အိမ်၀ယ်ခဲ့ပေးတယ်
Vol. 102 Ch. 1516
“ မင်္ဂလာအိပ်ခန်းကို အလှဆင်နေတာလား…”
“ ဘာလို့ နင်ယွဲ့ ကျွန်တော့်ကို မပြောတာ…”
“ သူပြောတာ အဲ့တာက ပင်ပန်းရတဲ့အလုပ်တဲ့ … အဲ့တာကြောင့် နင့်ကို မပြောတော့ဘဲ သူ့သူငယ်ချင်းတွေကို ခေါ်လိုက်တာ …” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ သူတို့ လုပ်ပါစေ … အမေတို့ အရင် စားကြစို့…”
ကျီချင်းရန် ဟိုဒီ လှည့်ပတ်ကြည့်လျက် “ အန်ကယ်ကျောက်ရော….”
“ အိမ်ထဲမှာ ဆေးလိပ်သောက်နေတယ်တဲ့လေ… သူပြောတာ ဒီနေ့ စားချင်စိတ်မရှိဘူးတဲ့…”
ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်သည်။ သူမလည်း အကြောင်းပြချက်ကို နားလည်သည်။ ထို့နောက် လင်းရီအနားသို့ တိုးကပ်၍ တီးတိုးပြောလိုက်သည်။
“ လင်းရီ … ငါလည်း နင်ယွဲ့တို့နား တစ်ချက် သွားကြည့်ဦးမယ်…”
ကျီချင်းရန်၏ ဂနာမငြိမ် ဖြစ်နေသည့် အမူအရာကို မြင်တော့ လင်းရီ ရယ်မောလိုက်သည်။
“ မင်းလည်း ပျော်ချင်လို့လား…”
“ ခစ်ခစ် … ငါမှ တစ်ခါမှ ဒီလိုမျိုးတွေ မကြုံဖူးတာ… သွားကြည့်ချင်တာပေါ့…”
“ သွားစို့… သွားပြီး တစ်ခါတည်း ဝယ်လာခဲ့တဲ့ဟာ ပေးလို့ရတာပေါ့…” လင်းရီ ပြောလိုက်သည်။
“ ငါလည်း အဲ့လို စဉ်းစားနေတာ…”
“ ဒီအိမ် အခန်းက မဆိုးဘူးဆိုပေမယ့် ငါတို့ဝယ်လာခဲ့တဲ့ ဗီလာလောက်တော့ မကောင်းဘူး… လက်ထပ်ပြီးရင် ဝယ်ထားတဲ့ အိမ်အသစ်မှာ အလှဆင်တာက ပိုမကောင်းဘူးလား…”
ကျီချင်းရန်၏ အတွေးလေးထဲတွင် ဝင့်ဝါမှု တစ်ချို့ ပါဝင်နေသည်။
မည်သို့ပင်ဆိုစေ ဗီလာက ပိုပြီး ခမ်းနားထည်ဝါ ဂုဏ်ရှိလှ၏။ သို့မှသာ ခင်ပွန်းသည်၏ ဆွေမျိုး မိဘတို့ သတို့သမီး လာကြိုသည့်အခါ၌ နင်ယွဲ့၏ မိသားစုအပေါ် လေးစားမှု တစ်ချို့လည်း ပြပေလိမ့်မည်။
အကြီးဆုံး ယောင်းမ တစ်ဦးဖြစ်သည့် ကျီချင်းရန်သည် ဤကဏ္ဍကို ဖြည့်ဆည်းပေးဖို့ အပြည့်အဝ တာဝန်ရှိနေသည်။
“ ကောင်းပြီလေ… မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့…”
“ နေဦး… နင်တို့တွေ နင်ယွဲ့အတွက် တစ်ခုခု ဝယ်လာခဲ့ကြတာလား..” ဝမ်ချွေ့ပင်း မေးလိုက်သည်။
“ သူ့ ခန်းဝင်လက်ဆောင်ဆိုပြီး ကျွန်တော် ဗီလာတစ်လုံး ဝယ်ခဲ့လိုက်တယ်…”
“ ဟင်… နင်က ဗီလာဝယ်ခဲ့တယ် ဟုတ်လား..”
ဝမ်ချွေ့ပင်း သူမ၏ ပေါင်ကို ဖြန်းကနဲ ရိုက်၍ “ နင်တို့တွေ ပိုက်ဆံထားစရာ နေရာမရှိအောင် ပေါသောနေလား… ဘာလို့ သူ့ကို ဗီလာဝယ်ပေးလိုက်တာလဲ …. နင်တို့ ပိုက်ဆံတွေ အများကြီး ကုန်သွားမှာပေါ့….”
“ မများပါဘူး အမေရာ … အဲ့လောက်ကြီးလည်း အတွေးမလွန်စမ်းပါနဲ့…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော်တို့ ခဏမှပဲ ဆင်းလာစားတော့မယ်… အရင်ဆုံး အပေါ်သွားပြီး အခန်းတစ်ချက် သွားကြည့်ဦးမယ်…”
ဝမ်ချွေ့ပင်းနှင့် စကား ခဏပြောပြီးနောက် သူတို့နှစ်ဦး အပြင်သို့ ထွက်ပြီး ဓာတ်လှေကားထဲ ဝင်၍ နင်ယွဲ့၏ အခန်းသို့ တစ်ချက်သွားကြည့်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် လေးလွှာထဲ နေရာတိုင်း၌ ရယ်မောသံတို့အား ဝေဝေဆာဆာ ကြားနေရပြီး ဓာတ်လှေကား ညာဘက်ဘေးရှိ တတိယခန်း တံခါး ပွင့်ဟလာသည်။ အထဲတွင် လူဆယ်ယောက်ကျော် ရှိနေပြီး အသက်အကြီးဆုံးက သုံးဆယ်အစောပိုင်း အရွယ်ဖြစ်၏။
အနှီ ဒါဇင်ကျော်သည့် လူကို အကြမ်းဖျင်း နှစ်အုပ်စု ခွဲလိုက်၍ရသည်။ တစ်ဖက်က ကော်နင်ယွဲ့၏ ကျောင်းတုန်းက အတန်းဖော် သူငယ်ချင်းများ ဖြစ်ကြပြီး အခြားတစ်ဖက်ကတော့ သူမ၏ လုပ်ဖော်ကိုင်ဖက်များပင်။ အချင်းချင်း ရင်းနှီးကျွမ်းဝင်မှု မရှိကြဘူး ဆိုသော်လည်း ကော်နင်ယွဲ့၏ မိတ်ဆက်ပေးမှုအောက်တွင် အလျင်အမြန်ပဲ ခင်မင်လာခဲ့ကြ၏။
“ နင်ယွဲ့ … နင်က သန်ဘက်ခါဆို မင်္ဂလာဆောင်ရတော့မှာဆိုတော့ စိတ်ထဲ အခု ဘယ်လိုခံစားရလဲ…”
မေးလိုက်သူက ဆံပင်အရှည်နှင့် ကောင်မလေး တစ်ယောက်ပင်။ သူမ၏ နာမည်က ကျန်းရာ ဖြစ်၏။ ကော်နင်ယွဲ့၏ တက္ကသိုလ်တက်စဉ်က တစ်ခန်းတည်း အတူနေကြသည့် သူငယ်ချင်း တစ်ဦးဖြစ်ကာ အတော်လေးလည်း ရင်းနှီးကြသည်။
“ ငါ အခု စိတ်တွေ အရမ်းလှုပ်ရှားနေတယ်ဟာ … ရင်ထဲမှာ တစ်မျိုးကြီးပဲ…” ကော်နင်ယွဲ့ သူမ၏ ရင်ဘက်ကို ဖိရင်း ပြောလိုက်ပြီး “ ငါက စင်ဂယ်မဟုတ်တော့ဘူးလေ… လမ်းမှာ ခပ်ချောချော ကောင်လေးတွေ ဖြတ်သွားရင်လည်း အရင်လို တဏှာစိတ်နဲ့ လိုက်ငမ်းလို့ မရတော့ဘူး … ငါတော့ ရူးသွပ်တော့မလို ခံစားနေရပြီ ဟဟားဟား …”
“ ဟဲ့ ဟဲ့ … နင် နည်းနည်းပါးပါး ဂုဏ်သိက္ခာလေး ရှိစမ်းပါဦး .. ခုလို အချိန်ကြီးမှာတောင် စင်ဂယ်ကောင်လေးတွေအကြောင်း နှာရောက်နေတုန်းပေါ့…” ကျန်းရာ ပြောလိုက်ပြီး “ ဘယ်လိုပဲ ဖြစ်ဖြစ် နင်က သန်ဘက်ခါဆို လက်ထပ်ရတော့မှာ ဆိုတော့ အပျိုနောက်ဆုံးနေ့ ပါတီလုပ်ကြမလား… နင် မင်္ဂလာမဆောင်ခင် လုံးဝ ရူးသွပ်ကြမယ်လေ…”
“ တော် တော် တော် … ငါ့အစ်ကိုကြီး နှစ်ယောက်က စာအုပ်ဟောင်းကြီးတွေ… လူကိုလည်း မတရားချုပ်ချယ်တယ် ဟွန့်… သူတို့သာ ငါ အဲ့လိုလုပ်မှန်း သိသွားလို့ကတော့ ခြေထောက်တွေ ရိုက်ချိုးကြပါလိမ့်မယ်…”
ကော်နင်ယွဲ့က သူမ၏ အစ်ကိုနှစ်ယောက်အကြောင်း စကားဟလာတော့ ကောင်မလေးများ၏ မျက်ဝန်းတို့ အရောင်လက်လာခဲ့ကြသည်။
“ ငါကြားမိတာ နင့်မှာ သိပ်ချော ၊ သိပ်ခန့် ၊ သိပ်ကြွေဖို့ကောင်းတဲ့ အစ်ကိုတစ်ယောက် ရှိတယ်ဆို… သူ အခု အိမ်မှာလား … ငါ သူနဲ့ တွေ့လို့ ရမလား…”
“ ဟုတ်တယ် ဟုတ်တယ်… နင် ဝှက်မထားနဲ့လေ… ငါတို့ တွေ့လို့ရအောင် ထုတ်လာခဲ့…” ကျန်းရာ ပြောလိုက်သည်။
“ ငါတို့တွေ ဒီလောက် နှစ်တွေအကြာကြီး အတန်းဖော် သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတာ အခု ငါ့ရဲ့ အထောက်အထားကို ပြောင်းချင်ပြီ… နင်နဲ့ ယောင်းမ တော်ရင် ဘယ်လိုလဲ…”
“ စဉ်းတောင် မစဉ်းစားနဲ့ .. ငါ့မှာ ယောင်းမလှလှ တစ်ယောက် ရှိပြီးသား…”
ကျီချင်းရန်အကြောင်း စကားဟမိတော့ ကော်နင်ယွဲ့သည် စကားအမျှင် မပြတ်ချင်တော့ပေ။
“ ငါကြွားပြောနေတာ မဟုတ်ဘူးနော်… ဒါပေမယ့် နင်တို့ တစ်ယောက်မှ ငါ့ ယောင်းမကို ယှဉ်နိုင်မှာ မဟုတ်ဘူး … ရုပ်ရည်လား ၊ ကိုယ်လုံးကိုယ်ပေါက်လား … အပြတ်သတ်ကို သာတယ်…”
“ နင် ဒါတော့ နည်းနည်း များသွားပြီ…” ကျန်းရာ ပြောလိုက်ပြီး “ ငါလေးရဲ့ ရုပ်ရည်ကို သိပ်ပြီးမှ အမွှမ်းမတင်ချင်ပေမယ့် ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကတောင် မယှဉ်နိုင်ဘူးတဲ့လား…”
“ နင်က C လောက်ရှိတာ … ငါ့ယောင်းမက D … ကိုယ့်အရှက်ကိုယ် ခွဲမနေစမ်းနဲ့…”
“ ဟေ့ နင် အရွယ်အစားကိုပဲ ကြည့်လို့ မရဘူးလေ..” ကျန်းရာ ဒေါသတကြီးနှင့် ပြောလိုက်ပြီး “ ငါ့ရဲ့တင် ၊ ငါ့ရဲ့ ပေါင်တံတွေနဲ့ ဆိုရင် နင့် ယောင်းမက ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာလား…”
“ သူ နင့်ကို ဖျက်ဆီးပစ်လို့ရတယ် ပြောရင်တောင် ငါနင့်ကို ချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူး…”
“ ချီးလိုပဲ … နင့် ယောင်းမက မွန်းစတားကြီးပဲ ဖြစ်ရမယ်…”
“ သူက မွန်းစတားထက်တောင် မွန်းစတား ဆန်နေသေး…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ငါ့လို မိန်းမချင်းတောင် သွားပြီး ပွတ်သပ်လိုက်ချင်တယ် သိလား … အဲ့မှာ ငါ့အစ်ကိုက ငါ့ရဲ့ လိင်တိမ်းညွှတ်မှုကို သံသယ ဝင်အောင် လုပ်လိုက်တာပဲ…”
“ ရပြီ ရပြီ.. နင်ယွဲ့ … အဲ့ကိစ္စ အခု မပြောကြစို့…”
ပြောလိုက်သူက ကျောက်ရူဆိုသည့် အမျိုးသမီးပင်။ သူမက ရင့်ကျက်စ ပြုနေပြီး သုံးဆယ်အစောပိုင်း အရွယ် ဖြစ်လေသည်။ ကော်နင်ယွဲ့ကိုလည်း အလုပ်ထဲတွင် သူမကပဲ ဂရုစိုက်ပေးနေခြင်း ဖြစ်သည်။ အမြဲတစေ ညီမတစ်ယောက်လိုမျိုး ဆက်ဆံပေးတတ်၏။
“ နင်က အိမ်ထောင်ကျတော့မှာဆိုတော့ အတွေ့အကြုံ ရှိထားတဲ့ အစ်မကြီး တစ်ယောက်အနေနဲ့ ငါနင့်ကို သတိထားစရာ အချက်တစ်ချို့ ပြောပြမယ်… နင်တို့ လက်ထပ်ပြီးလို့ အတူနေရင် နင့် ယောက်ျားရဲ့ လစာကတ်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားရမယ်… ပိုက်ဆံသာ လက်ထဲရှိထားရင် နင်ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး … နင့်ဘက်က အသာစီးပဲ... ”
ဤအကြောင်း စကားထွက်လာတော့ အခန်းထဲရှိ ကောင်မလေးများအားလုံး လေးလေးနက်နက် ပြုမူလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့တွေလည်း နောင်တစ်ချိန်ကျ ယခုလို အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရမည့်သူများ ဖြစ်သဖြင့် အတွေ့အကြုံ ရှိပြီးသူထံက ကြိုပြီး လေ့လာသင်ယူထားသည်က ပိုစိတ်ချရသည်။
ထို့ပြင် အရာအားလုံးက လေးလေးနက်နက် သဘောထားရမည့် လက်တွေ့ပြဿနာများ ဖြစ်၏။
“ ငါ့အစ်ကိုကတော့ အဲ့လို လုပ်တာ သိပ်အားမပေးသလိုပဲ …” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ သူ အမြဲပြောတာ ငါ့ပိုက်ဆံ ငါရှာဖို့ ကိုယ့်လက်ကိုယ့်ခြေတွေ ရှိတယ်… သူများ ပိုက်ဆံယူတာတွေ၊ သူများ ပါးစပ်နဲ့ ထမင်းစားတာတွေ ငါ့ကို မလုပ်ခိုင်းဘူး …”
“ မဖြစ်နိုင်တာ… နင့်အစ်ကိုက အဲ့လိုကြီးလား… နင့် ယောက်ျားက နင့်ကို နောင်ကျ ကောင်းကောင်း မဆက်ဆံတော့ရင် ဘယ်လိုလုပ်မလဲ… နင် အသာစီး ဘယ်ရတော့မှာလဲ…”
“ ငါ့အစ်ကိုတော့ အဲ့လို ပြောတာပဲ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ပြီးတော့ ငါ့ကောင်လေး အိမ်ဝယ်တုန်းက ငါ့နာမည်နဲ့ ထားမယ်ဆိုတာတောင် ငါ့အစ်ကိုက ခွင့်မပြုဘူး … သူပြောတာ ငါတို့မိသားစုက အိမ်အတွက် ပိုက်ဆံ မထုတ်ထားတော့ စာချုပ်ထဲမှာ ကိုယ့်နာမည်နဲ့ ထားလို့ မရဘူးတဲ့…”
“ နင့်ကို အဲ့လို ပြောတာ ဘယ်အစ်ကိုလဲ… ဟို ခပ်ချောချောနဲ့ အစ်ကိုလား…”
“ အင်း ဟုတ်တယ်…”
“ နင့်အစ်ကိုက တရားကိုလွန်ပါတယ်… ဘယ်လိုများ အဲ့လို လုပ်ခိုင်းတာပါလိမ့်… သူ အရမ်းတင်းကြပ်တာပဲ…”
ဤကဲ့သို့ ကိစ္စရပ်များတွင် ကော်နင်ယွဲ့က ဘာတစ်ခုမျှ မသိသည့် အင်နိုးစန့်လေး ဖြစ်နေသဖြင့် သူမက လက်တွေ့ဆန်သည့် ပြဿနာရပ်များကို သတိမပြုမိချေ။ လင်းရီ စီစဉ်သည့်အတိုင်းသာ လိုက်နာသည်။
သူမစိတ်ထဲ ခံယူထားသည်က အခြားသူတို့ကသာ သူမကို ထိခိုက်အောင် ပြုလျှင် ပြုလိမ့်မည်။ သို့သော် လင်းရီကတော့ သူမကို ထိခိုက်နစ်နာအောင် ပြုလိမ့်မည် မဟုတ်ချေ။
“ ကိုကြီး ….”
လူတိုင်း လင်းရီအကြောင်း စောဒက တက်နေစဉ် လင်းရီနှင့် ကျီချင်းရန်တို့က တံခါးဝတွင် ထွက်ပေါ်လာသည်ကို ကော်နင်ယွဲ့ မြင်တွေ့လိုက်ရသည်။
သူတို့ လင်းရီကို မြင်သည့် အချိန်၌ လူတိုင်း ပါးစပ်ပေါက်များ ပိတ်သွားကြ၏။ မိန်းကလေး ဆယ်ယောက်ကျော်၏ အကြည့်တို့က သူ့အပေါ် ကပ်ငြိနေပြီး သူ့တစ်ကိုယ်လုံးက ရွှေရောင် ထွန်းတောက်နေသလိုပါပင်။
ဒါ … ဒါကြီးက သိပ်ချောလွန်းပါတယ်ဟယ်။
သူတို့မှာသာ ဒီလောက်ချောတဲ့ ကောင်လေးရှိလို့ကတော့ ဘာမှပြန်ပြီး မတောင်းဆိုတော့ပါဘူး။
ကိုယ်ကပဲ ရှာကျွေးလိုက်မယ်။ သူက ကိုယ်စားချင်တာပဲကျွေး။
ဒီလိုကောင်လေးမျိုး ပိုင်ဆိုင်ထားပြီး ရန်ဖြစ်ရင်တောင် ဒူးရင်းသီးပေါ် ဒူးထောက်တောင်းပန်ပြီး ကိုယ့်ပါးကိုယ် ဘယ်ပြန်ညာပြန် ဖြတ်ရိုက်ပစ်လိုက်မယ်။
မကြာမီ လူတိုင်း၏ အကြည့်က ကျီချင်းရန်ထံ ကျရောက်သွားခဲ့သည်။
နတ်သမီး။ ငါ နတ်သမီးတစ်ပါးကို မြင်နေရတာလား။
ဒီလို ရုပ်ရည်။ ဒီလိုမျိုး ကိုယ်လုံးကိုယ်ပေါက်။
အပြစ်ပြောရက်စရာကို မရှိတာ။
သေစမ်း။ ငါကွေးတော့မယ်။ မြန်မြန် အချောလေး အကြောင်းပြန်တွေး။ မြန်မြန် အချောလေးကိုတွေးဟဲ့။
“ ကိုကြီးနဲ့ ယောင်းမက ဒီဘာလာလုပ်တာလဲ…” ကော်နင်ယွဲ့ မတ်တပ်ရပ်ပြီး ကျီချင်းရန်၏ လက်မောင်းကို ပြေးဖက်လိုက်သည်။
“ အန်တီဝမ်ပြောတာ နင်တို့ ဒီမှာ အခန်းအလှဆင်နေတယ်ဆိုလို့ ငါတို့ တစ်ချက် လာကြည့်ကြည့်တာ…”
“ ဒီမှာ .. ဒီနေ့ အိမ်လည်း ဝယ်လာခဲ့ပေးတယ်… နင်တို့ လက်ထပ်ရင် ဒီအခန်းမှာ မနေလည်း ရတယ်… ဒီတော့ အခန်းကို လှနေအောင် တအား ကြိုးစားနေစရာ မလိုဘူး …”