အတင်းအဖျင်း
Vol. 102 Ch. 1518
ပြောလိုက်သူက အနောက် ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသမီး တစ်ဦးပင်။ သူမက အပြာရောင် ဂါဝန်ရှည်ကို တတ်ဆင်ထားပြီး အပျံစား ဆင်ယင်ထား၏။ သို့သော် ထင်ထင်ရှားရှားကြီး ရှိနေသည့် ပါးရိုးကြီးများက သူမကို သွားရှုပ်လို့ ကောင်းသည့် လူစားမျိုး မဟုတ်ကြောင်းကို ပြောပြနေလျက် ရှိသည်။
ထိုအမျိုးသမီး၏ နာမည်က ချွီရှား ဖြစ်ပြီး သူမက ချွီရွှမ့်ဟော်၏ တတိယအဘိုး၏ သမီး မိန်းကလေးပင်။
သူမ မိသားစု နောက်ခံက သာမန်ဟုသာ ပြောနိုင်သည်။ ဤနှစ်များ တစ်လျှောက်တွင် ချွီရွှမ့်ဟော်၏ ခဖင်အပေါ် မှီခို၍ ပိုက်ဆံရှာနေလျက် ရှိကာ ချမ်းသာသည့် မိသားစု တစ်ခု အဆင့်သို့ ရောက်ရှိလာခဲ့၏။
“ ငါကြားတာတော့ သူတို့ အစတုန်းက မြို့ထဲမှာ နေတယ်ဆိုလားပဲ… နောက်တော့ကျမှ ဗီလာဆီ ပြောင်းသွားခဲ့တာ … အဲ့တော့ နည်းနည်း လှမ်းသွားတာပေါ့ …” မောင်းနေသည့် ချွီရှား၏ ခင်ပွန်းက ပြောလိုက်သည်။
“ ဗီလာ … ဒီတိုင်း မင်္ဂလာဆောင်လေးပဲကို ကျွန်မတို့က ဘာလို့ ဗီလာမှာ သူ့သွားကြိုနေရတာလဲ…” ချွီရှား ပြောလိုက်ပြီး “ သူ့ကိုယ်သူ မင်းသမီးလေး တစ်ပါးလို့ ထင်နေတာလား မသိဘူး … ပြောလိုက်ရင် မကောင်းဘူး ရှိဦးမယ်… ကိုယ့် မိသားစု နောက်ခံကိုမှ အားမနာ … ငါတို့ ချွီမိသားစုကတောင် ပွဲကို ဒီလောက်ထိ ခမ်းခမ်းနားနားကြီး တစ်ခါမှ ကျင်းပခဲ့ဖူးတာ မဟုတ်ဘူး … ဒါတောင် ဒင်းကများ ဇီဇာကြောင်နေလိုက်သေး … ချီးလိုပါပဲ…”
“ ပြောမနေစမ်းနဲ့… ငါလည်း ဒီမနက်မှ အဲ့အကြောင်းသိရတာ စိတ်တိုလိုက်တာ လွန်ပါရော…”
ပြောလိုက်သူက ဆံပင် အတိုနှင့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးပင်။
သူမနာမည်က ချွီရှုလန် ဖြစ်ပြီး သူမက ချွီရွှမ့်ဟော်၏ အဒေါ် ဖြစ်သည်။
ငယ်စဉ်က လိင်ကိစ္စ အတော်လေး လိုက်စားပြီး အပျင်းလည်း ကြီးကာ အလုပ်လည်း မလုပ်ချင်ပေ။ နှစ်ပေါင်းများစွာ ကြာအောင် ချွီရွှမ့်ဟော်၏ ဖခင်ကပဲ သူမကို ထောက်ပံ့ကျွေးမွေးခဲ့တာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဆိုးဆိုးကောင်းကောင်း ၊ သူ့တွင်လည်း ဤ ညီမတစ်ယောက်သာလျှင် ရှိ၏။
၎င်းကြောင့်ပဲ အလုပ်မရှိ ၊ အကိုင်မရှိ၊ နှစ်ပေါင်းများစွာ ကြာအောင် နိုင်ငံခြား၌ ပျော်ပါးနေသော်လည်း မည်သူကမျှ သူ့ကို အရေးမလုပ်ကြခြင်းပင်။
ယုတ်စွအဆုံး ချွီရွှမ့်ဟော်ပင် သူ့ထံ၌ ထိုသို့သော အဒေါ်တစ်ယောက် ရှိသည်ကို မေ့လျော့နေလေသည်။
မဟုတ်ပါက ယာဉ်တန်း၏ နောက်ကျောဘက် မကျတကျတွင် ရှိနေမည် မဟုတ်ဘဲ အရှေ့နှင့် နီးနီးကပ်ကပ် ရှိနေလိမ့်မည်။ ယင်းက အရေးပါမှု ၊ ရင်းနှီးမှု၏ အမှတ်သညာပင်။
“ ရွှမ့်ဟော်ကတော့လေ ဘာတွေ တွေးနေမှန်း မသိတော့ပါဘူး … သူဒီလောက်ထိ ပြဿနာ ရှာတဲ့ မိန်းမတစ်ယောက်ကို ယူလိုက်တယ်.. မိသားစုထဲ ဝင်လာပြီးလို့ကတော့ သေသေချာချာလေး သင်ပြပေးမှကို ဖြစ်မှာ…”
“ ကျွန်မလည်း အစတုန်းကတော့ ဆင်းရဲတဲ့ လူတွေက အတော်လေး ပြဿနာ ရှာတတ်ကြတယ်ဆိုတာ မယုံပါဘူး .. ခုတော့ ယုံလိုက်ရပြီ…” ချွီရှား ပြောလိုက်၏။
“ ဒါပေမယ့် ငါကြားတာတော့လေ… အဲ့ကောင်မလေးက မိဘမဲ့တဲ့.. သူ့အလုပ်အကိုင်ကလည်း သာမန်ပဲ… အဲ့ ဗီလာ ငှားဖို့ ဘယ်က ပိုက်ဆံတွေ ရလာလည်း မသိဘူး…” ချွီရှုလန်က နားမလည်နိုင်သည့် အသံပြုလိုက်၏။
“ မေးနေစရာ လိုသေးလို့လား… ရွှမ့်ဟော်ဆီကပဲ ဖြစ်မှာပေါ့…” ချွီရှား ပြောလိုက်သည်။
“ ဒီ အရူးလေးနဲ့တော့… ငါ သူ့ကို ကောင်းကောင်းဆုံးမမှ ရတော့မယ်.. သူ့မိသားစု နောက်ခံကလည်း ဒီလောက် ကောင်းတာကို ဘာလို့များ ဒီလို ဇနီးမျိုး ရှာယူလည်း မသိတော့ပါဘူးဟယ်… မိသားစု နှစ်ခုက လိုက်ဖက်ညီမျှမှုလည်း မရှိဘူး… အနာဂတ်မှာ အတူနေကြလို့ကတော့ သေချာပေါက် ပြဿနာတွေ ရှိလာမှာပဲ…”
“ အဲ့တာ ဆန်းတာမှတ်လို့… အမျိုးသမီးတစ်ယောက်ရဲ့ လိုအင်တွေဆိုတာ တကယ့် အန္တရာယ်တွေ… သူမက အရမ်းကောက်ကျစ်တယ်… ငါ့အထင်တော့ ဒီကောင်မ ချွီမိသားစုရဲ့ ပိုက်ဆံတွေကို မျက်စိကျနေတာပဲ ဖြစ်ရမယ်… ပြောမရဘူး နောင်ကျ ရွှမ့်ဟော်အပေါ် ဖောက်ပြန်ချင် ဖောက်ပြန်နေမှာ…” ချွီရှုလန်က ပြောလိုက်သည်။
“ ကျွန်မလည်း ထင်တာပဲ..” ချွီရှား ပြောလိုက်ပြီး “ ကျွန်မတို့ ခဏနေ တွေ့တဲ့ အခါကျရင် အဲ့ကောင်မနဲ့ စကားသေချာပြောပြီး ချွီမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိအောင် ပြောပြထားရမယ်… ချွီမိသားစုထဲဝင်ပြီး အခွင့်အရေး ယူမှာမျိုးကို ခွင့်ပြုပေးလို့ မရဘူး …”
ကားထဲရှိ လူများက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး မည်သူကမျှ ကော်နင်ယွဲ့ကို သူမတို့၏ ယောင်းမအဖြစ် မဆက်ဆံကြချေ။ သူတို့အားလုံးက ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရမည့် တိုက်ပွဲပမာ ပြုမူနေကြလေသည်။
ယခု မျက်စိရှေ့တွင် ဖြစ်ပေါ်နေသည်က ကျီချင်းရန် အစိုးရွံ့ဆုံး ကိစ္စရပ်တစ်ခုပင်။ မိသားစု နောက်ခံ တစ်ခုတည်းနှင့်ပ် ကော်နင်ယွဲ့သည် ချွီရွှမ့်ဟော်ကဲ့သို့ ကောင်းမွန်ချင်း မရှိချေ။ ချွီမိသားစုအတွင်းသို့ လက်ထပ်ပြီးနောက် သူမကို အနိုင့်ကျင့်၊ နှိမ်ချ၍ ဆက်ဆံကြမည်မှာ အနည်းနှင့်အများပင်။ ထို့ကြောင့်ပဲ သူမ၏ ခန်းဝင်လက်ဆောင်အဖြစ် ဗီလာတစ်လုံးကို ကြိုတင်ပေးထားလိုက်သည်က ချွီမိသားစု၏ ပါးစပ်ပေါက်ကို ပိတ်ပစ်ဖို့ လုံလောက်သည်ဟု ထင်သည်။
အကယ်၍ သူတို့သာ နင်ယွဲ့ကို အနိုင်ကျင့်ချင်သည်ဆိုပါက သူမ အစ်ကိုနှင့် ယောင်းမ၏ မျက်နှာကို အရင်ကြည့်ရလိမ့်မည်။
ကားက ဖြည်းညင်းစွာ မောင်းနှင်လာနေပြီး မိနစ် ၂၀ ကျော် ကြာပြီးနောက် ယွင်ရှန်း ဗီလာ ဧရိယာသို့ ရောက်လာခဲ့ကြသည်။
ဗီလာ၏ ခမ်းနားထည်ဝါလှသည့် အတွင်းပိုင်း အပြင်အဆင်တို့ကို မြင်တော့ ချွီရှုလန်နှင့် ချွီရှားတို့ တည်ငြိမ်စွာ မနေနိုင်တော့ချေ။
“ ဒီလို ဗီလာမျိုးဆို တစ်နေ့ ငှားခ ယွမ်တစ်သိန်း မပေးရဘဲ မနေလောက်ဘူး…” ချွီရှားသည် သူမ အိတ်စိုက်ထားရသကဲ့သို့ မခံမရပ်နိုင် ဖြစ်နေတော့၏။
“ ချွီမိသားစုက ဒီလိုမိန်းကလေးမျိုးကို ချွေးမတော်ရတာ တကယ် ကံဆိုးတာပါလား…” ချွီရှုလန် ပြေလိုက်ပြီး “ အဲ့တာ ရွှမ့်ဟော် အမှားပဲ… ဒီ မြေခွေးမရဲ့ ပျားရည်ထောင်ချက်ထဲ မကျသွားရင် ဒီလိုတွေ ဖြစ်မှာ မဟုတ်ဘူး… ဒီ အရူးလေးကတော့ သူ့ အဒေါ်ကို စိတ်ပူရအောင် တအားလုပ်တာပဲ…”
မကြာမီ ယာဉ်တန်းကြီးက ဗီလာနံပါတ်တစ်သို့ ရောက်လာခဲ့သည်။
သတို့သမီးအား ကြိုဆိုရန် ရောက်လာကြသူများမှာ သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်တော့ ပါးစပ်ပင် မစေ့နိုင်အောင် ရှော့ခ်ရနေမိကြတော့၏။
ရာချီသည့် အရောင်စုံလင်သည့် ပြိုင်ကားတို့က လမ်း၏ နှစ်ဖက်ခြမ်းလုံးတွင် ထိုးရပ်ထားကြလေသည်။
လမ်ဘိုဂီနီ၊ ဖာရာရီ၊ ပေါ်ချယ်၊ အက်စတွန်မာတင်၊ ဘူဂတီ၊ မာစလားတီ၊ Mclaren၊ Kon……
ဈေးကွက်ထဲ ရှိသမျှ ကားအကုန် ဤနေရာသို့ ရောက်နေသည်ဟု ပြောလျှင်ပင် လွန်မည် မထင်ပေ။
ကားပြပွဲထက်ပင် ထည်ဝါခမ်းနားနေလျက် ရှိတော့၏။
ကားထဲတွင် ချွီရှုလန်နှင့် ချွီရှားတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကာ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။
“ ဘာတွေ ဖြစ်နေတာလဲ…” ချွီရှုလန် မေးမြန်းလိုက်၏။
“ အဲ့ကောင်မက မိဘမဲ့ မဟုတ်ဘူးလား… ဒီလောက် ကားအကောင်းစားကြီးတွေ ဘယ်နားက သွားရှာလာခဲ့တာလဲ…”
“ ငှားထားတာ နေမှာပေါ့ အစ်မရယ်….” ချွီရှား ပြောလိုက်ပြီး “ ခုခေတ် မင်္ဂလာဆောင် ကုမ္ပဏီတွေက တော်တော်ဟုတ်နေပြီ… ပိုက်ဆံသာ ပေးသရွေ့ ကြိုက်တဲ့ကား လက်ညိုးထိုး ငှားလို့ရတယ်…”
“ ဟုတ်လောက်မယ်…” ချွီရှား၏ ခင်ပွန်းကလည်း ဝင်ပြီး ပြောသည်။
“ တကယ်လို့ စူပါကား တစ်စင်းစ ၊ နှစ်စင်းစတည်းဆိုရင်တော့ သူ့သူငယ်ချင်းတွေ ဥစ္စာဆိုပြီး ပြောရင် ပြောလို့ရတယ်.. ဒါပေမယ့် စူပါကားတွေ ဒီလောက် အများကြီးကျတော့ အဆက်အသွယ်ကနေ တဆင့် ရှာမယ်ဆိုရင်တောင် ယွမ် ၂ သန်း ၃ သန်းလောက်ကတော့ အသာလေးပဲ…”
“ ကျွန်မလည်း ထောက်ခံတယ်…” ချွီရှား ပြောလိုက်ပြီး “ ဒါပေမယ့် ဒီလောက် ကားအများကြီးကို သူတို့ အကုန်လုံးသာ ငှားရလို့ကတော့ ဘယ်လောက်ကုန်လိုက်မလဲ ကြည့်စမ်း …”
“ ဒီလိုကားမျိုး ဈေးအပေါဆုံး ကားတောင် တစ်နေ့ငှားခက ယွမ် ၂,၀၀၀ လောက်ရှိတာ ဒီလောက် ကားအကောင်းစားတွေ အများကြီးဆိုလို့ကတော့ သေချာပေါက် ငွေ အများကြီး ကုန်မှာပဲ…”
“ ထားကွာ … ဒီဟာတွေ တစ်စင်းကို ယွမ် ၂,၀၀၀ ပဲထားလိုက်… ဒီမှာ အနည်းဆုံး အစင်းရေ ၁၀၀ လောက်ရှိတယ်ဆိုတော့ အနည်းဆုံး ယွမ် ၂၀၀,၀၀၀ ပဲ…”
“ အဲ့လောက် မကဘူး … ဒီမှာ ကားတွေ ဒီလောက်များနေတာ ပိုတွက်လိုက် ယွမ် ၃၀၀,၀၀၀ …” ချွီရှား၏ ခင်ပွန်းက ပြောလိုက်၏။
“ ဒါကြီးကတော့ လွန်ကဲလွန်းပါတယ်ဟယ်….” ချွီရှား၏ ခန္ဓာကိုယ်သည် မခံမရပ်နိုင်ဖြစ်စွာ တဆတ်ဆတ် တုန်ယင်နေပြီး “ ဒီငှားခကိုလည်း ရွှမ့်ဟော်ပဲ ပေးထားတာ ဖြစ်ရမယ်...”
“ မေးဖို့ လိုသေးလို့လား … ကောင်မက မိဘမဲ့ကို သူ ထုတ်နိုင်တဲ့ ပိုက်ဆံက ဘယ်လောက်ရှိမှာမို့လို့…” ချွီရှုလန်သည်လည်း ဒေါသထွက်လွန်းသဖြင့် ရင်ဘက်ကြီး တစ်ခုလုံး နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။
“ ဒါလွန်လွန်းသွားပြီ… ချွီမိသားစုရဲ့ ပိုက်ဆံတွေကို မိုးပေါ်က ကျလာတယ်များ ဒင်း ထင်နေသလား မသိဘူး … သူကိုယ်တိုင်ကျ ပိုက်ဆံ ဘယ်လောက်မှ မရှိဘဲနဲ့ ရွှမ့်ဟော်ရဲ့ ပိုက်ဆံတွေကျတော့ မျက်နှာရဖို့ မဆင်မခြင် ဖြုန်းနေတယ်… ဒါ အရမ်း လွန်လွန်းသွားပြီ…”
“ အစ်မလန်… ထပ်မပြောနဲ့တော့… ထပ်ပြောရင် ကျွန်မ သည်းခံနိုင်မှာ မဟုတ်တော့ဘူး … အဲ့ကောင်မ မိသားစုက ရှေ့မှာ ရှိတဲ့ပုံပဲ … စကားသွားပြောကြစို့…”
“ ငါ စိတ်ရှိလက်ရှိကို ပြောပစ်ရမယ်.. ဒီကောင်မ တော်တော်တရားလွန်နေပြီ…”
မင်္ဂလာဆောင်လာသည့် ယာဉ်တန်းက ရပ်တန့်သွားတော့ ချွီရွှမ့်ဟော်သည် ကားပေါ်က ချက်ချင်း ဆင်း၍ လင်းရီ၊ ကျီချင်းရန် ၊ ဝူဖေးယွဲ့တို့ထံ ပြေးလာ နှုတ်ဆက်သည်။
“ အစ်ကိုကြီးဝူ ၊ အစ်ကိုကြီးလင်း ၊ မရီး …”
“ ဒီနေ့ကစပြီး နင့်မှာ အလုပ်အပြင် ကိုယ်ပိုင် မိသားစုလည်း ရှိသွားပြီ… နင် ငါတို့ ယွဲ့ယွဲ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်နော်..” ကျီချင်းရန် ပြောလိုက်၏။
“ မရီး … စိတ်ချပါ… ကျွန်တော် သေချာပေါက် လုပ်မှာပါ…”
စိတ်သက်သာရစွာဖြင့် ကျီချင်းရန် ခေါင်းညိမ့်လိုက်၏။ “ မြန်မြန် သတို့သမီးကို ကြိုဖို့ ပြင်တော့ … အချိန် ထပ်မဖြုန်းနဲ့တော့…”
“ ဟုတ် ဟုတ်…”
နှင်းဆီပန်းစည်းကို ကိုင်ထားရင်း ချွီရွှမ့်ဟော်သည် နောက်သို့လှည့်၍ ပြန်လျှောက်လာခဲ့လိုက်သည်။
ပွဲ အခမ်းအနား တင်ဆက်သူက တံခါးဝတွင် ရိုးရှင်းသည့် အခမ်းအနား တစ်ခု ကျင်းပပေး၍ ချွီရွှမ့်ဟော်ကို သူ၏ သတို့သား အရံများနှင့် အတူ ဗီလာထဲသို့ ဦးဆောင်စေသည်။
“ နင်တို့နှစ်ယောက်ကော အထဲကို တစ်ချက် လိုက်မကြည့်တော့ဘူးလား…”
“ မကြည့်တော့ဘူး … ပျင်းဖို့ကောင်းတယ်…”
ကျီချင်းရန် ထပ်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဝူဖေးယွဲ့က မျက်ရည်တို့ တစ်ချက်နှစ်ချက် သုတ်နေပြီး လင်းရီ၏ မျက်လုံးတို့ကလည် ကျိန်းစပ်နေသည်ကို မြင်နေရသောကြောင့်ပင်။