အခန်း (၆၄၁)
Vol. 43 Ch. 641
“ဗုန်း...”
ဧရာမကျောင်းဆောင်ကြီး၏ အောက်ဘက်တွင် ရှိသော အပြားကြီးဆီမှ အပြာရောင် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အလင်းတန်းများက ကျောင်းဆောင်ထဲသို့ စီးဝင်သွားသော အလင်းတိုင်လုံးကြီးအဖြစ် စုစည်းသွားခဲ့သည်။
ကျောင်းဆောင်၏ အောက်ဘက်မှနေ၍ လေစီးကြောင်းများ ထွက်ပေါ်လာပြီးနောက် ကျောင်းဆောင်၏ကိုယ်ထည်က ပျက်စီးသွားခဲ့သည်။ သူ၏ကိုယ်ထည်က ဆိုးဆိုးရွားရွား ပျက်စီးသွားသည့်အတွက် သူ၏အဖျက်စွမ်းအားကိုပင် ခြေရာခံ၍ မရနိုင်ပေ။
“ဗုန်း...”
တောက်ပနေသော အပြာရောင် အလင်းတန်းများထဲတွင် ကျောင်းဆောင်ကြီးက ပုံရိပ်ယောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ သူက လေဟာနယ်ထဲသို့ ပွင့်ထွက်သွားပြီး အမှောင်ထုကြီးထဲကို တည့်တည့် ပျောက်ကွယ်သွားတော့မလို ဖြစ်လာခဲ့၏။
ထိုကဲ့သို့ ပြောင်းလဲမှုတစ်ခုက ဟယ်ချီ ထင်မှတ်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ဘိုးဘေးနတ်ဘုရား ပူဇော်ခံကျောင်းဆောင်ကြီးက အမှောင်ထုကြီးထဲကို ဝင်နိုင်ထွက်နိုင်သော ရတနာတစ်ခု ဖြစ်လိမ့်မည်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။ ထို့ပြင် ထိုအရာက ဓမ္မကာရအဆင့်ကို မရောက်သေးသော ပညာရှင်များကိုပင် သယ်ဆောင်သွားနိုင်သေးသည်။
ရွမ်မိသားစု သခင်ကြီးနှင့် တခြားသူများကလည်း တူညီသော ခံစားမှုများ ပေါ်လာကြ၏။ အံ့ဩသွားရသည့်လူကတော့ ဝမ်မိသားစုသခင်ကြီးသာဖြစ်သည်။ သူက ယခုအချိန်ထိ နာမကျန်းဖြစ်ရာမှ ပြန်မကောင်းလာသေးသော လူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေမိခဲ့၏။
“တကယ်လို့ အုတ်မြစ်ကို အမြစ်ပြတ်မရှင်းနိုင်ဘူးဆိုရင် နောင်တတွေ ရလာလိမ့်မယ်..”
မျက်လုံးမှိတ်လိုက်ပြီးနောက် ဟယ်ချီက ကိုယ်ပျောက်ဓားချီစွမ်းအင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက ပုံသဏ္ဌာန်ရှိခြင်းနှင့် ပုံသဏ္ဌာန်ကင်းမဲ့မှုကြားထဲတွင် ဆက်တိုက်လှုပ်ရှားနေခဲ့၏။ သူ၏ပြောင်းလဲမှုက အားနည်းချက် မရှိသည့်အတွက် တခြားသူများက သူ၏အငွေ့အသက်ကို ရှာဖွေစစ်ဆေးနိုင်ခြင်းပင် မရှိချေ။
သွေးပြာလူသားများက မွေးရာပါ ပါရမီရှိနေသော မျိုးစိတ်တစ်ခုဖြစ်သည်။ အကယ်၍ သူတို့ကိုသာ လက်တုံ့ပြန်ရန် အခွင့်အရေးပေးလိုက်မည်ဆိုလျှင် သူတို့က အကြီးအကဲများ၊ တပည့်များကို သတင်းပို့လိုက်နိုင်ပြီး အရှေ့ပင်လယ်ဓားကျေးရွာကို ဖျက်ဆီးပစ်နိုင်သည်။
ဓားချီစွမ်းအင်များက လုံးဝပျောက်ကွယ်သွားပြီးနောက် အပြာရောင် အလင်းတန်းများကြားတွင် ပြန်ပေါ်လာခဲ့သည်။ ထိုအရာက အလင်းတန်းများနှင့် တသားတည်း ဖြစ်နေသလို ထင်မှတ်ရ၏။ ပတ်ပတ်လည်တွင်လည်း ရေနဂါးတစ်ကောင် လှုပ်ရှားနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုအရာက အပြာရောင် အလင်းတန်းကြီးကို ဖျက်ဆီးပစ်တော့မည့်အလား အက်ကွဲသံများစွာ ထွက်ပေါ်လာနေခဲ့၏။
ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ပြည့်နှက်နေပုံရသည့် အငွေ့အသက်တစ်ခုက အပြာရောင်အလင်းတန်းများထဲတွင် ပြောင်းလဲသွားခဲ့သည်။ တခဏအတွင်း ထိုအရာက ရေများအဖြစ် စုစည်းသွားခဲ့၏။ ထိုအငွေ့အသက်က အလွှာပေါင်းများစွာ ကျဆင်းလာပြီး နောက်ဆုံးအလွှာကို ရောက်သည့်အချိန်တွင် ကျောင်းဆောင်ကြီး တစ်ခုလုံးကို ဖုံးကွယ်လုနီးပါး ဖြစ်သွားခဲ့၏။ ထို့နောက် ဓားချီစွမ်းအင်များကို အလင်းတန်းများက တားဆီးထားခဲ့၏။
များပြားလွန်းလှသော လှိုင်းလုံးများက ရွမ်သခင်ကြီးဆီကို ရောက်လာခဲ့သော်လည်း သူ၏လက်နှစ်ဖက်ကတော့ အနည်းငယ်လေးပင် တွေဝေနေခဲ့ခြင်း မရှိချေ။
အမြှီးရှည်ဦးထုပ် ဆောင်းထားပြီး မထင်မရှားမျက်နှာ ရှိနေသော လူတစ်ယောက်၏ ရုပ်ထုကလည်း သူ့နောက်တွင် ပေါ်လာခဲ့၏။ ထိုရုပ်ထုက ကမ္ဘာမြေကြီး၏ အနှစ်သာရများကြားထဲတွင် တည်ရှိနေသော မျဉ်းကြောင်းလေးတစ်ခုကဲ့သို့ ဖြစ်နေသည်။
ထိုအရာက ရွမ်သခင်ကြီး၏ လမ်းကြောင်းတစ်ခုဖြစ်ပြီး သူက မဟာလမ်းစဉ်ကို မွှေနှောက် ဖျက်ဆီးရန် အံ့ဩစရာကောင်းသော သံစဉ်များကို ထုတ်ပေးနိုင်သည်။
ဒေါင်…ဒင်...
စောင်းသံက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး လောကသုံးပါးဖျက်ဆီးခြင်းဟူသော သံစဉ်အဖြစ် ရောက်ရှိသွားခဲ့သည်။ သာယာနာပျော်ဖွယ်ကောင်းသော တေးသံက ကောင်းကင်ကြီးပေါ်ကို ဆက်တိုက်မြင့်တက်သွားခဲ့၏။
အပြာရောင်အလင်းတန်းများ လွှမ်းခြုံနေသော ဧရာမကျောင်းဆောင်ကြီးကတော့ မလှုပ်ရှားနိုင်သလို ထင်မှတ်ရသည်။ အလင်းတန်းများကလည်း ကြည်လင်နေသော ရေအလွှာတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ ထိုအလွှာတွင် ဖွဲ့စည်းထားသော ရေစက်တစ်စက်ချင်းဆီတိုင်းကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ထိုကျောင်းဆောင်ပေါ်တွင် ရှိနေသော အင်းကွက်များ၊ ပုံသဏ္ဌာန်များအားလုံးကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ရုတ်တရက်ဆိုသလို လက်ကျန် အငွေ့အသက်များက ကျောင်းဆောင်ကြီး၏အပေါ်တွင် ရှိနေသော နတ်ဘုရားပန်းချီထဲသို့ ဝင်ရောက်သွားခဲ့သည်။
သတ္တုများလည်း ထိုးထွက်လာပြီး အလင်းတန်းများ ပျံ့နှံ့လာခဲ့၏။ သူ၏ခြေထောက်အောက်တွင် ရှိနေသော အနက်ရောင်နဂါးနှင့် နားမှ ကျဆင်းလာသော ရေမြွေများကြောင့် ထိုနတ်ဘုရားက သုံးဖက်မြင်ပုံသဏ္ဌာန် ဖြစ်ပေါ်လာခဲ့သည်။ သူ၏လက်ထဲတွင်လည်း စိမ်းပြာရောင် အဌဂံဓားတစ်ချောင်း ရှိနေပြီး ထိုအရာကို အနည်းငယ် လှုပ်ရှားလိုက်၏။
ဖျောက်...
ကျောင်းဆောင်ကြီးကို ယာယီလှုပ်ရှား၍ မရအောင် တားဆီးထားသည့်အရာကို ဖျက်ဆီးပစ်လိုက်သည့်အတွက် ပျံဝဲနေသော ဟယ်ချီ၏ ဓားချီစွမ်းအင်များကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူက ထိတွေ့၍ ရသော ပုံသဏ္ဌာန်ကို ပြန်လည်ရောက်ရှိလာခဲ့သည်။
ဗုန်း...
အရာအားလုံးက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။ ဟွမ်တိုက်ချုံနှင့် ရွမ်ကလန်မှ အကြီးအကဲများ မလှုပ်ရှားနိုင်သေးခင် ကျောင်းဆောင်ကြီးကို ချုပ်နှောင်ထားသည့်အရာက ပျက်စီးသွားကြောင်း သူတို့က မြင်လိုက်ရသည်။
ကျောင်းဆောင်ကြီးက စတင်လည်ပတ်လာပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားရန် ပြင်ဆင်၍ အမှောင်ထုကြီးထဲကို ပျံသန်းသွားခဲ့သည်။
ဝမ်မိသားစု သခင်ကြီး၏ အပေါ်ဘက်တွင် ရှိနေသော လော်စာအုပ်ကလည်း စတင်လည်ပတ်လာခဲ့ပြီး ရွှေရောင်အင်းကွက်များက နေရာတိုင်းတွင် မြင်နေရသည်။ ထိုအရာက ဆက်လက်ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင်တော့ ပါးကွ(၈)ကွက် ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုအရာက လွတ်မြောက်နိုင်ခြင်း မရှိသော ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျောင်းဆောင်၏ အပေါ်ဘက်၌ ရှိနေသော လေဟာနယ်ထဲသို့ ပျံသန်းသွားခဲ့သည်။
သုံးဖက်မြင်နတ်ဘုရားရုပ်ထုက နောက်တစ်ကြိမ် လှုပ်ရှားသွားခဲ့ပြီး မလွတ်မြောက်နိုင်သော ပိုက်ကွန်ကြီးကို တိုက်ခိုက်လိုက်ပြန်သည်။ ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ဟယ်ချီ၏ဓားချီစွမ်းအင်များက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြီး ကျောင်းဆောင်ကြီးကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ပစ်လိုက်သည်။
“ချွမ်း...”
ကျောင်းဆောင်ကြီးက နှစ်ခြမ်းကွဲသွားခဲ့၏။ သူ၏ကိုယ်ထည်ပေါ်တွင်လည်း အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက လှုပ်ရှားလာခဲ့ပြီး အပူလှိုင်းများကို ထုတ်လွှတ်ပေးနေခဲ့၏။
ကျောင်းဆောင်၏ အတွင်းထဲတွင် ရှိနေသော ပစ္စည်းပေါင်းများစွာက ချက်ချင်းပင် ပျက်စီးသွားခဲ့ပြီး အဆင့်မြင့်နတ်ဆရာက သွေးအန်လိုက်သည်ကိုပင် ဝိုးတဝါး မြင်လိုက်ရသည်။ သို့သော် ကျောင်းဆောင်ကြီးကတော့ လွတ်မြောက်ရန် အနည်းငယ်လေးသာ လိုတော့၏။
ပျောက်နေသော ကျောင်းဆောင်ကြီး၏အပေါ်တစ်ဝက်က လေဟာနယ်နှင့် ပေါင်းစပ်နေခဲ့သည်။ ဟယ်ချီက ကျောင်းဆောင်ကြီးကို တားဆီရန် ခက်ခဲနေပုံရ၏။
“အဆင့်မြင့်နတ်ဆရာက အချိန်ကြာကြာ အသက်မရှင်နိုင်တော့ဘူး…”
သူ၏ဓားချီစွမ်းအင်များက အဆင့်မြင့်နတ်ဆရာကို ဒဏ်ရာရသွားစေကြောင်း ဟယ်ချီက မြင်လိုက်ရသည်။ သူ့ရင်ထဲတွင်လည်း စိတ်အေးသွားသလို ခံစားလိုက်ရ၏။
ထိုကျောင်းဆောင်ကြီးက မည်သည့်နေရာကို ပျံသန်းသွားကြောင်း သွေးပြာလူသားများက မည်သည့်နေရာမှ ခြေရာခံကြောင်း သူလည်း မသိချေ။ သို့သော် အနည်းဆုံးတော့ အနာဂတ်ပြဿနာများကို အချိန်အတိုင်းအတာတစ်ခုထိ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်၏။ သူ၏ဓားချီစွမ်းအင်များ နောက်တစ်ကြိမ် ထွက်ပေါ်လာသည့်အချိန်တွင် နတ်ဘုရားပုံရိပ်က ချက်ချင်း ပျက်စီးသွားခဲ့သည်။
အငွေ့အသက်များထ ွက်ပေါ်လာပြီးနောက် ဟယ်ချီက စွမ်းအားများကို ရုတ်သိမ်းရန် ပြန်လည်ပြင်ဆင်လိုက်၏။ ထိုအချိန်တွင် ရွမ်သခင်ကြီးနှင့် ဝမ်သခင်ကြီးတို့ကလည်း ကျောင်းဆောင်ကို သီးခြားဆီ တိုက်ခိုက်လိုက်ကြသည်။
ထိုအချိန်တွင် ကျောင်းဆောင်ကြီးက ခဏတာ ရပ်တန့်သွားရုံသာ ရှိ၏။ သူက ချုပ်နှောင်မှုမှ လွတ်မြောက်လုမတတ်ဖြစ်သွားပြီး အစိမ်းရောင်နှင့် အမှောင်ထုကြီးထဲသို့ ကျရောက်သွားခဲ့၏။
ထိုကဲ့သို့ ရပ်တန့်နေစဉ် အတောအတွင်း ကျောင်းဆောင်၏ အက်ကွဲကြောင်း အရှေ့တွင် စောင်းပိုက်ထားသော လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူက အက်ကွဲကြောင်းထဲမှတဆင့် အပြာရောင်အလင်းတန်းများထဲကို ပျံသန်းသွားခဲ့၏။ ထိုအရာက ရွမ်ကလန်မှ တတိယသခင်လေး ရွမ်ချန်းတီ ဖြစ်သည်။
ဗုန်း...
အပြာရောင်အလင်းတန်းများက ကန့်သတ်ချက်သို့ ရောက်သွားသည့်အချိန်တွင် ကျောင်းဆောင်ကြီးတစ်ခုလုံးက လေဟာနယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။ သူက ကောင်းကင်၏အမြင့်ဆုံးတွင် ရှိနေသော ကမ္ဘာ့လေဟာနယ်အပြင်ဘက်သို့ ပျံသန်းသွားခဲ့၏။
“တတိယသခင်လေး…”
ရွမ်သခင်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဝမ်သခင်ကြီးက တိတ်တဆိတ် သက်ပြင်းချလိုက်မိသော်လည်း သူ၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။
ဟယ်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ အဆင့်မြင့်နတ်ဆရာက (၄)နာရီပင် အသက်မရှင်နိုင်တော့သည့်အချိန်တွင် ဘာကြောင့် တတိယသခင်လေးက ထိုမျှအသည်းအသန် အရေးကြီးနေရသနည်း။ သူက အသက်ကိုပင် စွန့်လွှတ်ပြီး တစ်ဖက်လူ၏နောက်သို့ လိုက်သွားခဲ့သေး၏။ သူ့ကို ကြည့်ရသည်မှာ ကျောင်းဆောင်ကြီးထဲတွင် စောင့်ဆိုင်းနေသော ရန်သူများကိုလည်း ဂရုစိုက်ပုံမရချေ။
“ရွမ်ကလန်က ဘာတွေစီစဉ်နေတာလဲ…”
ဟယ်ချီကတော့ ရွမ်ချန်းတီကဲ့သို့ ကျောင်းဆောင်ထဲကိုဝင်ရန် အခက်အခဲ မရှိနိုင်ပေ။ သို့သော် အဆင့်မြင့်နတ်ဆရာက သေခါနီးနေပြီဖြစ်ပြီး ကျောင်းဆောင်၏ ဦးတည်ချက်ကိုလည်း သေချာမသိရပေ။ ထို့ပြင် ဤကိစ္စက အလွန်လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားနှင့် ပတ်သက်နေခဲ့၏။ ထိုသို့စွန့်စားရသည်မှာ မထိုက်တန်လှပေ။
အလွန်ချောမောခန့်ညားပြီး နေမကောင်းဖြစ်နေပုံရသော ရွမ်ချန်းတီနှင့် အဆင့်မြင့်နတ်ဆရာတို့က အခန်းငယ်လေးထဲတွင် အချင်းချင်းတိုက်ခိုက်နေကြ၏။ ရွမ်ချန်းတီ၏ လက်ချောင်းလေးများက စောင်းကြိုးများပေါ်တွင် လှုပ်ရှားနေပြီး ရံဖန်ရံခါ ကောင်းကင်ဇာမဏီငိုကြွေးသံကို တီးခတ်၍ ရံဖန်ရံခါအဝေးမှနေ၍ ကျယ်လောင်သော အသံများကို တီးခတ်နေခဲ့သည်။ အထူးသဖြင့် သူတို့က သွေးပြာလူသားများကို ပစ်မှတ်ထားသော တေးသံများဖြစ်ကြ၏။
သူတို့ကြောင့် အခန်းငယ်လေးထဲတွင် ရှိနေသော အပူချိန်က မြင့်တက်လာပြီး တဖြည်းဖြည်း ပူလောင်နေခဲ့သည်။ အပူချိန်က အလွန်မြင့်မားလှသည့်အတွက် မျက်နှာပြင်အလွှာများကပင် အရည်ပျော်ကျတော့မလို ခံစားနေရ၏။
“တကယ်လို့ မင်းရဲ့အသက်ကို စွန့်လွှတ်လိုက်မယ်ဆိုရင်တောင် မင်းက အတိတ်တုန်းက လုပ်ခဲ့တဲ့အမှားကို ပြန်ပြီးပေးဆပ်နိုင်မှာ မဟုတ်ဘူး…”
ရွမ်ချန်းတီ၏မျက်လုံးထဲတွင် ပြတ်သားမှုများ ပြည့်နှက်နေသည်။ သူကတော့ အနည်းငယ်လေးပင် အကြောက်တရားများ မရှိချေ။ သေခြင်းတရားကပင် သူ့ကို မခြိမ်းခြောက်နိုင်သလို ထင်မှတ်ရ၏။
အဆင့်မြင့်နတ်ဆရာ၏ကျင့်စဉ်အဆင့်က ရွမ်ချန်းတီထက် ပို၍ မြင့်မားသည်။ အဆင့်မြင့်နတ်ဆရာက ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့်အချိန်တွင်ပင် သူက ပြိုင်ဘက်တစ်ယောက် မဟုတ်ခဲ့ပေ။
အဆင့်မြင့်နတ်ဆရာက သူ၏အသက်စွမ်းအားများကို ပြန်လည်ကုစားရန် ရေစွမ်းအားများကို ထိန်းချုပ်နေခဲ့၏။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များကို သုံးနေခဲ့သည်။ လက်ဖဝါးများကလည်း လှုပ်ရှားနေသော လှိုင်းလုံးများနှင့်အတူ ပျံသန်းလာနေခဲ့၏။ သူတို့က ရွမ်ချန်းတီကို ဆက်တိုက်ဖိနှိပ်နေခဲ့သည်။
သို့သော် ရွမ်ချန်းတီက သိုင်းသခင်တစ်ယောက်ဖြစ်သည့်အတွက် သူ၏တိုက်ခိုက်မှုများကို အဆင့်မြင့်နတ်ဆရာက လျစ်လျူရှု၍မရနိုင်ပေ။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြည်လင်လာပြီး အပြာရောင်သွေးများကလည်း ဆူပွက်လာခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးပြန်ကြောများ၊ သွေးကြောများထဲတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာခဲ့သည်။
သူက မသေချင်သေးပေ။ သူက ဘိုးဘေးနတ်ဘုရားရုပ်ထုဆီသို့ ပြန်ရောက်သွားသည့်အချိန်တွင် ကုသမှုကို ခံရနိုင်၏။ ဘိုးဘေးနတ်ဘုရားက အသက်စွမ်းအင် ပြန်လည်ကုသမှုကို ထိန်းချုပ်နိုင်သည့်အတွက် သူသာ ဤနေရာ၌ မသေသေးသ၍ မျှော်လင့်ချက် ရှိနေသေး၏။
ဇာမဏီငှက်က ပျံသန်းလာပြီး လေဟာနယ်ထဲတွင် ဝိုင်းပတ်နေခဲ့သည်။ စောင်းသံမျိုးစုံကလည်း လှိုင်းလုံးများကို တားဆီနေခဲ့၏။ ရွမ်ချန်းတီက သူ၏ပုံရိပ်ယောင်ခန္ဓာကို ထုတ်လွှတ်လိုက်ပြီး စောင်းတီးအင်မော်တယ်ခန္ဓာကို ထုတ်လွှတ်လိုက်သည်။
အလွန်ကျက်သရေရှိသော အဝတ်အစားဝတ်ဆင်ထားသည့် အင်မော်တယ်က ထူးခြားသော ရုပ်ရည်ရှိနေသည်။ သူ၏လက်နှစ်ဖက်က လေထဲတွင် လှုပ်ရှားနေပြီး လေထဲမှ ထွက်လာသော ကမ္ဘာမြေကြီး၏သံစဉ်များကို တီးခတ်နေခဲ့၏။ အနီးနားမှ ရေသံများကိုလည်း ကြားနေရပြီး တခြားသူများက ရှောင်တိမ်းရန် ခက်ခဲလှသည်။
အဆင့်မြင့်နတ်ဆရာက အသာစီးရနေသော်လည်း သူက ကျောင်းဆောင်ကြီးကို ဖျက်ဆီးတော့မည့်အလား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့၏။ မဟုတ်လျှင် သူတို့(၂)ယောက်လုံးက သေဆုံးသွားနိုင်သည်။
တတိယရွမ်သခင်လေး၏ မျက်လုံးများက ခိုင်မာပြတ်သားနေပြီး သူ၏နှုတ်ခမ်းကတော့ ပြုံးနေခဲ့၏။
“ငါရဲ့ဒဏ်ရာတွေက ပိုပြီးတော့ ပြင်းထန်လာလေလေ၊ ငါ့ရဲ့ဂီတသံက ပိုပြီးတော့ဆန်းကြယ်လာလေလေပဲ…”
ထိုအချိန်တွင် သူ၏မျက်လုံးထောင့်မှနေ၍ အနီရောင်သွေးစက်တစ်ခု ကျဆင်းလာခဲ့သည်။ အခန်းငယ်လေးတွင် တိုက်ခိုက်နေသောတိုက်ပွဲက ထိန်းချုပ်၍ တိုက်ခိုက်နေကြသော်လည်း တဖြည်းဖြည်းပို၍ ကြောက်စရာကောင်းလာကြသည်။
တတိယရွမ်သခင်လေး၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ တဖြည်းဖြည်း ပေါ်လာနေသော်လည်း သူကတော့ ရှောင်တိမ်းနေခြင်း၊ ထွက်ပြေးနေခြင်းမရှိချေ။ သူ၏အရေပြားပေါ်မှ သွေးများ စီးကျလာ၏။ အရိုးများကပင် ပျက်စီးပြီး ကျိုးကြေသွားကြသည်။ အဖြူဝတ်လူက ယခုဆိုလျှင် လုံးဝပျက်စီးသွားတော့မည့် အရုပ်တစ်ခုကဲ့သို့ဖြစ်နေ၏။
ပန်းပွင့်များစွာ ပွင့်လန်းလာနေသည်နှင့်အမျှ ပုံရိပ်ယောင်ခန္ဓာကလည်း တဖြည်းဖြည်း ပုံရိပ်ယောင်ဆန်လာခဲ့သည်။ တတိယ ရွမ်သခင်လေးကတော့ မတ်မတ်ထိုင်နေပြီး သူ၏စောင်းသံက ရပ်တန့်သွားမည့် လက္ခဏာမျိုး မရှိချေ။ သူ၏မျက်လုံးကလည်း အဆင့်မြင့်နတ်ဆရာကိုသာ စိုက်ကြည့်နေခဲ့၏။
အုတ်မြစ် ဒဏ်ရာရသွားသော အဆင့်မြင့်နတ်ဆရာက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပြီးနောက် တိုက်ပွဲထဲမှ ထွက်လာနိုင်ခဲ့၏။ သူက သေခါနီးနေပြီဖြစ်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“မင်းက အဲဒီပစ္စည်းကို ပြန်ယူဖို့ ရောက်လာတာလား။ ထားလိုက်ပါတော့... မင်းက အဲဒါကို လုံးဝပြန်ရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့က ဘိုးဘေးနတ်ဘုရားကို ပူဇော်ပြီးသွားပြီမလို့ပဲ…”
“ငါက မကြိုးစားဘဲ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…”
ထိုအရာက တိုက်ပွဲစခဲ့သည့် အချိန်ကတည်းကစပြီး တတိယ ရွမ်သခင်လေး ပထမဆုံးပြောခဲ့သည့်စကားဖြစ်သည်။
သူ့အသံက စောင်းသံကဲ့သို့ ကြည်လင်အေးချမ်းနေခဲ့၏။ သူက ခက်ခက်ခဲခဲ စကားပြောနေပုံရသော်လည်း အသံထဲတွင် အားနည်းမှုများမရှိချေ။ သူက သေရေးရှင်ရေးကို ဘေးဖယ်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။
ရုတ်တရက်ဆိုသလို အဆုံးမဲ့လေဟာနယ်ကြီး၏အပြင်ဘက်တွင် လုံးဝိုင်းသော ကြယ်တစ်ခု ပေါ်လာခဲ့သည်။ ထိုကြယ်၏ ကိုယ်ထည်ပေါ်တွင် ရေစက်လေးတစ်ခုကဲ့သို့ အပြာရောင် သမုဒ္ဒရာအလွှာတစ်ခု လွှမ်းခြုံထားခဲ့၏။ အပြာရောင်ရေများကလည်း ညှင်သာစွာလှုပ်ရှားနေပြီး အသက်စွမ်းအင်များကို အားဖြည့်ပေးနေသလို ထင်မှတ်ရသည်။
ကျောင်းဆောင်ကြီးက ထိုရေထဲကို ထိုးဖောက်သွားခဲ့၏။ ပင်လယ်ကြမ်းပြင်ထဲတွင် အပေါက်တစ်ခု ရှိနေပြီး ထိုလေဟာနယ်ထဲတွင် သလင်းကျောက်တစ်ခု ဖန်တီးနေသလို ထင်မှတ်ရ၏။ ထိုကျောင်းဆောင်ကြီး၏ ဦးတည်ချက်က စံအိမ်တစ်ခု တည်ရှိနေသော ပင်လယ်ကြမ်းခင်း၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းဖြစ်သည်။
ထိုအရာ၏ အလယ်တွင်တော့ အလွန်မြင့်မားသော နတ်ဘုရားရုပ်ထုတစ်ခုရှိနေသည်။ ထိုရုပ်ထု၏အရောင်က အပြာရောင်ဖြစ်ပြီး အလွန်နက်မှောင်နေသည့်အတွက် အပြာရင့်ရောင် ပြောင်းလဲနေခဲ့၏။
သူ၏လက်ထဲတွင်တော့ အဌဂံပုံဓားတစ်လက်ရှိသည်။ သူ၏ခြေထောက်အောက်တွင် အနက်ရောင်နဂါးတစ်ကောင်ရှိနေပြီး နားရွက်မှရေမြွေများ ကျဆင်းလာနေခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ပစ္စည်းပေါင်းများစွာပုံနေပြီး အများစုကတော့ တလက်လက် တောက်ပနေခဲ့သည်။ သူတို့က သာမန်ပစ္စည်းများ မဟုတ်သည်မှာ အလွန်ထင်ရှား၏။
ဝုန်း...
ဟယ်ချီကြောင့် အက်ကွဲသွားခဲ့သော ကျောင်းဆောင်ကြီးက ပင်လယ်ကြမ်းခင်းပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ အဆင့်မြင့်နတ်ဆရာကလည်း သေလုမျောပါးအခြေအနေကို ရောက်ရှိသွားခဲ့၏။
တတိယရွမ်သခင်လေးလည်း အခြေအနေမကောင်းလှပေ။ လေလှိုင်းများက သူ၏ခန္ဓာကိုယ်ကို အချိန်မရွေး တိုက်စားသွားတော့မလိုဖြစ်နေခဲ့၏။ သို့သော် သူကတော့ ဒယိုင်းဒယိုင် မတ်တပ်ရပ်လိုက်ပြီး ရုပ်ထု၏ပတ်ပတ်လည်ကိုသာ အာရုံစိုက်နေခဲ့၏။
ထိုအဆောက်အဦး၏ အလယ်တွင် ရှိနေသော ရုပ်ထု၏အောက်တွင်တော့ အလွန်သိမ်မွေ့နူးညံ့သည့် ဗျပ်စောင်းတစ်ခု ရှိနေသည်။ ထိုဗျပ်စောင်းက ကြိုး(၇)ခုရှိနေပြီး သာမန်မျက်လုံးနှင့်ပင် မြင်နိုင်၏။ ထိုဗျပ်စောင်းတစ်ခုလုံးကို သဘာဝတရားကြီး၏ အနှစ်သာရများ လွှမ်းခြုံထားသလ ထင်မှတ်ရသည်။
ထိုအရာက ကမ္ဘာမြေကြီးကို သက်သာစေလိုသော မိုးကောင်းကင်၏အလိုအတိုင်း သနားငဲ့ညှာသည့် ခံစားချက်များကို သယ်ဆောင်ထားခဲ့၏။ အလင်းတန်းများကို ချုပ်နှောင်ထားပြီး အငွေ့အသက်က လှုပ်ရှားမှုမရှိခဲ့ပေ။ ထိုအရာက ထိခိုက်ပျက်စီးနေပုံရ၏။
“တကယ့်ကို ဗျပ်စောင်းပဲ။ ငါက အဲဒါကို ရှာတွေ့ဖို့ အခွင့်အရေးရှိတယ်လို့ ပြောခဲ့တဲ့အချိန်မှာ ဝမ်မိသားစုသခင်ကြီးက မမှားခဲ့ဘူး…”
တတိယရွမ်သခင်လေး၏ မျက်လုံးများက မည်းမှောင်လာပြီး မျက်ရည်များ စီးကျလာခဲ့၏။ သူ၏မျက်လုံးတစ်ဖက်က ဝေဝါးလာပြီး ပါးပေါ်သို့က ျလာသော မျက်ရည်များကို သုတ်လိုက်မိသည်။
ထိုအရာက ရွမ်ကလန်၏ နတ်ဘုရားလက်နက် လင်ပိုစောင်းဖြစ်သည်။ သူက အတိတ်တွင် မြေပြင်မှတ်တမ်းသို့ တက်လှမ်းခဲ့သည့်အချိန်၌ ထိုအရာကိုလေ့လာပြီး သူ့မိသားစုနတ်ဘုရားလက်နက်နှင့် ရင်းနှီးရန် ကြိုးစားခဲ့သည်။ သို့သော် သူ၏ငယ်ရွယ်ပြီး မောက်မာမှုကြောင့် သူက အလေးမထားမိသလို ဖြစ်သွားခဲ့၏။
သူက တားမြစ်ချက်များကို လျစ်လျူရှုပြီး ထိုနတ်ဘုရားလက်နက်ကို လျှို့ဝှက်နယ်မြေထဲမှ ထုတ်ယူ၍ မကြာခဏ စောင်းတီးတတ်သည်။ သူ၏ဂရုမစိုက်မှုက ပြဿနာကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ တစ်နေ့တွင်တော့ သူက သူ့မိသားစုစံအိမ်ထဲတွင် ရှိနေသော ရေစံအိမ်ထဲ၌ နတ်ဘုရားလက်နက်ကို လေ့လာနေခဲ့သည်။
သူက စောင်းတီးနေသည့်အချိန်တွင် ရေထဲမှနေ၍ လူ(၃)ယောက် ချက်ချင်း ပေါ်လာခဲ့၏။ သူက အကောင်းဆုံးကြိုးစားပြီး ခုခံခဲ့သော်လည်း သူတို့၏အစွမ်းက အလွန်ကြောက်စရာကောင်းသည်။ ထို့ပြင် သူတို့က ရတနာတစ်ခု သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး နတ်ဘုရားလက်နက်ကို ယာယီဖုံးကွယ်လိုက်သည့်အတွက် သူက ထိုအရာကို ထိန်းချုပ်ခွင့် ဆုံးရှူံးသွားခဲ့သည်။
အချိန်တိုလေးအတွင်း မိသားစုမှ တခြားပညာရှင်များ လာရောက်အကူအညီ မပေးနိုင်ခင် လူ(၃)ယောက်က သူ့ကို ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်နိုင်ခဲ့၏။ သူတို့က ရေများအဖြစ် ပြောင်းလဲပြီး နတ်ဘုရားလက်နက်ကို သူတို့နှင့်အတူ ယူဆောင်သွားခဲ့သည်။ ထို့နောက် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားပြီး ရန်သူ၏ လက်ညှိုးတစ်ဖက်သာ ကျန်နေတော့၏။
မိသားစုသခင်ကြီးက အလွန်ဒေါသထွက်သွားခဲ့သည့်အတွက် သူ့ကို လျှို့ဝှက်နယ်မြေထဲတွင် ပိတ်ဆို့ထားခဲ့ပြီး သူက နေရောင်ခြည်ကိုပင် မမြင်ရတော့ပေ။ နာကျင်မှု၊ စိတ်ဓာတ်ကျမှု၊ မကျေနပ်မှုနှင့် အကြောက်တရားများအားလုံးက သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့၏။
သူက သွေးပြာလူသားများကို ထိန်းချုပ်နိုင်သော ကောင်းကင်အက်ကွဲ၊ မြေပြင်ပြောင်းလဲခြင်းသံစဉ်ကို အသွင်ပြောင်းနိုင်ရန် တဖြည်းဖြည်းကြိုးစားလာခဲ့ပြီး အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့၏။ ယနေ့တော့ ခက်ခက်ခဲခဲကြိုးစားခဲ့ပြီးနောက် သူက နတ်ဘုရားလက်နက်ကို နောက်တစ်ကြိမ်ပြန်မြင်လိုက်ရသည်။ သူက ထိုအရာကို ဝမ်းမသာဘဲနေနိုင်မည်လော။
သူက မတ်တပ်ရပ်လိုက်ပြီး ရုပ်ထုဆီသို့ ပျံသန်းသွားခဲ့၏။ ရုတ်တရက်ဆိုသလို စက်လုံးကဲ့သို့ရှိနေသော ကျောက်မြတ်ရတနာကြီးက သွေးပြာလူသားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က အလွန်များပြားလွန်းလှသည့်အတွက် ရေတွက်ကြည့်၍ပင် မရနိုင်ပေ။ တချိန်တည်းတွင် သူတို့က အိပ်စက်နေသလို ထင်မှတ်ရပြီး သူတို့က အသံလှိုင်းလုံးများကို ထုတ်လွှတ်လိုက်သည်။
“တားမြစ်နယ်မြေထဲကို ကျူးကျော်သူ … သတ်ကြ…”
လှိုင်းလုံးများက လှုပ်ရှားသွားပြီး တတိယသခင်လေး၏ နတ်ဘုရားလက်နက်က ချက်ချင်းပင် စိုစွတ်သွားခဲ့၏။ နောက်ဆုံးတွင်တော့ ပျက်စီးသွားခဲ့သည်။
တတိယသခင်လေး ဆင်းသက်လိုက်သည့်အချိန်တွင် စောင်းသံက ပေါက်ကွဲသွားခဲ့ပြီး သူက ရှေ့ကို ခက်ခက်ခဲခဲလှုပ်ရှားသွားနေရ၏။ သူ့နောက်တွင် ရှိနေသော ပုံရိပ်ယောင်ခန္ဓာကလည်း စောင်းသံကို တီးခတ်နေခဲ့သည်။
သွေးပြာလူသားများက ပေါက်ကွဲသွားကြပြီး အပြာရင့်ရောင်မီးပွားများ ထွက်လာနေခဲ့သည်။ သို့သော် ရေများက အလွန်အမင်းကို များပြားလှ၏။ သူတို့ထဲတွင် ပညာရှင်များလည်း ပါဝင်နေခဲ့သည်။ အသံများက ဆက်လက်ထွက်ပေါ်လာနေခဲ့၏။
“သတ်ကြစမ်း…”
တတိယသခင်လေး၏ အနက်ရောင်ဆံပင်များက ထုံးထားရာမှ ပြေကျသွားခဲ့ပြီး အဖြူရောင်ဝတ်စုံတွင်လည်း သွေးများ ပေပွနေခဲ့သည်။ သူ့မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။
သူ့မျက်လုံးထဲတွင်တော့ လင်းပိုစောင်းကိုသာ မြင်နေရသည်။ သူက ရှေ့ကို နောက်တစ်လှမ်း တက်လိုက်ရာ ပုံရိပ်ယောင်ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ စတင်လာခဲ့၏။ ထိုအရာက သူ၏အမှားဖြစ်သည်။ အကယ်၍ သူ့အသက်ကို စွန့်လွှတ်လိုက်ရမည်ဆိုလျှင်ပင် သူကတော့ ထိုအရာကို လျော်ကြေးပေးရန် သစ္စာဆိုထားခဲ့၏။
သူ့ဆံပင်များက အဖြူရောင်ပြောင်းလဲလာသည်။ မရေမတွက်နိုင်သော သွေးပြာလူသားများက သူ့ဆီကို ပြေးဝင်လာပြီး သူ၏အသက်စွမ်းအင်များကို ဆက်လက်ထုတ်ယူနေခဲ့၏။ ယခု သူ့ဆံပင်များက အဖြူရောင်ဖြစ်နေသော်လည်း ယခင်တုန်းကကဲ့သို့ ချောမောခန့်ညားနေသေး၏။ သူ့ခန္ဓာကိုယ်ကလည်း အလွန်အားနည်းနေပြီး လေတိုက်လျှင် လဲတော့မလိုထင်ရသည်။
ထိုအချိန်တွင် သူက လင်ပိုစောင်းနှင့် မလှမ်းမကမ်းတွင်ရောက်နေ၏။ ပင့်သက်ရှိုက်လိုက်မိပြီးနောက် သူ့ရင်ထဲတွင် စောင်းသံကို ရေရွတ်လိုက်ပြီး အစွမ်းထက်ဆုံးတေးသံကို တီးခတ်လိုက်သည်။
ခလွပ်...
စောင်းတီးအင်မော်တယ်ပုံရိပ်ယောင်ခန္ဓာ ပျက်စီးသွားသည့်အချိန်တွင် ရွမ်ချန်းတီကလည်း အတူတူသာ ဖြစ်သည်။ သွေးပြာလူသားများ၏လှုပ်ရှားမှုကလည်း ငြိမ်သက်သွားခဲ့၏။
ပျက်စီးသွားသော သွေးများက ပေါက်ကွဲလာပြီး အငွေ့အသက်များနှင့် ပေါင်းစပ်၍ လင်ပိုစောင်းပေါ်တွင် ရှိနေသော အနီရောင်တိမ်တိုက်များကို ဖယ်ရှားပေးလိုက်သည်။ ထိုအချိန်တွင် အနီရောင်အလွှာတစ်ခုက စောင်း၏ကိုယ်ထည်ပေါ်တွင် လွှမ်းခြုံသွားခဲ့သည်။
စောင်း၏အတွင်းထဲမှနေ၍ တုန်ခါသံများလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ ထို့နောက် သူက ရွမ်ကလန်၏ သွေးအဆီအနှစ်ကိုသုံးပြီး နတ်ဘုရားလက်နက်ကို လှုံ့ဆော်ခဲ့သည်။
ဖျစ်...ဖျစ်...ဖျစ်
လင်ပိုစောင်းဆီမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ဇာမဏီတစ်ကောင်နှင့် ရှေးဟောင်းနာရီတစ်ခု၏အရိပ်များ ပါဝင်နေခဲ့သည်။ စောင်းက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး သူ၏ချုပ်နှောင်မှုများကို ဖျက်ဆီးပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့၏။
ထိုအချိန်တွင် ဘိုးဘေးနတ်ဘုရားရုပ်ထု၏ အတွင်းထဲမှနေ၍ ခန့်မှန်း၍မရနိုင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သော်လည်း စောင်းကိုတားဆီးရန် မအောင်မြင်ခဲ့ပေ။ သူက စောင်းကိုပြန်လည်ထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားထားခဲ့၏။
“ဇာမဏီ။ အစစ်အမှန်နဂါး။ ရှေးဟောင်းနာရီ…”
တတိယရွမ်သခင်လေး၏ ပုံရိပ်ယောင်ဝိညာဉ်များက ထိုဖြစ်စဉ်ကို စိုက်ကြည့်နေပြီး လန်းဟွမ်မှော်တေးသွား (၁၂)သွယ် ပထမဆုံး သင်ယူခဲ့ရသည့်အချိန်ကို ပြန်လည်အမှတ်ရသွားခဲ့၏။
“တော်တော်နေလို့ကောင်းတဲ့ ခံစားမှုပဲ…”
ဝေဝါးနေသော သူ၏မျက်လုံးထဲတွင် လင်ပိုစောင်းက ကောင်းကင်ကြီးထဲသို့ ပျံသန်းသွားသည်ကို ကြည့်နေမိခဲ့၏။ သူ၏မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူ၏ပင်မဝိညာဉ်က ပျက်စီးသွားခဲ့ပြီး အမှောင်ထုကြီးအဖြစ် ဖုံးလွှမ်းသွားခဲ့သည်။
နောက်ဆုံးစကားတစ်ခွန်းသာ ပြောခဲ့ရ၏။
“နောက်ဆုံးမှာတော့ ငါ့ရဲ့အမှားကို ပြင်ဆင်နိုင်ခဲ့ပြီ…”
…………
လန်းယာ့မြို့၏အပေါ်ဘက် လေထဲ၌ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။ အဖြူရောင်ပန်းပွင့်လေးများလည်း ပေါ်လာပြီး စောင်းတစ်လက်က လေဟာနယ်ကိုဖြတ်၍ ရွမ်မိသားစုစံအိမ်ဆီသို့ ပျံသန်းလာခဲ့၏။
ထိုစောင်းက အလိုအလျောက် ရွေ့လျားလာခြင်းဖြစ်ပြီး ဘိုးဘေးနတ်ဘုရား၏ အငွေ့အသက်များကို ခုခံနေခဲ့သည်။ အလင်းရောင်များကလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး ပြန်လည်အိပ်ပျော်သွားသလို ထင်မှတ်ရ၏။
မြို့နံရံနှင့် မလှမ်းမကမ်းတွင် ရှိနေသော လက်(၉)ချောင်း သွေးပြာလူသားက ခေါင်းမော့ကြည့်လိုက်သည်။ သူ၏အမူအရာကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ကြီးပေါ်သို့ တက်လှမ်း၍ ထိုစောင်းကို လုယူရန် ကြိုးစားလိုက်သည်။
ရွမ်မိသားစုစံအိမ်ထဲတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များက တပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်။ ရွမ်ယောင်ကွမ်းကလည်း အော်ဟစ်လိုက်၏။
“လင်ပိုစောင်းလား…”
မုန့်ချီ၏ဘဝတွင် ထိုထက်ပို၍ အံ့ဩစရာကောင်းသော အဖြစ်အပျက်ကို မခံစားမိတော့ပေ။ သူက ရွမ်မိသားစု၏ နတ်ဘုရားလက်နက် ပျောက်သွားမှုနှင့် ပတ်သက်ပြီး သူ၏ကိုယ်ပိုင်တွေးဆချက်များ ရှိနေခဲ့သည်။ သို့သော် ထိုနတ်ဘုရားလက်နက်က သံသရာသခင်၏လက်ထဲတွင်လည်း ရှိမနေခဲ့ပေ။ ယခုဘာကြောင့် သူ့အလိုလို အိမ်ပြန်လာခဲ့ရသနည်း။
Translated by Hein Htet.