အခန်း (၆၄၂)
Vol. 43 Ch. 642
ပင်လယ်ရေများက အလွန်နက်ရှိုင်းသော ချောက်ကြီးထဲကို ကျဆင်းလာနေပြီး ပင်လယ်ကြမ်းခင်းတွင် ပြည့်နှက်နေခဲ့သည်။ ဟွမ်တိုက်ချုံနှင့် ရွမ်ကလန်မှ အကြီးအကဲများက လက်ကျန်သွေးပြာလူသားများကို သတ်ဖြတ်နေကြ၏။
တစ်ဖက်တွင်တော့ ဟယ်ချီက ကောင်းချမ်းရွမ်၏ သဏ္ဍာန်မဲ့ဓားပိုးကောင် အငွေ့အသက်ထဲတွင် ပါဝင်နေသော ပစ္စည်းတစ်ခုခုကို ရှာဖွေနေခဲ့ပြီး နောက်ပိုင်း လိုက်လံရှာဖွေခြင်းအတွက် ပြင်ဆင်နေခဲ့သည်။
ရွမ်သခင်ကြီးကတော့ အင်္ကျီလက်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်၏။ သူ၏ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ပြောပြ၍မရနိုင်သော စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေပြီး အလွန်တည်ငြိမ်နေသော ဝမ်သခင်ကြီးကို စိုက်ကြည့်နေမိခဲ့သည်။
သူက စိတ်ဝိညာဉ်စွမ်းအားနှင့် ပြန်မေးလိုက်၏။
"မင်း သူ့ကို ဘာပြောလိုက်တာလဲ…"
ရွမ်သခင်ကြီးက သွေးပြာလူသားများ၏ အငွေ့အသက်ကို ရှာတွေ့ခဲ့ပြီးနောက် အချိန်တော်တော်ကြာ စဉ်းစားနေခဲ့သည်။ ထို့နောက်မှသာ ဝမ်မိသားစုဆီမှ အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူတို့မိသားစုက လင်ပိုစောင်းကို ဆုံးရှုံးခဲ့ရကြောင်း အသေးစိတ်ကိုလည်း ထုတ်ပြောခဲ့သည်။
လော်စာအုပ်၏ အကူအညီနှင့်သာ သွေးပြာလူသားများကို လျင်မြန်စွာ ရှာဖွေနိုင်ပြီး လင်ပိုစောင်းကို ပြန်ရနိုင်မည် ဖြစ်သည်။ သူ့ဆီ၌ တွက်ချက်ရေး နည်းလမ်းများ နည်းပါးမှု မရှိသော်လည်း သူ တစ်ယောက်တည်းနှင့် ထိုပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းရန် လုံးဝမဖြစ်နိုင်ပေ။
အကယ်၍ ထိုအရာကိုသာ အချိန်ဆွဲလိုက်မည်ဆိုလျှင် သွေးပြာလူသားများက ထွက်ပြေးသွားနိုင်ပြီး သူတို့၏အဆင့်မြင့်နတ်ဆရာကလည်း အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ကြီးထဲတွင် ကျောင်းဆောင်နှင့်အတူ ပျောက်ကွယ်သွားနိုင်သည်။ ထိုကဲ့သို့အရာမျိုး ဖြစ်လာသည့်အချိန်တွင် လိုက်လံရှာဖွေခြင်းကလည်း ခက်ခဲနိုင်၏။
နောက်ဆုံးတွင်တော့ ရွမ်သခင်ကြီးက သူ့မိသားစု၏ ပင်မသွေးကြော ဒဏ်ရာရစေနိုင်သည့် စွန့်စားမှုတစ်ခုကို ပေးဆပ်လိုက်ပြီးနောက် ဝမ်သခင်ကြီးက ကူညီပေးရန် သဘောတူခဲ့သည်။ တွက်ချက်ကြည့်ရာမှတဆင့် လင်ပိုစောင်းကလည်း သွေးပြာလူသားများ၏ လက်ထဲတွင် အမှန်တကယ်ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် သူက သွေးပြာလူသားများကို ရင်ဆိုင်ရာတွင် ရွမ်သခင်ကြီးကို ကူညီပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုရာတွင် သွေးပြာလူသားများက အမှောင်ထု၏ တစ်ဖက်ခြမ်းတွင် နေထိုင်ကြလိမ့်မည်ဟု ရွမ်သခင်ကြီးကလည်း လုံးဝမထင်ထားခဲ့ပေ။
သူတို့က ကြယ်တာရာ ကောင်းကင်ကြီး၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာကြပြီး တိုက်ပွဲ၏ အရေးကြီးသော အခြေအနေတွင် ဧရာမကျောင်းဆောင်ကြီးကို အသက်သွင်း၍ ခြေရာလက်ရာမရှိ ထွက်ပြေးသွားနိုင်ခဲ့၏။
သူက ကံကောင်းထောက်မပြီး ထိုတူးမြောင်းထဲတွင် လင်ပိုစောင်းကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့မိသည်။ ထို့ကြောင့် သူက ကျောင်းဆောင်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိဘဲ အဆင့်မြင့်နတ်ဆရာကို ဖိအားပေး၍ ကျောင်းဆောင်နှင့်အတူ ပျောက်ကွယ်သွားစေခဲ့ခြင်း ဖြစ်သည်။
တတိယ ရွမ်သခင်လေးက အန္တရာယ်ထဲသို့ တိုးဝင်သွားသည်ကို သူလည်း မသက်မသာ စိုက်ကြည့်နေခဲ့ရသည်။ သူ၏ဉာဏ်ပညာနှင့် အတွေ့အကြုံများအရ ဝမ်မိသားစု သခင်ကြီးက သူ့သားကို မည်သည့်အရာများ ပြောခဲ့ကြောင်း မှန်းကြည့်ရန် မခက်ခဲပေ။ တစ်ဖက်လူက တွေဝေနေခြင်းမရှိပဲ သူ၏သင်္ချိုင်းမြေသို့ အလွယ်တကူ တိုးဝင်သွားခဲ့သည်။
ထို့ပြင် တိုက်ပွဲ၏ နောက်ဆုံးအခြေအနေတွင် ဝမ်မိသားစုသခင်ကြီးက တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း သေချာနေခဲ့၏။ သူက လော်စာအုပ်၏ အစစ်အမှန်စွမ်းအားကို ပြသခဲ့ခြင်း မရှိချေ။
"ဒါက လင်ပိုစောင်းကို ပြန်ရနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ…"
ဝမ်မိသားစု သခင်ကြီးက သူ၏တွက်ချက်မှုကို ပြတ်သားစွာ ပြောလိုက်သည်။
အကယ်၍ ရွမ်သခင်ကြီးကသာ ကျောင်းဆောင်ထဲသို့ ဝင်သွားပြီး ထိုနေရာသို့ ဦးတည်သွားမည်ဆိုလျှင် တစ်စုံတစ်ယောက်က သတိထားမိသွားနိုင်သည်။ သူကတော့ ယနေ့အထိ အသက် (၅၀) ခန့် ရှက်ရွံ့နေခဲ့ရပြီး ဓမ္မကာရတစ်ဝက်အဆင့်မှနေ၍ ဓမ္မကာရအဆင့်ကိုပင် မရောက်သေးပေ။ သူ့အတွက် သေခြင်းတရားက ကျောက်တုံးတစ်ခုကဲ့သို့ဖြစ်နေပြီး သူက သေခြင်းရှင်ခြင်းကိုပင် အေးအေးဆေးဆေး ရင်ဆိုင်နိုင်သည်။
ရွမ်သခင်ကြီးက ယာယီမှင်တက်နေခဲ့၏။ သူက နှစ်ပေါင်းများစွာ အသက်ကြီးသွားသလို ထင်မှတ်ရသည်။ ထို့နောက် သူက သံစဉ်တစ်ခုကို တီးခတ်လိုက်၏။
"စိမ်းပြာရောင်ကောင်းကင်ကြီးက နေရာတိုင်းမှာ ရှိနေတယ်။ အဲဒီအနုပညာက ငါတို့ရဲ့ လူကောင်းတွေကို ဖျက်ဆီးပစ်နေတာပဲ။ သူက ယူသင့်တဲ့အရာကိုပြန်ယူပြီး သူ့အတွက် အသက်ပေါင်း (၁၀၀) လောက် ပြန်ပြီးပေးစေချင်နေတာပဲ…"
သူက မူလအဓိပ္ပာယ်နှင့် ကွဲပြားသော အဓိပ္ပာယ်ရှိနေသည့် စာသားတစ်ခုကို သီဆိုနေခဲ့သည်။ သူက ရွမ်ချမ်းတီ အသက်ပြန်ရှင်လာစေရန်အတွက် လူပေါင်း (၁၀၀)၏ အသက်ကိုပင် ပေးလိုခဲ့၏။
"သူ့အတွက် လူ့အသက်ပေါင်း (၁၀၀) ကိုတောင် ပေးမှာလား…"
ဟယ်ချီက အဘိုးအို (၂) ယောက်ကို ကြည့်လိုက်သည်။
"ရွမ်ကလန်က သူတို့ရဲ့ခံစားချက်နဲ့ ပတ်သက်ပြီး တော်တော်လေးကို ရူးသွပ်တာပဲ။ သူတို့ရဲ့ဂုဏ်သတင်းကိုတောင် လုံးဝဂရုမစိုက်ကြဘူး…"
ထိုသီချင်း၏ အဆုံးသတ်တွင် ရွမ်သခင်ကြီးက နောက်တစ်ကြိမ် တည်ငြိမ်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါတို့က လန်းယာ့ကို ပြန်သွားသင့်ပြီ…"
တတိယ ရွမ်သခင်လေးက အမှောင်ထုကြီးထဲမှ ထွက်ပေါ်လာနိုင်ခြင်း မရှိတော့သည့်အတွက် လင်ပိုစောင်းက လန်းယာ့နယ်မြေထဲတွင် သေချာပေါက် ပြန်ပေါ်လာနိုင်သည်။
ဝမ်မိသားစု သခင်ကြီးကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ ထိုကြောင့် ရွမ်သခင်ကြီး၏ ယုံကြည်မှုက ပို၍ပင် မြင့်တက်လာခဲ့၏။
……………
"လင်ပိုစောင်း…"
ရွမ်မိသားစု စံအိမ်ထဲတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များဆီမှ ကျယ်လောင်သော အော်ဟစ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့က အလွန်ရင်းနှီးသော အငွေ့အသက်ကို ခံစားမိလိုက်ကြသည်။
"လင်ပိုစောင်း…"
လန်းယာ့မြို့၏ အပြင်ဘက်နှင့် အတွင်းဘက်တွင် ပုန်းအောင်းနေကြသော ဝေ့ကျင်းအဆင့် ပညာရှင်များဆီမှ တိတ်တဆိတ် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
တချို့ကတော့ မြို့ထဲတွင် ပုန်းအောင်းနေကြသော လမ်းမှားနတ်ဆိုးများဖြစ်ကြပြီး သူတို့ကတော့ ရွမ်ကလန်နှင့် သွေးပြာလူသားများ၏တိုက်ပွဲမှ အကျိုးအမြတ်များရရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ တချို့ကလည်း မဟူရာမှတ်တမ်းမှ ပညာရှင်များ ဖြစ်ချင်နေကြ၏။
သူတို့မိသားစုက နတ်ဘုရားလက်နက်ကို မည်သို့ဆုံးရှုံးသွားခဲ့ရကြောင်း အများစုက မသိသော်လည်း ထိုအရာက လက်နက်တစ်ခု၏ အငွေ့အသက် ဖြစ်ကြောင်း သေချာနေကြသည်။
ထိုအချိန်တွင် သိုင်းသခင် တစ်ယောက်ဖြစ်သော ရွမ်ပိုကောင်းက လေထဲသို့ ခုန်တက်လိုက်ပြီး ရွမ်မိသားစု၏ နောက်ဆုံးသိုင်းကွက်ကို အသက်သွင်းရန် ပြင်လိုက်စဉ် နှင်းတောင်ဓားဂိုဏ်းမှ အင်မော်တယ်ဘိုးဘေးပြတိုက်၊ ကျင်းကန်းကျောင်းတော်မှ အဆုံးအစမဲ့ပင်လယ် နောက်ဆုံးသိုင်းကွက်ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်။
အခွင့်အရေးက မည်သူ့ကိုမျှ စောင့်နေခြင်း မရှိချေ။ အချိန်ခဏ ကုန်ဆုံးသွားခဲ့၏။ သူက လှုပ်ရှားတော့မည့်အချိန်တွင် လေထဲ၌ အပြာရင့်ရောင် လေလှိုင်းများ ထွက်ပေါ်လာပြီး လင်ပိုစောင်းဆီသို့ တည့်တည့်ပျံသန်းလာကြောင်း တွေ့လိုက်ရသည်။
"ဒါက သွေးပြာလူသားတွေပဲ။ သူတို့မှာ လက် (၉) ချောင်းပဲရှိတယ်…"
ရန်သူကို မှတ်မိသွားသည့်အချိန်တွင် သူ့မျက်နှာက နီရဲလာခဲ့၏။
လင်ပိုစောင်းကတော့ တစ်စုံတစ်ခုကို ခုခံနေရသည့်အလား ပင်ပန်းနေပုံရ၏။ အကယ်၍ သွေးပြာလူသားများကသာ စောင်းကို အပိုင်ရသွားမည်ဆိုလျှင် ခြေရာလက်ရာမရှိ ထွက်ပြေးသွားနိုင်သည်။ သူတို့က မိသားစု၏ နောက်ဆုံးလှည့်ကွက်ကို အသုံးပြုရန် အချိန်မရှိခဲ့ပေ။
အလွန်လျင်မြန်စွာ ဆုံးဖြတ်လိုက်ပြီးနောက် သူက လေထဲသို့ စောင်းသံများ ပို့လွှတ်လိုက်သည်။ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများထဲတွင် ထိုအရာက ကောင်းကင်ပေါ်သို့ တည့်တည့်ပျံသန်းသွားခဲ့၏။
ရောင်စုံဇာမဏီငှက်ကြီးကလည်း မြွေလိမ်မြွေကောက် ပျံသန်းလာပြီး လက် (၉) ချောင်း သွေးပြာလူသား၏ ပင်မဝိညာဉ်ကို ခြောက်လှန့်ပစ်ခဲ့သည်။ သူ၏လှုပ်ရှားမှုများက ဒယိမ်းဒယိုင် ဖြစ်သွားသည့်အချိန်တွင် ကောင်းကင်ကြီး၏ တစ်ဝက်ခန့်၌ ခရမ်းရောင် မီးတောက်များ ပေါက်ကွဲလာသည်ကို မြင်တွေ့လိုက်ရသည်။
တစ်ချိန်တည်းလိုလိုပင် ရွမ်ကလန်မှ ဝေ့ကျင်းအဆင့် ပညာရှင်များက ဝင်္ကပါကြီးကို အသက်သွင်းလိုက်ပြီး စံအိမ်တစ်ခုလုံးကို ဖုံးကွယ်ထားလိုက်သည်။ ထိုအရာက အခြေအနေကို အခွင့်ကောင်းယူပြီး တခြားလူများ တိုက်ခိုက်ခြင်းကို ကာကွယ်ရန်လည်း ဖြစ်၏။
လန်းယာ့မြို့ ဝင်္ကပါကို အသက်သွင်းခြင်းက ယပ်တောင် (၆) လက်ကျောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အတွက် ပို၍နှေးကွေးနိုင်သည်။ နေရာအစုံမှနေ၍ အလင်းတန်းများ ထွက်ပေါ်လာသည့်အတွက် သူတို့အားလုံးက ရတနာကိုရယူရန် သေချာပေါက် ကြိုးစားကြလိမ့်မည် ဖြစ်၏။
ရွမ်ကလန်က မည်သူ့ကိုမျှ ကြောက်လန့်နေခြင်း မရှိချေ။ အကယ်၍ သူတို့၏ ပြိုင်ဘက်ကင်း သိုင်းပညာရှင်များ သာမန်ဝေ့ကျင်းအဆင့် ပညာရှင်များက အရေးပါသော စံအိမ်များထဲ၌ နေထိုင်နေပြီး ရှားပါးတွင်းထွက်ပစ္စည်းများကို စောင့်ကြပ်နေမည်ဆိုလျှင်ပင် အနည်းဆုံးတော့ သူတို့၏နေအိမ်တွင် ပြိုင်ဘက်ကင်းပညာရှင် (၅) ယောက်နှင့် ဝေ့ကျင်းအဆင့်ပညာရှင် တစ်ဒါဇင်ကျော် ရှိနေသေးသည်။
သူတို့က လွှမ်းမိုးမှုအရှိဆုံး မိသားစုကြီးထဲမှ တစ်ခုဖြစ်၏။ သူတို့က ထိုပိုးကောင်လေးများကို ဖိနှိပ်ရန် ပညာရှင် အလုံအလောက် ရှိနေသည်။ ရောင်စုံဇာမဏီငှက်က လက် (၉) ချောင်း သွေးပြာလူသားဆီသို့ ပျံသန်းသွားခဲ့၏။ ရွမ်ပိုကောင်းက စောင်းကို လက် (၂) ဖက်နှင့် ထိန်းချုပ်နေရင်း လျှာကို ကိုက်လိုက်ရာ သွေးများ ထွက်လာခဲ့သည်။
သွေးအဆီအနှစ်များက လောင်ကျွမ်းသွားပြီး အနီရောင်မြူခိုးများအဖြစ် ပြောင်းလဲ၍ လင်ပိုစောင်းရှိရာကို ပျံသန်းသွားခဲ့၏။ သူက စောင်းကို အကူအညီပေးရန် ကြိုးစားလိုက်ခြင်းလည်း ဖြစ်၏။ အလွန်အတွေ့အကြုံရှိသော ရွမ်ပိုကောင်းက သိပ်မကြာခင် အတောအတွင်း သိုင်းလောကတွင် ပါဝင်ဆင်နွှဲသည်မှာ ရှားပါးသည်။
သို့သော် လက်ရှိအချိန်တွင်တော့ သူက လက် (၉) ချောင်း သွေးပြာလူသားနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေခဲ့၏။ ထို့ပြင် သူက ရေကို ထိန်းချုပ်နိုင်သော တခြားလူများ၏ စွမ်းရည်ကို ခုခံရန် အာရုံစိုက်နေရသည့်အတွက် အနည်းငယ် အရေးနိမ့်နေခဲ့သည်။
အကယ်၍ သူကသာ လင်ပိုစောင်းဆီကို ချက်ချင်း ရောက်လာမည်ဆိုလျှင် ထိုလူက သူ့ကို သေချာပေါက် တားဆီးရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သူက ထိုလူကို တားဆီးရန်သာ အရင်ဆုံး ဆုံးဖြတ်လိုက်သည်။
သွေးအဆီအနှစ်ကို လမ်းပြအနေနှင့် အသုံးပြုပြီး သူက စောင်းကို ကူညီပေးရန် ကြိုးစားလိုက်သည်။ စောင်းကသာ စိတ်ဝိညာဉ်သဘာဝ ပြန်ကောင်းလာမည်ဆိုလျှင် နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည့်အတွက် လက် (၉) ချောင်း သွေးပြာလူသားက အနိုင်ရရန် အခွင့်အရေး မရှိတော့ချေ။
အကောက်ကြံချင်နေသော တခြားပညာရှင်များကလည်း လှုပ်ရှားရဲတော့မည် မဟုတ်ချေ။ ထင်ထားသည့်အတိုင်း လက် (၉) ချောင်း လူ၏လက်ထဲတွင် ထူးခြားသော တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့၏။ ထိုတံဆိပ်ပြားက ဓားမြှောင်တစ်ခုနှင့် တူညီနေသော်လည်း ဓားမြောင်တစ်ခုတော့ မဟုတ်ချေ။
သူ၏မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပိုးကောင်ကဲ့သို့ ပုံစံများစွာကို ထွင်းထုထားသည်။ ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး မီးတောက်ပင်လယ်ကြီးကို ဖြတ်ကျော်ပစ်လိုက်၏။
လက် (၉) ချောင်း ပညာရှင်၏ ပင်မဝိညာဉ်ကလည်း စောင်းသံ၏ သက်ရောက်မှုမှ လွတ်မြောက်သွားခဲ့ပြီး သူက ဧရာမပိုးကောင်ကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသော သူ၏ပုံရိပ်ယောင် ခန္ဓာကိုယ်ကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်နှင့် ပုံရိပ်ခန္ဓာက တစ်ပြိုင်နက်တည်း ပျက်စီးသွားခဲ့ပြီး သူက အလွန်သေးငယ်သော ကူအဆိပ်ပိုးကောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ တံဆိပ်ပြား၏ အကူအညီနှင့် များပြားလွန်းလှသော ကူအဆိပ်ပိုးကောင်များက ပင်မချီစွမ်းအင် ပင်လယ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းမျိုးရိုး အဘိုးကြီးကဲ့သို့ မဟုတ်ဘဲ လက် (၉) ချောင်း လူက ချီစွမ်းအင်ပင်လယ်ကြီးနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားနိုင်ခဲ့ပြီး တခြားလူများက ပိုးကောင်ကို စစ်ဆေးကြည့်၍ မရနိုင်ခဲ့ပေ။ သူက ခြေရာလက်ရာတချို့ ချန်ထားခဲ့သည့်အတွက် ရွမ်ပိုကောင်း၏ ထက်မြက်သောသိစိတ်က ချက်ချင်း အာရုံခံနိုင်ခဲ့၏။
"သူက ချီစွမ်းအင်ပင်လယ်ကြီးနဲ့ ပေါင်းစပ်နိုင်ပြီး ချီစွမ်းအင်တွေကို စုပ်ယူလိုက်မယ်ဆိုရင် တခြားလူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားနိုင်တာလား…"
ရွမ်ပိုကောင်း၏ မျက်လုံးများက အေးစက်သွားခဲ့ပြီး သူ၏စောင်းသံက ပို၍ထက်မြက်လာခဲ့သည်။
ကောင်းကင်ကြီးကလည်း မတူညီသောအရောင် ပြောင်းလဲသွားခဲ့ပြီး ချီစွမ်းအင် ပင်လယ်ကြီးက ပျက်စီးသွားခဲ့၏။ သူ့ဆီကို ရောက်လာနေသော ချီစွမ်းအင်များကလည်း အဝေးသို့ ဖယ်ရှားခံလိုက်ရသည်။
"ဒါက အချိန်အကြာကြီး တိုက်ခိုက်နိုင်တဲ့ နည်းလမ်းမဟုတ်ဘူး…"
ချီစွမ်းအင်များအပေါ် သူ၏စုပ်ယူမှုနှင့် မှုတ်ထုတ်ခြင်းက အနိမ့်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်၏။ သူ၏စောင်းသံက ဆက်လက်ထွက်ပေါ်လာနေပြီး ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကို လှုပ်ရှားသွားစေနိုင်သည့်အပြင် ရန်သူနှင့် သူ့လူ (၂) ယောက်လုံးကို သက်ရောက်စေနိုင်သည်။ သူက လက်(၉)ချောင်း ပညာရှင်၏ ပင်မဝိညာဉ်ကို တိုက်ရိုက်လွှမ်းမိုးနိုင်ရန် ကြိုးစားနေခဲ့၏။
လေထဲတွင် အပြာရောင်မီးပွားလေးများက တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။ လက်(၉)ချောင်း ပညာရှင်က တံဆိပ်ပြားကို အားကိုးပြီး စောင်းသံကို မနည်းခုခံနေရ၏။ ဓားပိုးကောင်က ပေါ်လိုက် ပျောက်လိုက်နှင့် ဆက်တိုက် လှုပ်ရှားနေပြီး တွေးကြည့်၍ မရနိုင်သော ပုံသဏ္ဍာန်နှင့် တိုက်ခိုက်နေခဲ့သည်။
ထိုခဏတွင် သူတို့ (၂) ယောက်က သူမသာ ကိုယ်မသာ အခြေအနေကို ရောက်နေခဲ့၏။ ရုတ်တရက်ဆိုသလို အနက်ရောင်ဝတ်စုံနှင့် လူသေကောင်ကဲ့သို့ လူတစ်ယောက်က သူ့ပုခုံးပေါ်မှကျော်ပြီး လင်ပိုစောင်း၏အနားတွင် ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အချိန်ကာလကြာ စုဆောင်းထားသော ဖုန်မှုန့်များ ပြည့်နှက်နေခဲ့၏။
သူက အက်ရှရှ အသံနှင့် ရယ်လိုက်သည်။
"ငါက အိမ်မှာ နားနေတုန်း ကောင်းကင်ဘုံက ရတနာတစ်ခု ကျလာတာပါလား။ တကယ်လို့ ကောင်းကင်ဘုံက ပို့လိုက်တဲ့ လက်ဆောင်ကို လက်မခံဘူးဆိုရင် အကျိုးဆက်က ခံစားကြည့်လို့တောင် မရဘူး…"
အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသော နတ်ဘုရားလက်နက်တစ်ခုက တိုက်ရိုက် အသုံးပြု၍ ရနိုင်သော ရှားပါးရတနာတစ်ခု ဖြစ်သည်။
စကားပြောနေရင်း အနက်ဝတ်လူက ညာဘက်လက်ကို ထုတ်လိုက်သည်။ သူ၏လက်အရွယ်အစားက ကြီးမားလာပြီး ဧရာမလက်ဝါးကြီးနှင့် စောင်းကို လှမ်းကိုင်လိုက်သည်။
"စာရင်းကိုင်နတ်ဆရာ…"
ရွမ်ပိုကောင်း၏သိစိတ်က လှုပ်ရှားသွားခဲ့ပြီး သူက လက် (၉) ချောင်းပညာရှင်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခြင်း မရှိတော့သလိုပင် ဖြစ်သွားခဲ့၏။ သူက စောင်းသံကိုသုံးပြီး သူ၏ပတ်ပတ်လည်ကို သက်ရောက်စေရန် တိုက်ခိုက်နိုင်ခြင်းလည်း မရှိတော့ပေ။
လူသေတစ်ယောက်၏ အငွေ့အသက်များ ရှိနေသော အနက်ဝတ်လူက လော်အဖွဲ့အစည်းမှ စာရင်းကိုင်နတ်ဆရာ ဖြစ်၏။ သူက မဟူရာမှတ်တမ်းတွင် အဆင့် (၅) ဖြစ်သော ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ပညာရှင်တစ်ယောက်ဖြစ်ပြီး မြေပြင်မှတ်တမ်းတွင် အဆင့် (၂၆) ဖြစ်သည်။
သူက မြစ်အရှေ့ပိုင်းတွင် လော်အဖွဲ့အစည်း၏ ကိစ္စများကို ကြီးကြပ်ရသော တာဝန်ရှိနေပြီး ယခုတစ်ကြိမ် ရွမ်ကလန်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ ထိုအချိန်တွင် လင်ပိုစောင်းက ကောင်းကင်ပေါ်မှ ကျလာလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ ထို့ပြင် စောင်းက အိပ်ပျော်နေသော အခြေအနေမျိုး ဖြစ်နေ၏။ ထိုအရာက သူရနိုင်သော ပစ္စည်းတစ်ခု ဖြစ်နေသည့်အတွက် သူလက်ထဲမှ အလွတ်မပေးနိုင်ပေ။
စာရင်းကိုင်နတ်ဆရာက ထူးဆန်းစွာ ပြုံးလိုက်ပြီး စဉ်းစားနေခြင်း မရှိဘဲ ထိုစောင်းကို လက်ဖဝါးနှင့် လှမ်းရိုက်လိုက်သည်။ သူ၏လက်ချောင်းလေးများက စောင်းနှင့် လက်မအနည်းငယ်ခန့်သာ လိုတော့၏။ ထိုအချိန်တွင် သူ၏လက်ဖဝါးရှေ့၌ ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာကတော့ ပန်းကန်လုံးတစ်ခု ဖြစ်၏။
"တောင်..."
ပန်းကန်လုံးဆီမှ အသံတစ်ခု ထွက်လာခဲ့သည်။
အလွန်ရိုးရှင်းသော ဘုန်းတော်ကြီးတစ်ပါးက လေထဲတွင် ပျံသန်းနေပြီး စာရင်းကိုင်နတ်ဆရာကို လက်တစ်ဖက်နှင့် ဦးညွှတ်လိုက်၏။
"အော်မီတော်ဖော်…
ငါက ဆုံးရှုံးသွားတဲ့အရာကို ပြန်ရဖို့အတွက် ဒီပစ္စည်းကို လိုအပ်တယ်။ ဒီတော့ လှူဒါန်းတဲ့အနေနဲ့ ငါ့ကိုပေးဖို့ ဒကာကြီးကို လေးလေးစားစား တောင်းဆိုချင်တယ်.."
"ဖရာကျဲတူ …
ငါက မင်းရဲ့ဆုံးရှုံးမှုကို ဖြည့်ဆည်းဖို့အတွက် တခြားပစ္စည်းတစ်ခုပြန်ပေးမယ်…"
စာရင်းကိုင်နတ်ဆရာက ထိုဘုန်းတော်ကြီးထက် ပို၍အစွမ်းထက်သော်လည်း တစ်ဖက်လူနှင့် တိုက်ခိုက်နေလိုခြင်း မရှိချေ။ ထို့ကြောင့် သူက ထိုဘုန်းတော်ကြီးကို နှစ်သိမ့်ရန် လျင်မြန်စွာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုဘုန်းတော်ကြီးက တွေဝေနေခဲ့သည်။
"ဒီလောက်လူတွေအများကြီး စိုက်ကြည့်နေတဲ့အချိန်မှာ လောဘက ငါ့ကို ဖုံးကွယ်သွားလို့ ရမလား။ ငါက လင်ပိုစောင်းကို ယူလိုက်ပြီး ရွမ်ကလန်ကနေ ရတနာတစ်ခုနဲ့ အလဲအလှယ်လုပ်လိုက်တာ ပိုကောင်းတယ်…”
“တကယ်လို့ ဘယ်သူမှ မကြည့်ဘူးဆိုရင်တော့ လောဘက ထိန်းချုပ်ခွင့်ပေးမယ်ဆိုတဲ့ သဘောလား…"
နတ်ဆရာက ထိုကဲ့သို့ အရှက်မရှိသော ဘုန်းတော်ကြီးတစ်ပါးကို လုံးဝမတွေ့ဖူးချေ။ သူက အလွန်ရူးသွပ်သွားသည့်အတွက် သွေးအန်လုမတတ် ဖြစ်သွားခဲ့၏။
သူက သူ၏စွမ်းရည်များကို ထုတ်သုံးလိုက်ရာ သူ့နောက်တွင် နတ်ဘုရားပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့သည်။ ခေါင်း (၂) လုံး လက် (၆) ဖက် နတ်ဘုရားက လက်ထဲတွင် ကြာပန်းဖြူစာအုပ်တစ်ခုကို ကိုင်ထား၏။ ကောင်းကင်ကြီးတစ်ခုလုံးတွင်လည်း ကျမ်းစာရွတ်ဖတ်သံများ ပြည့်နှက်နေပြီး ဖရာကျဲတူနှင့် တိုက်ခိုက်လိုက်သည်။
လင်ပိုစောင်းကတော့ လမ်းကြောင်းမှ စတင်သွေဖယ်သွားပြီး လန်းယာ့၏ အဝေးကို ရောက်လာခဲ့သည်။ သိုင်းသခင် (၄) ယောက်က ကြောက်စရာကောင်းစွာ တိုက်ခိုက်နေသည်ကို မြင်သည့်အခါ တခြားသော ပညာရှင်များကလည်း စောင်းကို ရယူရန် စတင်လှုပ်ရှားလာကြသည်။ ထိုအရာက သူတို့၏အခွင့်အရေး ဖြစ်၏။
ရွမ်ကလန်မှ ပညာရှင်များကတော့ ဝင်္ကပါကို စောင့်ကြပ်ရန် အတွင်းထဲ၌ နေထိုင်ရသည့်အတွက် တခြားသော ပြိုင်ဘက်ကင်း သိုင်းပညာရှင်များက လန်းယာ့မြို့ထဲမှ ပျံသန်းလာပြီး ကောင်းကင်ပေါ်သို့ ရောက်လာကြသည်။ ရွမ်ကလန်၏ နောက်ဆုံးလှည့်ကွက်ကို အသက်သွင်းရန်အတွက် သိုင်းသခင်များ၏စွမ်းရည်ကို လိုအပ်သည်။
ထိုအချိန်တွင် သွေးပြာလူသား (၅) ယောက်က လေထဲတွင် ပေါ်လာခဲ့၏။ သူတို့ခေါင်းဆောင်၏ နောက်တွင်တော့ မြောက်မြားလွန်းလှသော ပိုးကောင်များမှ ဖန်တီးထားသော ဓားတစ်ခု ရှိသည်။ ခေါင်းဆောင်ဆီမှ ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်၏ အငွေ့အသက်မျိုး ထွက်နေ၏။
သူက မောက်မာစွာ ပြောလိုက်သည်။
"သိုင်းသခင်အဆင့်ကို မရောက်သေးတဲ့သူတွေထဲမှာ ဘယ်သူက အနားကို လာရဲတာလဲ…"
ထိုစကားကို ကြားသည့်အခါ တိုက်ခိုက်ချင်နေသော ပညာရှင်များက ချက်ချင်း ရပ်တန့်သွားကြသည်။
"ဟုတ်တယ်။ သွေးပြာလူသားတွေက ရေကို ထိန်းချုပ်နိုင်တယ်။ သိုင်းသခင်အစွမ်းမျိုး မရှိဘဲ သူတို့ရဲ့စွမ်းရည်ကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းမျိုး မရှိရင် အဆင့်တူ သွေးပြာလူသားတွေကို ရင်ဆိုင်တာက သေချာပေါက် သေသွားနိုင်တယ်…”
“ဒါက အရေအတွက်အရ အနိုင်ရနိုင်တဲ့ ကစားပွဲမျိုး မဟုတ်ဘူး။ ပြီးတော့ လေထဲမှာ ဝေ့ကျင်းအဆင့် အထွဋ်အထိပ် သွေးပြာလူသား (၂) ယောက်လည်း ရှိသေးတယ်။ တကယ်လို့ ငါတို့ကသာ စောင်းကို သွားပြီး ယူလိုက်မယ်ဆိုရင် ကိုယ့်အသက် ကိုယ်ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား…"
ရတနာက မည်မျှ အဖိုးတန်စေကာမူ သူတို့၏အသက်လောက် တန်ဖိုးမရှိချေ။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြ၏။ သူတို့ထဲတွင် သွေးပြာလူသားများကို ချုပ်နှောင်နိုင်သော ရတနာနှင့် လျှို့ဝှက်ကျင့်စဉ်များ မရှိကြောင်း နားလည်သွားကြ၏။ အကယ်၍ သူတို့က မဟူရာမှတ်တမ်းထဲတွင် ရှိနေသော ပညာရှင်များ ဖြစ်နေလျှင်ပင် သိုင်းသခင်များ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့က စောင်းကိုရယူပြီး ထွက်ပြေးရန် အိပ်မက်ကို လက်လျှော့လိုက်ကြ၏။
ထို့ကြောင့် ရွမ်ကလန်မှ ပြိုင်ဘက်ကင်း သိုင်းပညာရှင်များကပင် အနည်းငယ် တွေဝေသွားခဲ့သည်။ သူတို့က ပြင်ဆင်ထားခြင်းမရှိဘဲ အနည်းငယ်ကတော့ သေခြင်းတရားနှင့် ကြုံတွေ့ရနိုင်ချေကို သုံးသပ်ကြည့်နေကြ၏။
သွေးပြာလူသားများ၏ခေါင်းဆောင်က အားရပါးရ ရယ်လိုက်သည်။
"တကယ့်ကို ငကြောက်တွေပါလား…"
သူက စောင်းကိုယူရန် ပြန်လှည့်လိုက်သည်။
လန်းယာ့ အနောက်ဘက် တောင်ထိပ်ပေါ်တွင် ဝမ်စစ်ယွမ်၏ အမူအရာက ဖြူဖပ်ဖြူရော် ဖြစ်နေရာမှ အဝါရောင် ပြောင်းလဲသွားခဲ့၏။ သူက လေထဲသို့တက်လာပြီး သူ့ဓားကို ဆွဲထုတ်လိုက်သည်။ နောက်ဆုံးတွင် သူစောင့်နေသောအရာက ရောက်လာခဲ့ပြီ ဖြစ်၏။
"သခင်လေး…"
သူ၏အစေခံမလေးက သူ့ကို တားဆီးရန် ပြင်လိုက်၏။
ဝမ်စစ်ယွမ်က သူမကို အပြုံးနှင့် ပြောလိုက်သည်။
"ဘာမှမစိုးရိမ်ပါနဲ့။ အခုချိန် ငါ့ရဲ့ဓာတ်ကြီး (၅) ပါးထဲမှာ ရေစွမ်းအား လိုနေသေးတယ်…"
"တကယ့်ကို ငကြောက်တွေပဲ…"
ထိုစကားများက ရွမ်ကလန်တွင် ရှိနေသော ပြိုင်ဘက်ကင်း သိုင်းပညာရှင်များ၏ နားထဲသို့ ရောက်လာသည့်အချိန်တွင် သူတို့၏အသက်ရှူသံက လျင်မြန်လာပြီး မျက်နှာက နီရဲလာကြသည်။ သူတို့က အချင်းချင်း ကြည့်နေမိကြပြီး အသက်ကို စွန့်လွှတ်ရန် ဆန္ဒများပင် ပေါ်လာကြ၏။
သူတို့က လှုပ်ရှားရန် ပြင်လိုက်စဉ် ဓားမောက်တစ်လက် ထုတ်လိုက်သည့်အသံကို ကြားလိုက်ရ၏။
"ချွမ်..."
နဂါးဟိန်းသံတစ်ခုကလည်း လူတိုင်း၏နားထဲတွင် ကြားလိုက်ရပြီး အလွန်ကြောက်စရာကောင်းသော အရာတစ်ခု အချုပ်အနှောင်မှ လွတ်မြောက်လာသလို ထင်မှတ်လိုက်ရသည်။
အလွန်ကြီးကျယ်ခမ်းနားသော ခရမ်းရောင် အလင်းတန်းတစ်ခုက ကောင်းကင်ကြီးကို ဖြတ်သန်းလာပြီး သွေးပြာလူသားခေါင်းဆောင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း..."
ပေါက်ကွဲသံများ ဆက်တိုက် ထွက်လာခဲ့၏။ ကြည်လင်တောက်ပသော အသားအရေရှိနေသည့် သွေးပြာလူသားများက အလင်းတန်းထဲမှ ပျံသန်းလာကြသည်။ သူတို့၏ခန္ဓာကိုယ်က အကြိမ်ပေါင်းများစွာ ပျက်စီးနေသော ရေလုံးကြီးတစ်ခု အလားဖြစ်သွားပြီး ထိုအရာက အလွန်သနားစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ဓားမောက်ထဲတွင် မိုးကြိုးစွမ်းအင်များ ပြည့်နှက်နေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ ထို့နောက် ဓားမောက်က အလွန်ထက်မြက်သော နေရာတစ်ခုသို့ စုစည်းသွားခဲ့၏။
"ဗုန်း..."
ဓားမောက်က ကျဆင်းလာခဲ့သည်။ လေဟာနယ်၏အလယ်တွင် အလွန်အစွမ်းထက်ပြီး အဆုံးအစမဲ့သော မိုးကြိုးသံကြီးက ကောင်းကင်တစ်ဝက်ခန့်ကို လွှမ်းမိုးသွားခဲ့၏။ ထိုအရာက သွေးပြာလူသား ဝေ့ကျင်းအဆင့် ပညာရှင် (၄) ယောက်ကို လွှမ်းခြုံသွားခဲ့သည်။
မိုးကြိုးပင်လယ်ကြီး ပျောက်ကွယ်သွားခဲ့ပြီး လေထုထဲတွင် သွေးပြာလူသား ပညာရှင် တစ်ယောက်တည်းသာ ကျန်နေတော့သည်။ သူ့နောက်တွင် ရှိနေသော ပုံရိပ်ယောင်ခန္ဓာက ဝဲကတော့အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်သွားသည့်အလား ခြောက်ကပ်သွားခဲ့သည်။ သူက သူ့ရှေ့တွင် ရှိနေသော မြင်ကွင်းကိုကြည့်ပြီး စိတ်ဓာတ်ကျသွားခဲ့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ လုံးဝမဖြစ်နိုင်ဘူး။ သူက သူတို့တွေကို ရင်ဆိုင်ဖို့ ရေစွမ်းအားကိုတောင် အသုံးပြုလို့ မရနိုင်တော့တာလား…"
အနီးအနားတွင်တော့ အနက်ဝတ်မုန့်ချီက လေဟာနယ်ထဲတွင် သူ၏ဓားမောက်ကိုကိုင်ပြီး ဂုဏ်ယူစွာ ရပ်နေခဲ့သည်။
သူက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"မင်းတို့ကမှ ငကြောက်တွေ...။ မင်းတို့ကို လာပြီး အကူအညီပေးမယ့်သူ ရှိသေးလား။ ငါက မင်းတို့ကို (၁၀) ယောက်ဆိုလည်း သတ်ပစ်နိုင်တယ်…"
Translated by Hein Htet.