ရစ်ငှက် နှစ်ကောင်
Vol. 102 Ch. 1519
“ အစ်ကိုကြီး …. ရှင်တို့ နှစ်ယောက်က ဘာလို့ ငိုနေတာလဲ..”
ကျီချင်းရန် တစ်သျှူးနှစ်ရွက်ကို အလျင်အမြန် ကမ်းပေးလိုက်သည်။
ဤသည်က သူမ မျှော်လင့်မထားသည့် အရာတစ်ခု ဖြစ်၏။ ကျောက်ချွမ်ဖူသာလျှင် သူ၏ ခံစားချက်တို့အား ချုပ်ထိန်း၍ မရနိုင် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း သူတို့နှစ်ယောက်ကပါ ယခုလို ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ သူတို့ ဂေဟာကို စစရောက်ချင်းတုန်းက တစ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတာ… မျက်စိတစ်မှိတ်အတွင်းမှာ ယွဲ့ယွဲ့က မိန်းမကြီး ဖြစ်လို့ အိမ်ထောင်ပြုရမယ့် အချိန်တောင် ရောက်လာပြီဆိုတာ ငါ တကယ် မယုံနိုင်ဘူး ….”
ဝူဖေးယွဲ့မှာ ကော်နင်ယွဲ့ကို အမှန်တကယ်ပင် မြတ်မြတ်နိုးနိုးရှိသည်။ အကယ်၍ သူမကြောင့်သာ မဟုတ်ပါက သူသည် ထောင်ထဲ၌ ငါးနှစ်တာ ကုန်ဆုံးခဲ့ရလိမ့်မည် မဟုတ်ချေ။
လင်းရီနှင့် ကော်နင်ယွဲ့ကတော့ သူတို့တွေသည် အမြဲတစေ ရန်ဖြစ်ရင်း အတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်ကြ၏။ သူတို့၏ ရင်းနှီးပတ်သက်မှုတို့က အနှီသွေးသားရင်းချာတို့ထက် ပိုပြီး နီးကပ်သည်။
စစချင်းတုန်းက သူတို့ နှစ်ဦးလုံးလည်း ယခုလိုတွေ ဖြစ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ဟန်ပင်။
“ ခယ်မကျီ… ငါတို့ အဖေနဲ့အမေက အသက်လည်း ကြီးနေပြီ.. မင်းသွားပြီး တစ်ချက်ကြည့်ပေးပါဦး … သူတို့တွေ ဘာလုပ်ရမှန်း မသိဘူးဆိုရင် အဆင်ပြေမှာ မဟုတ်လို့…” ဝူဖေးယွဲ့ ပြောလိုက်သည်။
“ ကောင်းပြီလေ… ကျွန်မ တစ်ချက် သွားကြည့်လိုက်မယ်…”
“ အစ်ကိုကြီး … လင်းကြီး … မင်းတို့ ယောက်ျား ပီသစမ်းပါကွာ.. ဒါက ဒီတိုင်း လုပ်ရိုးလုပ်စဉ်လေးကိုပဲ..”
ချင်းဟန်က စီးကရက်နှစ်လိပ်ကို သာမန်လျှံကာ ကမ်းပေးလာသည်။ နှစ်ယောက်လုံး ယူ၍ မီးညှိလိုက်ပြီး စိတ်ထဲ ခံစားချက်တို့ ရှုပ်ထွေးနေကြ၏။
ထိုစဉ် ခင်ပွန်းဘက်က ဆွေမျိုး အများစုက သတို့သမီး ကြိုရန်အတွက် ချွီရွှမ့်ဟော်နောက် လိုက်သွားပြီး ဗီလာထဲသို့ ဝင်သွားကြ၏။
သို့သော် ချွီရှုလန်နှင့် ချွီရှားတို့မှဦး အပြင်တွင် နေရစ်ခဲ့၍ မလှမ်းမကမ်းတွင် ရပ်နေကာ လင်းရီအား စုံချည်ဆန်ချည် အကဲခတ်နေသည်။
“ အဲ့လူက ဘယ်သူလဲ… ဘာလို့ ရွှမ့်ဟော်က ကားပေါ်က ဆင်းဆင်းချင်း သူ့ကို သွားနှုတ်ဆက်နေရတာလဲ…” ချွီရှုလန် မေးလိုက်သည်။
“ ကျွန်မအထင် ဟိုကောင်မရဲ့ အစ်ကိုနေမှာပေါ့..”
“ ဒီမှာ ငါတို့ချွီမိသားစုက လူတွေ အများကြီး ရောက်လာတာကို ငါတို့ဆီ လာနှုတ်ဆက်ရကောင်းမှန်း မသိဘူးလား… ပြီးတော့ ရွှမ့်ဟော်ကရော ဘာလို့ အဲ့ဒီ ဟိုကောင်မ အစ်ကိုဆီ သံတော်ဦး သွားတင်နေရတာလဲ…”
“ မေးနေစရာ လိုသေးလို့လားဟယ်… အခွင့်ကောင်းယူနေတာပဲ နေမှာပေါ့… “ ချွီရှား ပြောလိုက်ပြီး “ ယူတောင် မယူရသေးဘူး သူတို့ မိသားစုကို ရှေ့တန်းတင်နေပြီ…. ယူများ ယူပြီးသွားလို့ကတော့ ငါတို့ ချွီမိသားစုဝင်တွေ ဘေးကပ်နေရတော့မလား မသိပါဘူး… နောက် နှစ်နည်းနည်းလောက်သာ လွှတ်ထားပေးလိုက်လို့ကတော့ အဲ့ မြေခွေးမက ချွီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို လက်ဝါးကြီး အုပ်သွားလောက်တယ်….”
နှစ်ဦးလုံးထံတွင် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တို့ ကိုယ်စီ ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် သူမတို့က ယနေ့အချိန်အထိ မပူမပင် နေထိုင်နိုင်ရေးအတွက် ချွီရွှမ့်ဟော်၏ ဖခင်ကို မှီခိုနေရပြီး အကယ်၍ ချွီမိသားစု၏ အကူအညီ မရှိခဲ့ဘူးဆိုပါက သူမတို့၏ ဘဝ မည်သို့မည်ပုံ ဖြစ်သွားမလဲ ဆိုတာ စိတ်ပင် မကူးဝံ့ချေ။
ထို့ကြောင့် ထိုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်ကို သူမတို့ မမြင်လိုချေ။ မဟုတ်ပါက သူမတို့တွေ အဆုံးသတ်ပြီ ဖြစ်၏။
“ သွားပြီး အဲ့လူနဲ့ သေသေချာချာလေး စကားသွားပြောကြစို့… သူ့ညီမက ရွှမ့်ဟော်နဲ့ လက်ထပ်လိုက်တာနဲ့ပဲ သူ လုပ်ချင်တာတွေ လုပ်လို့ရပြီလို့ ထင်နေလို့ကတော့ ဘယ်ရမှာ…” ချွီရှုလန် ပြောလိုက်ပြီး “ ငါသာ စိတ်ကောင်းဝင်နေလို့ကတော့ ဒင်းကို အရိုးအရင်းလေး နည်းနည်းလေး ဆုချပေးလိုက်မယ်… ဟမ့် ငါသာ စိတ်ကောင်း ဝင်မနေလို့ကတော့ ဝေးနိုင်သမျှ ဝေးဝေးရောက်အောင်ကို မောင်းထုတ်ပစ်လိုက်ဦးမယ်…”
“ အခု သွားကြမယ်…”
လင်းရီနှင့် ကျန်သူများက ဆေးလိပ်သောက်ရင်း အခမ်းအနား ပြီးဆုံး၍ ဟိုတယ်သို့ သွားနိုင်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
သို့သော် ထိုအချိန်တွင် ချွီရှုလန်နှင့် ချွီရှားတို့က ရောက်လာကြလေသည်။
ဝူဖေးယွဲ့က သူမတို့နှစ်ဦးကို အကဲခတ်ပြီး ပြုံးပြလိုက်၏။
“ မင်းတို့နှစ်ယောက်က ရွှမ့်ဟော်ရဲ့ ဆွေမျိုးတွေ ဖြစ်ရမယ်..”
ချွီမိသားစုဝင် နှစ်ဦးကလည်း ဝူဖေးယွဲ့ကို တစ်ချက်ကြည့်ကာ လယ်သမား ရုပ်နှင့်တူသော ထိုလူအား လျစ်လျူရှုထားလိုက်ကြ၏။ ထို့နောက် လင်းရီကို ကြည့်လိုက်သည်။
“ နင်က ကော်နင်ယွဲ့ရဲ့ အစ်ကိုလား…”
လင်းရီ မူလက သူမတို့နှစ်ဦးကို လေးလေးနက်နက် သဘောထားမနေသော်လည်း ချွီရှုလန်၏ လေသံမှတဆင့် တစ်ခုခုတော့ မှားနေပြီကို သတိပြုမိလိုက်သည်။
မင်္ဂလာဆောင်သည့်နေ့တွင် ကိုယ်က အမြင်ကတ်နေစေဦးတော့ နှစ်ဖက် အသိုင်းအဝိုင်းက ယဉ်ယဉ်ကျေးကျေး ပြုမူရန်တော့ လိုအပ်နေဆဲပင်။
၎င်းတို့ နှစ်ဦးက ရောက်လာသည်နှင့် ချက်ချင်း တရားခံ စစ်မေးနေသကဲ့သို့ လေသံမျိုးဖြင့် စကားပြောလာနေသည်။ ယင်းက မည်သည်ကို ဆိုလိုချင်နေသနည်း။
ချင်းဟန်နှင့် ဝူဖေးယွဲ့လည်း ဤမိန်းမ နှစ်ယောက်က တစ်ခုခုတော့ မူမမှန်သည်ကို သတိထားမိသွားကြသည်။ ထို့ကြောင့် သူတို့၏ အာရုံကို ဤမိန်းမ နှစ်ယောက်ထံ စူးစိုက်ထားလိုက်ကြ၏။
“ ဘာကိစ္စရှိလို့လဲ…”
“ ငါ နင့်ကို တစ်ခု ကြိုတင် အသိပေးချင်တာလေး ရှိလို့ …”
ချွီရှုလန်သည် ရင်ဘက်ရှေ့ လက်ကို ပိုက်လျက် ပြောလိုက်ပြီး “ မင်္ဂလာဆောင်ကို ဒီလိုမျိုး တခမ်းတနားကြီး ဖြစ်ဖို့ ပိုက်ဆံ အများကြီး သုံးရတာကို နင် သိပ်ပျော်ဖို့ ကောင်းတယ်လို့ ထင်လား … ဒါ ဖြုန်းတီးတယ်လို့ နင် မထင်ဘူးလား…”
“ ဟင်…”
လင်းရီကြက်သေသေသွားခဲ့၏။ ကျန်သူများလည်း ထိုနည်းလည်းကောင်းပင်။
ဘာလား။ ဒီမိန်းမနှစ်ယောက်က ရူးနေတာလား။
“ ဒါ မင်းတို့နဲ့ ဘာမှမဆိုင်ဘူးမလား…”
“ မဆိုင်ဘူးဆိုတာ ဘာစကားတုန်း …”
လင်းရီ သူမကို ထိုသို့သော ထီမထင်ဟန် လေသံဖြင့် စကားပြောလာသည်ကို မြင်တော့ ချွီရှုလန်သည် ဒေါသတကြီးနှင့် ဖြစ်သွားခဲ့၏။
“ ဗီလာနဲ့ ကားငှားဖို့ ပိုက်ဆံတွေ အကုန်လုံးကို ငါတို့ ချွီမိသားစုကပဲ အကုန်ကျခံထားရတာ … အနည်းဆုံး ယွမ် ၃၀၀,၀၀၀ ကျော် ကုန်ကျတယ်… နင် ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ မှတ်ချက်တွေ လာပေးနေတာလဲ ဟမ်….”
“ နင့်ညီမက ဆိုရှယ်လှေကားကြီး ထောင်ပြီး ချွီမိသားစုထဲ ဝင်နိုင်တာနဲ့ပဲ နင်တို့ တစ်ဆွေလုံး ၊ တစ်မျိုးလုံး နတ်ပြည်တက်နိုင်ပြီလို့များ ထင်နေလား … နင် သိအောင် ပြောပြလိုက်မယ်… ငါတို့လို အသိဉာဏ် ရှိတဲ့လူတွေ အနားမှာ ရှိနေသရွေ့ နင် တစ်စက်ကလေးမှ အခွင့်အရေး ရမယ် မကြံနဲ့ … ငါတို့ ချွီမိသားစုက နင့်ကို တစ်ပြားတစ်ချပ်မှ မသထာနိုင်ဘူး…”ချွီရှား ပြောလိုက်သည်။
၎င်းတို့၏ ယိုးစွပ်မှုနှင့် ရင်ဆိုင်ရတော့ မင်္ဂလာပွဲ တက်ရောက်လာကြသည့် အခြားသော ဧည့်သည်တော်များက မည်သည့်စကားမျှ မဆိုကြချေ။
သူတို့လည်း ဤ မင်္ဂလာပွဲကို အကောင်းမြင်မှု ရှိမနေကြချေ။ မည်သို့ပင်ဆိုစေ မိသားစု နှစ်ခုက အဆင့်အတန်းခြင်း လိုက်ဖက်ညီမျှမှုမှ မရှိဘဲလေ။
ထို့ပြင် သတို့သမီး၏ အစ်ကို ဖြစ်သူကလည်း အသုံး အဖြုန်း အင်မတန် ကြီးလှသည်။ ယခုလို မင်္ဂလာ အခမ်းအနားကို စီစဉ်ပေးသည့်အတွက် သူ့တွင် တခြားသော ရည်ရွယ်ချက်တို့ ရှိကောင်း ရှိနေနိုင်သည်။
ခုရှုပ်မှ နောင်ရှင်းဆိုသလို ယခု မြင်ကွင်းက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြုလုပ်ထားရန် အခွင့်အရေးကောင်း တစ်ရပ်ပင်။
အမျိုးသမီးနှစ်ဦး၏ စက်သေနတ်ကဲ့သို့သော ပါးစပ်များကြောင့် လင်းရီ ကြက်သေသေသွားခဲ့ရသည်။
စိတ်ဝေဒနာ ရှိနေသည့် ရစ်ငှက်နှစ်ကောင်က မရပ်မနား စကားပြောနေသည်ဟု သူ ခံစားလိုက်ရ၏။
“ မင်း ပြောတာ ဒီဗီလာနဲ့ ကားတွေကို မင်းတို့ ချွီမိသားစုက အကုန်အကျ ခံပြီး ငှားထားပေးတယ် ဟုတ်လား…”
“ မဟုတ်ရင် နင်တို့ အကုန်ကျခံထားတာလား..” ချွီရှုလန် စွပ်စွဲလိုက်ပြီး “ နင်တို့က တတ်နိုင်မှာတဲ့လား…”
“ ချွီရွှမ့်ဟော် … အဲ့ကောင်လေးရဲ့ စရိုက်က မဆိုးပါဘူး … ဒါပေမယ့် ဘာလို့ မင်းတို့လို ကြောင်တောင်တောင်နိုင်တဲ့ ဆွေမျိုးတွေ ရှိနေတာပါလိမ့်…” လင်းရီ ပြောလိုက်ပြီး “ ဘာဖြစ်နေလဲဆိုတာကို ဘယ်သူမှ မင်းတို့ကို မပြောပြကြဘူးလား…”
“ ဘာဖြစ်နေလဲ ငါ စိတ်မဝင်စားဘူး … ငါ ပြောချင်တာက နင့် ဗိုက်ထဲ အူဘယ်နှခွေ ရှိလဲ ငါသိနေတယ် ဆိုတဲ့အကြောင်းပဲ ..” ချွီရှုလန် ကပ်ကပ်လန်အောင် ပြောနေပြီး “ နင်ဘာပဲပြောပြော ငါတို့ ချွီမိသားစုက ဆွေကြီးမျိုးကြီး … နှစ်တွေ အများကြီး တည်တံ့လာပြီး အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်လာခဲ့ပြီးသား.. နင့်လို ကောင်စုတ်လေး တစ်ကောင်က ငါတို့ ချွီမိသားစုရဲ့ ပိုက်ဆံတွေကို လိမ်ချင်နေတယ်ပေါ့ ဟုတ်လား .. အိပ်မက်ထဲမှာပဲ ရမယ်…”
လင်းရီ လက်ဖဝါး ယားလာသည်ဟု ခံစားလာရ၏။
သို့သော် ထိုအခိုက်အတန့်တွင်တော့ ဝူဖေးယွဲ့က မျက်နှာထားတင်းတင်းနှင့် သူ့ကို တားလာသည်။
“ ငါလည်း မင်းတို့ သိအောင် ပြောလိုက်မယ်.. ဒီ ဗီလာကို ငါ့ညီငယ်က ငါ့ညီမရဲ့ ခန်းဝင်လက်ဆောင်ဆိုပြီး ဝယ်ပေးထားတာ … ဒီကားတွေကလည်း ကျိုးဟိုင်က သူ့သူငယ်ချင်းတွေ မောင်းလာခဲ့တဲ့ ကားတွေ… မင်းတို့ ချွီမိသားစုနဲ့ ဘာမှ မဆိုင်ဘူး … ကျေးဇူးပြုပြီး မပြောခင် ဘာဖြစ်နေလဲဆိုတာ သိအောင် အရင် လုပ်ကြပါ…”
ဟစ်…
မင်္ဂလာပွဲ တက်ရောက်လာသည့် တစ်ဖက် ဆွေမျိုးများအားလုံး ပင့်သက်ရှိုက်မိသွားခဲ့ကြ၏။
ဗီလာကို သူကပဲ ဝယ်ပေးထားတာ။
ကားတွေအားလုံးကလည်း သူ့ သူငယ်ချင်း ပိုင်တဲ့ ကားတွေ။
ချွီရှုလန်နှင့် ချွီရှားတို့လည်း ကြက်သေသေသွားခဲ့ကြ၏။
ဒီ သတို့သမီး အစ်ကိုက ချမ်းသာလှချည်လား။
“ နင် … နင် အဲ့လောက်ထိ ချမ်းသာတယ်ဆိုတာ မဖြစ်နိုင်ဘူး …”
“ ဘာလို့ မဖြစ်နိုင်ရမှာ…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ ချွီမိသားစုရဲ့ ပိုက်ဆံတွေက ငါ့ကားတစ်စီးစာတောင် မရှိတာ ငါ့ညီမက မင်းတို့ မိသားစုရဲ့ ပိုက်ဆံတွေကို စိတ်ဝင်စားနေတယ်ဆိုပြီး ပြောရဲ ဆိုရဲ ရှိနေကြတယ်ပေါ့….”
နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ကြသည်။
ဤကဲ့သို့ ကိုးရို့ကားယားနိုင်သည့် အခြေအနေကို သူတို့ မကိုင်တွယ်တတ်တော့ချေ။
“ နင်တို့ အဲ့မှာ ဘာလုပ်နေကြတာလဲ…”
လေထုက အေးခဲနေစဉ်မှာပဲ ညင်သာ ပျော့ပျောင်းသည့် အော်သံတစ်ခုက ရုတ်ချည်း ပျံ့လွင့်လာသည်။
ချွီရွှမ့်ဟော်၏ ဝမ်းကွဲ ၊ ချွီပင်းက ဗီလာထဲမှ အပြင်သို့ ထွက်လာခဲ့၏။
သူမက သတို့သမီး ကြိုဆိုရန်အတွက် အလုပ်ရှုပ်နေစဉ် သတို့သမီး၏ အစ်ကိုဖြစ်သူနှင့် သတို့သားဘက်ရှိ ဆွေမျိုးတို့ စကားများနေသည်ဟု ပြောသံကို နားစွန်နားဖျား ကြားမိလိုက်ခြင်းကြောင့်သာ အပြင်သို့ ထွက်လာခဲ့ရခြင်း ဖြစ်၏။ သူမ အပြင်သို့ ရောက်လာတော့ ထိုနှစ်ယောက် ဖြစ်နေသည်ကို သူမ သတိပြုမိလိုက်သည်။
“ ပင်းပင်း ”
ချွီပင်းကို မြင်တော့ သူမတို့နှစ်ယောက်လုံး ချွီပင်းထံ ပြေးသွားကြသည်။
“ ဒီမှာ ဒီလူက ဗီလာကို သူဝယ်ထားပြီး ကားတွေကလည်း သူ့သူငယ်ချင်းရဲ့ ကားတွေပါဆိုပြီး လာပြောနေတယ်.. အဲ့တာ အမှန်ပဲလား..”
“ ဘာလို့ … သူ ဝယ်ထားတာ မဟုတ်ရင် ရှင် ဝယ်ထားတာမို့လား ..” ချွီပင်း အေးစက်စက် ပြောဆိုလိုက်သည်။