စုမိသားစု ... ။
Vol. 2 Ch. 23
ပန်းလက်ဖက်စိမ်း စံအိမ်တော်အတွင်း ဝမ်ဘိုးဘေး တစ်ယောက်တည်း ထိုင်နေခဲ့၏။ စုရီဝင်လာသည်ကို သူမက စိုက်ကြည့်နေပြီး၊
“ တတိယ သခင်လေး ဒီမှာ မင်းနဲ့ ငါကလွဲရင် ဘယ်သူမှ မရှိတော့ဘူး ဆိုတော့ ဦးညွှတ်နေစရာ မလိုပါဘူး ... ထိုင်ပါ။ ”
-ဟု ဆိုကာ ကုလားထိုင်ကို လက်ညှိုး ထိုးပြသည်။
တတိယသခင်လေး ဟူသော နာမ်စားကြောင့် စုရီမှ ခေါင်းရှုပ်သွားလေသည်။ လက်ရှိ သူ့ခန္ဓာပိုင်ရှင်သည် ကျောက်စိမ်းမြို့ စုမိသားစု၏ သားဖြစ်၏။
သူ့တွင် အစ်ကို တစ်ယောက်၊ အစ်မတစ်ယောက်နှင့် ညီလေးတစ်ယောက် ရှိသည်။
သို့သော် သူသည် ကိုယ်လုပ်တော်မှ မွေးဖွားလာသူ ဖြစ်သဖြင့် ငယ်စဉ်တည်းကပင် လျစ်လျူရှု ခံခဲ့ရသည်။
“ ဘိုးဘေးဝမ် ... မင်းငါ့ကို ခေါ်တာ ဘာအတွက်လဲ မေးလို့ရမလား။ ”
စုရီ ပေါ့ပေါ့ပါးပါး ဝင်ထိုင်ကာ မေးမြန်းလိုက်၏။ ဝမ်ဘိုးဘေးသည် တစ်ချိန်က စုမိသား၏ အစေခံတစ်ဦး ဖြစ်ကြောင်း သူသာ သိထားသည်။
စုမိသားစု ခေါင်းဆောင် စုဟုန်လီထံ၌ အနှစ်သုံးဆယ်ကြာအောင် တာဝန် ထမ်းဆောင် ခဲ့၏။
“ တတိယသခင်လေး ... မြို့သခင်ဖူရှန်း၊ နီပိုင်ဟွာနဲ့ ဟွမ်ယွင်ချုံးတို့ ... ဘယ်သူ့ကြောင့် ရောက်လာတာလဲ .... မင်းငါ့ကို ရှင်းပြဖို့ တစ်ခုခုရှိလား။ ”
ဝမ်လျန့်ဟွာ၏ အသံမှာ အေးစက်နေပြီး အမိန့်သံဆန်နေသည်။ သို့သော် စုရီသည်လည်း မေးခွန်းများ ရှိနေသဖြင့် စိတ်ထဲ မထားတော့ချေ။
“ မှန်တယ် သူတို့ ... ငါ့ကြောင့် လာတာ။ ”
“ ဟမ့် ... ။ ”
“ ဘုန်း ... ။ ”
သူ့အဖြေကြောင့် ဝမ်ဘိုးဘေးက ဒေါသထွက်သွားပြီး ကုလားထိုင် လက်ရန်းကို ပုတ်လိုက်သည်။
“ တတိယ သခင်လေး ... လွန်ခဲ့တဲ့ တစ်နှစ်က သခင်ကြီး သတိပေးခဲ့တဲ့ စကား တွေကို မှတ်မိသေးလား။ ”
ဝမ်ဘိုးဘေး လေသံမှာ ပို၍ အေးစက်လာတော့၏။ စုရီက မဖြေဘဲ ငေးကြည့် နေသည်။
“ စုမိသားစု နာမည်ကို မင်းသုံးခဲ့ရင် ... ဒါမှ မဟုတ် ကျောက်စိမ်းမြို့တော်ထဲ ခြေတစ်လှမ်း လှမ်းခဲ့ရင် ချက်ချင်း သတ်ရမယ်တဲ့ ... ။ ”
ဤသည်မှာ ဝမ်လင်ကျောက်နှင့် လက်ထပ်ပွဲမတိုင်မီ စုရီ၏ ဖခင်ကိုယ်တိုင် ပြောကြားခဲ့သော စကားများ ဖြစ်၏။
ထိုအချင်းအရာများကို ကွမ်လင်မြို့၌ ဝမ်ဘိုးဘေးမှ လွဲ၍ မည်သူမျှ မသိခဲ့ကြချေ။
“ ဝမ်ဘိုးဘေး ... ဒီနေ့ ဖူရှန်းနဲ့ တခြားလူတွေကို ဆွဲဆောင်ဖို့ ငါက တတိယ သခင်လေးအဖြစ် သွားခဲ့တယ်လို့ ... မင်း ထင်နေတာလား။ ”
စုရီက ပေါ့ပေါ့ပါးပါးပင် ပြန်မေးမိသည်။ ဝမ်ဘိုးဘေး တစ်ယောက် မျက်ဝန်းများ မှေးစင်း သွားပြီး၊
“ ဒါဆို ဘာအတွက် သူတို့လာတာလဲ။ ”
“ မင်းသိချင်ရင် ဖူရှန်းနဲ့ အဲဒီလူတွေကို သွားမေးကြည့်ပါလား ဒီလိုအသေးအဖွဲတွေကို မင်းရဲ့ သားတွေက စုံစမ်းဖော်ထုတ်ဖို့ မခက်ခဲပါဘူး။”
ဝမ်ဘိုးဘေးက ပြန်ကြည့်၏။ ယနေ့တွင် တတိယသခင်လေးသည် သူမ သိထားသော စုရီ မဟုတ်တော့ချေ။ လူစိမ်းတစ်ယောက် ဖြစ်နေ၏။
“ ဝမ်ဘိုးဘေး ငါမင်းကို ပြောနိုင်တာ တစ်ခုရှိတယ် ... စုမိသားစု နာမည်ကို ဒီနေ့ ငါ မသုံးခဲ့သလို အနာဂါတ်မှာလည်း မသုံးဘူး။”
“ ဒီကိစ္စကို ငါသိအောင် လုပ်မယ်။ ”
ဝမ်ဘိုးဘေးက သူ့စကားကို မယုံချေ။
“ ဟမ့် ... ဖူရှန်းနဲ့ နီပိုင်ဟွာ ဆိုတာ ... ကျောက်စိမ်းမြို့တော်ရဲ့ စုမိသားစု အမြင်မှာ ပုရွက်ဆိတ်တွေပါပဲ ... မင်းသိထားရမှာက စုမိသားစုသာ ဆန္ဒရှိရင် ...
... သူတို့ကိုယ်တိုင် လှုပ်ရှားစရာတောင် မလိုပဲ ... စကားလေးတစ်ခွန်းနဲ့ သူတို့အလောင်း မကျန်အောင် လုပ်ပစ်ခံရနိုင်တယ်။ ”
စုမိသားစုအကြောင်း ပြောကြားရာ၌ ဝမ်ဘိုးဘေး အသံတွင် ဂုဏ်ယူလေးစားနေသော အငွေ့အသက်များ ပါရှိနေသည်။
ဤသည်မှာ ချဲ့ကား ပြောဆိုနေခြင်း မဟုတ်ကြောင်း စုရီလည်းသိ၏။ ကျောက်စိမ်း မြို့တော်ဟူသည် မဟာကျိုးအင်ပါယာ၏ တော်ဝင်မြို့တော် ဖြစ်သည်။
ကွမ်လင်မြို့ဟူသည် တိမ်မြစ်စီရင်စု မြို့ငယ်(၁၉)မြို့ အတွင်း၌သာ ရှိသည်။ နှိုင်းယှဉ် ကြည့်သော် ဆီနှင့်ရေလို ကွာခြားပေ၏။
မြို့တော်သခင် ဖူရှန်းကဲ့သို့သော လူပင် စုမိသားစုတံခါးဝ၌ ရပ်ရန် မထိုက်တန်သေးချေ။ သို့သော် လက်ရှိ စုရီ၏အမြင်တွင် စုမိသားစု ဟူသည် ပုရွတ်ဆိတ်တစ်စုမျှသာ ဖြစ်၏။
“ မြို့သခင် ဖူရှန်းက စုမိသားကို မယှဉ် နိုင်ပေမယ့် မင်းရဲ့ပွဲကို ထိန်းဖို့တော့ လုံလောက် နေပါပြီ ...
... စုမိသားစုမှာ မင်းအတွက် နေရာ မရှိတော့ဘူးဆိုတာ ... ဒီနေ့အဖြစ်အပျက်က သက်သေပဲ မဟုတ်လား။ ”
စုရီက လှောင်ပြုံးဖြင့် ပြန်ပြောလိုက်၏။ ဤစကားသည် ဝမ်ဘိုးဘေးကို ခြေ၊လက်များ တုန်ယင်လာစေသည်။
သူမ နှလုံးသားကို ထုတ်ယူလိုက်သလို ပေပင်။ ချက်ချင်း အမူအရာ ပြောင်းလဲသွား တော့၏။
“ အိမ်ထောင်ကျပြီး တစ်နှစ်မှာ တတိယသခင်လေးရဲ့ ... နှုတ်ရေးစွမ်းရည်က အရမ်း အစွမ်းထက်လာပုံပဲ။ ”
“ အချိန်က အမြဲသွားနေပါတယ် ... ဘဝတွေကလည်း ဖြစ်နေပျက်နေတယ် ... ဒီနေ့ ငါမှာ မင်းကို မေးချင်တာတစ်ခု ရှိတယ် ဝမ်ဘိုးဘေး။ ”
စုရီမှ ဝမ်ဘိုးဘေး ဒေါသအပေါ် ဂရုမစိုက်တော့ဘဲ အဓိက အကြောင်းအရာထံ ဦးတည်လိုက်တော့၏။
“ ငါ့ကို ... မင်းရဲ့ ဝမ်မျိုးရိုးနဲ့ လက်ထပ်ပေးဖို့ ဘယ်သူ စေခိုင်းလိုက်တာလဲ။ ”
ထိုမေးခွန်းက ဝမ်မိသားစု ဘိုးဘေးကို အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားစေ ပြီးနောက်၊
“ စတုတ္ထ မိန်းကလေး ... ဒါပေမယ့် သခင်ကြီးက နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့တဲ့ လူပဲ။ ”
“ ချင်းကျစ် ... ။ ”
စုရီတစ်ယောက် ချက်ချင်း အေးစက် သွားတော့၏။ သူမ၏ နာမည်အပြည့်အစုံမှာ ယွီချင်းကျစ် ဖြစ်သည်။
ဝမ်ဘိုးဘေးမှ တစ်စုံတစ်ရာ မဆိုဘဲ စောင့်ကြည့်နေ၏။ စုရီက မျက်မှောင်ကြုတ် လိုက်ပြီး၊
“ သူ့ရဲ့ အကျင့်စရိုက် အရဆိုရင် ငါ့ကို တိုက်ရိုက် သတ်သင့်တယ် မဟုတ်လား ... ငါက သူ့အတွက် ကပ်ဘေးပဲ။ ”
“ အဟက် ... ။ ”
ဤတစ်ကြိမ်၌ ဝမ်ဘိုးဘေးက ရယ်သည်။
“ တတိယသခင်လေး ... မင်းမှာ အမေ မရှိတော့ဘူး သခင်ကလည်း ကိုယ်လုပ်တော်ရဲ့ သားမို့ မင်းကို သူ့သားအဖြစ် မသတ်မှတ်ဘူး ... ဒီလိုအခြေအနေမျိုးမှာ ...
... မင်းက ကျင့်ကြံမှု ပျက်စီးခဲ့တယ် ... ဒါဆိုဘယ်သူက ... ဒီလို ဒုက္ခိတတစ်ယောက်ကို ကြောက်နေမှာလဲ ... ဘာပဲဖြစ်ဖြစ် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ...
.... စုမိသားစုသွေးတွေ ရှိနေတဲ့အတွက် စတုတ္ထမိန်းကလေးက မင်းကို သတ်ဖို့ မဝံ့ဘူး မင်းအဖေ စိတ်ဆိုးရင် ... မင်းထက်ပိုပြီး ကြောက်စရာ ကောင်းတယ်။ ”
သို့မှသာ စုရီတစ်ယောက် တိတ်ဆိတ် သွားသည်။ သူ့ကံကြမ္မာသည် အမှန်တကယ်ပင် စိတ်ပျက်စရာ ကောင်းချေ၏။
ငယ်ဘဝ ပုံရိပ်များသည် အထီးကျန် လှလေသည်။ သူ့အမေဆုံးပြီးနောက် အဖေ့ မျက်နှာကိုပင် မမြင်ရတော့ချေ။
ထို့ကြောင့် လွန်ခဲ့သော လေးနှစ်က အိမ်မှထွက်ခွာပြီး မြစ်ပြာဓားစံအိမ်သို့ ဝင်ကာ ကျင့်ကြံခဲ့သည်။
ကံဆိုးစွာဖြင့် သုံးနှစ်ပြည့်ချိန်တွင် အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်လည်နိုးထကာ အုတ်မြစ် ပျက်စီးသွား၏။
ထို့နောက် ယွီချင်းကျစ်၏ အကြံအစည်အောက်၌ ဝမ်မိသားစု သမက် ဖြစ်လာခဲ့သည်။
အမုန်းတရားများက သူ့အဖေနှင့် ယွီချင်းကျစ်ထံတွင် အမြစ် တွယ်နေပြီဖြစ်၏။ ထိုအစွဲအလမ်းကို ဖြေရှင်းနိုင်မှသာလျှင် သူ့ တာအို၌ အောင်မြင်မှုများ ရရှိနိုင်ပေမည်။
“ သတင်းဆိုးတစ်ခု ရှိတယ် တတိယ သခင်လေး ... မင်းညီ စုပိုနင်က ချီသန့်စင်ခြင်း အဆင့်ရဲ့ ကြယ်တာရာ ထင်ရှားခြင်းကို ရောက်သွားပြီ၊ အသက်အရွယ်အရ ...
... ဆယ့်ခြောက်နှစ်ပဲ ရှိသေးပေမယ့် ကျောက်စိမ်းမြို့တော်ရဲ့ ... ပထမတန်းစား ပါရမီရှင် ရှစ်ပါး စာရင်းဝင်နေပြီ ...
... အသက် ဆယ့်ရှစ်နှစ် မတိုင်မီ အတွင်းအင်္ဂါငါးပါးကို သန့်စင်ပြီး ရှန်ရှင်း အဆင့် ရောက်တာနဲ့ ... မဟာကျိုးရဲ့ နံပါတ်တစ် မြင့်မြတ်မြေကို ဝင်ခွင့်ရလိမ့်မယ်။ ”
“ လျှို့ဝှက် နဂါးဓားဂိုဏ်း ... ။ ”
စုရီက ရေရွတ်လိုက်သည်။ ဤသည်မှာ ထိပ်တန်းဓားသမားများ တည်ရှိရာ ဂိုဏ်းကြီး ဖြစ်သည်။
တစ်ဆက်တည်းမှာပင် အဖြူရောင် ၀တ်စုံနှင့် ချောမောတည်ကြည်သော လူငယ်တစ်ယောက် ပုံရိပ်က သူ့စိတ်ထဲ ပေါ်လာ၏။
၎င်းသည် ယွီချင်းကျစ်၏ သားဖြစ်၏။ ယွီချင်းကျစ်ဟူသည် သူ့ဖခင်၏ စတုတ္ထမြောက် ဇနီး ဖြစ်သည်။ သူမသားကို စုမိသားစုကြီးက ပါရမီရှင်တစ်ပါးအဖြစ် သတ်မှတ်၏။
“ ဝမ်ဘိုးဘေး မင်းမှာ ပြောစရာ မရှိတော့ရင် ငါအနားယူတော့မယ်။ ”
“ နေဦး ... ။ ”
ဝမ်ဘိုးဘေးက ငွေရောင်ကျောက်စိမ်း တံဆိပ်တစ်ခုကို ဆွဲထုတ်ပြီး စုရီမြင်အောင် မြှောက်ပြလိုက်သည်။
“ တတိယ သခင်လေး ... ဒါဘာလဲဆိုတာ မင်းသိတယ် မဟုတ်လား။ ”
***