ဧည့်သည်။
Vol. 2 Ch. 20
“ အစ်ကိုထုံ ... အစ်မချင်း ... ဒါက အရွက် ကိုးရွက်ဂျင်ဆင်းပါ ... အထဲမှာ ဂျင်ဆင်းနှစ်ပင် ပါပါတယ် ... ငါတို့ရဲ့ ဟွမ်ခေါင်းဆောင်က သခင်လေးစုနဲ့ သူ့ဇနီးအတွက် ပြင်ဆင် ပေးထားတာပါ လက်ခံပေးပါဦး။ ”
ဟွမ်အကြီးအကဲက ရိုသေစွာ ပြောကြားလိုက်သည်။ လူတိုင်း တုန်လှုပ်သွား တော့၏။
ဤသည်မှာ အဖိုးတန် ဝိညာဉ်ရေးရာ ဆေးဘက်ဝင် ဂျင်ဆင်း ဖြစ်သည်။ သာမာန် ဈေးကွက်အတွင်း ဝယ်ယူ၍ မရနိုင်ချေ။
ဝမ်ညီအစ်ကို နှစ်ယောက်သည်ပင် မှင်တတ်စွာ ရပ်ကြည့်နေသည်။ ဝမ်ချောင်ထုံနှင့် ချင်းချင်မှာမူ ချက်ချင်း ထရပ်ပြီး၊
“ ကျေး ... ကျေးဇူးတင်ပါတယ် အစ်ကိုဟွမ်။”
-ဟု တုန့်ပြန်တော့၏။
ထိုအပြုအမူကြောင့် ဟွမ်ယွင်ချုံးမှ ပြုံးလိုက်သည်။
“ အစ်ကိုထုံ ... မင်းမှာ သမီးကောင်း တစ်ယောက်၊ သားမက်ကောင်း တစ်ယောက် ရှိတယ်။ ”
ဟွမ်ယွပ်ချုံးက ‘သမက်’ဟူသော နာမ်စားနေရာ၌ ပို၍ အလေးပေးဖော်ပြလိုက် လေသည်၊၊
သို့သော် မည်သူမျှ သတိ မထားမိဘဲ အံ့ဩနေကြသည်။ ချင်းချင်းက ရွှေရောင် သေတ္တာကို လက်ခံယူကာ၊
“ ဒါ ... ဒါက လင်ကျောက်အတွက် တကယ်ပဲလား။ ”
-ဟု အံအားသင့်စွာ ရေရွတ်လိုက်၏။
ဟွမ်ယွင်ချုံးက သူ့ညာဘက်ရှိ အကြီးအကဲထံ ပြန်လှည့်ကြည့် လိုက်သည်။ ထိုအကြီးအကဲက ဦးညွှတ်လျက်၊
“ အစ်မချင်း ... ဒါက မင်းရဲ့သမက်နဲ့ သူ့ဇနီးအတွက်ပါ။ ”
-ဟု ပြင်ပေးလိုက်သည်။
ချင်းချင်းက ထိုစကားလုံး၏ အတိမ်အနက်ကို နားမလည်ဘဲ ပြုံးရွှင်သွား တော့၏။ သူမ သမီးကြီးသည် အမှန်ပင် ဂုဏ်ယူစရာ ကောင်းချေပြီ။
ဟွမ်ယွင်ချုံးက စုရီထံ ချောင်းကြည့်၏။ သခင်လေးစုသည် ဤမျှသော လက်ဆောင်ကို စိတ်ဝင်စားပုံ မရချေ။
မည်သို့ပင် ဆိုစေကာမူ သူ့တောင်းပန်မှုအပေါ် အသိအမှတ်ပြုရုံဖြင့် လက်ခံနိုင်၏။
“ အစ်ကိုဟွမ် ကျေးဇူးပြုပြီး ... ။ ”
ဝမ်ချောင်ကျင်းက အနား လျှောက်လှမ်းလာလျက် ထပ်မံ ဖိတ်ခေါ်သည်။ ဤတစ်ကြိမ်တွင် ဟွမ်ယွင်ချုံးမှ ငြင်းဆန်ခြင်း မပြုတော့ဘဲ လိုက်ပါသွား၏။
သို့သော် တစ်စုံတစ်ရာကို ချက်ချင်း သတိရသွားဟန်ဖြင့် သူ့သားထံ ပြန်ကြည့်ကာ၊
“ မင်း အပြင်မှာ ထိုင် ... ။ ”
-ဟု အမိန့်ပေးလိုက်သည်။
ဟွမ်ချမ့်ကျွယ်က အနည်းငယ် တုန့်ဆိုင်းသွားသော်လည်း ချက်ချင်း လှည့်ထွက် သွား၏။
၎င်း၏ ဦးတည်ရာသည် စုရီနှင့် ဝမ်လင်ရွယ်ထံ ဖြစ်သည်။ ဝမ်လင်ရွယ်က သူ့ကို မြင်ချိန်၌ အေးစက်စွာဖြင့် မျက်နှာလွှဲ လိုက်သည်။
“ အစ်ကိုစု ... ။ ”
တိုးညှင်းသော ခေါ်သံကြောင့် စုရီက ပြန်မော့ကြည့်သည်။
“ မင်းကဧည့်သည်ပဲ ကြိုက်တဲ့နေရာ ရွေးလို့ရပါတယ် ... ငါက အိမ်ရှင် မဟုတ်လို့ ဧည့်မခံနိုင်ဘူး။ ”
သို့မှသာ သက်ပြင်းလိုက်ပြီး ထိုင်ချလိုက်သည်။ ဝမ်လင်ရွယ်မှ မျက်မှောင် ကြုတ်လျက် ပြန်ကြည့်၏။
ယနေ့ ဤလူရမ်းကား၏ အသွင်သည် သူ့အပြစ်အတွက် နောင်တရနေသည့် ဟန်မျိုး ပြသလာသည်။ ထူးဆန်းချေပြီ။
“ ဘာတွေ ဖြစ်နေတာလဲ ... တစ်ယောက်ယောက် ငါ့ကို ရှင်းပြနိုင်မလား။ ”
ဝမ်မိသားစု မျိုးဆက်သစ်များက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ စိတ်ရှုပ်ထွေးကုန်၏။
အသုံးမကျသော စုရီသည် ဝိုင်ခွက်ကို မက်မက်မောမော သောက်နေချိန်တွင် အဆိုပါ လူရမ်းကားသည် သိမ်မွေ့စွာ ပြုမူနေ၏။
“ လီမိသားစု ခေါင်းဆောင် လီတျန်းဟန်က မွေးနေ့ပွဲအတွက် ရောက်လာပါတယ်။ ”
ထိုစဉ် အစေခံ တစ်ယောက်၏ ကျယ်လောင်စွာ သတင်းပို့သံကြောင့် လူတိုင်း အာရုံပြောင်းသွားသည်။
လီမိသားစုဟူသည် ကွမ်လင်မြို့၏ နံပါတ်တစ်အင်အားစု ဖြစ်၏။ ၎င်းတို့သည် သူတို့၏ လက်တံများကို စီရင်စု တစ်ခုလုံး အပေါ် ဖြန့်ကျက်ထားနိုင်သည်။
ဟွမ်နှင့် ဝမ်မိသားစုသည်ပင် မယှဉ်နိုင်ချေ။ ၎င်းတို့သည် ဝမ်မိသားစု စီးပွားရေး လုပ်ငန်းများ အပေါ် သိမ်းယူရန် ကြိုးပမ်းမှုများ ပြုလုပ် နေကြောင်း သတင်းများ ထွက်နေ၏။
ထို့ကြောင့် မိသားစု နှစ်စု၏ ဆက်ဆံရေးသည် လိုက်လျောညီထွေ မရှိဘဲ ရန်သူအဖြစ် ပြောင်းလဲသွားသည်။
အပြာရောင် ဝတ်ရုံဖြင့် ပိန်ပိန်ပါးပါး အမျိုးသား တစ်ယောက် ခန်းမထဲ လှမ်းဝင်လာ ခဲ့၏။
၎င်း၏ ခြေလှမ်းတိုင်းသည် ကျားနှင့်နဂါးကဲ့သို့ ကြီးစိုးကာ မျက်ဝန်းများ စူးရှတောက်ပနေသည်။
အနားမှ ဖြတ်သွားရုံဖြင့် လူတိုင်းကို အသက်ရှူ ကြပ်စေ၏။ နောက်တွင် ဓားမြှောင် တစ်လက် ခါးထိုးထားသော လူငယ် တစ်ယောက်ပါသည်။
တစ်ချက်ကြည့်ရုံဖြင့် လီတျန်းဟန်၏ ငယ်ရုပ်သွင်အဖြစ် ပြောနိုင်၏။ ဤသည်မှာ လီတျန်းဟန်သား လီမိုယွင် ဖြစ်သည်။
မျိုးဆက်သစ် လူငယ်များ အတွင်း သြဇာကြီးမားကာ မြစ်ပြာဓားစံအိမ်၏ အရှေ့ ခြံဝင်း တပည့်ရာထူး ရရှိထားသည်။ အရှေ့ ခြံဝင်းသည် အတွင်းတံခါးဖြစ်၏။
ဝမ်ကျွယ်ယွမ်သည်ပင် လီမိုယွင်၏ ကျော်ကြားမှုကို လိုက်မမီချေ။ ကွမ်လင်မြို့ လူငယ်များအတွက် မဖြတ်ကျော်နိုင်သော ကျောက်တောင်ကြီး ဖြစ်သည်။
“ အစ်ကိုလီ မင်းကို တံခါးဝအထိ လာမကြိုမိတဲ့အတွက် တောင်းပန်ပါတယ်။ ”
ဝမ်ချောင်ကျင်းက နှုတ်ဆက် လိုက်သော်လည်း ဟွမ်ယွင်ချုံးကဲ့သို့ နွေးထွေးမှု မရှိချေ။ အေးစက်ပြီး ခပ်ခွာခွာ ပြုမူသည်။
“ ဟား ဟား ဟား ... ဒီနေ့ဟာ ဝမ်ဘိုးဘေးရဲ့မွေ့နေ့ပဲ ကွမ်လင်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တိုင်း တက်ရောက်ကြတယ် ...
... ဒါဆို ငါလီတျန်းဟန်က ဘယ်လိုများ အလွတ်ခံနိုင်မှာလဲ .. မဖိတ်ပဲ လာခဲ့တဲ့ အတွက် ငါ့ကို စိတ်မဆိုးဘူး မဟုတ်လား။ ”
“ မဝံ့ပါဘူး ... ရောက်လာမှတော့ မင်းက ဧည့်သည်ပဲ ကျေးဇူးပြုပြီး လမ်းပြပေးပါရစေ။ ”
“ အဖေ ခဏ နေပါဦး။ ”
လီတျန်းဟန်က ခေါင်းညိတ်ပြီး လိုက်ပါရန် ပြင်လိုက်ချိန်တွင် သူ့သားက ခွင့်တောင်းလာ၏။ ထို့နောက် ၎င်းက စုရီစားပွဲထံ လျှောက်သွားကာ
“ ပြင်ပတပည့် စုရီ ... ငါတို့ မတွေ့တာ ကြာပြီနော်။ ”
-ဟု နှုတ်ဆက်လိုက်၏။
“ ဘာကိစ္စလဲ။ ”
စုရီက ထိုင်လျက်ကပင် ပေါ့ပေါ့ပါးပါး ပြန်မေးသည်။ မတ်တပ်ရပ် ကြိုဆိုရန် စိတ်ကူး မရှိချေ။
မြစ်ပြာဓားစံအိမ်တွင် သူ ပြင်ပတပည့် ဖြစ်ချိန်တွင် လီတျန်းယွင်မှာ အတွင်းတပည့် ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ရာထူးနောက်ခံနှင့် ကျင့်ကြံမှုသည် စုရီထက် သာလွန်ချေ၏။
“ ငါ့မှာ ... မင်းကို အကြံပေးစရာ တစ်ခု ရှိတယ် ... မင်းက လင်ကျောက်နဲ့ မထိုက်တန် ပါဘူး။ ”
စကားဆုံးသည်နှင့် ချက်ချင်း လှည့်ထွက်လိုက်ကာ သူ့အဖေနောက် လိုက်ပါ သွားတော့သည်။
လူတိုင်းက စုရီထံ လှည့်ကြည့်သည်။ ယနေ့ပွဲသည် ဘိုးဘေး၏ မွေးနေ့ပင်လော။ သို့မဟုတ် ဤအသုံးမကျသော သမက်၏ ပွဲပင်လော။
တစ်ဖက်တွင် စုရီတစ်ယောက် မွေးနေ့ပွဲအပေါ် ညည်းငွေ့လာ၏။ ထွက်သွား လိုသော်လည်း ဘိုးဘေးဝမ်ထံ တစ်စုံတစ်ရာကို မေးမြန်းစရာ ရှိနေသေးသည်။
“ ရွံရှာစရာ ကောင်းလိုက်တာ။ ”
ဝမ်လင်ကျောက်က မကျေမနပ် ကျိတ်ဆဲသည်။ စုရီမှ ခေါင်းညိတ်လျက်၊
“ သူက ဒုတိယ ဝေကျန်းရန်ပဲ မင်းအစ်မအတွက် လာခဲ့တာ။ ”
-ဟု ဖြည့်စွက် ပြောကြားလိုက်သည်။
“ မှန်တယ် ... လီမိုယွင် တစ်ခါက ပြောဖူးတယ်၊ လင်ကျောက် လက်ထပ်ရမဲ့ လူက သူ့အပြင် ဘယ်သူမှ မဖြစ်ရဘူးလို့ ...။ ”
ဟွမ်ချမ့်ကျွယ်က သူတို့စကား ဝိုင်းအတွင်းဝင်ရောက် ပြောကြားလာ၏။ စုရီမှ သူ့ထံ မော့ကြည့်ကာ၊
“ မင်းက ... ငါ့ကို သူနဲ့ တိုက်စေချင်လို့လား။ ”
-ဟု မေးမြန်းလိုက်သည်။
ဟွမ်ချမ့်ကျွယ်မှ ချက်ချင်း အေးခဲသွားပြီး ချွေးသီးများ ဖုံးလွှမ်းလာ၏။ သူ့လက်ကို အမြန် ဝှေ့ယမ်းလျက်၊
“ ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့။”
စုရီက ဆက်မပြောတော့ချေ။ ယင်းအစား အတွေးနက်သွားသည်။ သူနှင့် ဝမ်လင်ကျောက် ဟူသည် ဇနီးမောင်နှံ အမည်ခံထားသော်လည်း လူစိမ်းများသာ ဖြစ်၏။
ယင်းအတွက် ဤသို့သော ပြဿနာမျိုး မလိုချင်ချေ။ အခွင့်အရေးရသော် ကွာရှင်းရ ပေမည်။
ထိုအချိန်တွင် မွေးနေ့လက်ဆောင် ပေးပြီးနောက် လီတျန်းဟန်က လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်၏။
“ ငါ ... ဒီနေ့ လာရတဲ့ အကြာင်းရင်း နှစ်ရပ်ရှိတယ်။”
ထိုစကားကြောင့် ဝမ်ချောင်ကျင်းက မျက်နှာပြောင်းလဲလာပြီး၊
“ အစ်ကိုလီ ပွဲပြီးတဲ့အထိ စောင့်လို့ မရဘူးလား ... ငါတို့ ဂုဏ်သရေရှိ လူကြီးတွေ လာဖို့ ရှိပါသေးတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟား ဟား ဟား ဧည့်သည်ကောင်းတွေ လာဖို့ရှိတာလား ... လက်ရှိ မင်းတို့မိသားစုရဲ့ အခြေအနေအရ ဒီလို ဧည့်သည်မျိုးတွေ ဖိတ်ခေါ်နိုင်မယ် ထင်နေတာလား ...
... ကြည့်ရတာ မြို့တော်သခင်ကို ရည်ရွယ်နေတာထင်တယ် အစ်ကိုဝမ် မဖြစ်နိုင် ပါဘူး ... စိတ်လျော့လိုက်ပါ ပြီးခဲ့တဲ့ ရက်တွေမှာ မင်းညီလေးကို မြို့သခင်ဖူဆီ လွှတ်ခဲ့တာ ...
... ငါကြားတယ်၊ ဒါပေမယ့် တံခါးမှူးက မင်းညီကို အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့တယ် မဟုတ်လား ... ။ ”
သူ့စကားများသည် အထင်အမြင်သေးပြီး ပျက်ရယ်ပြုလိုနေသည်မှာ အထင်းသား ပေပင်။ လေထုမှာ ချက်ချင်း တင်းကြပ်သွားတော့၏။
လီတျန်းဟန်သည် ယနေ့ သူလာရသည့် ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ထားရန် ဆန္ဒရှိပုံ မရတော့ချေ။
***