← Chapters

အခန်း (၆၄၃)

Vol. 43 Ch. 643

အခန်း (၆၄၃)

Vol. 43 Ch. 643

သွေးပြာလူသားများက အလွန်ထူးခြားသော သူတို့၏ရေစွမ်းအင် ထိန်းချုပ်နိုင်စွမ်းကြောင့် သိုင်းသခင်အဆင့်အောက်တွင် ရှိနေသော အဆင့်တူ ပညာရှင်တိုင်းကို အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်သည် မဟုတ်ပေလော။ သွေးပြာလူသားများ၏ ဒေါသကို ခံရမည်ဆိုလျှင် ခန္ဓာကိုယ်ထဲတွင် ရှိနေသော အစိုဓာတ်များ ၊ အသက်စွမ်းအင်များက လွတ်မြောက်နိုင်ခြင်း မရှိသည်မှာလည်း အမှန်မဟုတ်ပေလော။

မြေပေါ်တွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များကတော့ ခရမ်းရောင် အစွမ်းထက်မိုးကြိုးစွမ်းအားများ ပြည့်နှက်နေသည့် ယန်စွမ်းအားများကို စိုက်ကြည့်နေမိခဲ့သည်။ ထိုအရာက သူတို့ကို အညံ့ခံလာစေရန် ဖြောင်းဖြနေသလို ခံစားနေရ၏။

သတ်ဖြတ်ရေးဓား စုမုန့်က အစစ်အမှန် သွေးပြာလူသားများကို ဖျက်ဆီးပစ်လိုက်ခြင်းပေလော။ သတ်ဖြတ်ရေးဓား စုမုန့်က ယခုလေးမှ ပုံရိပ်ယောင်ခန္ဓာကို စုစည်းထားခြင်းဖြစ်ပြီး လွန်ခဲ့သော (၂)ရက်ခန့်ကမှ ပြိုင်ဘက်ကင်း သိုင်းပညာရှင်အဆင့်ကို ရောက်လာခဲ့ခြင်း မဟုတ်ပေလော။ သူက ပြိုင်ဘက်ကင်း သိုင်းပညာရှင်အဆင့်ကို ရောက်လာသည်နှင့် သိုင်းသခင်တစ်ယောက်နှင့် ညီမျှသောအစွမ်းမျိုးကို ရရှိထားခြင်းပေလော။

သူက သွေးပြာလူသားများနှင့် တိုက်ခိုက်ရန် ပို၍များပြားသော စွမ်းအားများကို အသုံးပြုရနိုင်သည်။ သူက မည်သည့်အရာကို အားကိုးနေခဲ့သနည်း။ ထိုအရာက သူ၏လျှို့ဝှက်ကျင့်စဉ်များ သို့မဟုတ် ရတနာများကြောင့် ဖြစ်နိုင်မည်လော။ သူတို့ကတော့ အဖြေကို စဉ်းစားကြည့်နေသည့်အချိန်တွင် အံ့ဩမှုများကို တဖြည်းဖြည်း ဖျောက်ဖျက်ပစ်နိုင်ခဲ့သည်။

သတ်ဖြတ်ရေးဓားက သွေးပြာလူသားများ၏ ရေထိန်းချုပ်ရေးစွမ်းရည်ကို ရင်ဆိုင်နိုင်ရန်အတွက် လျှို့ဝှက်ကျင့်စဉ်များ သို့မဟုတ် ရတနာများ၏ အကူအညီရှိနေလျှင်ပင် ပြိုင်ဘက်ကင်းသိုင်းပညာရှင် (၂)ယောက်နှင့် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ပညာရှင် (၃)ယောက်ကို သတ်ပစ်နိုင်သည်မှာ အလွန်ကြောက်စရာကောင်းကြောင်း နားလည်သွားခဲ့သည်။

အရှေ့ပင်လယ်ဓားကျေးရွာမှ ရထားသော သတင်းများကို အခြေခံ၍ သွေးပြာလူသားများက ရေစွမ်းအားများကို ထိန်းချုပ်နိုင်သော ပါရမီ ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းမျိုးကိုလည်း ပိုင်ဆိုင်ထားနေသေး၏။

ထိုအရာက သွေးပြာလူသားများအဖြစ် ပြောင်းလဲသွားခဲ့သော သဏ္ဌာန်မဲ့ ဓားပိုးကောင်မျိုးဆက်မှ ပညာရှင်များအတွက်တော့ မှန်ကန်လွန်းလှသည်။ သူတို့က သာမန်ပြိုင်ဘက်ကင်း သိုင်းပညာရှင်များထက် အားနည်းနေကြခြင်း မရှိချေ။

သတ်ဖြတ်ရေးဓားစုမုန့်၏ အစောပိုင်း တိုက်ခိုက်မှုများက အလွန်အံ့ဩစရာ ကောင်းလွန်းလှသည်။ သူက လျင်မြန်သွက်လက်စွာနှင့် ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်ပြီး ရန်သူကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်၏။

‘နတ်ဆိုးများ သေဆုံးခြင်း’ဟူသော သိုင်းကွက်ဆီမှ အစွမ်းထက်သည့် မိုးကြိုးစွမ်းအင်များက ကျန်ရှိနေသော သွေးပြာလူသားများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူတို့၏ခန္ဓာကိုယ်ထဲရှိ အစိုဓာတ်များအားလုံးကို ခြောက်ခမ်းစေ၍ အကြောလိုက်သွားစေခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် လွတ်မြောက်ရန် လုံးဝမဖြစ်နိုင်ကြောင်း သိနေသော်လည်း မုန့်ချီ သူ့ကို ပြန်ပြောလိုက်သည့်စကားကြောင့် ထိုလူူက ဒေါသတကြီး ပျံသန်းလာခဲ့၏။ သူက အံကြိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့ခန္ဓာကိုယ်က သဲကျောင်းဆောင်ကြီး တစ်ခုကဲ့သို့ ချက်ချင်း‌ပြိုကျသွားခဲ့သည်။

ထို့နောက် ရေစက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့နောက်တွင် ရှိနေသော ဝဲကတော့ ပုံသဏ္ဌာန် ပုံရိပ်ယောင်ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့၏။ ပုံရိပ်ယောင်ခန္ဓာကိုယ်က ‌တဖြည်းဖြည်း ပျက်စီးသွားခဲ့သည်။ ထိုအရာကတော့ အပြာရောင်အဆိပ်ပိုးကောင်များမှ ဖန်တီးထားခြင်းဖြစ်ပြီး အလွန်သေးငယ်လွန်းလှသည့်အတွက် မြင်တွေ့ရရန် ခက်ခဲနိုင်သည်။

ဓားချီစွမ်းအင်များကတော့ ထိုအတွင်းထဲတွင် ပုန်းကွယ်နေခဲ့သည်။ ထိုအရာက ပုံရိပ်ယောင်နှင့် အစစ်အမှန် အခြေအနေကြားထဲတွင် ဆက်တိုက်ပြောင်းလဲနေပြီး ချီစွမ်းအင်ပင်လယ်ကြီးနှင့် ပေါင်းစပ်သွားခဲ့၏။

သူက သူ့အသက်ကို ကာကွယ်နိုင်ရန်အတွက် အကာအကွယ်စွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ပြီး သူ၏သဏ္ဌာန်မဲ့ဓားပိုးကောင်စွမ်းရည်ကို ဤကမ္ဘာကြီးထဲတွင် ရှိနေသော ချီစွမ်းအင်ပင်လယ်ကြီးနှင့် ပေါင်းစပ်နိုင်ရန် တွန်းအားပေးခဲ့သည်။

ထိုအရာက သိုင်းပညာရှင်များ အသက်ရှုနေရသော ချီစွမ်းအင်များနှင့် အတူတူသာဖြစ်သည်။ သူက ထိုအရာနှင့်အတူ မုန့်ချီကိုဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့၏။ သဏ္ဌာန်မဲ့ဓားပိုးကောင်က ချီစွမ်းအင်ပင်လယ်ကြီးထဲတွင် ပျောက်ကွယ်နေသည့်အတွက် သေချာမြင်တွေ့ရလိမ့်မည် မဟုတ်ချေ။

သာမန်လူများကတော့ တစ်စုံတစ်ခု ထူးခြားသည့်အရာကို စစ်ဆေးကြည့်ရန် ခက်ခဲ၏။ မုန့်ချီ ရှုရှိုက်နေရသော သမုဒ္ဒရာလှိုင်းလုံးများက သူ၏ပါးစပ်တံခါး၊ နှာခေါင်းတံခါးနှင့် ကိုယ်တွင်းပေါက် အသီးသီးမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံးကို တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

သဏ္ဌာန်မဲ့ဓားပိုးကောင်မျိုးဆက်မှ ပြိုင်ဘက်ကင်းပညာရှင်ကတော့ မုန့်ချီ သတိမထားမိစေရန် သူ၏ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့သည်။ မျက်စိတမှိတ်အတွင်း သူက အလွန်များပြားလွန်းလှသော ဓားပိုးကောင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး မုန့်ချီ၏အနားတွင် ပြန်ပေါ်လာခဲ့၏။

စုမုန့်က ထိုဖြစ်နိုင်ချေကို ကာကွယ်နေခြင်း မရှိဘဲ သူ၏ပါးစပ်တံခါး၊ နှာခေါင်းတံခါးနှင့် ကိုယ်တွင်းပေါက်များကို ပိတ်ဆို့နေခဲ့ခြင်း မရှိချေ။ မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် သူက အလွန်ဝမ်းသာသွားခဲ့၏။ သူက မုန့်ချီ၏ အားနည်းချက်များကို အခွင့်ကောင်းယူပြီး ထိုတံခါးပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး သူ့ကို အတွင်းပိုင်းထဲမှ ဓားချီစွမ်းအင်များနှင့် ဖျက်ဆီးရန် ပြင်ဆင်လိုက်၏။

သူက မုန့်ချီ၏ ကိုယ်တွင်းအင်္ဂါများကို တစစီဖျက်ဆီးပစ်လိုက်ပြီး မုန့်ချီကို သူနှင့်အတူ ငရဲပြည်သို့ ခေါ်ဆောင်သွားချင်ခဲ့သည်။ သူက မုန့်ချီ၏ပါးစပ်တံခါး၊ နှာခေါင်းတံခါးနှင့် ကိုယ်တွင်းပေါက်များကို ဖြတ်ကျော်သွားသည့်အချိန်တွင် ရုတ်တရက် အပူလှိုင်းတစ်ခုက သူ့ကို တိုက်ခိုက်လိုက်ကြောင်း ခံစားလိုက်ရ၏။

အရာအားလုံးက နီရဲနေပြီး များပြားလွန်း‌လှသော မီးပွားလေးများဆီမှ ကြောက်စရာကောင်းသောစွမ်းအားနှင့် အပူချိန်များ ထွက်ပေါ်လာနေခဲ့သည်။ ထို့နောက် ထိုအရာက အဆုံးမဲ့မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။

သူက လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားရသလို ခံစားမိခဲ့ခြင်း မရှိဘဲ နေမင်းကြီး၏အတွင်းပိုင်းထဲကို မှားယွင်းဝင်ရောက်သွားမိသလို ခံစားခဲ့ရ၏။ ရင်ထဲ၌ ထိုအတွေးမျိုး ပေါ်လာသည့်အချိန်တွင် သူ၏သဏ္ဌာန်မဲ့ဓားပိုးကောင် အသက်လေးများက အလွန်ပြင်းထန်သော အပူချိန်ကြောင့် အငွေ့ပြန်သွားကြောင်း ခံစားနေရသည်။

အပြင်ဘက်ကမ္ဘာကြီးအပေါ် သူ၏အာရုံခံနိုင်စွမ်းများကလည်း လျင်မြန်စွာ မည်းမှောင်လာခဲ့ပြီး သူက တိတ်ဆိတ်ငြိမ်သက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

“လုံးဝမဖြစ်နိုင်ဘူး..”

သူ၏နောက်ဆုံးအတွေးများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ရ၏။

နေလုံးကြီးအဖြစ် ပြောင်းလဲခြင်းက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီ ပြီးပြည့်စုံစွာ ဖန်တီးနိုင်ခဲ့သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ အကယ်၍ သူကသာ ထိုပြောင်းလဲမှုကို အနက်ရှိုင်းဆုံး လေ့ကျင့်နိုင်မည်ဆိုလျှင် သူကိုယ်တိုင်က နေလုံးကြီးအဖြစ် ပြောင်းလဲပစ်နိုင်၏။

သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို နေမင်းကြီးအဖြစ် ပြောင်းလဲပစ်ခြင်းက အသေးအဖွဲ အားထုတ်မှုလေးတစ်ခုသာ ဖြစ်သော်လည်း သဏ္ဌာန်မဲ့ဓားပိုးကောင်ကို ရှင်းပစ်ရန်တော့ လုံလောက်သည်။ ထိုအရာက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အစွမ်းလည်းဖြစ်၏။

အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အကြွင်းမဲ့ တိုက်ခိုက်ရေးစွမ်းအားများ မရှိနိုင်သော်လည်း မတူညီသော ရန်သူများအပေါ် အခြေခံပြီး ပတ်ဝန်းကျင် ပုံသဏ္ဌာန်အမျိုးမျိုးကို အသားကျစေရန် အကောင်းဆုံး ပြောင်းလဲပေးနိုင်သည်။

မုန့်ချီက လေထဲတွင် ဂုဏ်ယူစွာ ပျံသန်းနေခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အဖြူရောင်ချီစွမ်းအင်များ အားလုံးကလည်း မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကူအဆိပ်ပိုးကောင်များ၏ တံလျှပ်များကဲ့သို့ ထင်မှတ်ရသည်။ အစောပိုင်းတွင် ထိုကဲ့သို့ လှုပ်ရှားမှုမျိုး ဖန်တီးခဲ့သည့် သွေးပြာလူသားကတော့ အသက်စွမ်းအင်များ အားလုံးကို ဆုံးရှုံးသွားခဲ့၏။

“ဒီလောက်ထိ တိတ်တိတ်ဆိတ်ဆိတ် သေဆုံးသွားတယ်…”

ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ ခေါင်းထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့ကြသည်။ ထို့နောက် သူတို့က ဝမ်းသာသွားခဲ့၏။ မုန့်ချီက အပြာရင့်ရောင် ကူအဆိပ်ပိုးကောင်တစ်ကောင်ကို သူ၏လက်ချောင်းလေးများနှင့် ဖိချေပစ်လိုက်၏။

ထိုအရာက သူ အလစ်ချောင်း တိုက်ခိုက်ခဲ့သော ပထမဆုံး သွေးပြာလူသား ပြိုင်ဘက်ကင်း သိုင်းပညာရှင်မှ ဖန်တီးထားသောအရာဖြစ်သည်။ သူ၏သွေးက စိမ်းပြာရောင် သွေးပြာလူသားများနှင့် ယှဉ်လိုက်မည်ဆိုလျှင် အတော်လေးကို ကွဲပြားသည်။ သူကလည်း တခြားသူများနည်းတူ မည်သည့်အရာမျှမရခဲ့ပေ။

ပထမ‌တစ်ယောက်ကို တိုက်ခိုက်လိုက်ပြီးနောက် သူက အခွင့်အရေးကို ဆုပ်ကိုင်ပြီး အနိုင်ရချင်ခဲ့သည်။ သွေးပြာလူသားများ ဝိုင်းဝန်းတိုက်ခိုက်ရန် အခွင့်အရေးမပေးခဲ့ဘဲ သူက လောကသခင် ဓားသိုင်း(၆)ကွက်မှ ‘နတ်ဆိုးများ သေဆုံးခြင်း’ဟူသော သိုင်းကွက်ကို အသုံးပြု၍ ဖန်တီးထားသော ကူအဆိပ်ပိုးကောင်များအားလုံးကို ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။

“သဘာဝတရားကြီးရဲ့ အနှစ်သာရတွေနဲ့ ပေါင်းစပ်နိုင်တာ တော်တော်လေးကို ကောင်းတာပဲ…”

ကူအဆိပ်ပိုးကောင်များကို ဖယ်ရှားနိုင်ခဲ့သည့်အတွက် မုန့်ချီက သူ့ကိုယ်သူ ကျေနပ်သွားခဲ့သည်။

သူ၏ပထမဆုံးတိုက်ခိုက်မှုက တဟုန်ထိုးဓားသိုင်းပညာဖြစ်ပြီး ထိုအရာက အရာအားလုံးပြီးဆုံးပါစေဟူသော သိုင်းကွက်မှ နားလည်ထားသောအရာများကို ထပ်မံပေါင်းထည့်ထားခဲ့ခြင်းဖြစ်သည်။ ရလဒ်ကတော့ သူထင်ထားသည်ထက်ပင် ကျော်လွန်နေခဲ့ပြီး သူ့ထက် အဆပေါင်းများစွာအဆင့်မြင့်သော သွေးပြာလူသားများကို ဆိုးဆိုးရွားရွား ဒဏ်ရာရသွားစေခဲ့သည်။

ယင်နှင့်ယန်စွမ်းအားများ မွေးဖွားလာစေနိုင်သော အစွမ်းထက်သည့်တိုက်ခိုက်မှုကြောင့် သူက နောက်ပိုင်းတွင် ပျော့ပြောင်းသည့် ချဉ်းကပ်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။ ဓားမောက်သိုင်းပညာအပေါ် သူ၏အောင်မြင်မှုများကြောင့် သူက သွေးပြာလူသားများကို သေဆုံးသွားစေခဲ့၏။

လေဟာနယ်ထဲတွင် အာရုံခံကြည့်လိုက်ပြီးနောက် မုန့်ချီက လင်ပိုစောင်းဆီကို ပျံသန်းသွားခဲ့ပြီး ထိုအရာကို ယူဆောင်ခဲ့ခြင်း မရှိချေ။ ထိုအစား သူ၏ပျော့ပြောင်းသော ဓားမောက်ချီစွမ်းအင်များကို အသုံးပြုပြီး စောင်းကို ရွမ်မိသားစု စံအိမ်ဆီသို့ တွန်းပို့ပေးလိုက်၏။

ထိုသို့ဆိုလျှင် ရွမ်မိသားစုမှ ဝေ့ကျင်းအဆင့်ပညာရှင်များက သူ၏ရည်ရွက်ချက်ကို အထင်လွဲစရာ မလိုတော့ပေ။ သူက ပျော့ပြောင်းသော ဓားချီစွမ်းအင်များကို ထုတ်သုံးလိုက်သည့်အချိန်တွင် အငွေ့အသက်ပေါင်းစုံက ကောင်းကင်ကြီးပေါ်သို့ ရောက်ရှိလာပြီး ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်သွားခဲ့၏။ ထိုအရာက ရာသီဥတုကို လှုပ်ရှားသွားစေနိုင်ပြီး များပြားလွန်းလှသော ဓားချီစွမ်းအင်များက သူ၏ဓားမောက်ချီစွမ်းအင်များကို တားဆီးထားလိုက်သည်။

မုန့်ချီက အာရုံခံ‌စစ်ဆေးကြည့်လိုက်ရာ သူ့ဆီသို့ ရောက်လာသော အလင်းတန်းများကို တွေ့လိုက်ရသည်။ သူတို့ထဲတွင် အစွမ်းထက် ပညာရှင်များ နည်းပါးမှုမရှိချေ။ သူတို့က အစောပိုင်းတွင် သွေးပြာလူသားများကို တိုက်ခိုက်ရဲခြင်း မရှိသော ပညာရှင်များ ဖြစ်ကြ၏။

“အရူးကောင်တွေ... မင်းတို့မှာသတ္တိရှိတယ်ဆိုရင် စောစောကတည်းက လှုပ်ရှားသင့်တယ်။ အခု ငါက သွေးပြာလူသားတွေကို ရှင်းပစ်ပြီးမှပဲ မင်းတို့က အရှက်မရှိ ပေါ်လာရဲသေးတယ်…”

မုန့်ချီက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

လန်းယာ့ အနီးတဝိုက်တွင် ရှိနေသော အထက်တန်းလွှာ မိသားစုများကတော့ ရွမ်ကလန်၏အစွမ်းကို ကြောက်လန့်နေသည့်အတွက် စောင်းကို လုယူရဲခြင်း မရှိချေ။ အကယ်၍ သူတို့က အောင်မြင်သွားလျှင်ပင် သူတို့ဆီ၌ ထိန်းသိမ်းနိုင်သော အစွမ်းမျိုးရှိရဦးမည်ဖြစ်သည်။

သူတို့မိသားစု၏ အုတ်မြစ်က ဤနေရာတွင် အခြေတည်နေခဲ့၏။ သူတို့က ဆွေမျိုးများ၏ အသက်ကို စွန့်လွှတ်‌ရန် လုံလောက်သော အစွမ်းမျိုးမရှိလျှင် မလှုပ်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။

ထို့ပြင် ရွမ်ကလန်ကို ကူညီပေးရန် ကြိုးစားနေသောပညာရှင်လည်း နည်းပါးမှုမရှိချေ။ ထိုကလန်က ကျဆင်းသွားရမည့်အစား အတားအဆီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်‌နိုင်လောက်သည့်အတွက် သူတို့က ကလန်အပေါ် လောင်းကြေးထပ်နေကြသည်။

တခြားဂိုဏ်းအသီးသီးမှ ဝေ့ကျင်းအဆင့်ပညာရှင်များကတော့ ရွမ်ကလန်နှင့် သွေးပြာလူသားများကြားထဲတွင် ဖြစ်လာတော့မည့် ပြဿနာကြီးတစ်ခုကို မြင်တွေ့နေကြရသည်။ ထိုအချိန်တွင် ရပ်ကြည့်‌နေသူများအပါအဝင် ပညာရှင်များက ထိုအ‌ခွင့်အရေးကို အခွင့်ကောင်းယူရန် စီစဉ်နေကြ၏။

ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေသည့်အတွက် နတ်ဘုရားလက်နက်က ထိန်းချုပ်နိုင်သော အခြေအနေသို့ ရောက်နေသည်ကို မြင်သည့်အခါ သူတို့က အစွမ်းကုန် မတိုက်ခိုက်ဘဲ နေကြမည်လော။ သူတို့က ထိုအရာကို ရသွားသည်နှင့် အဝေးကို ထွက်ပြေးသွားနိုင်ပြီး လမ်းမှားအဖွဲ့အစည်းတစ်ခုထဲကို ခိုလှုံခွင့်ရရှိနိုင်သည်။

သူတို့က လက်နက်ကို ဆုကြေးအနေနှင့် လဲလှယ်၍ ရနိုင်ပြီး သူတို့၏အကာအကွယ်ကို တောင်းဆို၍ ရနိုင်၏။ ထို့ပြင် သူတို့က အမှန်တရားလမ်းစဉ် အထက်တန်းလွှာ မိသားစုများ၏ အသုံးချခံဖြစ်လာပြီး သူတို့ကို လိုက်လံတိုက်ခိုက်၍လည်း ရနိုင်သည်။ ထို့ပြင် ရွမ်ကလန်က လင်ပိုစောင်းကို ဆုံးရှုံးလိုက်ရပြီးနောက် သူတို့၏ဂုဏ်သိက္ခာကို မည်မျှအချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ဦးမည်နည်း။

သူ့ဆီကို ပညာရှင်ပေါင်းများစွာ ပျံသန်းလာကြောင်း မြင်သည့်အခါ မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ ထိုပညာရှင်များစွာက ကြောက်စရာကောင်းသော ပြိုင်ဘက်ကင်းသိုင်းပညာရှင်များ ဖြစ်ကြသည်။

သူက နတ်ဆိုးသုတ်သင်ရေးအလံကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ထိုအရာက ပျက်စီးသွားသော်လည်း နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေသေးသည်။ သူက တစ်ကြိမ်တည်းနှင့် အရာအားလုံးကို ဖမ်းဆုပ်နိုင်ရန် မြူခိုးတစ်ခု ဆင့်ခေါ်နိုင်သည်။

မုန့်ချီက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ပြီးနောက် အသုံးပြုနိုင်သော လျှို့ဝှက်ရတနာ(၂)ခုရှိသည်။ နတ်ဆိုးသုတ်သင်ရေးအလံနှင့် ငရဲအင်ပါယာ၏ လက်ကောက်ဝတ်အရိုးဖြစ်သည်။ ကံဆိုးသွားသည်မှာ ဒုတိယတစ်မျိုးကတော့ အကွာအဝေးအတွင်း ရန်သူများကို တိုက်ခိုက်နိုင်သော စွမ်းရည်မရှိချေ။ ထိုအရာက ယခုလို အခြေအနေမျိုးအတွက် သင့်တော်နေခြင်းမရှိချေ။

ယခု သူ့ဆီတွင် နတ်ဘုရားလက်နက်အဆင့်ရှိသော ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်လိုက်မည်ဆိုလျှင်လည်း ကိစ္စမရှိတော့ပေ။ ထိုလက်နက်က ပျက်စီးနေပြီး ပါဝင်ပစ္စည်းအဖြစ်သာ အသုံးပြု၍ ရနိုင်ကြောင်း မျက်လုံးရှိသူတိုင်းက သိမြင်နိုင်၏။ အစွမ်းထက်သူများက သူ့ပစ္စည်းကို တပ်မက်နေရန် မဖြစ်နိုင်ပေ။

တစ်ဖက်တွင်တော့ လေဟာနယ်မိန်းမပျိုဂိုဏ်းနှင့် ဖျက်ဆီးရေးဂိုဏ်းကဲ့သို့သော လမ်းမှားပညာရှင်များနှင့် သူ၏ ရန်ငြိုးအရ သူတို့၏လုပ်ရပ်များကို တားဆီးလိုက်သလို ဖြစ်သွားနိုင်၏။

မုန့်ချီက ထိုကဲ့သို့ တွေးလိုက်မိသည့်အချိန်တွင် စောင်းသံတစ်ခုကို ကြားလိုက်ရ၏။ ထိုစောင်းသံကြောင့် သူ့ဆီကို ပျံသန်းလာသော ပညာရှင်အများစုက ရပ်တန့်သွားကြသည်။ သူတို့က ဇာမဏီနှင့် နဂါးတစ်ကောင်၏ ပုံရိပ်များကို မြင်တွေ့လိုက်ရ၏။

ခဏအတွင်း သူတို့က သူ့အနားကို ကပ်မလာနိုင်ကြပေ။ ထိုအသံက ရွမ်ကလန်မှ ပြိုင်ဘက်ကင်းသိုင်းပညာရှင်နှင့် ဝေ့ကျင်းအဆင့်ပညာရှင်များ၏ တားဆီးရန် ကြိုးစားမှု ဖြစ်သည်။

‘ဒါအခွင့်အရေးပဲ…’

မုန့်ချီက ချက်ချင်း ပြန်လှည့်လိုက်ပြီး လင်ပိုစောင်းကို လန်းယာ့မြို့ဆီသို့ လမ်းလွှဲပေးရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် အလွန်ကြီးမားသော လက်ဖဝါးတစ်ဖက် ရောက်လာခဲ့၏။ ထိုလက်ဖဝါးက ‌နက်မှောင်ပြီး လေးလံသည့်အပြင် သံလိုက်ဓာတ်အစွမ်းကဲ့သို့ ကြောက်စရာကောင်းသော ဆွဲငင်အားတစ်ခု ပါဝင်နေခဲ့၏။ မုန့်ချီက လေထဲတွင် ပျံဝဲနေရင်း ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားအပေါ် သူ၏ဆုပ်ကိုင်မှုကလည်း ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။

“တောင်ထိပ် (၆)သွယ် မကောင်းဆိုးဝါး…”

ရောက်လာသည့်သူက တောင်ထိပ်(၆)သွယ် မကောင်းဆိုးဝါး လင်းဟူတောင်ဖြစ်ပြီး မြစ်အရှေ့ပိုင်းတွင် ပုန်းအောင်းနေသော လမ်းမှားပညာရှင် တစ်ယောက်ဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ သူက မဟူရာမှတ်တမ်းတွင်လည်း အဆင့် (၉၃)ဖြစ်၏။

လင်းဟူတောင်က ယနေ့တွင်တော့ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ရုပ်ဖျက်ထားခဲ့ခြင်း မရှိပေ။ သူက ပုခုံးပေါ်မှ တွဲလောင်းကျနေသော အင်္ကျီအပွကြီးကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါ်တွင်တော့ ဂရုဏာတရားများ ပြည့်နှက်နေသော မျက်နှာမျိုးမဟုတ်တော့ပေ။

သူက ပြောလိုက်၏။

“လူငယ်လေး... မြန်မြန်ဘေးဖယ်လိုက်စမ်း…”

“ခင်ဗျားတို့က သွေးပြာလူသားတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကြောက်လန့်နေကြပြီး အခုမှ ကျုပ်ကို လူငယ်လေးလို့ ခေါ်ရဲတာလား…”

မုန့်ချီက ခနဲ့သလို ပြောလိုက်သည်။ သူက သူ၏ကိုယ်ပွားကိုသုံးပြီး စောင်းကိုရယူရန် စဉ်းစားလိုက်၏။

ထိုအချိန်တွင် ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ရှည် လူတစ်ယောက် ပျံသန်းလာခဲ့သည်။ သူ၏အရေပြားက မီးခိုးရောင် ပြောင်းလဲနေပြီး ထူးခြားသော သူ၏အမူအကျင့်များကလည်း အလွန်ထင်ရှားနေခဲ့၏။

“သူတော်စင်ဝမ်ရှီ…”

ထိုအရာကလည်း တခြားသော လမ်းမှားပညာရှင်တစ်ယောက်ဖြစ်ပြီး မဟုရာမှတ်တမ်းသို့ ရောက်လုနီးပါးဖြစ်နေသော ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း မုန့်ချီက မှတ်မိသွားခဲ့၏။

သူ့ခေါင်းထဲ၌ ထိုအတွေးပေါ်လာခဲ့သည့်အချိန်တွင် သူ့ဘေး၌ တခြားလူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုအရာကတော့ အဖြူဝတ် ဝမ်စစ်ယွမ်ဖြစ်၏။

“သူ ဘယ်အချိန်တုန်းက ပေါ်လာခဲ့တာလဲ…”

လမ်းမှားပညာရှင် (၂)ယောက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ဝမ်စစ်ယွမ် ပေါ်လာသည့်အတွက် မုန့်ချီက ပို၍အံ့ဩသွားမိခဲ့၏။ အခြေအနေက ပို၍ဆိုးရွားလာမည်ဆိုလျှင် ဝမ်စစ်ယွမ်အနားသို့ ရောက်လာခြင်းကိုပင် လုံးဝသတိထားမိလိမ့်မည် မဟုတ်ချေ။

“သတ္တာကဒ ဗုဒ္ဓက အာရုံခံနိုင်စွမ်းတွေကို တားဆီးပြီး အန္တရာယ်သတိပေးချက်တွေကိုလည်း ဖုံးကွယ်ထားခဲ့တာလား။ ဒီလိုဆိုရင်တော့ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်…”

ဝမ်စစ်ယွမ်က မုန့်ချီကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။

“ငါတို့က တစ်ယောက်ဆီကို ရင်ဆိုင်မယ်။ ဘယ်သူက ပြိုင်ဘက်ကို အရင်ဆုံး ဖြေရှင်းနိုင်မလဲ ကြည့်ကြတာပေါ့…”

သူ့စကားကြောင့် လင်းဟူတောင်နှင့် သူတော်စင်ဝမ်ရှီတို့က ဒေါသထွက်သွားကြသည်။ ထိုလူငယ်လေး (၂)ယောက်က တစ်ယောက်တစ်မျိုးဆီ မောက်မာနေကြ၏။ သူတို့(၂)ယောက်က နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော ပြိုင်ဘက်ကင်း သိုင်းပညာရှင်များဖြစ်ကြသည်။ သူတို့၏အစွမ်းကို လူအများက အသိအမှတ်ပြုထားကြ၏။ ယခုတော့ လူသစ်ပြိုင်ဘက်ကင်းသိုင်းပညာရှင် (၂)ယောက်က သူတို့ကို အထင်သေးနေခြင်းပေလော။

မုန့်ချီက ဝမ်စစ်ယွမ်ကို စိုက်ကြည့်လိုက်ပြီး အပြုံးနှင့်ပြောလိုက်၏။

“‌ကောင်းပြီလေ…”

ဝမ်စစ်ယွမ်ကလည်း သူ့ကို ပြန်ပြုံးပြလိုက်သည်။ ထို့နောက် မုန့်ချီက အနက်ရောင် လက်အရိုးတစ်ဖက်ကို ထုတ်လိုက်ကြောင်း လူတိုင်းက မြင်လိုက်ရလေသည်။

Translated by Hein Htet

All Chapters