တောင်းပန်ပါ ... ။
Vol. 2 Ch. 18
နေဝင်ချိန် ရောက်ရှိလာပြီ ဖြစ်သဖြင့် ဝမ်မိသားစု ခြံဝန်းတစ်ခုလုံး ကျေးကျွန်များဖြင့် သက်ဝင် လှုပ်ရှားနေသည်။
“ အစ်ကိုစု ... ။ ”
စုရီက ခြံဝင်းထဲ လှမ်းဝင်လိုက်သည်နှင့် အပြုံးဖြင့် လှပစွာ စီးကြိုနေသော လင်ရွယ်ကို မြင်လိုက်ရသည်။
“ လင်ရွယ် ... ဘာလုပ်နေတာလဲ။ ”
အသက် ဆယ့်ခြောက်နှစ် အရွယ်တွင် ဝမ်လင်ရွယ်၏ အလှသည် ဖြူစင်သန့်ရှင်းချေပြီ။ စုရီမှ ပြုံးလျက် မေးလိုက်၏။
“ အစ်ကိုစုကို စောင့်နေတာ။ ”
ဝမ်လင်ရွယ်က လှမ်းတက်လာပြီး စုရီလက်မောင်းကို တွဲခိုလိုက်သည်။ ထို့နောက်၊
“ မေမေက အစ်ကိုစုကို မွေးနေ့ပွဲတက်ဖို့ ခေါ်လာခိုင်းလိုက်တယ်။ ”
“ ဟမ့် ... ။ ”
စုရီက အံ့ဩသွားသဖြင့် ဝမ်လင်ရွယ် တစ်ယောက် တခစ်ခစ် ရယ်မောကာ၊
“ အဖွားရဲ့ အမိန့်ကြောင့်ပဲ။”
-ဟု ဖြည့်စွက်လိုက်သည်။
ဝမ်လင်ရွယ် အဖွားသည် ဘိုးဘေး လျန့်ဝမ်ပိုင်ဖြစ်ပြီး ဝမ်လင်ကျောက်နှင့် သူ့ကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့သူ ဖြစ်၏။
၎င်းကို သူနှင့် ပတ်သတ်သော အတိတ်ကအကြောင်းအရာ တစ်ခု မေးရန် သတိရလာသည်။
“ ဒါဆို သွားကြရအောင်။ ”
ဝမ်မိသားစုသည် ကွမ်လင်မြို့၌ မဟာမိသားစု အဆင့်ဝင်သဖြင့် အုတ်မြစ်အရ အနည်းငယ် ခိုင်မာကာ အဆက်အသွယ် ကျယ်ပြန့်လေသည်။
လက်ရှိခေါင်းဆောင်သည် ဝမ်ချောင်ကျင်း ဖြစ်ပြီး ညီငယ်နှစ်ယောက်မှာ ဝမ်ချောင်ကျင်း နှင့် ဝမ်ချောင်ထုံတို့ ဖြစ်သည်။
၎င်းတို့ သုံးဦးဘေးတွင် မိသားစု အကြီးအကဲများ ရှိနေပြီး အနည်းဆုံး လူဦးရေ တစ်ထောင်ခန့် တက်ရောက်ကြသည်။
“ လင်ရွယ် ... ။ ”
ဝမ်မိသားစုဝင် လူငယ်များက စုရီနှင့် ဝမ်လင်ရွယ် ရောက်ရှိလာချိန်တွင် ပြုံးလျက် နှုတ်ဆက်ကြ၏။
ထိုစဉ် အနီရောင် ဝတ်စုံဖြင့် လူငယ် တစ်ယောက်က စုရီကို သတိထားမိသွားကာ မျက်မှောင်ကြုတ်ပြီး၊
“ မင်းက ဘာလာလုပ်တာလဲ ... ဒီမှာ မင်းအတွက် ထိုင်ခုံမရှိဘူး မြန်မြန် ထွက်သွား လိုက်ပါ။ ”
-ဟု ပြောကြားလာ၏။
ဤသည်မှာ ဝမ်ရှောင်ပိုင် ဖြစ်ပြီး ဝမ်မိသားစု၏ အရည်အချင်းရှိ မျိုးဆက်သစ် လူငယ်တစ်ယောက် ဖြစ်၏။
သို့သော် မိသားစုအခွဲမှ မွေးဖွားလာ သောကြောင့် အဆင့်အတန်းမှာ ဝမ်လင်ရွယ်နှင့် ပင်မမိသားစုထက် နိမ့်ကျချေပြီ။
“ ဝမ်ရှောင်ပိုင် စကားကို ဆင်ခြင်ပါ၊ အစ်ကိုစုကို ငါတို့အဖွားကိုယ်တိုင် ဖိတ်ထားတာ နင်က ဘယ်သူမို့ ဒီလိုပြောဝံ့တာလဲ ... အဖွားကို ဂရုမစိုက်တာလား။ ”
ဝမ်လင်ရွယ် စကားကြောင့် ဝမ်ရှောင်လင်ခမျာ ချက်ချင်းပါးစပ်ပိတ်သွား လေသည်။
ထို့နောက်တွင် လူတိုင်းက စုရီကို လျစ်လျူရှုလျက် အချင်းချင်း စကားစမြည်များ ပြောကြားတော့၏။
စုရီက ဂရုမစိုက်ဘဲ ဝမ်လင်ရွယ်ကို သူ့အနားခေါ်လိုက်ကာ၊
“ လင်ရွယ် ... ဘိုးဘေးရဲ့ မွေးနေ့ပွဲပြီးရင် ငါ့ဆီလာခဲ့ဦး ... ငါမင်းကို ပေးစရာရှိတယ်။ ”
“ ဘာပေးမို့လဲ အစ်ကိုစု။ ”
“ မင်းလာရင် သိလိမ့်မယ်။ ”
စုရီမှ ပြုံးကာ ပြန်ဖြေလိုက်သည်။
“ ဝမ်းကွဲ ကျွယ်ယွမ် လာပြီ။ ”
ထိုစဉ် ရုတ်တရက် တစ်စုံတစ်ယောက်၏ အသံကြောင့် ဝမ်ရှောင်ပိုင် အပါအဝင် လူတိုင်း လှည့်ကြည့် လိုက်ကြသည်။
အဖြူရောင် ၀တ်ရုံနှင့် လူငယ်တစ်ဦး အဝေးမှ ချဉ်းကပ်လာနေ၏။ ထက်မြက်ပြီး စူးရှသော မျက်ဝန်းများ ပိုင်ဆိုင်ချေပြီ။
အသွင်အပြင်အရ ဂုဏ်သိက္ခာရှိကာ လေးစားဖွယ် ကောင်းလှ၏။ အကြည့်များနှင့် ရောင်ဝါသည် လူအုပ်ကြား ထင်ရှားချေပြီ။
ဤသည်မှာ ဝမ်မိသားစု မျိုးဆက်သစ် လူငယ်များအတွင်း ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ပါး ဖြစ်ချေ၏။
“ ဝိုး ... ဝမ်းကွဲ ကျွယ်ယွမ်။ ”
ဝမ်လင်ရွယ်ပင် ပြုံးရွှင်သွား၏။ ၎င်းသည် မိသားစုခေါင်းဆောင် ဝမ်ချောင်ကျင်း၏ သား ဖြစ်သည်။
ကိုးနှစ်သား အရွယ်တွင် တိမ်ထင်ရှူး ဓားစံအိမ်သို့ ဝင်ရောက်ပြီး ဆယ့်သုံးနှစ်သား၌ မြစ်ပြာဓားစံအိမ် ပြင်ပတပည့် ဖြစ်လာ၏။
လေးနှစ်အကြာတွင် အတွင်းတပည့် အဖြစ်သို့ ရာထူး တိုးမြှင့်ခြင်း ခံထားရသည်။ သွေးသန့်စင်ခြင်း စတုတ္ထအလွှာ ဖြစ်သော အရိုးသန့်စင်ခြင်းသို့ ရောက်ရှိနေ၏။
ဤအောင်မြင်မှုအဆင့်သည် ကွမ်လင်မြို့တော်ရှိ အထက်တန်းစားများကို သက်ပြင်းချရန် လုံလောက်လေသည်။
၎င်းက ခန်းမထဲ လှမ်းဝင်လာစဉ် ဝမ်လင်ရွယ်၊ ဝမ်ရှောင်ပိုင်နှင့် အခြားသော လူငယ်များထံ ဝေ့ကြည့်ပြီး၊
“ ဒီနေ့ ငါ့အဖွားမွေးနေ့မို့ ... ကောင်းကောင်းပြုမူပါ ဧည့်သည်တွေရှေ့မှာ မိသားစုကို အရှက်ရအောင် မလုပ်နဲ့။ ”
-ဟု သတိလာသည်။
လူတိုင်း ခေါင်းညိတ်လိုက်၏။ ဝမ်ကျွယ်ယွမ်က ဆက်မပြောတော့ဘဲ ခန်းမထဲ လှမ်းဝင်သွားလေသည်။
ခန်းမအတွင်း ပင်မစားပွဲသည် မြို့တော်၏ အထက်တန်းစားများနှင့် ပါရမီရှင် မျိုးဆက်သစ် လူငယ်များကိုသာ ထိုင်ခွင့်ပေး၏။
ဝမ်လင်ရွယ်နှင့် ဝမ်ရှောင်ပိုင်သည်ပင် အရည်အချင်း မပြည့်မီချေ။ ဝမ်လင်ကျောက် ရှိလျှင်မူ ထိုအခွင့်အရေးမျိုး သေချာပေါက် ရရှိပေမည်။
“ ဒီနှစ်မွေးနေ့ပွဲက နည်းနည်း ထူးခြားတယ်လို့ ငါကြားမိတယ် ... မိသားစု အတွက် အရမ်း အရေးကြီးတယ်။ ”
ဝမ်ရှောင်ပိုင် အနားတွင် ထိုင်နေသော မိန်းကလေးတစ်ဦးမှ လေသံတိုးတိုးဖြင့် စကား စပြောသည်။
“ ဝမ်မိသားစု ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေတဲ့ ကောလာဟလတွေ မြို့အနှံ့ ပျံ့နှံ့ နေတယ်လို့ ငါ့အဖေဆီက ကြားတယ် ...
... ငါတို့ ဝမ်မိသားစုက ... နောင်ဆယ်နှစ်အတွင်း မဟာမိသားစု သုံးစု အဆင့်ကနေ ဖယ်ထုတ်ခံရနိုင်တယ်။ ”
“ မှန်တယ် ဒီပြဿနာကို ဖြေရှင်းဖို့ မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပရတာပဲ လုံလောက်တဲ့ အင်အားကို ထုတ်ပြနိုင်ရင် အဆင်ပြေပါလိမ့်မယ်။ ”
“ ငါတို့ရဲ့ ပထမနဲ့ ဒုတိယဦးလေး ဘယ်လောက်အထိ စွမ်းဆောင်နိုင်သလဲဆိုတာ ကြည့်ရအောင် တတိယဦးလေးကတော့ ... ။ ”
ဝမ်ရှောင်ပိုင်က သူ့စကားကို ဆက်မပြောတော့ဘဲ ဘေးနားရှိ ဝမ်လင်ရွယ်ထံ ငဲ့စောင်း ကြည့်၏။
ဝမ်ချောင်ကျင်းသည် ဝမ်မိသားစု၏ မိသားစုခေါင်းဆောင်ပီပီ ကျယ်ပြန့်သော အဆက်အသွယ်များ ရှိသည်။
ဝမ်ချောင်ချင်းသည် ဒုတိယအကြီးအကဲ ဖြစ်ကာ မိသားစုပိုင် စီးပွားရေး လုပ်ငန်းများကို တာဝန်ယူ၏။
အငယ်ဆုံး ဝမ်ချောင်ထုံ အတွက်မူ အရည်အချင်းမှာ အလယ်အလတ်သာ ဖြစ်သည် နိမ့်ကျသော ကျင့်ကြံမှုကြောင့် ထင်ပေါ်ခြင်း မရှိချေ။
ဝမ်ချောင်ကျင်းနှင့် ဝမ်ချောင်ချင်း ကြောင့်သာ မဟုတ်သော် ဝမ်မိသားစုအတွင်း သူ့အဆင့်အတန်းမှာ များစွာ နိမ့်ကျပေမည်။
ဝမ်လင်ရွယ်က မျက်မှောင်ကြုတ်လိုက်၏။ ဤလူယုတ်မာသည် အစ်ကိုစုကို ပျက်ရယ်ပြုပြီး ယခု သူမဖခင်ကို လှောင်ပြောင်နေသည်။
“ လင်ရွယ် ... ဒါက ဘဝပဲ ... ငါတို့ အားနည်းနေချိန်မှာ အေးစက်တဲ့ အကြည့်တွေနဲ့ လှောင်ပြောင်တဲ့ စကားလုံးတွေ ရိုက်ခတ် လာလိမ့်မယ် ...
... ဒီလို စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းတဲ့ အပြုအမူတွေကို ... မင်းပြန်တိုက်ဖို့ လုံလောက်တဲ့ ခွန်အားရှိရဲ့နဲ့ သည်းခံနေတာက သူတို့ကို ပိုပြီး ရဲရင့်စေတယ်။ ”
“ နားလည်ပြီ အစ်ကိုစု ။ ”
ထို့နောက် ဝမ်လင်ရွယ်က ဝမ်ရှောက်ပိုင်ထံ လှည့်ကြည့်ကာ
“ တောင်းပန်ပါ။ ”
-ဟု ပြောကြားလိုက်၏။
အကြည့်များက စူးရှပြီး အေးစက်နေချေပြီ။ စကားပြောနေသော ဝမ်ရှောင်ပိုင်နှင့် အဖွဲ့က သူမထံ လှည့်ကြည့်သည်။
“ လင်ရွယ် ... ဘာပြောလိုက်တာလဲ။ ”
“ တောင်းပန်ပါ။ ”
“ ငါလား ဘာကိစ္စ တောင်းပန်ရမှာလဲ ... ။ ”
ဝမ်ရှောင်ပိုင်က ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ဝမ်လင်ရွယ်ထံ မျက်ခုံးပင့် ကြည့်လိုက်ကာ သူ့အဖော်များကို ပြန်ကြည့်သည်။
သို့သော် အဖော်များက သူ့ကို မျက်နှာ လွှဲကုန်၏။ မည်သို့ပင်ဆိုစေကာမူ ဝမ်လင်ရွယ် ဟူသည် ပင်မ မိသားစုမှ ဖြစ်သည်။
အဆင့်အတန်းအရ သူတို့ကဲ့သို့သော ဌာနခွဲမိသားစုဝင်များအတွက် တုဘက်ပြိုင် နိုင်စရာ နည်းလမ်း မရှိချေ။
ထို့ပြင် သူမ အစ်မ ဝမ်လင်ကျောက်သည် ကောင်းကင်မူလ အကယ်ဒမီ၏ တပည့်ဖြစ်ကာ မိသားစု ခေါင်းဆောင်ပင် မျက်နှာသာ ပေးရသည်။
“ နောက်ဆုံးအကြိမ် ထပ်ပြောမယ် တောင်းပန်ပါ။ ”
ဝမ်လင်ရွယ် အသံမှာ အေးစက်နေပြီး ရန်လိုနေသော အသွင်အပြင်ကြောင့် လူအချို့မှ လှည့်ကြည့်လာသည်။
အဆုံးတွင် ဝမ်ရှောင်ပိုင် တစ်ယောက် အံကြိတ်လျက် ၊
“ ငါ ... မှားသွားပါတယ်။ ”
-ဟု ခေါင်းငုံ့ တောင်းပန် လိုက်ရတော့သည်။
ဝမ်လင်ရွယ်မှ မကြားဟန်ဖြင့် အေးစက်သော အမူအရာမျိုး ပြသလိုက်ကာ၊
“ ပြန်ပြောပါ ... ငါ မကြားရဘူး။ ”
-ဟု ပြောကြားလိုက်တော့၏။
***