← Chapters

ဒီလမ်းက မှားနေတယ် ဆိုရင် ... မင်း ဆက်မလျှောက်သင့်ဘူး။

Vol. 2 Ch. 21

ဒီလမ်းက မှားနေတယ် ဆိုရင် ... မင်း ဆက်မလျှောက်သင့်ဘူး။

Vol. 2 Ch. 21

ဝမ်ချောင်ကျင်း၏ အမူအရာသည် ချက်ချင်းမည်းမှောင်သွားသည်။ လီတျန်းဟန်က ပြုံး၏။

“ အားလုံးပဲ စိတ်အေးအေးထားပါ ... ဒီအသေးအမွှား ကိစ္စနှစ်ရပ်ကို ဖြေရှင်းပြီးတာနဲ့ ငါထွက်သွားပါ့မယ် ... ဧည့်ခံပွဲကို အနှောက်အယှက် မလုပ်ပါဘူး ...

... ပထမ ကိစ္စကတော့ ... ဝမ်မိသားစု အနေနဲ့ လက်ရှိအုတ်မြစ်အရ ဆေးဖက်ဝင် အပင် လုပ်ငန်းတဝက်တိတိကို မျှဝေသင့် နေပြီလို့ထင်ပါတယ်။ ”

“ တစ်ဝက်လား လီတျန်းဟန် မင်းရူးနေပြီလား။ ”

ဝမ်ချောင်ကျင်းက အော်ဟစ်လိုက်သည်။ ဝမ်မိသားစု၏ အဓိက ၀င်ငွေမှာ ဆေးဖက်ဝင် အပင်များ ရောင်းဝယ်ရေး ဖြစ်၏။

ဤတောင်းဆိုချက်ကို လက်ခံပါက အခြေခံအုတ်မြစ် ယိုင်နဲ့သွားပေလိမ့်မည်။ တက်ရောက်လာသည့် ဧည့်သည်တော်များက အေးစက်သော လေထုကို ရှုရှိုက်လျက် စိတ်လှုပ်ရှားလာ၏။

ပွဲကောင်း တစ်ပွဲပေပင်။

“ အစ်ကိုဝမ်၊ မင်းတစ်ခုခုကို နားလည်မှုလွဲသွားပြီ ... ဒါကငါနဲ့ အစ်ကိုဟွမ်တို့ ဆွေးနွေးထားပြီးသားပါ၊ ...

... မင်းရဲ့ မိသားစုက လုပ်ငန်း (၅၀) ရာခိုင်နှုန်း ဆုံးရှုံးပေမယ့် ငါက (၃၀)ရာခိုင်နှုန်းပဲ ရပါတယ် ... အစ်ကိုဟွမ်က (၂၀) ရာခိုင်နှုန်း ယူမှာပါ။ ”

ထိုစကားကြောင့် လူတိုင်းမျက်ခုံးပင့်မိ၏။ ဤအရေးမှ လွတ်မြောက်ရန် ဝမ်မိသားစု ခမျာ နည်းလမ်း ရှိပုံ မပေါ်တော့ချေ။

လီနှင့်ဟွမ်သည် ကွမ်လင်မြို့၌ ထိပ်တန်း အင်အားစု ဖြစ်ပြီး ၎င်းတို့ ပူးပေါင်းထားခြင်းဖြင့် မည်သူမဆို ခေါင်းငုံ့ရပေမည်။

ဝမ်ချောင်ကျင်းနှင့် ဝမ်ချောင်ချင်းက ကူကယ်ရာမဲ့စွာ အံကြိတ်လိုက်မိလေသည်။ လီတျန်းဟန်သည် များစွာ ပြင်ဆင်ပြီး ဖြစ်ချေ၏။

“ အစ်ကိုဝမ် မင်းမယုံရင် ... ဒီမှာ အစ်ကိုဟွမ်ရှိနေတယ် မေးကြည့်လို့ရတယ်။ ”

လီတျန်းဟန်က ဟွမ်ယွင်ချုံးထံ လှည့်ကြည့်လိုက်သည်။ သို့သော် ဟွမ်ယွင်ချုံးမှ ခေါင်းရမ်းလျက်၊

“ အစ်ကိုလီ မင်းငါ့ကို ဆွဲမခေါ်ပါနဲ့ ဒါအမှန်မဟုတ်ပါဘူး အစ်ကိုဝမ် ... ။ ”

-ဟု ချက်ချင်း ငြင်းဆိုလာ၏။

“ ဟမ့် ... ။ ”

လီတျန်းဟန်က မျက်ခုံးပင့်လိုက်သည်။ ဝမ်ညီအစ်ကိုနှစ်ယောက် မှာမူ အံ့သြနေရာမှ ချက်ချင်း ဝမ်းသာသွားတော့၏။

ဟွမ်မိသားစုသည် လီမိသားစုနှင့် သဘောတူညီချက် မရှိသော် မျှော်လင့်ချက် ရှိချေပြီ။

“ အစ်ကိုဟွမ်၊ ဒါ ဘာအဓိပ္ပာယ်လဲ မင်းကိုယ်တိုင် သဘောတူခဲ့တာ မဟုတ်လား ... မေ့သွားတယ်လို့ ငါ့ကို မပြောနဲ့။”

လီတျန်းဟန်က ဒေါသတကြီး မေးမြန်း လိုက်သည်။ ဟွမ်ယွင်ချုံးက လျစ်လျူရှုလျက်၊

“ ဘာကို သဘောတူ ခဲ့တာလဲ ... အဲဒီတုန်းက ငါဟာသအနေနဲ့ ငါပြောခဲ့တာပါ အခုလို မင်းက အလေးအနက်ထားမယ် ဆိုတာ ငါဘယ်လိုလုပ် သိရမှာလဲ။ ”

-ဟု ပြန်ဖြေ၏။

ထို့နောက် သက်ပြင်းချလိုက်ကာ၊

“ အစ်ကိုလီ၊ ငါ မင်းကို တစ်ခု သတိ ပေးချင်ပါတယ်၊ ဒီနေ့ ဝမ်ဘိုးဘေးရဲ့ မွေးနေ့ပဲ မင်းကိုယ်မင်း နည်းနည်း ထိန်းထားပါ။ ”

“ မင်း ... ။ ”

လီတျန်းဟန်၏ အမူအရာ မည်းမှောင် သွားသည်။ ဤမျှ အရေးကြီးသော အခိုက်တွင် တစ်ဖက်လူမှ သူ့ကို ကစားနေ၏။

“ အစ်ကိုလီ၊ မင်းမှာ ပြောစရာ ရှိသေးလား။”

ဝမ်ချောင်ကျင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူလျက် မေးမြန်းလိုက် တော့သည်။

လီမိသားစု တစ်ခုတည်း ဆိုသော် မကြောက်ချေ။ လီတျန်းဟန်က ဟွမ်ယွင်ချုံးကို စိုက်ကြည့်ပြီးနောက်၊

“ ကောင်းပြီ ... မေ့လိုက်ပါ ... အဲဒါကို ထားလိုက်ရအောင် ... ဒုတိယကိစ္စ ဆက်သွား ကြမယ်။”

-ဟု မျက်နှာပြန်လွှဲသွား၏။

သူ့စကားကြောင့် လီမိုယွင်က လှမ်းထွက်လာပြီး၊

“ ဒါက ငါ့သူငယ်ချင်း ဝမ်လင်ကျောက် အတွက်ပါ ... သူမက တစ်ရက်မှ စိတ်မချမ်းသာ နိုင်တာ ငါသိနေတယ် ... ဒါကြောင့် အသုံး မကျတဲ့ စုရီနဲ့ လင်ကျောက်ရဲ့ အိမ်ထောင် ရေးကို ဖျက်သိမ်းဖို့ တောင်းဆိုပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

“ ဒါက ... ။ ”

ဝမ်ညီအစ်ကို နှစ်ယောက်က အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။ သူတို့တွင် စကားလုံးများ ပျောက်ဆုံးနေသည်။

ဝမ်လင်ကျောက်၏ အိမ်ထောင်ရေးသည် လီမိသားစုအတွက် ဤမျှ အရေးပါသည်လော။ လွန်ခဲ့သော ရက်အနည်းငယ်က သခင်လေး ဝေကျန်းရန်မှလည်း ဤသို့ တောင်းဆိုဖူး၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ချင်းချင်းက သူ့ယောကျ်ားကို လှည့်ကြည့်သည်။ ဝမ်ချောင်ထုံမှ ပခုံးတွန့်ကာ မျက်နှာ ရှုံ့မဲ့ပြ၏။

သူတို့ သမီးသည် အိမ်ထောင်ပြုပြီး တစ်နှစ်ကြာသည့်တိုင် ဝယ်လိုအား မြင့်တက် နေဆဲ ဖြစ်သည်။

လူတိုင်းမှ စုရီကို ကြင်နာစွာ ကြည့်သည်။ ဝမ်မိသားစုသည် ၎င်းအတွက်ဖြင့် လီမိသားစုကို စော်ကားလိမ့်မည် မဟုတ်ကြောင်း ပြောနိုင်၏။

“ ရွံစရာ ကောင်းလိုက်တာ။ ”

ဝမ်လင်ရွယ်က ကျိန်ဆဲတော့သည်။ ဟွမ်ချမ့်ကျွယ်သည်သာ လှောင်ပြုံးများဖြင့် လီမိုယွင်ထံ ကြည့်၏။

ကွမ်လင်မြို့တွင် လီ၊ ဟွမ်နှင့် ဝမ်ဟူသည် ပြိုင်ဘက်များ ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက် တစ်ယောက် အရိုက်ခံရတော့မည့် အရေးတွင် မည်သူမဆို ပျှော်ရွှင်မည်မှာ သဘာဝပေပင်။

တစ်ဖက်တွင် ဝမ်ညီအစ်ကို နှစ်ယောက်က ဝမ်ဘိုးဘေးထံ ကူကယ်ရာမဲ့စွာ လှမ်းကြည့်မိ လေသည်။

ဤအရေးသည် သူတို့ဆုံးဖြတ် ပိုင်ခွင့်မရှိချေ။ သူတို့ ဆန္ဒအတိုင်းသာ ဆိုသော် လီမိုယွင် မတောင်းဆိုမီကပင် ဖျက်ပစ် လိုက်ပြီးဖြစ်သည်။

“ ဘယ်သူမှ ဒီအိမ်ထောင်ရေးကို ဖျက်ခွင့် မရှိဘူး။ ”

ဝမ်ဘိုးဘေးက သက်ပြင်းချကာ ကြေငြာလိုက်သည်။ ဧည့်ခံပွဲ တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

လီမိုယွင်ပင် မျက်နှာပြောင်းလဲလျက် သူ့အဖေထံ လှည့်ကြည့်ရာ လီတျန်းဟန်က ​စကားပြောရန် လှမ်းထွက်လိုက်ရသည်။

သို့သော် ဟွမ်ယွင်ချုံးက လက်ကာပြပြီး၊

“ အစ်ကိုလီ ... မင်းတို့က အပြင်လူတွေပဲ ... ဒါဆို ဘာလို့ ဒီလောက် အရေးမကြီးတဲ့ ကိစ္စကို ပုံကြီးချဲ့ထွင်ဖို့ ကြိုးစားနေရတာလဲ ...

... တူလေးမိုယွင် ... ကျေးဇူးပြုပြီး ဒီအဘိုးကြီးက သတိပေးပါရစေ မင်း တခြား တစ်ယောက်ကို ပြောင်းလိုက်ပါ။ ”

-ဟု ပြောလိုက်သည်။

“ အစ်ကိုဟွမ် ... မင်းဘာကို ဆိုလိုတာလဲ။ ”

လီတျန်းဟန် နားရှုပ်သွားကာ ပြန်မေးလိုက်သည်။ ထို့ကြောင့် ဟွမ်ယွင်ချုံးက ခန်းမတစ်နေရာကို တစ်ချက်လှမ်းကြည့်ကာ၊

“ ကောင်းပြီ ... ငါရှင်းရှင်းပဲ ပြောမယ် မင်းရဲ့သားကို ဝမ်မိန်းကလေးအပေါ် စွန့်လွှတ် ခိုင်းလိုက်ပါ ... မဟုတ်ရင် ဒုက္ခတွေ့လိမ့်မယ်။ ”

-ဟု ပွင့်ပွင့်လင်းလင်း သတိပေး၏။

သို့မှသာ လီတျန်းဟန်၏ အမူအရာ ပြောင်းသွားသည်။ ဤသည်မှာ လီမိသားစုနှင့် ဝမ်မိသားစုကြား အချင်းအရာ ဖြစ်၏။

ဟွမ်ယွင်ချုံးမှ အဘယ့်ကြောင့် ဝင်ပါနေရသည်ကို နားမလည် နိုင်တော့ချေ။ လီမိုယွင်က မကျေမနပ် ဖြစ်လာပြီး၊

“ ဦးလေးဟွမ် ... ငါ့ကို စုရီထက် နိမ့်ကျနေတယ်လို့ မင်းထင်နေတာများလား။ ”

-ဟု ဝင်ရောက် မေးမြန်းလိုက်၏။

ဟွမ်ယွင်ချုံးက သနားစိတ်အပြည့်နှင့် ခေါင်းယမ်းလေသည်။

“ တူလေးလီ ... မင်းအခု လုပ်နေတဲ့ အရာတွေက မင်းကိုယ်မင်း အရှက်ခွဲနေတာနဲ့ အတူတူပါပဲ ငါပြောတာယုံပါ။ ”

ဤတစ်ကြိမ်၌ ဝမ်ညီအစ်များပင် သို့လောသို့လော ဖြစ်လာသည်။ လီမိုယွင်သည် မြစ်ပြာဓားစံအိမ်၏ အတွင်းတပည့်ဖြစ်၏။

ကွမ်လင်မြို့ မျိုးဆက်သစ် လူငယ်များကြား၌ပင် ထိပ်တန်း ပါရမီရှင် တစ်ပါးဖြစ်သည်။

“ အစ်ကိုဟွမ်၊ မင်းက တစ်ညတည်းနဲ့ တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ် ငါ့လမ်းမှာ ဝင်ရှုပ်ရုံသာ မကဘူး ... ငါ့သားကိုပါ သင်ကြားပေးနေတာလား။ ”

လီတျန်းဟန်က မျက်လုံးများ မှေးစင်းလျက် အေးစက်စွာ စိုက်ကြည့်လိုက်၏။ ဟွမ်ယွင်ချုံးမှ စကားပြန်ပြောတော့မည့် အချိန်တွင် လူရိပ် တစ်ရိပ် ဝင်ရောက်လာတော့သည်။

“ အစ်ကိုဟွမ် ပြောတာ မှန်တယ် ... အမှားလေးတစ်ခုက ဘဝတစ်ခုမက ဖြစ်လာ နိုင်ပါတယ်။ ”

ဤသည်မှာ မြို့စောင့်တပ်မှူး နီပိုင်ဟွာ ဖြစ်သည်။ လီတျန်းဟန် တစ်ယောက် မျက်နှာ ပြောင်းသွားတော့၏။

ယနေ့တွင် တစ်စုံတစ်ရာ မှားယွင်း နေကြောင်း သိရှိလိုက်ပြီဖြစ်သည်။ နီပိုင်ဟွာ ဟူသည် မြို့စောင့်တပ်မှူး ဖြစ်သဖြင့် သူ့ဆန္ဒ အတိုင်း ပေါ်လာမည် မဟုတ်ချေ။

“ လီတျန်းဟန် ... ဒီနေ့က ဝမ်ဘိုးဘေး မွေးနေ့ပဲ ... လက်ဆောင်ပေးပြီးလို့ လုပ်စရာ မရှိတော့ရင် ထွက်သွားလို့ ရပါပြီ။ ”

အမိန့်သံဆန်သော စကားသံနှင့်အတူ ရှပ်အင်္ကျီ အဖြူဝတ် အမျိုးသား တစ်ယောက် နီပိုင်ဟွာ နောက်မှ လိုက်ဝင်လာ၏။

“ မင်္ဂလာပါ မြို့သခင် ... ။ ”

ထိုလူသည် လီတျန်းဟန် မျှော်လင့် ထားသည့် အတိုင်း မြို့သခင်ဖူရှန်း ဖြစ်ချေပြီ။ လူတိုင်း ချက်ချင်း ထရပ်ကာ နှုတ်ဆက် လိုက်ရ၏။

မြို့​သခင်သည် မိသားစုများကြား အငြင်းပွားမှုများကို သွေးမလွှမ်းသ၍ ရပ်ကြည့် နေတတ်သူ ဖြစ်သည်။

ယနေ့ ကွမ်လင်မြို့၏ မဟာမိသားစု သုံးစုအရေးတွင် ဝင်ရောက် စွက်ဖက်လာ သည်မှာ အဓိပ္ပါယ် မရှိချေ။ ဝမ်ညီအစ်ကို နှစ်ယောက်ခမျာ ရွှင်မြူးသွားတော့၏။

“ ဘိုးဘေးဝမ် ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ။ ”

မြို့သခင် ဖူရှန်းက လက်ဝတ် ရတနာများ ပါရှိသော သေတ္တာတစ်လုံးထုတ်ကာ ပေးအပ် လိုက်သည်။

ထို့နောက် လီတျန်းဟန်ကို လှည့်ကြည့်လိုက်ပြီး အေးစက်သော အသွင်ဖြင့်၊

“ အစ်ကိုလီ ... ဒီလမ်းမှားနေတယ်လို့ ငါတို့ပြောရင် မင်း ... ဆက်မလျှောက်သင့်ဘူး ... မင်းရဲ့သားကို ခေါ်ပြီး ထွက်သွားပါ။ ”

-ဟု ပြောကြားလိုက်၏။

လီတျန်းဟန်က တုန့်ဆိုင်းသွားသည်။ ထို့နောက် ဟွမ်ယွင်ချုံးထံ ကြည့်၏။ ဒုတိယ နီပိုင်ဟွာ ဖြစ်သည်။ အဆုံးတွင် မြို့သခင် ဖူရှန်း၌ အကြည့်ကို ရပ်လိုက်သည်။

တစ်စုံတစ်ရာကို နားလည်သွားပြီး ပြတ်သားသော အသွင်ဖြင့် လီမိုယွင်ကို ခေါ်ကာ လှည့်ထွက်သွားတော့၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ဝမ်လင်ရွယ်မှ စိတ်ရှုပ်ထွေးသွားသည်။ ဟွမ်ချမ့်ကျွယ်သာလျှင် မျက်ခုံးပင့်လျက် စုရီထံ လှည့်ကြည့်မိ၏။

တစ်ဖက်လူသည် မုန်တိုင်းဗဟိုချက်တွင် ဖြစ်သော်လည်း သူနှင့် မသက်ဆိုင်သည့်အလား စိတ်အေးလက်အေး ဝိုင်သောက်နေခဲ့သည်။

***

All Chapters