သက်ပြီး ရွမ်ကလန်ရဲ့ခုခံမှုအကြောင်း မေးချင်တယ်..”
မုန့်ချီကတော့ ထိုမျှအလွယ်တကူ အလွတ်မပေးနိုင်ပေ။
ဘုန်းတော်ကြီးက အပြုံးနှင့်ပြောလိုက်၏။
“ဒါက ဘာမှအရေးမကြီးပါဘူး။ မင်းက ရက်အနည်းငယ်အတွင်း သိရပါလိမ့်မယ်..”
“ရက်အနည်းငယ်အတွင်းလား။ နောက်တစ်ကြိမ် ထပ်လာပြန်ပြီ..”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
မုန့်ချီက ဗုဒ္ဓလက်ဝါးအကြောင်းကို ထပ်မပြောကြောင်း မြင်လိုက်ရသည့်အခါ သူက တွေဝေစွာနှင့် ထွက်ခွာသွားခဲ့ရသည်။
“ဒီဘုန်းကြီးက ဘယ်ကနေ ရောက်လာရတာလဲ..”
မုန့်ချီက ထွက်ခွာသွားသော ဖရာကျဲတူကို စိုက်ကြည့်နေပြီး ခေါင်းထဲတွင် သံသယများစွာ ပေါ်လာခဲ့သည်။ ရွမ်ကလန်နှင့် အဖြစ်အပျက်များက (၂)ရက်အတွင်း ပေါ်လာနိုင်မှတော့ မုန့်ချီက စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်၏။
(၂)ရက်ကြာပြီးနောက် …
ရေများက သလင်းကျောက်ကဲ့သို့ ပြာလဲ့နေသော အရှေ့ပင်လယ်၏ တစ်နေရာတွင်…
“ဒီနေရာမှာ တူးမြောင်းပဲ…”
အလွန်ရိုးရှင်းသော လိပ်ခွံတစ်ခုက လေထဲတွင် ပျံဝဲနေပြီး လိပ်ခွံပေါ်တွင် အနက်ရောင်နှင့် အဖြူရောင်အစက်များ၊ ယင်နှင့်ယန်၊ ဓာတ်ကြီး(၅)ပါး အငွေ့အသက်များ ရှိနေခဲ့၏။ ထိုအရာက စာအုပ်တစ်အုပ်ကဲ့သို့ ရိုးရှင်းပြီး ရှုပ်ထွေးလှသည်။
စကားပြောလိုက်သူကတော့ လိပ်ခွံအောက်တွင် ရှိနေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်၏။ ထိုလူက အစောပိုင်းနှစ်တွင် အလွန်ချောမောခန့်ညားသော လူတစ်ယောက် ဖြစ်ခဲ့ကြောင်း သိသာထင်ရှား၏။ ယခုအချိန်တွင်ပင် သူ၏ရုပ်ရည်က ချောမောခန့်ညားပြီး သူ၏စိတ်နေစိတ်ထားကလည်း အတော်လေးကို ထူးခြားသည်။ သို့ရာတွင် သူ၏မျက်နှာက နာမကျန်းမှုကို ခံစားခဲ့ရသည့်အလား ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။
လိပ်ခွံ၏ အကာအကွယ်အောက်တွင် ရွမ်မိသားစု သခင်ကြီး၊ ရွမ်မိသားစု တတိယသခင်လေးနှင့် တခြားသူများက သက်လတ်ပိုင်းလူကြီး၏ အနားတွင် ပျံဝဲနေကြသည်။
ရွမ်သခင်ကြီးကတော့ မှေးမှိန်နေသော မျက်လုံးများနှင့် ပင်လယ်ရေမျက်နှာပြင်ကို စိုက်ကြည့်နေခဲ့သည်။ သက်လတ်ပိုင်းလူကြီး၏စကားကို ကြားသည့်အချိန်တွင် သူက လေထဲတွင် ပျံသန်းနေသော တစ်ဖက်လူကို လှည့်ကြည့်လိုက်မိ၏။
တစ်ဖက်လူက ခေါင်းတွင် ဆံပင်ဖြူများ ရှိနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ မရှိသေးပေ။ သူ့ပုံစံက ဟယ်ကျူးနှင့် အတော်လေးကို တူညီနေခဲ့၏။ ထိုအရာကတော့ ဓားအရူးဟယ်ချီသာဖြစ်သည်။
“ဒါဆိုလည်း စောင့်ကြတာပေါ့…”
ဟယ်ချီက ခြေလက်များကို အကြောဆန့်လိုက်သည်။
မိသားစု (၃)ခုက သွေးပြာလူသားများကို အမြစ်ဖြုတ်ရန် ဆုံးဖြတ်ထားသည်မှာ ကြာခဲ့ပါပြီ။ ဝမ်မိသားစုသခင်ကြီးနှင့် လော်စာအုပ်ကို လန်းယာ့သို့ ဖိတ်ခေါ်လိုက်သည်မှာ အပေါ်ယံဟန်ပြသာ ဖြစ်သည်။ သူတို့က ထိုသတင်းကိုသိပြီး သွေးပြာလူသားများ ကြိုတင်ထွက်ပြေးသွားခြင်းကို လက်မခံချင်ခဲ့ပေ။
လက်ရှိအချိန်တွင် ရွမ်မိသားစုစံအိမ်ထဲ၌ လူသူကင်းမဲ့နေသည်။ သူတို့က ယခုအချိန်ထိ ပေါ်မလာသေးဘဲ သွေးပြာလူသားများကို အလစ်ချောင်းတိုက်ခိုက်ရန် စောင့်နေကြခြင်းဖြစ်၏။
ပင်မအင်အားစုကတော့ မည်သူမျှမသိဘဲ ဤနေရာသို့ ရောက်လာသည်မှာ အတော်လေးကြာခဲ့ပါပြီ။ ထိုကဲ့သို့ အစွမ်းနှင့် လွှမ်းမိုးမှုမျိုး ရှိနေသော ကလန်တစ်ခုကို အလွယ်တကူ ရင်ဆိုင်၍ ရနိုင်မည်လော။
Translated by Hein Htet.