အားဖြည့်ဆေးရည်ကိုပွဲထုတ်!
Vol. 48 Ch. 708
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က ဝန်ကြီးလုကို သူ့ရုံးခန်းထဲတွင်ဧည့်ခံသည်။
ဝန်ကြီးလုလည်း ဒီတစ်ကြိမ်တွင် သီးသန့်စာဖိုင်များယူလာသည်။
စာဖိုင်က ကိုလာသီးအကြောင်းပင်။
"သူဌေးချင်... ဒီစာဖိုင်ကိုအထင်မလွဲပါနဲ့... ခေါင်းဆောင်ကဒီအကြောင်းသိပြီး မင်းရဲ့အစီအစဉ်ကိုထောက်ခံပေးလိုက်တယ်''
ချင်လင်စာဖတ်နေသည်ကိုကြည့်ရင်း ဝန်ကြီးလုကရှင်းပြသည်_
"ဒါပေမဲ့ ဒီကိစ္စကပေါ့သေးသေးမဟုတ်ဘူး... ကိုလာသီးရဲ့အာနိသင်နဲ့ အထက်လူတွေရဲ့ထောက်ခံချက်နဲ့ဆိုရင် တို့နိုင်ငံထဲမှာကိုလာကုမ္ပဏီနှစ်ခုကနှစ်တိုင်းဖန်တီးနေတဲ့ဝင်ငွေပမာဏမျိုးရဖို့ ပြဿနာမရှိလောက်ဘူး''
"ဒီတော့ ဒီကိစ္စကိုလျှို့ဝှက်ထားဖို့အရေးကြီးတယ်... မဟုတ်ရင် ကိုယ့်ပိုက်ဆံအိတ်အလုခံရတာကို ဘယ်သူမှထိုင်ကြည့်နေမှာမဟုတ်ဘူး... တစ်ချက်တည်းပွဲမပြတ်ရင် ဒီပွဲကကုမ္ပဏီတွေကြားကပွဲသက်သက်မဟုတ်တော့ဘူး''
ချင်လင်က ဝန်ကြီးလုစကားနားထောင်ရင်း ခေါင်းညိမ့်လိုက်သည်_
"ကျွန်တော်နားလည်ပါတယ် ဝန်ကြီးလု!''
စာဖတ်ပြီး သူအရမ်းနုံကြောင်း တန်းသိလိုက်သည်။
သူ့အရင်အစီအစဉ်မှာ နေရာအတော်များများတွင်ချို့ယွင်းချက်ရှိကြောင်း အထက်လူများက အရေးကြီးအချက်များကိုထောက်ပြထားသည်။
အခု သူတွေးကြည့်ပြီး သဘောပေါက်သွားသည်။

ကိုလာသီးအစီအစဉ်အောင်မြင်ရင် ရှင်းကျန့်တယ်ရဲ့ငွေအိတ်နှစ်အိတ်တင်ပျက်စီးမှာမဟုတ်။ အရင်းရှင်နိုင်ငံများ အချက်ပြအဖြစ်မှတ်ယူနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်ုပ်တို့နယ်မြေထဲတွင် ငွေအိတ်နှစ်အိတ်မကရှိသည်။
တစ်ဖက်က တုံ့ပြန်ဖို့အခွင့်အရေးရသည်နှင့် သူတို့သည်းမခံနိုင်သောနည်းလမ်းမှန်သမျှကိုအသုံးချနိုင်သည်။
စာဖိုင်က သူ့အတွက်အကာအကွယ်တစ်ခုပင်။
စဉ်းစားကြည့်မှ ကိုလာသီးက ကိုလာကုမ္ပဏီနှစ်ခုကိုလုံးဝဖျက်ဆီးလိုက်ရင် ကျန်တဲ့သူ့ဘဝတလျှောက်လုံး နိုင်ငံထဲကအပြင်မထွက်နိုင်လောက်။
သူနိုင်ငံခြားသွားဖို့စိတ်ကူးမရှိ၍သာ တော်တော့သည်။
"သူဌေးချင်''
ဝန်ကြီးလုကပြုံးပြီး_
"အထက်လူတွေက မင်းရဲ့အစီအစဉ်ကိုကူညီပေးလိမ့်မယ်... ဓာတ်ခွဲခန်းသွားရအောင်''
"ဝန်ကြီးလု ကြွပါ!''
ချင်လင်ကခေါင်းညိမ့်ပြီး ဝန်ကြီးလုကိုအပြင်သွားရန်ဖိတ်လိုက်သည်။
သီးသန့်စာဖိုင်ကိုဘယ်လိုအကောင်အထည်ဖော်မလဲ သူသိပ်မေးမနေတော့။
သူက ဒီအပိုင်းမကျွမ်းကျင်သောကြောင့်ပင်။
အနည်းဆုံး တစ်ခုတော့သေချာသည်။ အထက်လူတွေစောင့်ကြည့်နေရင် ဒီအစီအစဉ်ကတိမ်းစောင်းမည်မဟုတ်ပေ။
ချင်လင်နှင့်ဝန်ကြီးလုက ချင်းလင်ဓာတ်ခွဲခန်းတန်းသွားလိုက်သည်။
ဝန်ကြီးလုဒီတစ်ကြိမ်ရောက်လာခြင်းမှာ ဒီကိစ္စပြောဖို့တင်မဟုတ်။ အားဖြည့်ဆေးရည်စမ်းသပ်မှုကိုသိရှိအောင်လုပ်ရန်လည်းပါသည်။

အခု အားဖြည့်ဆေးရည်ရဲ့နောက်ဆုံးအခြေအနေကို သူသွားကြည့်ရမည်။
ချင်လင်ကအထက်လူများကိုဆေးရည်ပေးဖို့ဆုံးဖြတ်ပြီးဖြစ်သော်လည်း သူ့ဓာတ်ခွဲခန်းတွင်တစ်ချိန်လုံးရှိနေသည်။
ဒီနေ့ စုယဲ့နှင့်တခြားအားကစားသမား၊စစ်သားများကို နောက်ဆုံးစမ်းသပ်ချက်လုပ်မည်။
အထူးသဖြင့် စုယဲ့က နိုင်ငံတကာအပြေးပဏာမအဆင့်ဝင်ပြိုင်တော့မည်။
အားဖြည့်ဆေးရည်နှင့်လေ့ကျင့်ထားသောအားကစားသမားများ တကယ့်ပြိုင်ပွဲတွင်ပထမဆုံးအကြိမ်ဝင်ပြိုင်ခြင်းလည်းဖြစ်သည်။
ထိုရွှေဂန္တဝင်များကို ရွှေမာယာတာတိုအပြေးပြိုင်ပွဲဟုခေါ်ပြီး နိုင်ငံတကာတာတိုပြေးပွဲဟူ၍ကျော်ကြားသည်။
ရွှေဂန္တဝင်များတွင် အာရှသားများမပါဖူးချေ။ အာရှသားပါလျှင် ပဏာမအဆင့်တောင်ကျော်မည်မဟုတ်၍ အနောက်တိုင်းသားများအတွက်သီးသန့်ကျင်းပသောပြိုင်ပွဲဖြစ်သည်။ မီတာ ၁၀၀ တာတိုပြေးပွဲမှာ အာရှကစားနည်းမဟုတ်ပေ။
နိုင်ငံထဲက အမြန်ဆုံးမီတာ ၁၀၀ တာတိုပြေးသူစုပင်းထျန်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ဖြစ်ချင်တော့ ပဏာမအဆင့်မှာတင်ကျရှုံးခဲ့ပြီး တရားဝင်ပြိုင်ပွဲတောင် မဝင်နိုင်ခဲ့ချေ။
နောက်ပိုင်း ပြေးနည်းပြောင်းပြီး ၉.၈၂ နှင့်ပြေးနိုင်ခဲ့သည်။ သို့သော် အလုပ်များပြီး အသက်အရွယ်ရလာသောကြောင့် နောက်ထပ်ဝင်မပြိုင်ခဲ့ပေ။
ထို့ကြောင့် တရုတ်ပြည်တွင် ရွှေမာယာတာတိုပြေးပွဲအကြောင်းပြောစရာမရှိပုံမှာ အနောက်နိုင်ငံများတွင် စားပွဲတင်တင်းနစ်အကြောင်းပြောစရာမရှိသလိုပင်။
သို့ရာတွင် နိုင်ငံသားတစ်ယောက်ယောက်က ရွှေမာယာတာတိုပြေးပွဲတွင် ရလဒ်ကောင်းရသည်နှင့် ပြိုင်ပွဲကလျင်လျင်မြန်မြန်ကျော်ကြားပြီး ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာကြလိမ့်မည်။
လူတွေက အောင်မြင်မှုကိုကြွားဝါချင်ကြစမြဲ။
အားနည်းချက်ကိုမူ ဖုံးကွယ်ထားချင်သည်။
အားဖြည့်ဆေးရည်ကြာရှည်သောက်ထားသောစုယဲ့မှာ ရွှေမာယာတာတိုပြေးပွဲတွင်ဝင်ပြိုင်တော့မည်။ ကမ္ဘာ့တာတိုပြိုင်ပွဲ၏ဖွဲ့စည်းပုံကို သူပြောင်းလဲတော့မည်။
…
ဓာတ်ခွဲခန်းက အရင်နှင့်မတူတော့။
အပြင်နံရံများကို အဆင့်မြင့်မြင့်၊ ခမ်းခမ်းနားနား၊ အထက်တန်းကျကျပုံပေါက်အောင် ပြန်လည်ပြင်ဆင်ထားသည်။
နံရံပတ်လည်တွင် ပတ်လမ်းဖောက်ထားပြီး ဝန်ထမ်းများအပန်းဖြေလမ်းလျှောက်နိုင်သည်။ စိမ်းစိမ်းစိုစိုလည်းရှိသည်။
ပတ်ပတ်လည်တွင် စောင့်ကြည့်ကင်မရာများ၊ ပတ္တရောင်လှည့်နေသောလုံခြုံရေးအစောင့်များရှိသည်။
ထိုလုံခြုံရေးအစောင့်များမှာ စံအိမ်လုံခြုံရေးအစောင့်များနှင့်မတူ။ သူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးထားသည်။
လုံခြုံရေးခေါင်းဆောင်ယွင်ဖေးက တကယ်တော်သည်။
ချင်လင်နှင့်ဝန်ကြီးလုက ဓာတ်ခွဲခန်းထဲဝင်ပြီးနောက် ခပ်လှမ်းလှမ်းမှအဆောက်အဦကြီးများဆီဦးတည်ထားသောခေတ်မီလမ်းဆောက်ထားသည်ကိုတွေ့ရသည်။
တချို့က စက်ဝိုင်းတဝက်ပုံရှိပြီး ဆောက်လုပ်နေဆဲဖြစ်သည်။ ဤနေရာက ဓာတ်ခွဲခန်း၏အဓိကနေရာပင်။ စက်ဝိုင်းတဝက်ပုံအဆောက်အဦတချို့မှာ ဓာတ်ခွဲခန်းနံပါတ် ၁ နှင့်တခြားအရာများဖြစ်သည်။
ရှေ့လျှောက် ထိုဓာတ်ခွဲခန်းများ၏လုပ်ဆောင်ချက်နှင့်သုတေသနဦးတည်ချက်က သီးခြားစီဖြစ်မည်။ သို့ရာတွင် လက်ရှိချင်းလင်ဓာတ်ခွဲခန်း၏စမ်းသပ်အားမှာ ဓာတ်ခွဲခန်းနံပါတ်တစ်နှင့်လုံလောက်ပြီး ဓာတ်ခွဲခန်းနံပါတ်တစ်အဆောက်အဦးကိုတောင် နေရာကျဉ်းကျဉ်းသာသုံးရသည်။
ဒါပေမဲ့ အနာဂတ်အတွက်ပြင်ဆင်ထားရမယ်မလား?
ထိုဓာတ်ခွဲခန်းများနောက်တွင် ပြုပြင်မွမ်းမံဆဲရုံးအဆောက်အဦးရှိသည်။
ရုံးဆောက်ပြီးသည်နှင့် ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းများအားလုံး ယာယီအဆောက်အဦးမှရွှေ့လာနိုင်ပြီ။
အားလုံးထဲတွင် ချင်းလင်ဓာတ်ခွဲခန်းက အလွန်ကျယ်ပြီးခမ်းနားသည်။ ဆောက်လုပ်ဆဲဖြစ်သောပြင်ပအားကစားရုံနှင့်အတွင်းအားကစားခန်းမအပါအဝင် အားကစားအမျိုးမျိုးအထောက်အကူပြုပစ္စည်းများလည်းရှိသည်။