တောင်းပန်ပါ။
Vol. 2 Ch. 13
“ မင်းက ဟွမ်မိသားစုကလား။ ”
စုရီက တုန်လှုပ်ခြင်း မရှိဘဲ မေးမြန်းလိုက်သည်။ အနက်ဝတ် အမျိုးသားက၊
“ သခင်လေးစု၊ မင်းလည်း ဒါကို သိပြီးသားဆိုတော့ ငါတို့နဲ့အတူ အေးအေး ဆေးဆေး လိုက်တာ အကောင်းဆုံးပါပဲ။ ”
“ ကောင်းပြီ သွားကြရအောင်။ ”
စုရီက ငြင်းဆန်ခြင်း မပြုဘဲ ချက်ချင်း ပြန်လှည့်လိုက်သဖြင့် အနက်ဝတ် အမျိုးသားမှာ အံ့ဩသွားသည်။
ထို့နောက်တွင် လက်နှစ်ဖက်ကို နောက်ပို့လျက် ပေါ့ပေါ့ပါးပါး အသွင်ဖြင့် စုရီက အင်မော်တယ် စံအိမ်ထဲ လှမ်းဝင်လိုက်၏။
“ သခင်လေးစု ... မနေ့က မင်းတို့လာခဲ့တဲ့ သီးသန့်ခန်းထဲမှာ ... ဟွမ်မိသားစု ခေါင်းဆောင် စောင့်နေပါတယ်။ ”
အင်မော်တယ် စံအိမ်အတွင်း တိတ်ဆိတ် နေသည်။ စုရီ ဝင်လာသောအခါ ယွီတျန်ဟဲက ပြုံးကာ နှုတ်ဆက်၏။
“ စံအိမ်သခင် ... မင်းရဲ့ အင်မော်တယ်စံအိမ် ပျက်စီးသွားမှာ မကြောက်ဘူးလား။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်မေးသည်။ ယွီတျန်ဟဲ၏ အပြုံးများ အေးခဲသွားသော်လည်း ချက်ချင်း ရယ်မောလျက်၊
“ ဟား ဟား ဟား ... ကျေးဇူးပြု၍ စိတ်မပူပါနဲ့ သခင်လေးစု ငါ့စံအိမ်က ခိုင်မာ ပါတယ် ... သာမန် လူတစ်ယောက် မဖျက်ဆီးနိုင်ပါဘူး ...
... အဲဒီအစား ... ကိုယ့်ကိုယ်ကို စိတ်ပူပါ ဒီနေ့ မင်းကံဆိုး တော့မှာကို ငါကြောက်မိတယ် သခင်လေးစု။ ”
-ဟု တုန့်ပြန်လိုက်တော့သည်။
“ စံအိမ်သခင် မင်းစကားအတိုင်း ... မင်းရဲ့စံအိမ် ပျက်စီးသွားရင် ငါ့ဆီက အလျော် တောင်းဖို့ စိတ်မကူးနဲ့။ ”
စကားဆုံးသည်နှင့် စုရီတစ်ယောက် လှေခါးထစ်များအပေါ် လှမ်းတက် လိုက်ပြီ ဖြစ်သည်။ ယွီတျန်ဟဲက ပတ်ဝန်းကျင်ကို ဝေ့ကြည့်၏။ မသင်္ကာစရာ မည်သည့် အရိပ်အယောင်မျှ မရှိချေ။
“ အဟက် ... ကောင်ပြီ ... မင်းတစ်ယောက်တည်းနဲ့ ငါ့စံအိမ်ကို ဘယ်လို ဖျက်ဆီးမလဲ ကြည့်ရအောင်။ ”
“ ကျွီ ... ။ ”
ထိုအချိန်တွင် ဒုတိယထပ်ရှိ သီးသန့်ခန်းတံခါးကိုဖွင့်ကာ စုရီက လှမ်းဝင် လိုက်၏။
အခန်းထဲ လူသုံးယောက် ရှိသည်။ နက်မှောင်ပြီး ကျားနဂါးပုံများ ချယ်သထားသည့် ဝတ်စုံဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုသုံးယောက်အလယ်၌ ကြီးစိုးစွာထိုင်နေ၏။
သူ့ဘေးတွင် ခါး၌ ဓားရှည်တစ်လက်နှင့် အစိမ်းရောင် ဓားမြှောင် တစ်ချောင်းကို ကစား နေသော အမျိုးသားတစ်ဦး ရှိသည်။
စုရီ ဝင်လာသောအခါ ထိုဓားသမားက ကစားခြင်းကို ရပ်ပြီး မျက်ဝန်းများမှေးစင်းလျက် လှမ်းကြည့်၏။ ထို့နောက် စိတ်ပျက်လက်ပျက် ဟန်ဖြင့် လျစ်လျူရှုသွားတော့သည်။
“ စုရီ နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”
နောက်ဆုံးလူမှာ ဟွမ်ချမ့်ကျွယ် ဖြစ်၏။ ၎င်းမှ အမုန်းတရားများဖြင့် စကားဆိုလာတော့ သည်။
“ မင်းကို လက်စားချေဖို့ အခွင့်အရေး ပေးမယ်လို့ ငါပြောခဲ့တယ် မဟုတ်လား ... ဒါဆို ငါလာတာ သဘာဝ ပါပဲ။
စုရီက ဥယျာဉ်ထဲ လမ်းလျှောက် ထွက်လာသည့်အလား ထိုင်ခုံတစ်လုံးတွင် ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။
“ မြစ်ပြာဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီးက တကယ် ရဲရင့်ပါပေတယ် ယွီတျန်ဟဲ ပြောသလို ကွမ်လင်မြို့က လူတွေ မင်းအပါ် လျော့တွက် နေမိကြပြီ။ ”
“ ဘုတ် ... ။ ”
“ ဘုတ် ... ။ ”
“ ဘုတ် ... ။ ”
ကျားနဂါး ဝတ်ရုံဖြင့် အနက်ဝတ် အမျိုးသားက မှတ်ချက် ပေးလာ၏။ စုရီက စားပွဲပေါ် လက်ဖြင့် အသာပုတ်နေသည်။
“ မွန်းတည့်နေပြီ စကားပြောမယ်ဆိုရင် နေလည်စာ စားပြီး ပြောရအောင် ... ဘယ်မှာလဲ အစားအသောက်နဲ့ အချိုရည်တွေ။ ”
“ ဟား ဟား ဟား ... မကြာခင် မင်းမှာ စားချင်စိတ်ရှိနေသေးရင် ငါဧည့်ခံဖို့ တာဝန်ယူ ပါ့မယ်၊ ငါ့နာမည်က ဟွမ်ယွင်ချုံ့ ...
... မနေ့က မင်းငါ့သားကို သင်ခန်းစာ သင်ပေးတယ်လို့ ငါကြားတယ် ... ဘယ်သူ မှန်တယ်၊မှားတယ် ... ငါ စိတ်မဝင်စားဘူး ဒီအတွက် မင်းပြန်ပေးဆပ်ရမယ်။ ”
ဟွမ်ယွင်ချုံးက အေးစက်စွာ ပြောကြားလိုက်သည်။ စုရီမှ ခေါင်းညိတ်၏။
“ ငါသိတယ် ခွေးကို ရိုက်ရင် ... သူ့သခင် ထွက်လာမယ် ဆိုတာ။ ”
“ မင်းက လိမ္မာပါးနပ်တဲ့ လူပဲ၊ ဒါကြောင့် ငါတိုက်ရိုက်ပြောမယ်။ ”
“ ပြောပါ ငါနားထောင်နေတယ်။ ”
တစ်ဖက်လူသည် ချီသန့်စင်ခြင်း အဆင့်တွင်ရှိ၏။ သူ၏ လှုပ်ရှားမှုတိုင်းသည် သေသပ်ကြီးစိုးချေပြီ။
သို့သော် သူ့အပေါ် လွှမ်းမိုးရန် ထိုမျှဖြင့် မလုံလောက်ချေ။ စုရီ၏ မောက်မာသော အသွင် အပြင်ကြောင့် ဟွမ်ယွင်ချုံးခမျာ အလိုမကျ ဖြစ်လာ၏။
“ တောင်းပန်ပါ ... ။ ”
“ ဟမ် ... တောင်းပန်ရုံပဲလား။ ”
စုရီမှ ပြန်မေးသည်။
“ တောင်ပန်ပြီးရင် ... ဒူးထောက်ပြီး အင်မော်တယ် စံအိမ်ကနေ ချက်ချင်း ထွက်ပါ လမ်းတစ်လျှောက် မင်းခေါင်းကို ကြမ်းပြင်နဲ့ ထိအောင် ရှိခိုးကန်တော့သွားပါ။ ”
ဟွမ်ယွင်ချုံးမှ ပြောကြားလိုက်သည်။ ထိုစကားကြောင့် ဓားမြှောင်ကို ကစားနေသော ဓားသမားက မော့ကြည့်လာ၏။
“ မိသားစုခေါင်းဆောင် မင်းက အရမ်း ကြင်နာလွန်းတယ်။ ”
“ မင်း နားမလည်ပါဘူး ... ဒါက လူငယ်တွေကြားက ပဋိပက္ခလေး တစ်ခုပဲ ... ရက်စက်နေဖို့ မလိုပါဘူး။”
ဟွမ်ယွင်ချုံးက ပြုံးပြီး ပြန်ပြောသည်။
“ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ပေးတဲ့ ဒီပြစ်ဒဏ်က ပေါ့ပါးလွန်းတယ် ... ငါနဲ့ ထားခဲ့ပါ၊ ကောင်လေး မင်းကိုယ်တိုင်လုပ်မလား ငါ့ကူညီရမလား။ ”
ဓားသမားက သူ့ဓားမြှောင်ကို မြှောက်ပြလျက် မျက်ဝန်းများ မှေးစင်းပြီး ပြောကြားလာသည်။
သူ့အသံသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ကြားရသူကို ကျောရိုးများ တုန်ယင်လာစေ၏။ သို့သော် စုရီ မပါချေ။
“ မင်းတို့ ငါ့ကိုသတ်ဖို့ သတ္တိရှိနေပြီလို့ ထင်ထားခဲ့တာ ... စိတ်ပျက်စရာ ကစားကွက်နဲ့ ရောက်လာတာပဲ။ ”
စုရီစကားက ဟွမ်ယွင်ချုံးတို့ သားအဖကို မျက်ခုံးပင့်မိစေ၏။ ဓားမြှောင် ကိုင်ထားသော ဓားသမားက မျက်မှောင်ကြုတ်သွားသည်။
သတ်ဖြတ်လိုသော ဆန္ဒများ ထုတ်ပြကာ တိုက်ခိုက်ရန် ပြင်၏။ ထိုစဉ် ကျယ်လောင်သော အသံနှင့်အတူ ပုံရိပ်တစ်ရိပ် အခန်းထဲဝင် လာတော့သည်။
“ အစ်ကိုဟွမ် ကျေးဇူးပြုပြီး ... ဒီကလေးကို ခွင့်လွှတ်ပေးပါ။ ”
လူသစ်သည် ခံ့ညား ထည်ဝါသော မုတ်ဆိတ်မွေး ကောက်ကောက်နှင့် သိမ်းငှက် မျက်လုံးများ ပိုင်ဆိုင်ထား၏။
“ နီပိုင်ဟွာ ... မင်းက ဘာကိစ္စ ရောက်လာရတာလဲ။ ”
ထိုလူအသွင်ကြောင့် ဟွမ်ယွင်ချုံးက စိတ်ရှုပ်ထွေးစွာဖြင့် အော်ဟစ် လိုက်သည်။
“ မနေ့က သခင်လေးဟွမ်က ငါ့သားကို အနိုင်ကျင့်ပါတယ် ဒါကြောင့် စုရီက ကူညီပေး ခဲ့တာပါ ဒီအတွက် ငါလျစ်လျူရှုလို့ မရဘူး။ ”
နီပိုင်ဟွာက ရှင်းပြလိုက်လေသည်။ ယင်းကြောင့် ဟွမ်ယွင်ချုံးမှ ဟွမ်ချမ့်ကျွယ်ထံ လှည့်ကြည့်၏။ ဟွမ်ချမ့်ကျွယ်မှ ထိတ်လန့်သွားပြီး၊
“ ဖေဖေ၊ ကျွန်တော် နီထန့်ကို နည်းနည်းလေး ခြောက်လိုက်တာပါ သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး။ ”
-ဟု ချက်ချင်း ရှင်းပြတော့သည်။
“ အစ်ကိုနီ မင်းကြားလား ... ဒီကိစ္စက မင်းရဲ့သားနဲ့ မဆိုင်ဘူး ... အဲဒီနေ့က ငါ့သား အနိုင်ကျင့်ခံရတယ် ... ဒါကို လွှတ်ထားလိုက်ရင် ငါ့သားက ကွမ်လင်မြို့မှာ ဘယ်လိုလုပ် ဆက်ပြီး ရှင်သန်နိုင်မှာလဲ။ ”
နီပိုင်ဟွာ တစ်ယောက် မျက်နှာ ပျက်ယွင်းလျက် တစ်စုံတစ်ရာ ပြောကြားရန် ပြင်လိုက်သည်။ သို့သော် ဟွမ်ယွင်ချုံးက လက်ပြလာ၏။
“ ညီလေးနီ၊ အနားယူပါ ... ဝမ်မိသားစု အကြီးအကဲ ကိုယ်တိုင်လာရင်တောင် သူ့ကို မကာကွယ်နိုင်ပါဘူး။ ”
ဤသည်မှာ နီပိုင်ဟွာကို လျစ်လျူရှုခြင်း မည်ပေသည်။ စုရီမှ ခေါင်းယမ်းမိ၏။ သူသည် ဤပြသနာကို ဖြေရှင်းရန် တခြားလူများအပေါ် မီခိုသူ မဟုတ်ချေ။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
သို့သော် နီထန့်၏ကူညီရန် ကြိုးစားမှုကို အသိအမှတ် ပြုပေသည်။ ထိုစဉ် နောက်ထပ် ခြေသံများ ကြားလိုက်ရပြန်၏။
ဟွမ်ယွင်ချုံး တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ အင်မော်တယ် စံအိမ်သည် ယွီတျန်ဟဲနယ်မြေ ဖြစ်၏။
ဤနေရာ၌ မည်သူမျှ သူ့ကို နှောင့်ယှက်ဝံ့မည် မဟုတ်ဟု ယူဆထားသည်။ ယခုမူ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ ချေ၏။
ဒေါသတကြီးဖြင့် တံခါးဝကို မော့ကြည့် လိုက်သည်။ တံခါးဝတွင် ရှပ်အင်္ကျီ အဖြူပွပွဖြင့် အမျိုးသားတစ်ဦး ပေါ်လာ၏။
ရှည်လျားသော မုတ်ဆိတ်မွှေးများနှင့် နဖူးပေါ်တွင် ချွေးများ ရွဲနေသည်။ ဤနေရာသို့ အပြေးအလွှား လာခဲ့သည်မှာ ထင်ရှား၏။
၎င်းက အခန်းထဲ ရောက်သည်နှင့် တစ်စုံတစ်ယောက်ကို ဝေ့ဝဲ ရှာတော့သည်။ စုရီ တစ်ယောက် ဒဏ်ရာကင်းမဲ့စွာ ထိုင်နေသည်ကို မြင်မှသာလျှင် သက်ပြင်းချသွား၏။
***