← Chapters

နာမည်ကြီး ဝမ်သောင်ကျွင်း

Vol. 40 Ch. 586

နာမည်ကြီး ဝမ်သောင်ကျွင်း

Vol. 40 Ch. 586

အကယ်၍ အခွန်ပေးဆောင်ရန်အတွက် မဟုတ်ပါက ဖုန်းယွီသည် ကျန်းလွေ့ချန်း၏ တောင်းဆိုမှုများကို လက်ခံမည် မဟုတ်ချေ။ သူ၏ ယခင်ဘဝတွင် ဖုန်းယွီသည် အငြိမ်းစား စစ်သည်များ စုဆောင်းခြင်း၊ မသန်မစွမ်း စသည်များကို စုဆောင်းလိုသည့် လုပ်ငန်းများစွာ ကြားဖူးခဲ့သည်။ သို့ရာတွင် ထိုလုပ်ငန်းများက ၎င်းတို့အား အမှန်တကယ် ကူညီချင်ကြသည်လော။

တစ်ချို့မှာ ဖြစ်နိုင်ပေသည်။ သို့ရာတွင် ဤအခွန်ပေးဆောင်ရေး မူဝါဒကို အသုံးချလိုသူ အချို့ရှိနေပေသည်။ ၎င်းတို့သည် လုပ်ခအချို့ကို ထုတ်ပေးပြီး အခွန်ထာက်ပံ့မှုမှ ပိုမိုစုဆောင်းငွေအတွက် လဲလှယ်ရန်သာ လိုအပ်ပေသည်။

နောက်တစ်သုတ် စစ်သည်များ အငြိမ်းစားယူပြီးပါက အခြေအနေ တည်ငြိမ်သွားမည် ဖြစ်သည်။ လက်ရှိ အငြိမ်းစား စစ်သည်များကို အလုပ်ခန့်ရန် အစိုးရနှင့် စစ်သည်အရာရှိများအတွက် အဆင်မပြေသေးချေ။

ဖူန်းယွီ ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်တို့ကို ဖုန်းဆက်၍ ဤအစီအစဉ်အကြောင်း ပြောပြလိုက်သည်။ ဖုန်းယွီ၏ ဆုံးဖြတ်ချက်ကိုလည်း (၂)ဦးစလုံး လက်ခံခဲ့ကြသည်။ ဤသည်မှာ ကုန်တိုက်၏ ဂုဏ်သတင်းကို တိုးပွားစေပြီး အကျိုးကျေးဇူးပင် ရရှိစေပေအုံးမည်။ အခြားဒေသများတွင်လည်း ထိုသို့ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မြင့်မြင့်မားမား ပညာတတ်ရန်မလိုအပ်သည် ကုန်တိုက်များတွင် ရာထူးနေရာများစွာ ရှိပေသည်။ အချို့ သောဝန်ထမ်း နေရာများသည် စာတတ်ရန်ပင် မလိုအပ်ချေ။ ထိုဝန်ထမ်း အလုပ်ကြိုးစားရန်သာ လိုအပ်ပေသည်။

ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင် (၂)ဦးစလုံးသည် ပမ့်မြို့တော် အစိုးရနှင့် အမြန်သဘောတူနိုင်ရန်အတွက် ဖုန်းယွီ ဝမ်းမြောက်မိပေသည်။ ဤစာချုပ်ကို စံဥပမာ တစ်ခုအနေဖြင့် ဆောင်ရွက်ပါက အခြားဒေသန္တရအစိုးရများနှင့် ညှိနှိုင်းရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။ မေလတွင် စေ့စပ်ညှိနှိုင်းမှုများအားလုံး အပြီးသတ်နိုင်မည်ဖြစ်ပြီး ထိုင်ဟွာ ကုန်တိုက်များကို အချိန်တိုအတွင်း အပြီးသတ်နိုင်မည်ဖြစ်သည်။ ၎င်းတို့အခန်းများကို ငှားရမ်းသူ ရှော့ပင်းမောများဖြင့် မဖြည့်နိုင်လျှင်ပင် ပမာဏမြင့်မားသည့် ဖော်သည်များ၏ စိတ်ပါဝင်စားစရာ ပါတီများဖြင့် ဆွဲဆောင်နိုင်မည် ဖြစ်ပြီး ငှားရမ်းခများလည်း တိုးလာပေလိမ့်မည်။

နောက်ဆက်တွဲလုပ်ဆောင်ရန် တစ်ယောက်ကို တာဝန်ပေးပြီး၊ နောက်ဆုံးတွင် ဖုန်းယွီ အနားယူရန် အိမ်ပြန်လာနိုင်တော့သည်။

ဖုန်းယွီ အိမ်ပြန်ရောက်သည့်အခါ ဝမ်သောင်ကျွင်း သူ့ကို လာတွေ့ခဲ့သည်။ ဤရက်အတွင်း ဝမ်သောင်ကျွင်းသည် နှင်းများ ထူထပ်စွာ ကျနေသည့်တိုင်အောင် အပြင်ဘက်တွင်သာ လှည့်ပတ် သွားလာနေပေသည်။

သူပါဝင်ခဲ့သည့် အပိုင်းအား ထုတ်လွှင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ရုပ်မြင်သံကြားပေါ်တွင် ဝမ်သောင်ကျွင်းသည် (၂)မိနစ်ခန့်သာ ပေါ်လာခဲ့ရသော်လည်း အများစုမှာ သူ့ကိုယ်သူ မိတ်ဆက်ခြင်းသာ ဖြစ်သည်။ ထို့အပြင် မေးခွန်းကို မှန်ကန်စွာ မဖြေနိုင်သည့် တစ်ဦးတည်းသော ပြိုင်ပွဲဝင်ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ ဝမ်သောင်ကျွင်းသည် CCTV ရုပ်မြင်သံကြား အစီအစဉ်တွင် ပါဝင် နိုင်ခဲ့ခြင်းပင်။ ဤသည်မှာ လူကြိုက်အများဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်သည့် မျိုးစုံရှိုးပွဲတစ်ခု မဟုတ်ပေလော။

သူ့ခရိုင်အတွင်း ဝမ်သောင်ကျွင်းမှာ နာမည်ကြီး တစ်ယောက် ဖြစ်နေပေပြီ။

အဓိကအချက်တစ်ခုမှာ ဝမ်သဲကွမ်း၏ သားဖြစ်သည်။ ခရိုင်မှူး၏ သား။ ထိုအပိုင်း ထုတ်လွှင့်ပြီးနောက် တစ်ရပ်ကွက်လုံး သူ့အကြောင်း ပြောကြတော့သည်။

နေရာများစွာတွင် ပွက်ပွက်ညံပြီးနောက် အဖြစ်အပျက်မှာ အောက်ပါအတိုင်း ပြောင်းလဲသွားတော့သည်။

ဤအစီအစဉ်တွင် လူတိုင်း မပါဝင်နိုင်ချေ။ တက်ရောက်နိုင်သူများသည် နိုင်ငံရပ်ခြားမှ နာမည်ကြီး တက္ကသိုလ် ပါမောက္ခများနှင့် ကျောင်းသားများ၊ နောက်ခံသမိုင်းရှိသူများသာဟု အားလုံး သတ်မှတ်လိုက်ကြသည်။

တက္ကသိုလ် ကျောင်းသား တစ်ဦးသည် မည်သို့ ပါဝင်ခွင့်ရမည်နည်း။ အဘယ့်ကြောင့်ဆိုသော် သူသည် ဝမ်၏ သားဖြစ်ပြီး တက္ကသိုလ် ထိပ်တန်း ကျောင်းသား ဖြစ်ခြင်းကြောင့်ပင်။ သို့မဟုတ်ပါက ပါဝင်ရန် အရည်အချင်း မည်သို့ ပြည့်မှီနိုင်မည်နည်း။

မိမိတို့ခရိုင်တွင် ပေကျင်းတက္ကသိုလ်နှင့် ဟွာချင်းတက္ကသိုလ်တက်နေသည့် ကလေးများ ရှိနေမည်လော။ ထိုထိပ်တန်း တက္ကသိုလ်တက်နေမည့် ကျောင်းသားတိုင်း ထူးချွန်သူများ မဟုတ်ချေ။ ထို့အပြင် အကြီးအကဲဝမ်၏ သားသည် ပေကျင်း နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေပေသည်။ ဤသည်မှာ ကောင်းမွန်သည့် တက္ကသိုလ် တစ်ခုဖြစ်ပြီး ခရိုင်၏ ထိပ်တန်း ပါမောက္ခ အများအပြားသည် တက္ကသိုလ်တွင် သင်ကြားပို့ချနေပေသည်။

မေးခွန်းအမှတ်(၁)ကို မှန်အောင် မဖြေနိုင်သဖြင့် သူ့ကိုယ်သူ ရှက်နေမည် ထင်နေသည်လော။

သို့ဆိုလျှင် မိမိတို့အနေဖြင့်လည်း ထိုမေးခွန်းကို ဖြေနိုင်မည်လော။ အစီအစဉ်တွင် ပါဝင်သည့် ထိုမေးခွန်းများသည် ခေါင်းစဉ်အမျိုးမျိုးပါဝင်သည့်အပြင် ဤသည်ကို ကျပမ်းရွေးချယ်ထားခြင်း ဖြစ်သည်။ အမှုမဲ့ အမှတ်မဲ့ ဆိုသည်ကို သိပါသလား။ မေးခွန်းအားလုံးကို ကွန်ပျူတာကသာ ရွေးချယ်ပေသည်။ ကွန်ပြူတာများ ဆိုသည်မှာ နည်းပညာ မြင့်မားသည့် အရာတစ်ခုဖြစ်သည်။ မေးခွန်းအားလုံးကို ကျပန်းရွေးချယ်ကာ အားလုံး၏ ကံပေါ်တွင်သာ မူတည် ပေသည်။ ပါမောက္ခများ မဖြေနိုင်သော မေးခွန်းတစ်ချို့ကို မိမိတို့ ဖြေနိုင်သည်ကို မမြင်ကြသည်လော။

ထို့အပြင် အကြီးအကဲ ဝမ်၏ သားက ထိုအစီအစဉ်တွင် မိမိတို့ ခရိုင်မှဖြစ်ကြောင်း ပြောခဲ့သေးသည်။ မိမိတို့ နယ်မြေ ဂုဏ်ယူစရာပင်။ မိမိတို့ ပိုသာသည်ဟု ထင်မြင်ပါက ပါဝင် ယှဉ်ပြိုင်နိုင်ပေသေးသည်။

မေးခွန်း တစ်ခုပင် မဖြေနိုင်ခဲ့သော်လည်း ဝမ်သောင်ကျွင်းသည် ခရိုင်အတွင်း နာမည်ကြီး တစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် အခြားသူများ၏ မထီမဲ့မြင်ပြုခြင်း မခံခဲ့ရချေ။ ထိုအစား ခရိုင်၏ စံပြပုဂ္ဂိုလ်ဖြစ်သွားသည်။ ဝမ်သဲကွမ်းပင်လျှင် သူ့သားသည် သူ့ကို အရှက်ကွဲစေသည်ဟု မမှတ်ယူခဲ့ချေ။ ဂုဏ်ပင် ယူနေသေးသည်။

ဖုန်းယွီ ခရိုင်သို့ ပြန်လာကြောင်း ဝမ်းသောင်ကျွင်း သိသည့်အခါ ချက်ချင်းပင် မြောက်ကြွမြောက်ကြွဖြင့် ရောက်လာခြင်းပင်။

“မင်းသိလား.. ငါဒီကိုလာတော့ လူ(၆)ယောက်တောင် ငါ့ကို လက်ဝှေ့ယမ်းပြတာကွ… (၆)ယောက်တောင်.”

ဝမ်သောင်ကျွင်း လက်ပြနှုတ်ဆက်ခံရသဖြင့် ဂုဏ်ယူနေသည်လော။

“သူတို့တွေ မင်းကို ဘာပြောလိုက်လဲ.. မင်းကို ပဟေဠိ ဘုရင်လို့ ခေါ်လိုက်လို့လား..”

“အဲ့ဒါအရေးမကြီးဘူး.. အရေးကြီးတာက သူတို့တွေ ငါ့ကို အသိအမှတ်ပြုတယ်လေ.. ငါတို့ရပ်ကွက်မှာ ငါ့အဖေ ဘယ်သူလဲဆိုတာ မသိတဲ့သူ ရှိရင်ရှိမယ်.. ငါ့ကို အားလုံးသိသွားပြီ.. ကလေးကအစ ခွေးကအစကို သိတာကွ..”

“အမ်.. အေးပါကွာ.. မင်းက ပဟေဠိ ဘုရင်ပါပဲ..”

“ငါ့ကို ပဟေဠိဘုရင်လို့ မခေါ်လို့ မရဘူးလား…”

“ဟာ ပဟေဠိဘုရင်ပဲကို..”

ဝမ်သောင်ကျွင်း ဒေါသထွက်သွားတော့သည်။ ဒီကောင် မိမိအပေါ် မည်သည့်အတွက် မကောင်းနိုင်ရသနည်း။

“မင်းကို ငါကူညီခဲ့တာလေကွာ.. မင်းငါ့ကို ကျေးဇူးမတင်သေးဘူးလား.. ငါ့ကြောင့် အဲ့အစီအစဉ်က အဆင့်သတ်မှတ်ချက်တွေ တက်လာတယ်ဆိုတာ မင်းသိရဲ့လား.. ငါပါတဲ့အပိုင်းဆို အဆင့်အမြင့်ဆုံးရခဲ့တာလို့ သတင်းစာတွေက ဖော်ပြထားတယ်.. အဆင့်သတ်မှတ်ချက်က တခြားCCTV အစီအစဉ်တွေထက်တောင် ပိုမြင့်သေးတယ်..”

ဝမ်သောင်ကျွင်း အလေးပေး ပြောလိုက်သည်။

“ထိပ်တန်းအဆင့် သတ်မှတ်ချက်တွေလား.. မင်း ဘယ်လိုလုပ်သိလဲ..”

“တရုတ် ဖျော်ဖြေရေး သတင်းစာမှာလေ.. မင်း သတင်းစာ မဖတ်ဘူးလား.. မင်း လွတ်သွားတာလား.. ငါသိနေတယ်လေ.. ဒီမှာ.. ဒီမှာ.. ဒါက သတင်းစာ တစ်စောင်ပဲ.. ငါအသင့်ယူလာတယ်..”

ဝမ်သောင်ကျွင်းသည် စုတ်ပြတ်နေသည့် သတင်းစာတစ်ဆောင် ထုတ်ယူလိုက်သည်။

ဗုဒ္ဓေါ.. ထိုလူမိုက် သတင်းစာ မိတ္တူယူလာခဲ့သေးသည်လော။

ဖုန်းယွီ စာရွက်များကို ကြည့်လိုက်သည်။ ထိုအပိုင်းတွဲ(၄)သည် CCTV တွင် အဆင့်သတ်မှတ်ချက် အများဆုံး ရခဲ့သည်။ ဝမ်သောင်ကျွင်းပါဝင်သည့် ထိုအပိုင်းတွဲ၏ ပါဝင်သူအားလုံးကို အတိုချုံးမိတ်ဆက်ပေးထားပေသည်။ သို့ရာတွင် အဆင့်သတ်မှတ်ချက် စံချိန်ချိုးနေမြဲပင်ဖြစ်သည်။

ယခုအခါ ဂြိုလ်တုလိုင်းများ ပိုများလာပြီး ရုပ်မြင်သံကြား ကြည့်ရှုသူများတွင် ရွေးချယ်စရာများ ပိုများလာပေသည်။ ယခင်စံချိန်ကို ချိုးဖျက်ရန် ခက်ခဲပေလိမ့်မည်။ သို့ရာတွင် ထိုနေ့သည် ထိပ်တန်းအဆင့် သတ်မှတ်ချက်များရရန် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပေသည်။ ဤသည်က ထိုအစီအစဉ် အောင်မြင်ကြောင်း သက်သေပြနေပေသည်။

ဖုန်းယွီ သူ့ကို ချီးကျူးဂုဏ်ပြုရန် ခေါင်းဆောင်ကျားကို ခေါ်၍ ထိုကျေးဇူးတင်မှုကို ပြသရန် လိုချင်နေခြင်းပင်။

ထိပ်တန်း ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ထုတ်ကုန်နေရာချထားခြင်းနှင့် နာမည်စပွန်ဆာပေးခဲ့ခြင်းက ထိုက်တန်ပေသည်။ ဖုန်းယွီသည် ရင်းနှီးမြုပ်နှံထားသည့် ငွေနှင့် ထိုက်တန်ပေသည်။

“ဟုတ်ပြီ.. ဟုတ်ပြီ.. ဒီဆောင်ပါး တွေ့ပြီးပြီ.. ငါ့ဆီက ဘာလိုချင်တာလဲ.. ပဟေဠိဘုရင်ကြီး ပြောစမ်းပါအုံး..”

“မင်းက CCTV နဲ့ရင်းနှီးတယ်လေ.. သူတို့ အစီအစဉ်မှာ ပြန်ပါဖို့ နည်းလမ်းရှိသေးလား.. နောက်တစ်ခါလောက် ထပ်စီစဉ်ပေးကွာ.. ဘာလို့ ဝင်ခွင့်မပေးတာတုန်း.. ဒီတစ်ခါ အဖြေတွေ ကြိုပြောထားလေ.. မေးခွန်းတွေ အားလုံး ဖြေရှင်းပစ်လိုက်မယ်…”

ဖုန်းယွီ ဝမ်သောင်ကျွင်း မျက်နှာကို တွန်းပစ်လိုက်ကာ..

“စဉ်းတောင် မစဉ်းစားနဲ့.. နာမည်ကြီးတယ်ဆိုတာ ကောင်းတယ်များ ထင်နေလား.. တိရစ္ဆာန်ရုံထဲက မျောက်တစ်ကောင်ကို ဝိုင်းကြည့်သလို မင်းကို ကြည့်နေကြတယ်ဆိုတာ သတိမထားမိဘူးလား..”

ဝမ်သောင်ကျွင်း ခနငြိမ်ပြီးမှ ဒေါသထွက်လာတော့သည်..

“သူတို့တွေ ငါ့ကို မြင်တာနဲ့ ရယ်နေကြတာ မဆန်းတော့ဘူးပဲ.. ငါ့ကို မနာလိုလို့ ထင်နေတာ.. တကယ်တော့ ငါ့ကို မျောက်တစ်ကောင်လို မြင်နေကြတာပေါ့လေ.. လျိုကျီချိန် ပြန်ရောက်နေတာရော မင်းသိလား..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters