← Chapters

တိမ်ယံထက်က သစ်ပင်။

Vol. 2 Ch. 17

တိမ်ယံထက်က သစ်ပင်။

Vol. 2 Ch. 17

စုရီက သူတို့ရှေ့၌ စွမ်းအင်ကျင့်ကြံရန် ရန်ပြင်နေသဖြင့် ‌ရှောင်တျန်းချွယ်နှင့် ဇီကျင်းမှ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် မိလေသည်။

များမကြာခင် စုရီက ထင်ရှူးကြိုးကြာ နည်းစနစ်အတွင်းရှိ ပုံစံအတိုင်း လက်ဟန်ကို စတင်လှုပ်ရှားတော့၏။ ချောမွေ့ပြီး နှေးကွေးချေပြီ။

ခြေလက်များ လှုပ်ရှားချိန်တိုင်း ထူးခြားဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်လာ၏။

ယင်းသည် ကောင်းကင်ဘုံ ကိုးပါးတွင် ပျံသန်းနေသော ကြိုးကြာတစ်ကောင် အဖြစ် ထင်မှားစေသည်။

ရုတ်တရက် ကြိုးကြာငှက်သည် ကြီးမားသော ထင်ရှူးပင်အဖြစ် ပြောင်းသွား ပြန်သည်။ အကိုင်းအခက်များက ကောင်းကင် နှင့် မြေကြီးကို ပံ့ပိုးပေးထား၏။

“ အဖိုး ဒါဘယ်အဆင့် နည်းစနစ်လဲ။ ”

ဇီကျင်းမှ ထိတ်လန့်သွားသည်။

“ ဟမ့် ... ။ ”

‌ရှောင်တျန်ချွယ်မှ ပြန်မဖြေနိုင်သေးချေ။ မျက်ဝန်းများ မှေးစင်းလျက် စုရီကို အသေးစိတ် စောင့်ကြည့်နေသည်။

ပိုးစာပင်တစ်ဝိုက် ဝိညာဉ်စွမ်းအင်များ စုဖွဲ့လာခဲ့ပြီး မြစ်‌ရေစီးကြောင်းများကဲ့သို့ စုရီ ခန္ဓာကိုယ်ထဲ စီးဝင်ကုန်၏။

ယင်းသည် မည်သို့သော ကျင့်ကြံမှု နည်းစနစ်မည်သနည်း။ လက်ဟန် ပြောင်းရုံဖြင့် ဝိညာဉ်စွမ်းအင်များကို အလိုလို စုပ်ယူနိုင် သည်လော။ အဓိပ္ပါယ် မရှိချေ။

သူသည် သိုင်းတာအို တတိယ အဆင့် အင်္ဂါငါးပါး သန့်စင်ခြင်းတွင် ဖြစ်ပြီး မဟာကျိုး အင်ပါယာ၌ အကြီးအကဲတစ်ပါး ဖြစ်သည်။

သို့တိုင် ဤမျှ လျှို့ဝှက်ဆန်းကြယ်သည့် နည်းစနစ်တစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ပေပင်။

ဘယ်ဘက်လက်အတွင်း မြစ်ရေအလားစီးဝင်နေသော ဝိညာဉ်စွမ်းအင် များကိုကြည့်ကာ လေးစားလာသည်။

၎င်းတွင် ထင်းရှူးပင်နှင့် ကြိုးကြာငှက်တို့၏ ကျက်သရေအပြင် မူလ တာအို နယ်ပယ် အဆင့် အနှစ်သာရမျိုး ပါဝင်နေ၏။

လက်ဟန်ပြောင်းပြီး ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်များကို စုပ်ယူသန့်စင်ပေးခြင်း ဟူသည် ရှန်ရှင်းသိုင်းသမားကြီးများ၏ အပြုအမူမျိုး ပေပင်။

ဆိုလိုသည်မှာ စုရီ၏ နည်းစနစ်သည် သိုင်းတာအိုနယ်ပယ်ကို ဖြတ်ကျော်ကာ မူလ တာအို အထွတ်အထိပ်တွင် ရှိနေသည်ဟု အဓိပ္ပါယ်ရ၏။

ထိုအဆင့်တွင် လှုပ်ရှားမှုတစ်ခုသည် တောင်များကို ဖြတ်တောက်ကာ သမုဒ္ဒရာကို ခွဲနိုင်မည်။ နတ်ဘုရားတစ်ပါး ကဲ့သို့ လျှပ်စီးကို စုပ်ယူလျက် ကောင်းကင်၌ ပျံနိုင်၏။

၎င်းတို့ကို မူလတာအိုနယ်ပယ် ကျွမ်းကျင်သူအဖြစ် သတ်မှတ်၏။ ထိုအဆင့်၌ (မြေကြီးအဆင့်) အဝါရောင် နည်းစနစ်များကို ကျင့်ကြံရသည်။

၎င်းတို့သည် အနာဂါတ် ကံကြမ္မာကို ထိန်းချုပ်နိုင်သော အံ့ဖွယ် အမွေများ ဖြစ်ချေ၏။ သူသည် ကံကောင်းစွာဖြင့် မြေကြီးအဆင့် နည်းစနစ် တစ်ခုကို မြင်တွေ့ဖူးသည်။

ထို့ကြောင့် ဤကမ္ဘာကြီးတွင် မြေကြီးအဆင့်ရှိ နည်းစနစ်များ အမှန်တကယ် တည်ရှိကြောင်း သိရှိထား၏။

စုရီတစ်ယောက် လေ့ကျင့်မှု ရပ်လိုက်သောအခါ အိမ်မက်မှ နိုးထလာ သကဲ့သို့ ရှောင်တျန်းချွယ်က တုန်ယင် သွားသည်။

“ ဆရာစု၊ ဒါက ဘယ်အဆင့် ကျင့်ကြံမှု နည်းစနစ်ကို လေ့ကျင့်နေတာလဲ သိခွင့်ရှိမလား ... ။ ”

ဇီကျင်းက သူမ အဖိုးကဲ့သို့ အတွေးထဲ နစ်မျောရသည်ကို မကြိုက်သဖြင့် တိုက်ရိုက် မေးလိုက်သည်။

“ ဒါ အခြေခံ နည်းစနစ်တစ်ခုပါပဲ။ ”

စုရီက ပြန်ဖြေ၏။ ထင်ရှူးကြိုးကြာ နည်းစနစ်သည် ခန္ဓာကိုယ် တည်ဆောက်ရာ၌ အခြေခံ နည်းစနစ် ဖြစ်သော်လည်း ထိပ်တန်း အဆင့်ရှိသည်။

“ အခြေခံ နည်းစနစ်လား … ။ ”

ဇီကျင်းမှ အံ့ဩသွား၏။ စုရီက ခေါင်းညိတ်ပြီး ‌ရှောင်တျန်းချွယ်ထံ လှည့်ကြည့် လိုက်ကာ၊

“ ဒဏ်ရာကို အမြစ်ပြတ် ကုသဖို့ နည်းလမ်းနှစ်သွယ်ရှိတယ် ပထမ နည်းလမ်းက နောက်ထပ် ဆေးညွှန်းအတိုင်း သောက်ဖို့ပဲ ဆယ်ရက်အတွင်း ဒဏ်ရာတွေ လုံးဝ အရှင်း ပျောက်သွားလိမ့်မယ် ...

... ဒါပေမယ့် ဒီနည်းလမ်းက လက်ရှိ ကျင့်ကြံမှုမှာ တစ်သက်လုံး ရပ်သွားပြီး အဆင့် ချိုးဖြတ်နိုင်တော့မှာ မဟုတ်ဘူး။ ”

ထိုစကားကြောင့် ‌ရှောင်တျန်းချွယ် တစ်ယောက် မျက်နှာ ပျက်ယွင်း သွားခဲ့ပြီး၊

“ ဒုတိယနည်းလမ်းကို သိခွင့်ရမလား ဆရာစု။ ”

-ဟု မေးမြန်းလိုက်၏။

“ ဒါက ရိုးရှင်းပါတယ် .. မင်းရဲ့ လက်ရှိ ကျင့်ကြံမှု နည်းစနစ်ကို ပြောပါ။ ”

ဇီကျင်းမှ မျက်လုံးပြူးသွားသည်။ သူမ အဖိုးသည် ရှောင်မိသားစု၏ အမွေ ဖြစ်သော ‌ရွှေရောင် တိမ်တိုက် လောင်ကျွမ်းခြင်း နည်းစနစ်ကို လေ့ကျင့်ထားသည်။

၎င်းကို တိုက်ရိုက် မိသားစုဝင်များသာ လေ့ကျင့်ရန် အရည်အချင်း ပြည့်မီ၏။ ယင်းက ရှောင်တျန်းချွယ်ကို တုန့်ဆိုင်းသွားစေသည်။

မိသားစု အမွေတစ်ခုကို တပါးသူထံ လက်ဆင့်ကမ်းခြင်းသည် မျိုးနွယ်စု စည်းကမ်း အပေါ် ဖောက်ဖျက်ရာ ကျစေမည်။

သို့သော် အံကြိတ်လျက်၊

“ ဒုတိယ နည်းလမ်းကို ရွေးမယ်။ ”

-ဟု ရွေးချယ်လိုက်တော့၏။

“ ထက်မြက်တယ် ... ။ ”

ဇီကျင်းက ထိတ်လန့်စွာ သူ့အဖိုးထံ ကြည့်လိုက်သော်လည်း စုရီမှ ခေါင်းညိတ်လိုက် လေသည်။

ဤသည်မှာ ရှောင်မျိုးနွယ်၏ အစွမ်း အထက်ဆုံးသော ပညာရပ်ဖြစ်ပြီး အမွေအဖြစ် မျိုးဆက်သစ် ပါရမီရှင်များထံသာ လွှဲပြောင်း ပေးအပ်ရပေမည်။

အဖိုးအို၏ ပြန်လည် ရွတ်ဆိုပြသံကို နားထောင်ပြီးနောက် စုရီက ပြုံးလေသည်။

“ ထင်တဲ့အတိုင်းပဲ မင်းရဲ့ နည်းစနစ်က ချို့ယွင်းချက်တွေ များနေတယ် အတွင်းအင်္ဂါ ငါးပါးကို ဒီနည်းစနစ်နဲ့ ... သန့်စင်ဖို့ဆိုရင် အသက်ဆုံးရှုံး သွားနိုင်တယ်။ ”

“ ချို့ယွင်းချက်တွေ များနေလား ... ။ ”

ဇီကျင်းမှ မယုံကြည်နိုင်စွာဖြင့် မျက်လုံး ပြူးသွားတော့သည်။ ရှောင်တျန်းချွယ် မှာမူ ချွေးစေးများ ဖုံးလွှမ်းလာ၏။

“ ဆရာစု ပြောတာ ဖြစ်နိုင်ပါတယ် အတိတ်မှာ ဒီနည်းစနစ်ကြောင့် အန္တရာယ် သုံးကြိမ် ကြုံခဲ့ရတယ် ...

... ပထမအကြိမ်က သွေးသန့်စင်ခြင်းကနေ စွမ်းအင်သန့်စင်ခြင်းကို တက်ရောက်ခဲ့တဲ့ အချိန် ကျန်နှစ်ကြိမ်ကတော့ အတွင်းအင်္ဂါ သန့်စင် နေချိန်ပဲ။ ”

‌ရှောင်တျန်းချွယ်မှ အတိတ်ကို ပြန်တွေးပြီး ဝန်ခံလိုက်သည်။ စုရီက ခေါင်းညိတ်လျက်၊

“ ရွှေရောင် တိမ်တိုက် လောင်မြိုက်ခြင်း ပညာရပ်မှာ ချို့ယွင်းချက်တွေ ရှိပေမယ့် ပြုပြင် လိုက်လို့ ရပါတယ် ...

... ဒါက မင်းရဲ့ဒဏ်ရာကို ပျောက်ကင်း သွားစေရုံသာမကဘူး ကျင့်ကြံမှုကို အထောက် အကူ ပြုလိမ့်မယ်။ ”

စကားဆုံးသည်နှင့် ပိုးစာကိုင်း တစ်ကိုင်းကိုချိုးကာ မြေပြင်ပေါ်တွင် ရုပ်ပုံများ ရေးဆွဲပြလိုက်သည်။

ရုပ်ပုံများက တစ်ခုပြီး တစ်ခု လေထဲ သက်ဝင်လှုပ်ရှားလာ၏။ ကြီးကျယ်ခမ်းနားပြီး အရှိန်အဟုန်ဖြင့် ရွေ့လျားနေခြင်းမျိုးပေပင်။

အဆုံးတွင် လုံးလုံးလျားလျား မယုံကြည်နိုင်သောအသွင်ဖြင့် ရှောင်တျန်းချွယ် တစ်ယောက် မျက်လုံးများ မှိတ်ချလိုက်၏။

ဇီကျင်းအတွက်မူ ကျင့်ကြံမှု နိမ့်ကျလွန်းသောကြောင့် ထိုပုံရိပ်များကို မမြင်နိုင်ခဲ့ချေ။

ရှောင်တျန်းချွယ်မှ မျက်လုံးများ ပြန်ဖွင့်လာချိန်၌ အသက်ပြင်းပြင်း ရှူလိုက်ပြီး စုရီကို လေးနက်စွာ ဦးညွှတ်တော့၏။

“ ဒီပုံစံက အရမ်းကို မှော်ဆန်ပါတယ် ရှောင်မိသားစုအတွက် ... တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာပဲ ... အပြစ် ကင်းစင်လွန်းတယ် ကျေးဇူးပြုပြီး အဖိုးကြီးရဲ့ အလေးပြုမှုကို လက်ခံပေးပါ။ ”

စုရီက ခေါင်းညိတ်ပြီး ၎င်း၏ အလေးပြုခြင်းကို လက်ခံကာ လက်ဝှေ့ ရမ်းလျက်၊

“ လုံလောက်ပြီ ... အခု အားလုံး ဖြေရှင်းပြီးပြီဆိုတော့ ငါအနားယူတော့မယ်။ ”

-ဟု ဆိုလျက် လှည့်ထွက်လာခဲ့သည်။

“ ဆရာစု ကျေးဇူးပြုပြီး ခဏနေပါဦး။ ”

‌ရှောင်တျန်းချွယ်က စုရီနောက်သို့ အမြန်ပြေးလိုက်သွားပြီး ကျောက်စိမ်းတံဆိပ် တစ်ခု ထုတ်ပေးသည်။

“ ဆရာစု ... ဒါက ဒီအဖိုးကြီးရဲ့ ရှောင်မိသားစု တံဆိပ်ပြားပါ ကျေးဇူးပြုပြီး လက်ခံပေးပါ။ ”

စုရီက တံဆိပ်ပြားကို ကြည့်ကာ မယူသေးသဖြင့် ရှောင်တျန်းချွယ်မှ ဆက်၍ ရှင်းပြလိုက်သည်။

“ ဆရာစုရဲ့ စိတ်နေစိတ်ထားအရ အသေးအဖွဲ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အချိန် မပေးချင်တာ သေချာပါတယ်၊ ...

... ဒီတံဆိပ်က ဆရာစုကိုယ်စား ဖြေရှင်းပေးပါလိမ့်မယ် ... အနည်းဆုံးတော့ တိမ်မြစ်စီရင်စုရဲ့ မြို့ပေါင်း(၁၉)မြို့အတွင်း ... အကြုံးဝင်ပါလိမ့်မယ် ။ ”

သို့မှသာ စုရီက တံဆိပ်ကို ယူလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။ ”

ရှောင်တျန်းချွယ်မှ လက်ချောင်းများ ယှက်ကိုင်လျက် ထွက်ခွာသွားသည့် စုရီထံ ကြည့်နေမိ၏။

“ အဘိုး၊ ဆရာစုရဲ့ နည်းစနစ်က အဆင်ပြေလား။ ”

ဇီကျင်းမှ သိချင်စိတ်ကို ထိန်းမရတော့ချေ။

“ မြေးလေး ... အနာဂါတ်မှာ ငါတို့ ရှောင်မိသားစုအတွက် မဟာသခင်အများအပြား မွေးဖွားပေးလာနိုင်လိမ့်မယ် ... ဆရာစုက လောင်းရိပ်အောက်ကနေ ဖြတ်ပြီး ...

... တိမ်တွေပေါ် ထိုးဖောက်ချင်နေတဲ့ သစ်ပင်တစ်ပင်ပဲ သူ့လိုလူတစ်ယောက်နဲ့ ငါတို့ ဆုံခွင့်ရတာ ကံကောင်းတယ် ဒါကြောင့် သူနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားပါ။ ”

“ အဘိုး ... မင်းဆရာစုကို ချည်နှောင်ချင်တာလား။ ”

“ ဟား ... ဟား ... ဟား ... ဆရာစုလို လူတစ်ယောက်က တခြားလူရဲ့ လောင်းရိပ်မှာ ဘယ်လိုလုပ် ရှင်သန်ချင်မှာလဲ ...

... ငါတို့ သိုင်းတာအိုအဆင့် အင်္ဂါငါးပါး သန့်စင်ခြင်း ကျင့်ကြံသူ တစ်ယောက်က သူ့ကို ချည်နှောင်ဖို့ မထိုက်တန်ပါဘူး ...

... မြေကြီးနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်သာ ... သူနဲ့ တာအိုအကြောင်း တန်းတူ ဆွေးနွေးနိုင်လိမ့်မယ် ...

... ဒါကြောင့် ငါတို့က သူ့အပေါ် အရိုးသားဆုံး ဆက်ဆံရမယ် ... ဆရာစုက အနာဂါတ်မှာ ရှောင်မိသားစုအတွက် ကံကြမ္မာပဲ။ ”

ရှောင်တျန်းချွယ် စကားကြောင့် ဇီကျင်းက စုရီထွက်ခွာသွားရာ အရပ်သို့ မျှော်ကြည့်လိုက်မိ လေသည်။ ဤလူငယ်သည် သည်မျှ ကြီးကျယ် မြင့်မြတ်နေမည်ကို မယုံနိုင်သေးချေ။

***

All Chapters