အမြတ်ကြီးစားရေမွှေး! လီဖေးဆိုသူရောက်လာ!
Vol. 48 Ch. 719
လီကျားနန်ပျော်ပျော်ရွှင်ရွှင်ထွက်သွားသည်ကို ဝမ်ရန်ကကြည့်ရင်း မတတ်သာပုံနှင့်သူ့ဖုန်းထုတ်ပြီး စုကျွမ်ကိုဆက်လိုက်သည်။
စုကျွမ်က ကလေးမွေးထားပြီးပြီ။ အလုပ်ကိစ္စနှင့်ခရီးသွားမယ့်အကြောင်းအသိပေးရဦးမည်။
အဓိကက သူ့မှာအပြစ်ရှိသလိုခံစားနေရသည်။
နိုက်ကလပ်ကိုမသွားတော့၊ ဘယ်သူနဲ့မှမရှုပ်တော့ဟု စုကျွမ်ကိုကတိပေးထားသည်။ စုကျွမ်က သူ့ကိုလုံးဝလှည့်မကြည့်။ ဇနီးမယားအနေနှင့် ကလေးကိုဂရုစိုက်ရင်စိုက်၊ မစိုက်ရင် မိဘအပေါ်ဝတ္တရားကျေပွန်အောင်နေသည်။
ဒါပေမဲ့ သူကနည်းနည်းဆိုးသွားပြီထင်သည်။
စုကျွမ်ကိုအသိပေးပြီးနောက် ဝမ်ရန်ကဖုန်းချပြီးအပြင်ထွက်မည်အပြု ကျန်းလင်းလင်းက မျက်နှာပျက်ပျက်နဲ့လျှောက်ဝင်လာပြီး_
"သူဌေး... ချင်းလင်စံအိမ်ကိုအလုပ်ကိစ္စနဲ့သွားမှာလား? ကျားနန်ကိုခေါ်သွားမှာ?''
"အမ်... အစ်မလင်းလင်း''
ဝမ်ရန်ဘယ်လိုရှင်းရမှန်းမသိတော့။ မနာလိုခံနေရပြီ။
ဘာပဲဖြစ်ဖြစ် အစ်မလင်းလင်းက သူ့အချစ်တော်ဖြစ်တာကြာပြီ။
ရုတ်တရက်ကြီး ဒီအစ်မကျားနန်နဲ့ဖြစ်သွားပြန်ပြီတဲ့။ နည်းနည်းရယ်စရာကောင်းနေသည်။
"ကျွန်မလည်း လိုက်ချင်တယ်''
ကျန်းလင်းလင်းကတန်းပြောသည်။
ချူကျားနန်ဘာတွေးလဲ မသိဘဲနေမလား? ပထမဇနီးစုကျွမ်နဲ့မပြိုင်ပေမဲ့ ကုမ္ပဏီမှာလက်လွှတ်ခံမယ်လို့မဆိုလို။
"အစ်မလင်းလင်း... ကျွန်တော် အစ်မကျားနန်ကိုကတိပေးထားတယ်''
ဝမ်ရန်က မတတ်သာပုံနှင့်ပြောသည်။
"သူနဲ့အတူသွားရလည်း ကိစ္စမရှိဘူး''
ကျန်းလင်းလင်းကထေ့ပြီး ဂရုမစိုက်သလိုပြောလိုက်သည်။

"ကျွတ် ကျွတ်''
ဝမ်ရန်ကထိုစကားကြားပြီး ဘာမှန်းမသိခြေထောက်များပျော့ခွေသွားသလို မတ်မတ်မရပ်နိုင်တော့။
ကျန်းလင်းလင်းဘာပြောချင်လဲ သူသိသည်။
ဒီလိုမလုပ်ကြပါနဲ့။ သူ့ဘဝကပိုပိုခက်ခဲလာပြီ။
ဝမ်ရန် ကျန်းလင်းလင်းကိုရုံးခန်းအပြင်ခေါ်လာသောအခါ ချူကျားနန်လည်းအသင့်ဖြစ်နေပြီ။ သို့ရာတွင် အစ်ကိုရန်ကကျန်းလင်းလင်းကိုခေါ်လာသောကြောင့် ချက်ချင်းပြိုင်ဆိုင်လိုစိတ်ဖြစ်လာသည်။
ဒီတစ်ခါတော့ အစ်ကိုရန်ကိုဘယ်သူကပိုပျော်အောင်လုပ်နိုင်လဲ ဒီမိန်းမနဲ့ပြိုင်ရတော့မည်။
ဘာပဲဖြစ်ဖြစ် ကောင်လေးမတွေ့ခင် နည်းနည်းရှုပ်လိုက်ချင်သည်။
ဝမ်ရန်မှာမတတ်နိုင်၍ မိန်းမနှစ်ယောက်နှင့်ထွက်လာရသည်။ ချင်းလင်စံအိမ်ရောက်အောင် သုံးနာရီနီးပါးမောင်းလိုက်ရသည်။
…
ဝမ်ရန် မိန်းမတစ်ဖက်တချက်နှင့် အပန်းဖြေစံအိမ်ထဲဝင်လာသည်ကို ချင်လင်မြင်သွားသည်။
ဒီဝမ်ရန်သူ့ဆီလာတိုင်း အရင်ကမမြင်ဖူးသောမိန်းကလေးများပါပါလာသည်။ အထူးသဖြင့် မိန်းကလေးတွေကကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အပြင် လှလည်းလှသည်။
သူတို့ရင်းနှီးနေပုံကိုကြည့်ရင် မိန်းကလေးနှစ်ယောက်နဲ့သူကဘာမှမဆိုင်ပါဆိုရင် ဘယ်သူမှယုံမည်မဟုတ်။
ဒီလူက လူတိုင်းပြောလေ့ရှိကြသလို အောင်နိုင်သူကြီးလားဟု ရုတ်တရက်သိချင်လာသည်။
"မတွေ့တာကြာသွားပြီ ဥက္ကဌချင်''
ဝမ်ရန်ကချင်လင်ကိုမြင်ပြီး ရိုရိုသေသေစနှုတ်ဆက်သည်။

အခုမင်စီရင်စုပြည်နယ်မြို့တော်အသိုင်းအဝိုင်းတချို့တွင် ဥက္ကဌဝမ်ဟုရိုရိုသေသေခေါ်ကြခြင်းမှာ ဥက္ကဌချင်၏အထောက်အပံ့ကြောင့်ပင်။
ကျန်းလင်းလင်းက ချင်လင်နှင့်ဆုံဖူး၍ တလေးတစားနှုတ်ဆက်သည်_
"ဥက္ကဌချင်''
ချူကျားနန်မှာ ဝမ်ရန်နိုက်ကလပ်တွင်ကြာပြီဖြစ်၍ လူကဲခတ်ကျွမ်းသည်။ သူကချက်ချင်းရိိုရိုသေသေနှင့်_
"ဥက္ကဌချင်''
"ရုံးခန်းထဲပြောရအောင်!''
ချင်လင်လည်းနှုတ်ဆက်ပြီး ဝမ်ရန်ကိုသူ့ရုံးခန်းထဲခေါ်လိုက်သည်။ တစ်ဆက်တည်း ဟွမ်ရှင်းကိုပါဖုန်းဆက်ခေါ်လိုက်သည်။
ဟွမ်ရှင်းရောက်လာပြီး ဝမ်ရန်ကိုရေမွှေးအကြောင်းပြောရမည်။
ဝမ်ရန်က ချင်လင်နောက်လိုက်လာသည်။ ကျန်းလင်းလင်းနှင့်ချူကျားနန်က ဝမ်ရန်နောက်လိုက်ရင်း ပတ်ဝန်းကျင်ကိုကြည့်ကာတအံ့တဩဖြစ်နေကြသည်။
အင်တာနက်ပေါ်တွင် အပန်းဖြေစံအိမ်ဗီဒီယိုများကြည့်ထားပြီး အံ့ဩနေသည်။
အခုကိုယ်တိုင်မျက်စိနဲ့မြင်ရမှ အံ့ဩကုန်နိုင်ဖွယ်ပင်။ ဗီဒီယိုထဲမှာထက်အများကြီးပိုလှသည်။
ရှုခင်းတင်မက လေကောင်းလေသန့်လည်းရသည်။
အပန်းဖြေစံအိမ်တစ်ခုလုံးက နတ်ပြည်အလားပင်။
ဒီလိုအပန်းဖြေစံအိမ်မျိုးရဲ့ကတော်သာဖြစ်ရင်ကမ္ဘာမှာအပျော်ဆုံးဖြစ်လိမ့်မယ်မလား?
သို့သော် ဒီလိုအတွေးမျိုးတွေးသာတွေးရဲပြီး ဆန္ဒပြည့်ဖို့မတွေးရဲချေ။

ချင်လင်ကရုံးခန်းထဲထိုင်ပြီးမေးသည်_
"ရေမွှေးသုံးပြီးပြီလား? ဘယ်လိုနေလဲ?''
"ဥက္ကဌချင်... ရေမွှေးအာနိသင်ကိုစမ်းပြီးပါပြီ''
ဝမ်ရန်ကပြောပြီး နည်းနည်းရှက်သွားသည်။
ဘာပဲဖြစ်ဖြစ် ဒီရေမွှေးကြောင့်သာမဟုတ်ရင် အစ်မကျန်းလင်းလင်းနဲ့ပဲပတ်သက်ရမှာ။ အခုအစ်မကျားနန်နဲ့ပတ်သက်နေရပြီ။
ရှေ့လျှောက်ကုမ္ပဏီမှာကောင်းကောင်းနေရတော့မည်မဟုတ်။
ထို့နောက် ဝမ်ရန်ကလာရင်းကိစ္စကိုရှင်းပြသည်_
"ဥက္ကဌချင်... ဒါထုတ်ကုန်အသစ်လား? ရေမွှေးရောင်းခွင့်ပေးပါ!''
ချင်လင်ကပြုံးပြီး_
"ရေမွှေးကိုယ်စားလှယ်လုပ်ဖို့ပြဿနာမရှိဘူး... ဒါပေမဲ့ ပြောစရာရှိတယ်... ဒီရေမွှေးကိုထောက်ခံချက်ရဖို့ကန့်သတ်ချက်တွေရှိတယ်... ပုံမှန်အဆက်အသွယ်တွေကနေ ရောင်းလို့မရဘူး... ဖြည့်စွက်ထုတ်ကုန်တွေကနေတဆင့်ပဲရောင်းနိုင်မှာ... အဲဒါကြောင့် ဒီရေမွှေးကြော်ငြာဖို့ကန့်သတ်ချက်တွေများတယ်''
ဝမ်ရန်ကဂရုစိုက်ပုံမပေါ်_
"ဥက္ကဌချင်... ဒီရေမွှေးအာနိသင်ကိုသိတော့ ဒါကိုတွေးမိတာ... ဒီအပိုင်းမှာ ကျွန်တော့်အဆက်အသွယ်တွေရှိတယ်... ကျွန်တော့်ကိုယုံ''
သူကအလွန်ယုံကြည်ချက်ရှိသည်။
နိုက်ကလပ်အဆက်အသွယ်များကြောင့် ဒီပစ္စည်းမရောင်းရမှာစိုးရိမ်စရာမလို။
သူတို့လိုအထက်တန်းနိုက်ကလပ်တွေမှာ ဝိုင်ကလွဲပြီး ဒီလိုပစ္စည်းများရောင်းရခက်သည်တဲ့။ မဟုတ်။ လုံးဝရောင်းရမခက်။
ဒီအပိုင်းကျွမ်းကျင်သောလူတချို့ကို သူသိသည်။ ဥက္ကဌချင်ရဲ့ရေမွှေးကိုကိုယ်စားလှယ်လုပ်ခွင့်သာရရင် ဒီလူတွေနဲ့ပူးပေါင်းနိုင်သည်။
အားလုံးဉာဏ်ကောင်းသူများဖြစ်၍ ရေမွှေးအာနိသင်ကိုသိပြီး ဘာရွေးရမလဲသိလိမ့်မည်။
ဝမ်ရန်ယုံကြည်မှုရှိနေပုံကိုကြည့်ပြီး ချင်လင်လည်း_
"ကောင်းပြီလေ... ပြီးရင် သူငယ်ချင်းတစ်ယောက်လာလိမ့်မယ်... သူ့ကိုပြောကြည့်ပါ... သူကရေမွှေးတာဝန်ခံပဲ''
"ကောင်းပါပြီ ဥက္ကဌချင်''
ထိုစကားကြောင့် ဝမ်ရန်ပိုပြီးယုံကြည်ချက်ရှိလာသည်။
ဒီရေမွှေးကိုဖြန့်ဝေခွင့်ကြီးကြီးရမည်မှန်း သူသိသည်။
ခဏအကြာ ဟွမ်ရှင်းရောက်လာသည်။ သူကဝင်ဝင်ချင်း_
"ချင်လင်... ဧည့်သည်ရှိနေတာလား?''
ဟွမ်ရှင်းဝင်လာ၍ ဝမ်ရန်စိတ်ဝင်စားသွားသည်။
တစ်ဖက်က ဥက္ကဌချင်ကိုနာမည်တပ်ခေါ်သောကြောင့်ပင်။ ဒီမှာဥက္ကချင်ကိုနာမည်အပြည့်ခေါ်နိုင်တာ ဥက္ကဌချင်နဲ့အရမ်းရင်းနှီးလို့၊ အရမ်းဩဇာရှိလို့ ဒါမှမဟုတ် ဥက္ကဌချင်နဲ့အဆင့်အတန်းတူချင်းဖြစ်မည်။