အခန်း (၆၃၉)
Vol. 43 Ch. 639
အပြာရောင်ပင်လယ်ပြင်ကြီးက တဖြည်းဖြည်း လှုပ်ရှားနေသည်မှာ အပြာရောင် သလင်းကျောက်လေးတစ်ခု ပွင့်ထွက်လာသလို ထင်မှတ်ရသည်။ မျက်စိတဆုံး ပင်လယ်ကြီးသာ မြင်နေရ၏။ ထိုအရာက အသက်ရှူမှားမတတ် လှပလွန်းလှသော မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
ဓားအရူး ဟယ်ချီ၏ လှုပ်ရှားနေသော သိစိတ်က စစ်ဆေး၍ မရနိုင်သော အမူအရာနှင့် ပင်လယ်ထဲသို့ တဖြည်းဖြည်း လွှမ်းခြုံလာခဲ့သည်။ များပြားလွန်းလှသော ငါးများနှင့် လှုပ်ရှားနေသော ပင်လယ်ကြမ်းခင်းကလည်း သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူက ပင်လယ်ရေအောက်ထဲတွင် နေရောင်ခြည် ထိတွေ့ရခြင်းမရှိသော ထူးဆန်းသည့် သတ္တဝါပစ္စည်းများစွာကို တွေ့ရသော်လည်း သွေးပြာလူသားများ၏ လက္ခဏာကိုတော့ မတွေ့ရပေ။ ထို့ကြောင့် သူက အံ့သြနေခဲ့ခြင်းတော့ မရှိချေ။
အကယ်၍ သွေးပြာလူသားများကသာ သူ၏အာရုံခံစွမ်းရည်ကို အရူးလုပ်နိုင်ခြင်း မရှိလျှင် သူတို့ကို ရှာတွေ့သည်မှာ ကြာလောက်ပါပြီ။ အရှေ့ပင်လယ်ဓားကျေးရွာနှင့် သဏ္ဍာန်မဲ့ဓားပိုးကောင်မျိုးဆက်တို့၏ ကြားထဲတွင် ရှိနေသော ရန်ငြိုးရန်စများက ဘာကြောင့် ယခုထိ ရှည်ကြာနေဦးမည်နည်း။
ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ဖြစ်သော ဟယ်ချီက ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက် ဖြစ်သည်။ သူက လော်စာအုပ်နှင့် အကြိမ်ကြိမ် တွက်ချက်ပေးရန် တောင်းဆိုတတ်သူတစ်ယောက် မဟုတ်ပေ။
သို့သော် သူက ရွမ်သခင်ကြီးကိုကြည့်ပြီး စိတ်ထဲတွင် ရှုပ်ထွေးနေသလို ခံစားခဲ့ရ၏။ ရွမ်ကလန်က သွေးပြာလူသားများကို ဘာကြောင့် တိုက်ခိုက်ချင်နေကြောင်း သူလည်း နားမလည်နိုင်ခဲ့ပေ။ ထိုမိသားစုက တခြားအဖွဲ့အစည်းများကို လှည့်ပတ် ဆက်သွယ်ခဲ့သည့်အပြင် သူတို့က အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သည်။
သူတို့က ဤနေရာတွင် သူတို့၏ သိုင်းသခင်တစ်ယောက်ဖြစ်သော ရွမ်သခင်ကြီး အပါအဝင် သိုင်းသခင် (၄) ယောက်ထဲမှ (၂) ယောက်ကို စေလွှတ်ခဲ့သည်။ ပြောရမည်ဆိုလျှင် လော့ရန်၌ ရှိနေသော သိုင်းသခင်တစ်ယောက်ကို ဖယ်လိုက်မည်ဆိုလျှင် လန်းယာ့ ရွမ်မိသားစုကို စောင့်ကြပ်နေသည့် သိုင်းသခင် တစ်ယောက်သာ ရှိသည်။
တစ်ဖက်တွင်တော့ လော်စာအုပ် သယ်ဆောင်ထားသော ဝမ်မိသားစု သခင်ကြီးကသာ သူ့မိသားစု၏ တစ်ဦးတည်းသော ကိုယ်စားလှယ်တစ်ယောက် ဖြစ်သည်။ အလားတူစွာပင် သွေးပြာလူသားများနှင့် အချင်းချင်း ရန်ငြိုးရန်စ ရှိနေသော အရှေ့ပင်လယ်ဓားကျေးရွာကသာ ဟယ်ချီနှင့် ဟွမ်တိုက်ချုံတို့ကို စေလွှတ်ခဲ့သည်။
သခင်ကြီးရွမ်က ခေါင်းငုံ့ထားပြီး ရှေးဟောင်းရေတွင်းကြီးကဲ့သို့ တည်ငြိမ်သော ရေလှိုင်းများကို အာရုံစိုက်ကြည့်နေသည်။ ဟယ်ချီက သူ၏မျက်နှာအမူအရာမှ တစ်စုံတစ်ခုကို ဘာသာပြန်ရန် မဖြစ်နိုင်ပေ။
ထို့နောက် သူက အဝေးကိုကြည့်လိုက်ပြီး ခြေလက်များကို ဆန့်ထုတ်၍ ကိုယ်ပျောက်ဓားအလင်းတန်းများအဖြစ် ပြောင်းလဲလိုက်၏။ သူက ပင်လယ်ထဲသို့ တိတ်တဆိတ် ငုတ်လျှိုးသွားခဲ့ပြီး တခြားလူများကတော့ လော်စာအုပ်၏ အကာအကွယ်နှင့် လေထဲတွင် ဆက်လက်ပျံဝဲနေကြသည်။
ခဏကြာပြီးနောက် ပင်လယ်ကြီးက အမြုပ်တစီစီ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရေများက ဆူပွက်လာသည့်အလား တဖြည်းဖြည်း ပြင်းထန်လာခဲ့၏။
"ဖျောက်…"
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး ရေများက ပြိုကျသွားခဲ့၏။
ထို့နောက် အလွန်ကြီးမားသော ဝဲကတော့ကြီးတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။ ဝဲကတော့ကြီးက တဖြည်းဖြည်း ပို၍ကြီးမားနက်ရှိုင်းလာပြီး ပတ်ပတ်လည်တွင် ရှိနေသော ရေများကို တွန်းထုတ်လိုက်သည်။ ရုတ်တရက်ဆိုသလို သန့်စင်ပြီး ထက်မြက်သော ဓားအလင်းတန်းများက ဝဲကတော့၏ အလယ်မှနေ၍ ထွက်ပေါ်လာခဲ့၏။
ဓားချီစွမ်းအင်များက လေဟာနယ်ထဲတွင် ပြည့်နှက်လာသည်။ ဝဲကတော့ကြီးက ချက်ချင်းပင် ပျက်စီးသွားခဲ့ပြီး အစိတ်အပိုင်းများကလည်း ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။
"ရွှပ်…"
ပင်လယ်ကြမ်းခင်းကြီးက အရိုးအောက်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခု ရသွားသည့်အလား ပျက်စီးသွားခဲ့သည်။
ပင်လယ်ထဲမှနေ၍ ဓားအလင်းတန်း ထွက်လာပြီး ပင်လယ်ထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်သွားခဲ့သည်။ ထိုဓားချီစွမ်းအင်က နယ်မြေတစ်ခုလုံးကို ဝါးမျိုသွားသလို ထင်မှတ်ရ၏။
"ဖျောက် … ဖျောက် … ဖျောက်…"
အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လှုပ်ရှားနေသော လှိုင်းလုံးများက ပင်လယ်၏ နေရာတိုင်းတွင် ထွက်ပေါ်လာခဲ့၏။ အရောင်ကင်းမဲ့နေသော အရာဝတ္ထုတစ်ခုကလည်း ဓားချီစွမ်းအင် တိုက်ခိုက်မှုကို ခုခံရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
"သူတို့ တကယ်ပဲ ဒီနေရာမှာရှိတယ်…"
ရွမ်ကလန်မှ တတိယသခင်လေးက မျက်မှောင်ကြုတ်နေမိ၏။ သူက စောင်းကို ကိုင်ထားပြီး ထိုလှိုင်းလုံးများဆီသို့ ပျံသန်းသွားခဲ့သည်။ သူက လျင်မြန်သော်လည်း လူတစ်ယောက်က သူ့ထက်ပို၍ လျင်မြန်နေခဲ့၏။
ဝမ်မိသားစု သခင်ကြီးက လော်စာအုပ် အကာအကွယ်ထဲမှ ထွက်သွားပြီး စက္ကန့်ပိုင်းအတွင်း သွေးပြာလူသားများ၏ ဝင်္ကပါထဲတွင် ပြန်ပေါ်လာခဲ့သည်။
ဟယ်ချီ မတိုက်ခိုက်ခင်အချိန်ထိ ရန်သူက သူတို့၏တံခါးဝတွင် ရောက်နေကြောင်း သွေးပြာလူသားများ၏ အဆင့်မြင့်နတ်ဆရာက မသိခဲ့ပေ။ လက်ရှိအချိန်တွင် သူ့ခန္ဓာကိုယ်က ကြည်လင်နေပြီး အပြာရောင်သွေးများက ထူးဆန်းသော အမှတ်အသားများ ဖြစ်ပေါ်လာခဲ့၏။
သူက ဝင်္ကပါကို အသက်သွင်းရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ အကယ်၍ သူကသာ ဝင်္ကပါကို ပြည့်ပြည့်ဝဝ အသက်သွင်းနိုင်မည်ဆိုလျှင် ဟယ်ချီနှင့် တခြားသူများကို အချိန်အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်လိမ့်မည် ဖြစ်၏။ ထိုသို့ဆိုလျှင် သူတို့က ထွက်ပြေးရန် အချိန်လုံလောက်နိုင်သည်။
အပြာရောင်ရေများ၏ အပေါ်ဘက်တွင် လှိုင်းလုံးများက စုစည်းလာခဲ့သည်။ သူတို့က ပင်လယ်ရေပိုင်နက်တစ်လျှောက် ဖျက်စီး၍ မရနိုင်သော အကာအကွယ် နံရံတစ်ခု ဖန်တီးနေသလို ထင်မှတ်ရ၏။
ထိုအချိန်တွင် ဝင်္ကပါထဲ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ဝမ်မိသားစု သခင်ကြီးက သူ့ဓားနှင့် ရိုးရှင်းစွာ လှမ်းထိုးလိုက်သည်။ ထိုဓားချက်က အပြာရောင်လှိုင်းလုံးများ၏ အပေါ်တည့်တည့်ကို ကျရောက်သွားခဲ့၏။
သီးသန့်ဖြစ်တည်နေသော အပြာရောင်ရေလှိုင်းများထဲမှ ထွက်လာသည့် အလင်းတန်းများက အားဖြည့်ဆေးတစ်ခု သောက်လိုက်ရသည့်အလား ကြီးထွားလာခဲ့၏။ ထိုအရာက ရေလှိုင်းများ၏ဗဟိုမှ ရောက်လာနေသော စွမ်းအားများအားလုံးကို စုပ်ယူပြီး တခဏအတွင်း သူ၏ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့သည်။ ရေမျက်နှာပြင် အပေါ်ဘက်တွင် တောက်ပနေသော အလင်းတန်းများကလည်း အက်ကွဲကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာခဲ့၏။
"ခလွပ်…"
အသံတစ်ခု ထွက်ပေါ်လာပြီး အက်ကွဲကြောင်းက အလွန်အံ့သြစရာကောင်းသော အရှိန်နှင့် ထွက်ပေါ်လာခဲ့၏။ အားနည်းချက်မရှိသော ဝင်္ကပါက စက္ကန့်ပိုင်းလေးအတွင်း ပျက်စီးသွားခဲ့သည်။
ထိုဝင်္ကပါက တစ်ပိုင်းတစ်စ ဖုံးကွယ်နေပြီး ခုခံမှုကိုသာ အလုံးစုံ အသားပေးထားခဲ့သည်။ ဝမ်မိသားစု သခင်ကြီးကပင် ဝင်္ကပါကို အလွယ်တကူ ဖျက်စီးနိုင်ခြင်း မရှိချေ။ သို့သော် တည်ငြိမ်မှုနှင့် လှုပ်ရှားမှုများကြားထဲရှိ ပြောင်းလဲမှုများကြောင့် သူက လော်စာအုပ်၏ အကူအညီကိုယူပြီး အခွင့်အရေး ရှာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူတို့တလျှောက်လုံး စီစဉ်ထားခဲ့သော အစီအစဉ်လည်း ဖြစ်၏။
ဝင်္ကပါ ပျက်စီးသွားသည့်အချိန်တွင် တူးမြောင်းကြီးတစ်ခုကို သူတို့အားလုံးက မြင်လိုက်ရသည်။ ထိုတူးမြောင်းကြီး၏ အတွင်းထဲတွင်တော့ နေရာအစုံကို ဖောက်လုပ်ထားသော ပင့်ကူအိမ်ကဲ့သို့ မြောင်းများကို တွေ့လိုက်ရပြီး တစ်ခုချင်းဆီက အပြာရင့်ရောင် အလင်းတန်းများ ဖုံးလွှမ်းနေသည်။
သူတို့ထဲတွင် ရေကန်များစွာရှိနေသလို ထင်မှတ်ရ၏။ အပြာရင့်ရောင် အစိုင်အခဲ တစ်ခုကလည်း ထွက်ပေါ်လာပြီး ထိုအရာက တဖြည်းဖြည်း အားနည်းသွားခဲ့သည်။ ထိုအရာများအားလုံးက သွေးပြာလူသားများ ဖြစ်ကြ၏။ သို့သော် ထိုမြောင်းထဲတွင် ရှိနေသော အရာများထဲတွင် အထူးခြားဆုံး အရာကတော့ သတ္တုရောင်များ တလက်လက်များ တောက်ပနေသည့် အပြာရောင် ကျောင်းဆောင်ကြီးတစ်ခု ဖြစ်သည်။
ထိုကျောင်းဆောင်ကြီး၏ ဘေး (၂) ဖက်တွင် အတောင်ကဲ့သို့ အဆောင်အယောင်များ ရှိနေ၏။ အောက်ခြေတွင်တော့ ဧရာမအပြားကြီးတစ်ခု ရှိနေသည်။ ထိုအရာက အနက်ရောင် နဂါးတစ်ကောင် အပေါ်ကို ခြေထောက်တင်ထားသော နတ်ဘုရား တစ်ကောင်၏ ရုပ်တုကို ထွင်းထုထားသေး၏။ သူ၏နားရွက်တွင်တော့ ရေမြွေများ ရှိနေသည်။
ဧရာမကျောင်းဆောင်ကြီး၏ ရှေ့တွင်တော့ အရေပြားပေါ်တွင် ထူးဆန်းသော အင်းကွက်များ ရှိနေသည့် အဆင့်မြင့်နတ်ဆရာ ရှိနေသည်။ သူက အနားတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များကို စိတ်ဝိညာဉ်စွမ်းအားနှင့် ပြောလိုက်၏။ "အပေါ်ကိုသွားပြီး သူတို့တွေထဲက တစ်ယောက် နှစ်ယောက်လောက်ကို အချိန်ဆွဲထားလိုက်...။ ငါက သူတို့ဆီကို ဘိုးဘေးနတ်ဘုရားရဲ့စွမ်းအားတွေနဲ့ တိုက်ခိုက်ပေးဖို့ ဆုတောင်းလိုက်မယ်…"
ဝေ့ကျင်းအဆင့် ပညာရှင်အများစုက သွေးပြာလူသားများ ဖြစ်ကြသည်။ လူတစ်ယောက်ကသာ သာမန်လူသား ရုပ်ရည်ရှိနေသော ဆံပင်ဖြူနှင့်အဘိုးအို ဖြစ်၏။ သူတို့၏ရန်သူများ ဆင်းသက်လာသည်ကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင် လူသားနှင့် သွေးပြာလူသားများက တစ်ပြိုင်နက်တည်း ပူးပေါင်းလိုက်ကြသည်။
"ကောင်းပါပြီ…"
သူတို့က တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြ၏။
သူတို့၏အသံ ပျောက်မသွားသေးခင် ရွမ်ကလန်မှ တတိယသခင်လေးက မြောင်းထဲသို့ ရောက်လာပြီး စောင်းကြိုးများကို တီးခတ်လိုက်သည်။ ရေထဲတွင် တိတ်ဆိတ်ညင်သာသော အော်သံတစ်ခုနှင့်အတူ ကြောက်စရာကောင်းပြီး အဆင့်အတန်းမြင့်သော ဇာမဏီတစ်ကောင်က သူ့နောက်ကျောတွင် ပေါ်လာခဲ့၏။
ထိုဇာမဏီ၏ဦးခေါင်းက ငှက်တစ်ကောင်နှင့် တူညီနေပြီး မေးစေ့က ပျံလွှားတစ်ကောင်နှင့် တူညီနေသည်။ ခန္ဓာကိုယ်ပေါ်တွင် ရောင်စုံငှက်မွှေးများ ရှိနေ၏။ သူက အတောင်ပံ (၂) ဖက်ကိုဖြန့်လိုက်ပြီး ကောင်းကင်၏အမြင့်ဆုံးကို ပျံသန်းသွားခဲ့သည်။
"ဝှစ် … ဝှစ် …"
မြောင်းထဲတွင် ဆူပွက်နေသော ရေများက စမ်းချောင်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ဇာမဏီငိုကြွေးသံက သွေးပြာလူသားများ၏ ပင်မဝိညာဉ်ကို ပိတ်ဆို့လိုက်သည့်အချိန်တွင် သူတို့၏သွေးများက ဆူပွက်ပြီး အငွေ့ပျံသွားကြသည်။
"ကောင်းကင်ဇာမဏီငိုကြွေးသံ….
တောင်တန်းတွေကို မီးရှို့ပြီး ပင်လယ်ရေကို ဆူပွက်စေမယ်…"
အနီးအနားတွင် သာမန်လူသားများ မရှိသည့်အတွက် ရွမ်ကလန်မှ တတိယသခင်လေးက လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်ထက်ပင် ပို၍အစွမ်းထက်သော အရာများကို ရွေးချယ်အသုံးပြုနေခဲ့သည်။
သူ့မျိုးနွယ်ဝင်များ၏ ဆိုးရွားသော သေဆုံးမှုကို မြင်သည့်အချိန်တွင် သိုင်းသခင်အဆင့် သွေးပြာလူသား၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်လာခဲ့သည်။ သူတို့က ရေစွမ်းအားများကို ငှားယူပြီး ရွမ်ကလန်မှ တတိယသခင်လေးကို တိုက်ခိုက်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။
"ဒေါင်..."
အဝေးမှနေ၍ ကြည်လင်နေသော ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရသည်။ ရွမ်မိသားစု သခင်ကြီးက လက် (၂) ဖက်ကို လှုပ်ရှားလိုက်ရာ သူ့ရှေ့တွင် စောင်းတစ်လက် လွင့်မျောလာပြီး စောင်း၏အမြီးတွင် လောင်ကျွမ်းနေသော အမှတ်အသားများ ပြည့်နှက်နေခဲ့၏။
အသံက အဝေးထိအောင် ပျံ့နှံ့သွားပြီး ဆူပွက်နေသော ပင်လယ်ရေများက ငြိမ်သက်သွားခဲ့သည်။ အသက်ရှင်နေသော သွေးပြာလူသားများက ပိတ်ဆို့ခံလိုက်ရပြီး သူတို့က လေထဲတွင်ပင် ရေစက်လေးများအဖြစ် အေးခဲသွားခဲ့၏။ ထိုရေစက်လေးများက သန့်စင်ပြီး အလွန်လှပလွန်းလှသည်။
လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်ထဲမှ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်သော လောကသုံးပါးဖျက်ဆီးခြင်းမှော်တေးသံ ဖြစ်သည်။ တခဏအတွင်း သွေးပြာလူသား သိုင်းသခင်က ချက်ချင်း ရပ်တန့်သွားခဲ့ပြီး သူ၏လှုပ်ရှားမှုများက တွန့်ဆုတ်သွားခဲ့သည်။
ကြည်လင်နေသော အရေပြားအောက်တွင် ရှိနေသော သွေးပြန်ကြောများ၊ သွေးကြောများ၊ အားလုံးကိုလည်း ထင်ထင်ရှားရှား မြင်လာရ၏။ ဓားအလင်းတန်းက သူတို့ကို ဖြတ်ကျော်သွားခဲ့ပြီး သိုင်းသခင်၏ အတွင်းထဲတွင် ပေါက်ကွဲသွားခဲ့သည်။
အလွန်များပြားလွန်းလှသော ဓားချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲတွင် ဖျက်ဆီးပစ်နေပြီး သူ့ကို လုံးဝ သတ်ပစ်လိုက်၏။ ထိုဓားအလင်းတန်းကတော့ ဟွမ်တိုက်ချုံ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူက သွေးပြာလူသား သိုင်းသခင်တစ်ယောက်ကို အနိုင်ရရန် အတော်လေး ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ သို့သော် တတိယသခင်လေး၏ လန်းဟွမ်ကောင်းကင်တေးသွား၏ အကူအညီကြောင့် ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်းရသကဲ့သို့ ရိုးရှင်းလွန်းလှသည်။ ပင်လယ်ရေများက လွတ်နေသောနေရာကို ပြန်ဖြည့်ရန် တဖြည်းဖြည်း နောက်ပြန်စီးဆင်းသွားသည်။
ဟယ်ချီကတော့ သူ၏ကိုယ်ပိုင်အစွမ်းကို ပြည့်ပြည့်ဝဝ မသုံးခဲ့ချေ။ ထိုအစား သူက မီးခိုးရောင်ဆံပင်နှင့် ဝေ့ကျင်းအဆင့် အဘိုးကြီး တစ်ယောက်ကိုသာ ရင်ဆိုင်နေခဲ့၏။ ထိုအရာက ဤခရီးစဉ်တွင် သူ၏အဓိကပစ်မှတ်လည်း ဖြစ်၏။
"ခင်ဗျားက အသက်ရှင်နေဦးမယ်လို့ ကျုပ်က မထင်ဘူး…"
သူက သက်ပြင်းချပြီး ပြောလိုက်၏။
မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။
"အသက်ရှင်နေသေးတာပေါ့။ ငါက မင်းအဖေထက် ပိုပြီးတော့ အစွမ်းထက်တယ်လေ။ သူ့မှာ ဒီလိုကြီးကျယ်တဲ့ သားတစ်ယောက်ရှိနေတာက တော်တော်လေး ရွံဖို့ကောင်းတယ်…."
"ခင်ဗျားလို မကောင်းဆိုးဝါးလမ်းစဉ်ကို ပြောင်းသွားတဲ့သူတွေက ဒီလိုစကားမျိုးကို ပြောနိုင်သေးတာလား…"
ဟယ်ချီ၏ မျက်လုံးများက တဖြည်းဖြည်း အေးစက်လာခဲ့သည်။
"ဓားပိုးကောင်အဆောင်ကို ပေးပါ…"
ဆံပင်ဖြူနှင့် အဘိုးအိုက အရူးတစ်ယောက်ကဲ့သို့ အားရပါးရ ရယ်မောလိုက်သည်။
"မကောင်းဆိုးဝါးလမ်းစဉ်ကို ပြောင်းသွားတာလား။ ငါတို့တွေ အတူတူ သွေးပြာလူသားတွေရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေပြီး ကိုယ်ပျောက်ဓားချီစွမ်းအင်တွေရဲ့ အားနည်းချက်တွေကို စဉ်းစားနေတဲ့အချိန်တုန်းကတော့ ဒီလိုစကားမျိုး မပြောခဲ့ပါလား…"
အဘိုးအို၏ရှေ့တွင် ပျံဝဲနေသော ဟယ်ချီက လက် (၂) ဖက်ကို နောက်ပစ်ထားခဲ့သည်။
"လူကောင်းနဲ့ လူဆိုးကွဲပြားမှုက သွေးပြာလူသားတွေရဲ့ လျှို့ဝှက်ချက်ကို အသုံးပြုတဲ့အပေါ်ပဲ မူတည်နေတယ်။ ကျုပ်တို့မိသားစုက အဲဒီအားနည်းချက်တွေကို ဖြည့်ဆည်းပြီး ကြီးမြတ်တဲ့လမ်းစဉ်ကို ရှာဖွေနေတာ...။ ဒါက အမှန်တရားဆန်ပြီး ပွင့်လင်းတယ်။ တစ်ဖက်မှာတော့ ခင်ဗျားတို့လို လောဘကြီးတဲ့သူတွေက ကျွန်းသူကျွန်းသားတွေအများကြီးကို ခင်ဗျားတို့ရဲ့ပစ္စည်းတွေအဖြစ် အသုံးချပြီး ကိုယ်တိုင်ပြောင်းလဲဖို့ နည်းလမ်းကို ရှာဖွေခဲ့တယ်။ ခင်ဗျားတို့က ကောင်းကင်ဘုံကို ထိခိုက်အောင်လုပ်ခဲ့ပြီး ဘိုးဘေးတွေရဲ့ မျက်နှာကိုတောင် မထောက်ထားခဲ့ဘူး။ ဒါတောင် မကောင်းဆိုးဝါးလမ်းစဉ်မဟုတ်ဘူးလို့ ပြောနိုင်သေးတာလား…"
"မင်းတို့တွေက မရိုးသားခဲ့တာပဲ မဟုတ်ဘူးလား။ မင်းတို့မိသားစုတွေအားလုံးက အရှေ့ပင်လယ်ဓားကျေးရွာကို အပိုင်စီးဖို့ ဒီလိုအရာတွေ လုပ်ခဲ့တာပဲလေ။ ငါတို့ရဲ့လမ်းကြောင်းက မင်းတို့ထက်ပိုပြီး အဆင့်မြင့်နေတယ်ဆိုတာကို မြင်လိုက်ရတဲ့အတွက် မင်းတို့က သစ္စာဖောက်တာ..."
ဆံပင်ဖြူနှင့် အဘိုးအို၏မျက်လုံးထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။
ဟယ်ချီက ရယ်လိုက်၏။
"ကျွန်တော်တို့ထက်ပိုပြီး အဆင့်မြင့်တာလား ဦးလေးကောင်း…။ ကျွန်တော့်ရဲ့အစွမ်းကို ဓမ္မကာရတစ်ဝက်အဆင့်ထိ လျော့လိုက်ပြီး ကျွန်တော်တို့က မျှမျှတတယှဉ်ပြိုင်ရင် မကောင်းဘူးလား။ ဒါဆိုရင် ဘယ်သူက ပိုပြီးအစွမ်းထက်လဲ သိရတာပေါ့…"
"ငါက မင်းကိုစိန်မခေါ်ရဲဘူးလို့ ထင်နေတာလား…"
ဆံပင်ဖြူနှင့် အဘိုးအို၏ မျက်လုံးထဲတွင် တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။
"တကယ်လို့ ဦးလေးကောင်း ရှုံးသွားမယ်ဆိုရင် ဓားပိုးကောင်အဆောင်ကို ဘယ်နေရာမှာ ဖွက်ထားလဲဆိုတာ ကျုပ်ကို ပြောပြရမယ်။ ဦးလေးကောင်းက အမြဲတမ်း ကတိတည်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ဦးလေးကောင်းက ကတိဖျက်မယ်လို့ မထင်ဘူး…"
ဟယ်ချီက ရိုးရှင်းစွာ ပြောလိုက်သည်။
"ကောင်းပြီလေ…"
ဆံပင်ဖြူနှင့်အဘိုးအိုက ထိုအရာနှင့် ပတ်သက်ပြီး အလွန်နက်ရှိုင်းသော ရန်ညှိုးများ ရှိနေခဲ့သည်။
သူ့နောက်တွင် အပြာရင့်ရောင် ဝဲကတော့တစ်ခု ထွက်ပေါ်လာခဲ့၏။ ဝဲကတော့ ဖြစ်ပေါ်လာသော ရေစက်တစ်စက်ချင်းဆီတိုင်းက ခရမ်းရောင် ကူအဆိပ်ပိုးကောင်များ ဖြစ်ကြသည်။ ထိုပိုးကောင်များက ဓားချီစွမ်းအင် အမြောက်အမြားကို ရှူရှိုက်ပြီး ထက်မြက်သော စွမ်းအားများကို ပြန်လည်မှုတ်ထုတ်နိုင်သည်။
သူ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း စတင်ပျက်စီးလာပြီး အရေပြားနှင့် သွေးစက်တစ်စက်ပင် မကျန်တော့ပေ။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းဆီတိုင်းက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့၏။
…………
လန်းယာ့မြို့၏ အပေါ်ဘက်တွင် ….
ကြည်လင် (၃) သွယ် ကျောင်းဆောင်ထဲတွင် ထိုင်နေသော မုန့်ချီက ရွမ်မိသားစုစံအိမ်ကို စိုက်ကြည့်နေခဲ့၏။ သူ၏အဆင့်တက်မှုတွင် တွေ့ရှိထားသော အရာများကို (၂) ရက်တိတိ ပြင်ဆင်လိုက်ပြီးနောက် သူ၏ကျင့်စဉ်အဆင့်က ကောင်းကင် (၄) သွယ် ဝေ့ကျင်းအဆင့်တွင် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ သူက ရွမ်မိသားစုထဲတွင် ဖြစ်နေသော အရာများကို အဖြေရှာပြီးသွားသည်နှင့် ကျန်းဝူအင်ပါယာအုတ်ဂူကိုသွားရန် စဉ်းစားထားသည်။
"ရက်အနည်းငယ်အတွင်း အရာအားလုံးက ပြီးဆုံးသွားတော့မှာလား…"
သူက မျက်မှောင်ကြုတ်၍ မတ်တပ်ရပ်လိုက်ပြီး ရွမ်မိသားစုစံအိမ်ဆီသို့ လျှောက်သွားခဲ့၏။
မြို့ထဲ၌ ရှိနေသော သီးသန့်ခြံဝန်းတစ်ခုထဲတွင် မျက်နှာပေါ်တွင် အရေးအကြောင်း ရှိနေသော အဘိုးအိုတစ်ယောက်က ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်၏။ သူက အံ့ဩမှုကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။
"ငါက ဘိုးဘေးနတ်ဘုရားရဲ့ အငွေ့အသက်တစ်ခုကို ခံစားနိုင်တယ်။ ပင်လယ်တူးမြောင်းထဲမှာ ပြောင်းလဲမှုကြီးတစ်ခုခုဖြစ်နေပြီ…"
သူက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး လက် (၉) ချောင်းကို ထုတ်ဖော်လိုက်သည်။ သူ့အနားတွင်တော့ အဖော် (၅) ယောက် ရှိနေခဲ့၏။
Translated by Hein Htet.