အခန်း ၇၁၀: အားဖြည့်ဆေးရည်ကိုပွဲထုတ်! ၃
Vol. 48 Ch. 710
လွန်ခဲ့သောနှစ်များအတွင်း ကမ္ဘာ့မီတာ ၁၀၀ တာတိုပြေးပွဲ၌ အံ့ဩလောက်စရာပညာရှင်မျိုးမရှိခဲ့။
အဲဒီနောက် သူတို့အားကစားသမားများကိုဦးဆောင်ပေးမည်။
အထူးသဖြင့် စုယဲ့ခန္ဓာကိုယ်ကန့်သတ်ချက်က ရှေ့လျှောက်ဆက်တက်မယ့်အလားအလာရှိသည်ဟု ပါမောက္ခရန်ကခန့်မှန်းထားသည်။ သူ့ကန့်သတ်ချက်မရောက်ခင် ၉.၅၈ စက္ကန့်အတွင်း Bolt လိုပြေးရနိုင်သည်။
ဒါနဲ့ Bolt ကဘယ်သူ?
သူက ရာစုနှစ်အတွင်းပေါ်ခဲလှသောအံ့ဖွယ်လူမျိုးဖြစ်သည်။ သို့သော် အားဖြည့်ဆေးရည်အားကိုးနှင့် ဒီလိုလူမျိုးဖြစ်အောင်လေ့ကျင့်ပေးနိုင်သည်။
အဓိကက စုယဲ့တစ်ယောက်တည်းခြွင်းချက်မဟုတ်ပေ။
သူတို့နိုင်ငံတွင် မီတာ ၁၀၀ ပြေးသူအများကြီးရှိသည်။ အဲဒီအားကစားသမားတွေကိုပါ အားဖြည့်ဆေးရည်သုံးပြီးစမ်းသပ်ရင် ဘယ်လိုဖြစ်လာမလဲ?
တခြားအားကစားသမားတွေလည်းရှိသေးသည်။
စုယဲ့က ရလဒ်ကိုမြင်ပြီး စိတ်လှုပ်ရှားကာတုန်နေသည်။
အခုပဲ နောက်တစ်ဆင့်တက်သွားပြန်ပြီ။
ဒါရိုက်တာရန်လည်း စုယဲ့ဆီရောက်လာပြီး စိတ်လှုပ်ရှားသံနှင့်မှာသည်_
"ခဏနားတာပေါ့... နောက်ထပ်နှစ်ကြိမ်စမ်းမယ်... ပြီးရင် မြို့တော်အားကစားဌာနပြန်ပြီး အစီရင်ခံမယ်... ရွှေမာယာပြိုင်ပွဲဝင်ပြိုင်ဖို့အသင့်ပြင်ကြမယ်''
"ဟုတ်ကဲ့ ဒါရိုက်တာရန် ဟုတ်ကဲ့!''
စုယဲ့ကမျှော်လင့်ချက်အပြည့်နှင့် ချက်ချင်းပြန်ဖြေသည်။
…
ရွှေမာယာတာတိုပြေးပွဲကို ရှင်းကျန့်တယ်၏သစ္စာခံမဟာမိတ်ဖြစ်သော ကနေဒါတွင်ကျင်းပမည်ဖြစ်သည်။

ကနေဒါမှာ နိုင်ငံတကာအားကစားပွဲအမျိုးမျိုးလက်ခံကျင်းပလေ့ရှိသောနိုင်ငံပင်။
သူတို့လုံးဝမလျှောက်နိုင်သောပြိုင်ပွဲမှလွဲ၍ ဆက်သွယ်နိုင်သောအားကစားပွဲတိုင်းကိုလျှောက်ဖို့ကြိုးစားလိမ့်မည်။
ရွှေမာယာတာတိုပြေးပွဲကို ကနေဒါနိုင်ငံ၊ဂါနာအမျိုးသားအားကစားရုံတွင်ကျင်းပသည်။
ရွှေမာယာတာတိုပြိုင်ပွဲတွင် ပဏာမအဆင့်ပြိုင်ရမည်ဖြစ်သောကြောင့် နိုင်ငံအသီးသီးမှ မီတာ ၁၀၀ တာတိုပြေးသူများရောက်နှင့်နေပြီး ပဏာမအဆင့်အတွက်စာရင်းသွင်းကြသည်။
ထို့အပြင် လာရောက်ယှဉ်ပြိုင်သူအားကစားသမားအများကြီးရှိသည်။ ဘာပဲဖြစ်ဖြစ် ရွှေပြိုင်ပွဲဟုဆိုထား၍ ဆုကြေးပမာဏတကယ်များသည်။
နိုင်ငံအသီးသီးမှတာတိုအပြေးသမားများ စာရင်းသွင်းပြီးနောက် ငယ်ငယ်ရွယ်ရွယ်ပုံရိပ်တစ်ခုကို အားလုံးစိတ်ဝင်စားသွားသည်။ သူ့ကိုယ်ပေါ်မှကြယ်ငါးပွင့်နိုင်ငံတော်အလံတံဆိပ်ကလည်း မျက်စိကိုဖမ်းစားထားသည်။
အရှေ့နိုင်ငံမှအားကစားသမားပင်။
အားကစားလောကမှလူတစ်ဦးအနေနှင့် ဖျော်ရည်နှင့်လှည့်စားသောအရှေ့နိုင်ငံသတင်းက တစ်ကမ္ဘာလုံးသိနေကြသည်။
ဒီနိုင်ငံကလူတွေကလှည့်စားပြီး ရွှေတံဆိပ်ဆုတွေယူထားသည်ဟု အားလုံးသိထားကြသည်။
ထို့ကြောင့် ထိုနိုင်ငံမှအားကစားသမားကိုမြင်သောအခါ အားကစားသမားအားလုံးက မသတီသလိုကြည့်ပြီး ထေ့ငေါ့သည်_
"အရှေ့နိုင်ငံကလူတွေလည်း ပြိုင်ပွဲဝင်တာလား? သူဒီလိုလုပ်ခွင့်မရှိမှန်း မသိဘူးလား?''
"မီတာ ၁၀၀ ပြေးပွဲမှာ စုမရှိရင် ဘယ်သူမှ ပဏာမအဆင့်တောင်မကျော်နိုင်ဘူး... စုကအသက်ကြီးသွားတာ နှမြောစရာ''

"ဒီလူက အဲဒီဖျော်ရည်သောက်ပြီးလှည့်စားနိုင်မယ်များထင်နေလား!''
"အဲဖျော်ရည်မျိုးက မီတာ ၁၀၀ ပြေးပွဲမှာ အသုံးမဝင်ဘူး... သူ့ကိုယ်သူအရှက်ခွဲချင်ရင် ကူညီပေးရတာပေါ့!''
“……”
စုယဲ့က ဒါရိုက်တာရန်နောက်လိုက်ပြီး တရားဝင်စာရင်းသွင်းနေရာတန်းလျှောက်သွားသည်။
စာရင်းသွင်းတာဝန်ခံက စုယဲ့ကိုကြည့်၍ ခဏကြောင်သွားပြီးမှမေးသည်_
"ပြိုင်ပွဲလာပြိုင်တာလား?''
သူ့စကားကြောင့် စုယဲ့နှင့်ဒါရိုက်တာရန်ကမျက်မှောင်ကြုတ်လိုက်သည်။ စစ်ဆေးကြည့်ရင် လာပြိုင်မှန်းသိမည်ဖြစ်သော်လည်း သူ့စကားတွင်တခြားအဓိပ္ပါယ်ပါနေသည်။
သူတို့နယ်မြေထဲရောက်နေမှတော့ ဒါရိုက်တာရန်က_
"ဟုတ်တယ် ပြိုင်ပွဲဝင်ဖို့လာတာ... တို့မှာပြိုင်ပွဲအချက်အလက်ရှိတယ်'' ဟုသာပြောလိုက်ရသည်။
စာရင်းသွင်းဝန်ထမ်းကလည်းစစ်ဆေးကြည့်ပြီး တအံ့တဩနှင့်_
"အရှေ့တိုင်းကအားကစားသမား? ဒါဆို သူ့ကိုသတိပေးပါ... ကျွန်တော်တို့ပြိုင်ပွဲမှာ လှည့်စားလို့မရဘူး... ဖျော်ရည်သောက်တာကိုလည်း တားမြစ်ထားတယ်... ဒီတော့ မပြိုင်ခင်တင်းတင်းကြပ်ကြပ်ထားမယ်... ဘယ်လိုလှည့်စားမှုမျိုးမှမတွေ့ချင်ဘူး''
သူပြောချင်တာ ချင်းလင်အားဖြည့်လက်ဖက်ရည်မှန်း ဒါရိုက်တာရန်သိသည်။ နောက်ဆုံး သူကခေါင်းညိမ့်ပြီး ထိုမဟုတ်မဟပ်တောင်းဆိုမှုကိုသဘောတူလိုက်သည်။
စုယဲ့က လက်သီးတင်းတင်းဆုပ်လိုက်သည်။ အဖွဲ့ထဲမှာတုန်းက နိုင်ငံခြားပြိုင်ပွဲတွေမှာ သူတို့ကိုခွဲခြားဆက်ဆံတဲ့အကြောင်းကြားဖူးသော်လည်း အဟုတ်ဖြစ်နေမည်ဟုမထင်မိပေ။
စာရင်းသွင်းပြီးနောက် ဒါရိုက်တာရန်က သူ့ကိုသတိပေးသည်_
"စုယဲ့... မင်းဝန်လေးစရာမလိုဘူး... ဒါပုံမှန်ပဲ... မင်းစီနီယာတွေနိုင်ငံခြားပြိုင်ပွဲလာတုန်းက ဒီထက်တောင်လွန်သေးတယ်... ဒီနှစ်တွေကျမှ သူတို့ထိန်းလာတာ... အခုမင်းလုပ်ရမှာက သူတို့ကိုသင်ခန်းစာပေးဖို့ပဲ''
"ဟုတ်ကဲ့ ဒါရိုက်တာရန်''
စုယဲ့ကချက်ချင်းခေါင်းညိမ့်လိုက်သည်။
ဒါရိုက်တာရန်နှင့်စုယဲ့စာရင်းသွင်းပြီးနောက် စာရင်းသွင်းတာဝန်ခံလည်း ပြိုင်ပွဲတာဝန်ခံဆီအစီရင်ခံလိုက်သည်။
ပြိုင်ပွဲတာဝန်ခံမှာ မာနကြီးသောလူဖြူတစ်ဦးဖြစ်သည်။
သူကသတင်းကြားကြားချင်း ရယ်လိုက်ပြီး
"အာဆီယံပွဲမှာ ဟိုဖျော်ရည်နဲ့လှည့်စားခဲ့တဲ့အရှေ့နိုင်ငံကကောင်လား? သူ့ကိုမျက်စိဒေါက်ထောက်ကြည့်ထား... အဲဒီဖျော်ရည်သောက်ရင် ပြိုင်ပွဲကနေထုတ်မယ်''
"စုက အနားယူသွားပြီလို့ကြားတယ်... ဒီတော့ သူ့ကိုလှည့်စားခွင့်မပေးရင် အဲဒီအသားဝါကောင်က ရွှေမာယာတာတိုပြေးပွဲပဏာမအဆင့်တောင် အောင်မှာမဟုတ်ဘူး''