အခန်း (၆၄၅)
Vol. 43 Ch. 645
အလွန်များပြားလွန်းလှသော သွေးအရိပ်များက အနက်ရောင်ပင်လယ်ကြီးထဲတွင် စုစည်းသွားခဲ့ပြီး လင်ပိုစောင်းရှိရာသို့ ကြောက်စရာကောင်းစွာ ရွေ့လျားသွားနေခဲ့သည်။
အနီရောင်ဖြစ်နေသော ကောင်းကင်ကြီးတစ်ခုလုံးကလည်း အနီရင့်ရောင် ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။
တစ်ဖက်တွင်တော့ မုန့်ချီက အလွန်အမင်းကို ကြီးမားပြီး အရပ်အမြင့်က (၁၀)ပေကျော် ရှိလာခဲ့၏။ သူ၏လက်(၂)ဖက်နှင့် ဦးခေါင်းထဲတွင် သဘာဝအနှစ်သာရများ ပြည့်နှက်နေပြီး သူတို့က အချင်းချင်းခွဲခြား၍ မရနိုင်သလို ဖြစ်လာခဲ့၏။
သူ၏လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းက ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို သက်ရောက်စေနိုင်သလို ထင်မှတ်ရသည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်သေးသေးလေးဆီမှ ကမ္ဘာကြီးတစ်ခုလုံး ပြည့်နှက်နေသလို လွှမ်းမိုးနိုင်သည့် စွမ်းအားတစ်ခု ထွက်ပေါ်နေခဲ့သည်။
လမ်းမှားပညာရှင်များကတော့ သူတို့၏နှလုံးခုန်သံ ပို၍လျင်မြန်လာသည်ကို ခံစားမိနေကြပြီး သူတို့ကို ရှေ့တက်မသွားစေရန် ထိန်းချုပ်ထားခဲ့ကြသည်။ မုန့်ချီက သူတို့ကို အကြည့်တစ်ချက်တည်းနှင့်ပင် သတ်ပစ်နိုင်သလို ခံစားနေကြရ၏။
ထိုအချိန်တွင် ကောင်းချမ်းယွမ်၏ ဓားပိုးကောင်အဆောင် အငွေ့အသက်နှင့် စာရင်းကိုင်နတ်ဆရာ အသက်သွင်းထားသော သွေးနတ်ဘုရားပုလဲလုံးတို့၏ အငွေ့အသက်များ ပေါင်းစပ်လိုက်သည့်အချိန်တွင် လူအတော်များများက နောက်ပြန်ဆုတ်ချင်နေကြသည်။
ရာဇဝတ်သားများအားလုံးက ရက်စက်ကြမ်းကြုတ်မှုနှင့် ကြောက်စရာကောင်းမှုကြောင့် လူသိများပြီး အသက်ရှင်ရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုရဲကြသည်။ ရွမ်ပိုကောင်းပင် ရုန်းကန်နေရသည်ကို သူတို့က မြင်တွေ့ခဲ့ကြရသည်။ ထို့ပြင် လောင်းကစားဘုန်းတော်ကြီး၊ တောင်ထိပ်(၆)သွယ် မကောင်းဆိုးဝါးနှင့် သူတော်စင်ဝမ်ရှီတို့ကလည်း ထွက်ပြေးသွားခဲ့ကြောင်း မြင်တွေ့ရပြီးသားဖြစ်သည်။ အကယ်၍ သူတို့ကသာ ရှေ့ကို ထပ်တိုးသွားမည်ဆိုလျှင် အသတ်ခံရနိုင်၏။
သတ်ဖြတ်ရေးဓားနှင့် အသက်ထိန်းသိမ်းသူတို့ကတော့ ပထမကောင်းကင်လှေကားကို ဖြတ်ကျော်လာပြီးနောက် ထိုကဲ့သို့ အောင်မြင်မှုမျိုးကို ရရှိနိုင်သည်မှာ အလွန်အံ့ဩစရာ ကောင်းလွန်းလှသည်။ သူတို့နှင့်ယှဉ်ပြိုင်ရန် မည်သူမျှမဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
နိယာမဖြစ်စဉ်ကို အသုံးပြုထားသော မုန့်ချီက ကောင်းကင်(၆)သွယ် ဝေ့ကျင်းအဆင့်ကဲ့သို့ ဖြစ်နေခဲ့၏။ သူ၏ညာဘက်လက်ထဲတွင် အနက်ရောင်အလံတစ်ခုကို ကိုင်ထားပြီး သူ၏စွမ်းအားများကို အလံထဲသို့ ဆက်တိုက်ပေါင်းထည့်ပေးနေခဲ့သည်။
ထို့နောက် သူက ထိုအလံကို ဓားတစ်လက်ကဲ့သို့ ခုတ်ချလိုက်၏။ သူက တွေဝေနေခြင်း၊ တွက်ချက်နေခဲ့ခြင်း မရှိသလို မည်သည့်အရာကိုမျှ စဉ်းစားနေခဲ့ခြင်းလည်း မရှိချေ။ အစစ်အမှန် လူကြီးလူကောင်း တစ်ယောက် ဖြစ်သည့်အတွက် သူက တစ်ခါတစ်ရံ အနည်းငယ် လောဘကြီးသော်လည်း သူ့အတွက် အဆင်ပြေလှသည်။
သို့သော် သေရေးရှင်ရေး အခြေအနေမျိုးတွင်တော့ သူ လုပ်ချင်သည့်အရာများကိုသာ လုပ်တတ်၏။ သူက ကောင်းကောင်း အသက်ရှင်ချင်သလို စိတ်အေးလက်အေးနှင့် နေချင်သည်။ သူ့ကိုယ်သူလည်း ကျေနပ်ချင်နေ၏။ တခြားသူများ မည်သို့တွေးတောသည်ကို သူလည်း သေချာမသိချေ။ သို့သော် မုန့်ချီကတော့ ထိုအရာကို နက်နက်ရှိုင်းရှိုင်းယုံကြည်နေခဲ့သည်။
"ဝှီးးး..."
အနီရောင်မြူခိုးများက ကောင်းကင်ကြီးပေါ်ကို လွှမ်းခြုံသွားခဲ့ပြီး ပတ်ပတ်လည်မှနေ၍ ရေလှိုင်းသံများ လွှမ်းခြုံလာခဲ့သည့်အချိန်တွင် အလွန်ကျယ်ပြန့်ပြီး အဆုံးအစမဲ့သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည့်အပြင် အလွန်ပြင်းထန်သောဖိအားတစ်ခု ရောက်လာသည့်အတွက် ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာကပင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြသည်။
သူတို့ကိုယ်သူတို့ပင် မထိန်းချုပ်နိုင်ကြပေ။ သူတို့၏အတွေးများက နှေးကွေးသွားခဲ့ပြီး တစ်ချို့က မှင်တက်၍ တချို့ကတော့ စွမ်းအားများကိုပင် အသက်သွင်း၍ မရတော့ပေ။ သူတို့က ပင်လယ်ကြီးထဲသို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့ကြ၏။
"နောက်ထပ် နတ်ဘုရားလက်နက် ဖန်တီးနိုင်တဲ့ပစ္စည်းတစ်ခုလား။ မဟုတ်ဘူး ... ဒီလောက်ကြောက်စရာကောင်းတဲ့ ခံစားမှုက နတ်ဘုရားလက်နက်ဆီကနေပဲ ထွက်လာနိုင်တယ်…"
"အစစ်အမှန် နတ်ဘုရားလက်နက်…"
သူတို့က ကောင်းကင်ပေါ်ကို မျက်တောင်မခတ်တမ်း မော့ကြည့်လိုက်ရာ ကောင်းကင်ကြီးတစ်ခုလုံးကို အုပ်မိုးထားသော မုန့်ချီက အက်ကွဲကြောင်းများ ပြည့်နှက်နေသော အနက်ရောင်အလံလေးတစ်ခုကို ကိုင်ထားကြောင်း တွေ့လိုက်ရသည်။
အလွန်သိပ်သည်းလွန်းလှသော အနီရောင်မြူခိုးများက ကောင်းကင်ကြီးကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်ကြီးက မှောင်မည်း၍ အသက်မရှိတော့သလို ဖြစ်လာခဲ့၏။ အလံထဲမှ အနက်ရောင် လျှပ်စီးလှိုင်းလုံးများ ထွက်ပေါ်လာပြီး ပင်လယ်ကြီးနှင့်ကောင်းကင်ကြီးပေါ်တွင် ပြန့်နှံ့သွားပုံရ၏။ တိမ်တိုက်များက တွန်းကန်နေသည့် လေလှိုင်းများ မရှိတော့ဘဲ သူ၏လမ်းကြောင်းတွင် ရှိနေသော အနှစ်သာရများအားလုံးကို ပြောင်းလဲလိုက်သည်။
"ဝှစ်…"
အနက်ရောင်အလံထဲမှနေ၍ အလွန်သိပ်သည်းပြီး ရေတွက်၍ မရနိုင်သော အလင်းတန်းများ ထွက်ပေါ်လာပြီး အဆုံးအစမဲ့ မှော်စွမ်းအင်အရည်များအဖြစ် စုစည်းသွားခဲ့၏။ ပင်လယ်ကြီးက ပျောက်ကွယ်သွားခဲ့ပြီး ထူးဆန်းသော လက္ခဏာများအားလုံးက ပေါင်းစည်းသွားပုံရသည့်အတွက် အတွင်းထဲတွင် ရှိနေသော ဝေ့ကျင်းအဆင့်ပညာရှင်များက ပြုတ်ကျလာခဲ့ကြ၏။
ထိုအရာက ပင်လယ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေသေးသည်။ ဆန်းကြယ်သောရေများက လှုပ်ရှားလာပြီး ကောင်းကင်ကြီးပေါ်သို့ ရေများ လွှမ်းခြုံလာခဲ့သည်။ ရေထဲတွင် အရာအားလုံးက နစ်မြုပ်သွားခဲ့၏။
ဆန်းကြယ်သောရေများက သွေးအရိပ်ပင်လယ်ကြီးနဲ့ တိုက်ခိုက်မိလိုက်ပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပေါက်ကွဲသံကြောင့် လူတိုင်း၏ခေါင်းထဲတွင် ဆူညံသံများ ထွက်ပေါ်လာပြီး နားထဲတွင်လည်း မည်သည့်အသံမျှ မကြားရတော့ပေ။ လူတိုင်းက အောက်ကို ပေအနည်းငယ် ကျွံကျသွားသလို ခံစားလိုက်ရ၏။
တစ်ချိန်တည်းတွင် ဝမ်စစ်ယွမ်၏လက်ထဲ၌ ရှေးဟောင်းတွက်ချက်ရေး အဆောင်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ပုတ်ပွနေသော သစ်သားတစ်ခုမှ ဖန်တီးထားသော မထင်မရှား ပစ္စည်းတစ်ခုဖြစ်သည်။ သူက အဆောင်ကို သွေးအရိပ်ပင်လယ်ကြီးနှင့် ဆန်းကြယ်ရေများ တွေ့ဆုံနေသည့် အလယ်သို့ ပစ်ထည့်လိုက်သည်။ ထိုနေရာတွင် လင်ပိုစောင်း တည်ရှိနေခဲ့၏။
"ဗုန်း…"
သွေးနီရောင်အလင်းတန်းများနှင့် ပေ(၁)သောင်းခန့်အထိ မြင့်တက်လာသော အနက်ရောင်ရေလှိုင်းများက ပျက်စီးသွားခဲ့သည်။ သို့သော် သွေးအရိပ်များက ဆန်းကြယ်ရေများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။
အလွန်ကြောက်စရာကောင်းသော စွမ်းအားများ၏တိုက်ခိုက်မှုကြောင့် ဖြည်းညင်းစွာ ကျဆင်းလာနေသော လင်ပိုစောင်းက နောက်တစ်ကြိမ်အပေါ်သို့ မြောက်တက်သွားပြန်သည်။
"ဗုန်း…"
ဆန်းကြယ်ရေများက သွေးနီရောင်ပင်လယ်ကြီးကို ဖယ်ရှားလိုက်ပြီးနောက် သွေးနတ်ဘုရား ပုလဲလုံးရှိရာသို့ ပြန့်နှံ့သွားခဲ့သည်။
နတ်ဘုရားလက်နက်တစ်ခု ဖန်တီးရန် အဓိကပစ္စည်းတစ်ခုဖြစ်သည့်အတွက် ထိုအရာက အစွမ်းထက်နိုင်သော်လည်း နတ်ဆိုးသုတ်သင်ရေးအလံကဲ့သို့ အစစ်အမှန်နတ်ဘုရားလက်နက်တစ်ခုနှင် ယှဉ်လိုက်မည်ဆိုလျှင်တော့ ပြောပလောက်စရာ မရှိချေ။
ထိုအရာကိုမြင်သည့်အခါ စာရင်းကိုင်နတ်ဆရာ၏မျက်လုံးထဲ၌ အကြောက်တရားများ ထွက်ပေါ်လာခဲ့၏။ သူ၏ဘယ်ဘက်လက်ထဲတွင် တံဆိပ်တစ်ခုပေါ်လာပြီး သူ့ပုံရိပ်ယောင်ခန္ဓာ၏ ရှေးဟောင်းစာအုပ်ကြီးက ရုတ်တရက် အက်ကွဲသွားခဲ့သည်။ ပုံရိပ်ယောင်ခန္ဓာကိုယ်က ဝဲကတော့အဖြစ် ပြောင်းလဲသွားခဲ့ပြီး စာရင်းကိုင်နတ်ဆရာနှင့် သွေးနတ်ဘုရားပုလဲလုံးတို့ကို အတူတကွ ဝါးမြိုသွားခဲ့သည်။
"ဗွမ်း ..."
ဆန်းကြယ်ရေများက အရာအားလုံးကို ဝါးမြိုသွားခဲ့ပြီး မည်သည့်အရာမျှ မကျန်တော့ချေ။ စာရင်းကိုင်နတ်ဆရာက အဝေးတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး သူ့နောက်တွင် ရှိနေသော ပုံရိပ်ယောင်ခန္ဓာကိုယ်ကတော့ မှေးမှိန်၍ အငွေ့အသက်များ အားနည်းနေခဲ့၏။
သူ၏မျက်လုံးထဲတွင် လောဘ၊ ဒေါသနှင့်အမုန်းတရားများ ပေါ်လာခဲ့သည်။ သူ့လက်ထဲတွင်ကိုင်ထားသော သွေးနတ်ဘုရားပုလဲလုံးကလည်း ဆန်းကြယ်ရေများ၏ တိုက်စားမှုကြောင့် မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများပေါ်လာပုံရ၏။ ထိုအရာက နောက်ထပ်အကြိမ်အနည်းငယ် အသုံးပြုလိုက်မည်ဆိုလျှင် ပျက်စီးသွားနိုင်ပုံရသည်။
မုန့်ချီက လေထဲသို့ ပျံသန်းလာခဲ့၏။ သူက နိယာမဖြစ်စဉ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့သည့်အတွက် မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းလိုက်သည်။ နတ်ဆိုးသုတ်သင်ရေးအလံက အမှန်တကယ် အစွမ်းထက်သော်လည်း စွမ်းအားမြောက်မြားစွာ အသုံးပြုရ၏။ လက်ရှိအချိန်တွင် သူကတော့ လက်ချောင်းလေးများကိုပင် မလှုပ်နိုင်တော့ပေ။
ထိုအခြေအနေကို မြင်သည့်အခါ တိုက်ခိုက်မှုအလယ်တွင် ဓားပိုးကောင်အဆောင်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားခဲ့သော လက်(၉)ချောင်းသွေးပြာလူသား ကောင်းချမ်းယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက လင်ပိုစောင်းရှိရာသို့ ပျံသန်းသွားခဲ့ပြီး မုန့်ချီ၏ မျက်ခုံးတည့်တည့်ကို တိုက်ခိုက်ရန် သူ၏ဓားချီစွမ်းအင်များကို အသုံးပြုလိုက်သည်။
မုန့်ချီက အံကြိတ်လိုက်ပြီး စွန့်လွှတ်ခြင်းကျင့်စဉ်ကို အသုံးပြုလိုက်၏။ ပထမတွင် ရှောင်လင်ကျောင်းတော်ထဲ၌ သူက ထိုကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိခဲ့သည့်အတွက် ညဏ်အလင်းပွင့်မှုအဆင့်တွင်သာ အသုံးပြုခဲ့သည်။ ထို့ကြောင့် ထိုအရာက ကံကြမ္မာအမှတ်(၂၀၀)၊ (၃၀၀)ခန့်သာ တန်ဖိုးရှိသည်။
သို့သော် ယခုသူက ဝေ့ကျင်းအဆင့်ကို ရောက်နေပြီဖြစ်သည့်အတွက် ထိုကျင့်စဉ်၏ အကျိုးသက်ရောက်မှုကို သေချာမသိရပေ။ ယခုတော့ သူက အလောင်းအစား လုပ်ရန်သာ ရှိတော့၏။
ကောင်းချမ်းယွမ်က သူ၏ဓားပိုးကောင်အဆောင်ကို ပြန်သိမ်းလိုက်သည့်အချိန်တွင် ရွမ်ပိုကောင်းကလည်း အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပြီး သူ၏စောင်းပေါ်တွင် ရှိနေသော ကြိုးများကို ချက်ချင်းတီးခတ်လိုက်သည်။
နတ်ဘုရားလက်နက်က သူ့မိသားစုအတွက် သေရေးရှင်ရေးပမာ အရေးပါသည်။ အကယ်၍ အသိုက်တစ်ခုလုံး ပျက်စီးသွားမည်ဆိုလျှင် ဥလေးတစ်လုံးက အသက်လုံခြုံနိုင်ဦးမည်လော။ သာမန်အထက်တန်းလွှာမိသားစုတစ်ခုအတွက်တော့ ထိုကဲ့သို့သော နတ်ဘုရားလက်နက် တည်ရှိမှုမျိုးက သူတို့၏အဆင့်အတန်းနှင့် အရင်းအမြစ်များကို ဒုက္ခမပေးနိုင်ပေ။
သို့သော် ရွမ်ကလန်ကတော့ ယနေ့လို အဆင့်အတန်းမျိုး ရရှိလာခဲ့သည်မှာ ထိုနတ်ဘုရားလက်နက်အပေါ် အားကိုးလာခဲ့ခြင်းဖြစ်ပြီး သူတို့က အစွမ်းထက်ပညာရှင်များ၊ အစွမ်းထက်အင်အားစုပေါင်းများစွာကို ရန်စထားမိခဲ့သည်။ သူတို့၏စွမ်းရည်နှင့် အရင်းအမြစ်များအားလုံးကလည်း အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှ၏။ သူတို့ဆီတွင်သာ သူတို့၏နတ်ဘုရားလက်နက် မရှိတော့လျှင် မည်သို့ဆက်ဖြစ်လာမည်ဖြစ်ကြောင်း ပြောပြရန် ခက်ခဲနိုင်၏။
သူတို့ဆီတွင် မဟာမိတ်များစွာ ရှိနေသော်လည်း အကြိမ်ကြိမ် အကူအညီတောင်းရန် လုံးဝမဖြစ်နိုင်ပေ။ လူတစ်ယောက်က အပေါ်ဘက်မှနေ၍ ဖိအားများကို ခံရသည့်အချိန်တွင် သူတို့ကျရှုံးသွားသည်နှင့် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။
ရွမ်ပိုကောင်းက ကောင်းချမ်းယွမ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည့်အချိန်တွင် ကောင်းချမ်းယွမ်က စောင်းသံကို ခုခံရန်အတွက် ဓားပိုးကောင်အဆောင်ကို ချက်ချင်း အသုံးပြုလိုက်သည်။ တစ်ချိန်တည်းတွင် လင်ပိုစောင်း ရှိရာသို့ ပျံသန်းသွားခဲ့သည်။
အောက်ဘက်တွင် ရှိနေသော လမ်းမှားနတ်ဆိုးများအားလုံးကတော့ ဒဏ်ရာရသူကရ ၊ ထွက်ပြေးသူက ထွက်ပြေးနှင့် ဖြစ်နေသည့်အတွက် ရွမ်ကလန်မှ ပညာရှင်များ စွမ်းအားအသုံးချရန် နေရာရလာခဲ့သည်။ သို့သော် အဆင့်ကွာဟချက်က အလွန်ကြီးမားလွန်းလှသည့်အတွက် သူတို့က ကောင်းချမ်းယွမ်ကို တားဆီးနိုင်ခြင်း မရှိကြပေ။
စာရင်းကိုင် နတ်ဆရာတစ်ယောက်တည်းကသာ လက်မလျှော့နိုင်သေးပေ။ သူက လင်ပိုစောင်းနှင့် မုန့်ချီ၏ နတ်ဆိုးသုတ်သင်ရေးအလံတို့ကို တစ်လှည့်ဆီကြည့်နေခဲ့၏။
ထိုအချိန်တွင် ရွမ်ကလန်မှ အဝေးသို့ရောက်သွားသော လင်ပိုစောင်းက ရုတ်တရက်ရပ်သွားခဲ့၏။ ရှေးဟောင်းတွက်ချက်ရေးအဆောင်က စောင်းပေါ်သို့ ကျရောက်လာပြီး တွက်ချက်မှုများစွာအဖြစ် ပြောင်းလဲသွားခဲ့၍ ဘိုးဘေးနတ်ဘုရား၏ အငွေ့အသက်ကို ဖိနှိပ်ပေးလိုက်သည်။
လင်ပိုစောင်းက နတ်ဘုရားလက်နက်အဆင့်တိုက်ပွဲမှ အန္တရာယ်အငွေ့အသက်များကို ခံစားမိခဲ့သည့်အတွက် နိုးထလုမတတ် ဖြစ်နေခဲ့၏။ ရှေးဟောင်းတွက်ချက်ရေးအဆောင်၏ အကူအညီနှင့် သူက ကန့်သတ်ချက်များ အားလုံးကို ချိုးဖျက်နိုင်တော့မည်ဖြစ်သည်။
ထိုအရာကို မြင့်သည့်အခါ စာရင်းကိုင်နတ်ဆရာနှင့် ကောင်းချမ်းယွမ်တို့က အချင်းချင်း ကြည့်မနေကြတော့ဘဲ ဆက်လက်တိုက်ခိုက်ရန် စိတ်ဆန္ဒများ မရှိကြတော့ချေ။ လင်ပိုစောင်းက သူ၏ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခြင်း မရှိခင် သူတို့က လင်ပိုစောင်းကို ဖိနှိပ်ရန် လိုအပ်သည်။ မဟုတ်လျှင် အရာအားလုံးက အချည်းနှီးဖြစ်သွားရမည်ဖြစ်၏။
သဏ္ဍာန်မဲ့ဓားပိုးကောင်၊ ရှေးဟောင်းကျမ်းစာများ သယ်ဆောင်ထားသော နတ်ဘုရား၊ ချီစွမ်းအင်ပင်လယ်ကြီးနှင့် အဖြူရောင်ကြာပန်းများက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ ပညာရှင်(၂)ယောက်က အစွမ်းကုန် အသုံးပြုလိုက်၏။
တစ်ယောက်ကတော့ များပြားလွန်းလှသော ကူအဆိပ်ပိုးကောင်များအဖြစ် ပြောင်းလဲသွားပြီး တခြားတစ်ယောက်ကတော့ ဧရာမလက်ကြီးတစ်ဖက်ကို မြှောက်လိုက်သည်။ သူတို့(၂)ယောက်လုံးက လင်ပိုစောင်းကို ရယူရန် ကြိုးစားပြီး သူ၏နိုးထလာခြင်းကို တားဆီးချင်ခဲ့၏။
မုန့်ချီဆီတွင် နောက်ထပ်အစွမ်းများ မရှိတော့ချေ။ သူက ယင်ယန်တံဆိပ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကို အသုံးပြုပြီး ချီစွမ်းအင်များကို တတ်နိုင်သမျှ စုပ်ယူရန် အကောင်းဆုံးကြိုးစား၍ သူ၏စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနေခဲ့သည်။ သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို အသုံးပြုရန်ကြိုးစားခဲ့သော်လည်း ထိုအရာက အသုံးဝင်ပုံမရချေ။ သူ့ဆီတွင် အသုံးပြုစရာ တခြားနည်းလမ်း မရှိတော့ချေ။
အလွန်သေးငယ်သော အပြာရင့်ရောင် ကူအဆိပ်ပိုးကောင်များနှင့် အဖြူရောင်ကြာပန်း လက်ဝါးဝိညာဉ်က လင်ပိုစောင်းရှိရာသို့ ရောက်သွားပုံရပြီး သူ၏အငွေ့အသက်များကို ဖိနှိပ်တော့မည့်အချိန်တွင် ရွမ်မိသားစုစံအိမ်ထဲမှနေ၍ အလွန်သိမ်မွေ့ညင်သာသော ဂီတသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုသံစဉ်ကို ရွှေ၊ သစ်သား၊ ပိုးမျှင်နှင့်ကြိုးများက ဖန်တီးထားခြင်းမဟုတ်ချေ။ ထိုအရာကို သာမန်စောင်းနှင့်ပင် တီးခတ်နိုင်ခြင်း မရှိဘဲ ကောင်းကင်နှင့် မြေပြင်ကြီးကပင် လှုပ်ရှားသွားခဲ့၏။ စောင်းကြိုးများကို တီးခတ်လိုက်သည့်အချိန်တွင် အသံတာအိုကို ပြသနိုင်ခဲ့သည်။
"တောင် ... တင် ..."
လင်ပိုစောင်းကလည်း ထိုသံစဉ်နှင့်အတူ လိုက်ပါလှုပ်ရှားနေသည့်အလား ကြိုးတစ်ချောင်းက တုန်ခါလာခဲ့၏။
မုန့်ချီက ထိုသံစဉ်ကို နားထောင်နေရင်း အလွန်စိတ်လှုပ်ရှား၍ ဝမ်းသာသွားခဲ့သည်။
"အစားသရဲလေးက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီလား။ နောက်ဆုံးတော့ စောင်းနှလုံးသားက တောက်ပလာခဲ့ပြီ ..."
သူမက တစ်ကြိမ်တည်းနှင့် ဝေ့ကျင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း မရှိသလို ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရခြင်း မရှိသော်လည်း ဇွဲရှိမည်ဆိုလျှင် အောင်မြင်နိုင်မည်သာ ဖြစ်သည်။ သူမက ဇွဲသတ္တိခိုင်မြဲမှု၊ အခွင့်အရေးနှင့် ပါရမီများကြောင့် လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ခဲ့သည်။ သူမက အစပိုင်းတွင် နောက်ကျကျန်နေခဲ့သော်လည်း ထိုကဲ့သို့ အမြဲတမ်းကျန်မနေခဲ့ပေ။
စောင်းနှလုံးသားက အနှစ်သာရများနှင့် တီးခတ်ပြီး အလွန်သာယာနာပျော်ဖွယ်ရှိသော ဂီတသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအချိန်တွင် လင်ပိုစောင်း၏ စိတ်ဝင်စားမှုများက မြင့်တက်လာပြီး ထိုအရာက ရွမ်ကလန်မှ အငွေ့အသက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။
လင်ပိုစောင်း၏ကြိုးတစ်ချောင်းက နောက်တစ်ကြိမ် တုန်ခါလာခဲ့သည်။
"ဒေါင်..."
ထိုအသံက လှုပ်ရှားလာပြီးနောက် ဘိုးဘေးနတ်ဘုရား၏အငွေ့အသက်များအားလုံးက အေးခဲသွားခဲ့သည်။ ဓားပိုးကောင်နှင့် ကြာပန်းဖြူလက်ကလည်း ချက်ချင်း ရပ်တန့်သွားခဲ့၏။
လင်ပိုစောင်း၏ အငွေ့အသက်က ဘိုးဘေးနတ်ဘုရားအငွေ့အသက်များကို ဖိနှိပ်လိုက်သည်။ ကြိုးများက ပို၍လျင်မြန်စွာ လှုပ်ရှားလာပြီး သံစဉ်တစ်ခု တီးခတ်လာခဲ့၏။ ထိုအချိန်တွင် အပြာရောင်ရေစက်များကိုလည်း အတွင်းထဲမှ မောင်းထုတ်လိုက်သည်။
နတ်ဘုရားလက်နက်က နိုးထလာခဲ့ပြီ ဖြစ်သည်။
စာရင်းကိုင်နတ်ဆရာနှင့် ကောင်းချမ်းယွမ်တို့ကလည်း စဉ်းစားမနေကြတော့ဘဲ ချက်ချင်း ထွက်ပြေးသွားကြ၏။ သူတို့နောက်ဆုတ်သွားသည့်အချိန်တွင် သံစဉ်က ပြောင်းလဲသွားခဲ့သည်။
ရောင်စုံဇာမဏီတစ်ကောင်က အတောင်ပံများကို ခတ်ပြီး ကောင်းချမ်းယွမ်ဆီကို ရောက်လာခဲ့၏။ ကောင်ချမ်းယွမ်ကတော့ အလွန်ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။ သူက ဇာမဏီကို ရင်ဆိုင်ရန် သူ၏ဓားပိုးကောင်အဆောင်ကို အသုံးပြုနိုင်ခဲ့သည်မှာ ကံကောင်းသွား၏။
ထိုအချိန်တွင် နဂါးဟိန်းသံနဲ့ အစစ်အမှန်နဂါးဟိန်းသံတစ်ခုက ထွက်ပြေးသွားသော စာရင်းကိုင်နတ်ဆရာကို ဖမ်းမိသွားသည်။ စာရင်းကိုင်နတ်ဆရာက သွေးနတ်ဘုရားပုလဲလုံးကို ဖောက်ခွဲပစ်လိုက်၏။
"ဗုန်း ..."
ကောင်းကင်ကြီးပေါ်တွင် သွေးအရိပ်များ ပေါ်လာခဲ့ပြီး အစစ်အမှန်နဂါး၏ ပုံရိပ်ယောင်များကို လွှမ်းခြုံသွားခဲ့၏။ စာရင်းကိုင်နတ်ဆရာက ထိုအခွင့်အရေးကို အရယူပြီး ထွက်ပြေးသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့၏။
"ဖျောက် ဖျောက် ဖျောက်…."
များပြားလွန်းလှသော ကူအဆိပ်ပိုးကောင်များက တုန်ခါသွားခဲ့ပြီး ဇာမဏီကို လွှမ်းခြုံသွားသည်။ ကောင်းချမ်းယွမ်က ထိုအခွင့်အရေးကို အရယူပြီး သူ၏အဆောင်များနှင့်အတူ ပင်လယ်ထဲသို့ ခုန်ဆင်းလွတ်မြောက်သွားခဲ့၏။
နတ်ဘုရားလက်နက်၏အစွမ်းက ဤနေရာတွင် ထင်ရှားလှသည်။ သူ နိုးထလာသည်နှင့် လူတိုင်းက ရယူရန် ခက်ခဲ၏။ ထိုအရာကိုမြင်သည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိပြီး နတ်ဆိုးသုတ်သင်ရေးအလံကို ရည်ရွယ်ချက်ရှိရှိ ပြသထားခဲ့သည်။
ထိုအရာက ပျက်စီးလုနီးပါးအခြေအနေကို ရောက်နေကြောင်း ဝေ့ကျင်းအဆင့် ပညာရှင်များသိအောင် တမင်တကာ ပြသလိုက်ခြင်းလည်းဖြစ်၏။ သူ့ကို တစ်ကြိမ်တည်းနှင့် တိုက်ခိုက်နိုင်ခြင်းမရှိသရွေ့ တိုက်ပွဲထဲတွင် နတ်ဆိုးသုတ်သင်ရေးအလံက ပျက်စီးသွားနိုင်ကြောင်း တခြားသူများက သိနေနိုင်၏။
နတ်ဘုရားလက်နက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် မပြည့်စုံသော သမုဒ္ဒရာလွှမ်းမိုးခြင်းပုလဲလုံးကဲ့သို့ နတ်ဘုရားလက်နက် ဖန်တီးရသည့်ပစ္စည်းများက ဆွဲဆောင်မှု မရှိလှပေ။ ထို့ကြောင့်လည်း ကောင်းချမ်းယွမ်က အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်နှင့် လဲလှယ်ခဲ့ခြင်းဖြစ်၏။ ထို့ပြင် ငရဲအင်ပါယာ၏ လက်ကောက်ဝတ် အရိုးအသုံးဝင်ပုံနှင့် နောက်ကြောင်းကို မည်သူကမျှ မသိကြပေ။
လင်ပိုစောင်းက ရွမ်ပိုကောင်း၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။ လေလှိုင်းများကလည်း ရပ်တန့်သွားပြီး လှိုင်းလုံးများက တည်ငြိမ်သွားခဲ့သည်။
ရွမ်မိသားစုစံအိမ်ထဲတွင် ရှိနေသော ရေစံအိမ်တွင်…
သခင်ကြီးရွမ်က ခေါင်းပေါ်တွင် အဖြူရောင် အဝတ်ကို စည်းထားသည်။
သူက မုန့်ချီကို ကျေနပ်စွာ စိုက်ကြည့်နေပြီး ခေါင်းညိတ်လိုက်မိ၏။
"တကယ်လို့ မင်းရဲ့နတ်ဘုရားလက်နက်ကို မသုံးခဲ့ဘူးဆိုရင် ငါတို့က လင်ပိုစောင်းကို ဆုံးရှုံးရတော့မှာ။ ငါက မင်းကို ပြန်ပြီးကူညီပေးပါ့မယ်…"
သူ့ဆီတွင် ဓမ္မကာရအဆင့် ပညာရှင်များနှင့် လော်စာအုပ်ရှိနေသော်လည်း အလွန်ခရီးဝေးလွန်းလှသော လန်းယာ့ကိုပြန်လာရန် အချိန်ပေးခဲ့ရသည်။ သူက တိုးတိုးလေးရယ်လိုက်မိ၏။
"ငါတို့က နတ်ဘုရားလက်နက်ဖန်တီးဖို့ ပင်မပစ္စည်းအများစုကို ဝမ်မိသားစုဆီ လက်ဆောင်ပေးခဲ့ရပေမယ့် ငါတို့ဆီမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ရတနာတွေ အများကြီးရှိနေသေးတယ်။ မင်းက ကြိုက်တဲ့ရတနာကို ရွေးချယ်လို့ရပါတယ်.."
ပင်မပစ္စည်းများမှနေ၍ နတ်ဘုရားလက်နက်တစ်ခုကို ဖန်တီးရန်အလွန်ခက်ခဲသည်။ ဓမ္မကာရအဆင့် ပညာရှင်များကပင် အောင်မြင်ရန် အခွင့်အရေးနည်းပါး၏။ ရွမ်ကလန်က အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မုန့်ချီက သေချာစဉ်းစားပြီး အပြုံးနှင့်ပြောလိုက်သည်။
"ဘာလို့အကြီးအကဲက ဒီလောက်တောင် ယဉ်ကျေးနေရတာလဲ ...။ တကယ်လို့ ကျွန်တော့်ကို ပြန်ပြီးပေးဆပ်ချင်တယ်ဆိုရင်တော့ ပစ္စည်းတစ်ခုနဲ့ ကတိတစ်ခုပဲ လိုအပ်ပါတယ်…"
ရွမ်မိသားစုက ထိခိုက်မှုကြီးမားကြောင်း မြင်နေရသည့်အခါ မုန့်ချီက သူတို့ဆီမှ ရတနာထပ်တောင်းရန် ဆန္ဒမရှိချေ။ သူက တခြားအချက်အလက်များကိုသာ တောင်းဆိုချင်ခဲ့၏။
"ဘာပစ္စည်းလဲ ...ဘာကတိလဲ…"
ရွမ်သခင်ကြီးကတော့ အရာအားလုံးကိုလက်ခံချင်သည့်အလား မျက်မှောင်ကြုတ်နေခြင်း မရှိချေ။
"ပစ္စည်းကတော့ လင်ပိုစောင်းထဲမှာ ကျန်နေခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ အငွေ့အသက်ပါ ..။ ကတိကတော့ နောက်ပိုင်း ကျွန်တော် ပြဿနာကြုံတဲ့အချိန် အကြီးအကဲက လင်ပိုစောင်းကိုသုံးပြီး အကူအညီပေးပါ့မယ်ဆိုတဲ့ ကတိပါ.."
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။
သူက ရှေးဟောင်းနတ်ဘုရား၏ အငွေ့အသက်ကို အသုံးပြုပြီး နတ်ဆိုးသုတ်သင်ရေးအလံကို ပြန်ပြင်ဆင်ချင်ခဲ့သည်။ နတ်ဘုရားလက်နက်တစ်ခုကို အသုံးပြုနေသော ဓမ္မကာရတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ အကူအညီက အလွန်ကြီးမားသော အကူအညီတစ်ရပ်ဖြစ်၏။
"ကောင်းပါပြီ…"
ဆရာကြီးရွမ်က ချက်ချင်းသဘောတူလိုက်သည်။
"ဘာလို့တစ်ခုတည်းလဲ ... မင်းက (၁၀)ကြိမ်၊ အကြိမ်(၁၀၀) အကူအညီတောင်းလဲ မင်းသာ လိုအပ်တယ်ဆိုရင် ငါတို့ရွမ်ကလန်က လာပြီးကူညီပေးမှာပါ…"
“ရွမ်ကလန်က တကယ်ကို အစွမ်းထက်တဲ့ စာပေမျိုးဆက်နဲ့ အထက်တန်းလွှာ မိသားစုပဲ။ သူတို့ရဲ့ခံစားချက်တွေက အရမ်းပြင်းထန်လွန်းတယ်..”
မုန့်ချီကတော့ ထိုအရာကို အပြစ်တင်ရမလား ကျေနပ်ရမလားပင် မသိတော့ချေ။
ဆရာကြီးရွမ်က အပြာရောင်ရေစက်များကို ယူဆောင်လိုက်ပြီး ကျောက်စိမ်းပုလင်းထဲကိုထည့်၍ မုန့်ချီဆီကို ပေးလိုက်သည်။ ထို့နောက် သူက ရယ်လိုက်၏။
"ကောင်းပါပြီ ... ပြီးတော့ ငါ့လို အဘိုးကြီးနဲ့ စကားပြောနေဖို့ မလိုတော့ပါဘူး။ နံပါတ်(၂၁) မြေးမလေးက သူ့ရဲ့စံအိမ်မှာ မင်းကိုစောင့်နေတယ်…"
မုန့်ချီက ဦးညွတ်ပြီး ထွက်ခွာသွားခဲ့၏။ ထိုအချိန်တွင် အစေခံမလေးတစ်ယောက်က လမ်းပြပေးပြီး အနောက်မှ လိုက်သွားခဲ့သည့်အတွက် သူက သခင်မလေးစံအိမ်ထဲသို့ ရောက်လာခဲ့သည်။ ထိုအရာက ရွမ်ယုရှူ၏ စံအိမ်အပြင်ဘက်တွင်ဖြစ်ပြီး ရေလှိုင်းသံလှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော သဘာဝတေးသံများကိုလည်း ကြားနေရသည်။
ရွမ်ယုရှူကတော့ ပန်းချီကားထဲမှ နတ်သမီးလေးတစ်ပါးအလား အဖြူရောင်ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထား၏။ သူမက နေ့လည်စာစားနေရင်း စံအိမ်ထဲသို့ မုန့်ချီဝင်လာသည်ကို မြင်သည့်အချိန်တွင် ပန်းကန်ပြားပေါ်သို့ အနီရောင်ကိတ်မုန့်လေး(၂)ခုကို တင်ပေးလိုက်သည်။
"ဒါကို ပင်လယ်နေ့စွဲကိတ်လို့ခေါ်တယ် .။ ဒီလိုပင်လယ်နေ့စွဲကိတ်မျိုးက အရမ်းရှားသလို သူ့ရဲ့မွှေးရနံ့ကလည်း အစားထိုးလို့တောင် မရနိုင်ဘူး။ ငါ့အိမ်ထဲမှာတောင် (၂)ခုပဲ ကျန်တော့တယ်။ ငါက ဒါတွေကို ငါ့ရဲ့ပြောင်းလဲမှုအတွက် အမြဲတမ်းသိမ်းထားခဲ့တာ…"
ရွမ်ယုရှုက တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူမက မုန့်များတစ်ခုပြီးတစ်ခု ထုတ်ပေးလိုက်၏။
"ကြက်ခြေထောက်…
ဒါကတော့ မကောင်းဆိုးဝါးဂဏန်းစွပ်ပြုတ်၊ ဒါကတော့ အငွေ့ပျံမျှစ်ချဉ်၊ ဒါကတော့ အရသာ(၅)မျိုးနဂါး ..."
မုန့်ချီကတော့ စားပွဲပေါ်တွင် ပြည့်နေသော သူမ၏မုန့်များကိုကြည့်ပြီး ပြုံးလိုက်မိသည်။
မုန့်နာမည်များကို မိတ်ဆက်ပေးလိုက်ပြီးနောက် ရွမ်ယုရှုက နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်၏။
"နင်က တစ်ခုချင်းဆီ စားကြည့်လိုက်ပါ ... ဒီပါဝင်ပစ္စည်းတွေက အရမ်းရှားတယ်။ ငါတောင် အဲဒါတွေကို စားဖို့ အရမ်းနှမြောတာ ..."
သူမ၏မျက်လုံးများက ဝမ်းသာနေပုံရသော်လည်း အသက်မပါသလို ထင်မှတ်ရသည်။
Translated by Hein Htet.