ခမ်းခမ်းနားနား
Vol. 102 Ch. 1520
ချွီပင်းထံက အတည်ပြုစကားကို ကြားသိရပြီးနောက် သူမတို့တွေ တွင်းတစ်တွင်းတူး၍ ပုန်းအောင်းချင်စိတ်များ ဖြစ်ပွားလာခဲ့ကြ၏။
သူမတို့ တွေးထားသည်မှာ သူမတို့၏ ယောင်းမ အသစ်က ဆိုရှယ်လှေကားကို တက်လှမ်းချင်နေသည်ဟူ၍ပင်။ သို့သော် ဆိုရှယ်လှေကားကို အမှန်တကယ် တက်လှမ်းနေသည့် လူက သူမတို့ မိသားစု ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
“ လူကြီးမင်းလင်း … ကျွန်မ တောင်းပန်ပါတယ်ရှင် …” ချွီပင်း ဆံပင်ကို နားနောက်သို့ သပ်၍ တောင်းပန်စကားဆိုလိုက်သည်။ “ သူတို့နှစ်ယောက် ဒီတိုင်း ချွီမိသားစုထဲမှာ ဘေးမဲ့ပေးခံတွေလေ… ဒါကြောင့်မို့ တော်တော်များများက သူတို့ဆို အဖက်လုပ်ပြီး ပြောမနေကြဘူး… ဒါကြောင့်မို့ ဒီလို လူရယ်စရာတွေ ဖြစ်လာရတာပဲ…”
“ ရပါတယ်… လက်ထပ်တဲ့ ကိစ္စက ပိုအရေးကြီးတဲ့ ကိစ္စပဲလေ…” လင်းရီ သူ၏ လက်ကို သဘောထားကြီးကြီးနှင့် ဝှေ့ယမ်းလိုက်ပြီး “ အထဲမှာ အားလုံး အဆင်ပြေရဲ့လား…”
“ ပြေပါ့ ပြေပါ့ … ခုလေးတင်ပဲ သူတို့ ဂိမ်းကစားနေကြတာ…”
“ အဲ့တာကောင်းတယ်.. တခြား သူတွေကိုတော့ သူတို့ လာခဲ့တဲ့ နေရာဆီ ပြန်သွားခိုင်းလိုက်ပေါ့…”
“ ကောင်းပြီ.. ကျွန်မ ကိုင်တွယ်လိုက်မယ်…”
ချွီပင်း ခေါင်းညိမ့်၍ ချွီရှုလန်နှင့် ချွီရှားတို့ဘက် လှည့်ကြည့်လိုက်သည်။ “ ဒေါ်လေး ၊ တတိယ ဒေါ်လေး … တခြား ဘာမှ မရှိတော့ဘူးဆိုရင် ရှင်တို့ ပြန်နှင့်လိုက်တော့ … ကျွန်မတို့ ဒီက ပြီးရင် ဟိုတယ် လိုက်လာခဲ့မယ်…”
ချွီပင်း၏ ဘေးမဲ့ခံဟု လူရှေ့သူရှေ့တွင် သမုတ်ခြင်း ခံလိုက်ရသည်က သူမတို့ကို ပို၍ ကိုးရို့ကားယား ဖြစ်သွားစေခဲ့သည်။ တိတ်ဆိတ်လျက်သာ နေရင်း ကားထံ ပြန်လာခဲ့လေသည်။
“ ရှုလန်… တို့တွေ ဒီတစ်ခါတော့ မှားသွားပြီ… အဲ့ဒီ ကော်နင်ယွဲ့ရဲ့ အစ်ကိုက ဘာလို့ အဲ့လောက်တောင် ပိုက်ဆံချမ်းသာနေရတာလဲ…”
စောနက မြင်ကွင်းကို ပြန် မြင်ယောင်မိတော့ ချွီရှား၏ စိတ်ထဲ ကြောက်ရွံ့မှုတို့ ပြန်လည် အစိုးရလာသည်။
သူ၏ အဆက်အသွယ်များကို ဘေးချိတ်ထားလျှင်ပင် ဤဗီလာတစ်ခုတည်းနှင့် ယွမ်သန်းရာချီ ပေးရမည်မှာ ကျိန်းသေသလောက် ရှိသည်။
“ ငါလည်း ဘယ်သိမှာ… “ ချွီရှုလန် ပြောလိုက်ပြီး “ အဲ့တာကြီးက အရမ်း ရှက်ဖို့ကောင်းတယ်…”
တွေးမိပြန်တော့ သူမတို့တွေ ပို၍ပင် အရှက်ရသွားခဲ့ကြတော့သည်။
ချွီပင်း ပြောခဲ့သည့်အတိုင်း သူမတို့ နှစ်ဦးက ဤအတိုင်း ဘေးမဲ့ပေးခံ၊ လျစ်လျူရှုခံများ ဖြစ်နေသည်။ မည်သူကမျှ ထိုသို့သော သတင်းအချက်အလက်ကြီးကို သူမတို့အား အရေးတယူလုပ်၍ မပြောပြခဲ့ကြချေ။
“ ဒါပေမယ့် ရှင်က ရွှမ့်ဟော်ရဲ့ သွေးရင်း အဒေါ်လေ … ဘယ်သူမှ ရှင့်ကို ဒီကိစ္စ ပြောမပြကြဘူးလား…”
ချွီရှုလန် ခေါင်းခါရမ်းလိုက်သည်။ “ ငါ မနေ့ညကမှ လေယာဉ်နဲ့ နိုင်ငံပြန်ရောက်တာ … မိသားစုကလည်း မင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေကြတော့ ဘယ်သူမှ ငါ့ကို ဒီကိစ္စ မပြောပြကြဘူး …”
“ ကြည့်စမ်း … ဘယ်လောက်ထိ ရှက်စရာ ကောင်းထားလဲ…”
“ ငါတို့ အရှက်ကွဲခဲ့ရတယ်ဆိုရင်တောင် အဆင်ပြေပါတယ်..” ချွီရှုလန် ပြောလိုက်ပြီး “ သူ့မိသားစုက ဒီလောက် ကြွယ်ဝချမ်းသာနေတာ ချွီမိသားစုကို အနာဂတ်ကျ ကူညီပေးမယ်ဆိုတာ ကျိန်းသေပေါက်ပဲ… ငါတို့ရဲ့ အနာဂတ်တွေကလည်း ပိုပြီး တောက်ပလာဖို့ပဲ ကျန်တယ်… ဒါပေမယ့် ရွှမ့်ဟော်က အရမ်း အင်နိုးစန့် ဖြစ်လွန်းတယ်.. သူ့ အဒေါ် တစ်ယောက်ဖြစ်တဲ့ငါက သူ့ကို ကူညီပေးရမယ်….”
ချွီရှား သူမထံ မော့ကြည့်လိုက်သည်။ “ ရှင်က ဘယ်လိုလုပ်ချင်လို့…”
“ အဲ့လူ ခုနက ပြောသွားတာ ဒီဗီလာကို သူ့ ညီမရဲ့ ခန်းဝင်လက်ဆောင် ဆိုပြီး ဝယ်ပေးထားတာ ဟုတ်တယ်နော်… အခု သူမက ချွီမိသားစုထဲကို ရောက်လာပြီ… ဒီတော့ ဒီဗီလာကလည်း ချွီမိသားစုရဲ့ နာမည်အောက်မှာပဲ ရှိရမယ်… ခဏနေ အခွင့်အရေး ရှိရင် ငါ ဟိုမြေခွေးမနဲ့ စကားပြောပြီး နာမည်ကို မြန်နိုင်သမျှ မြန်မြန်ပြောင်းဖို့ ပြောလိုက်မယ်…”
“ မကောင်းဘူးနော်… ဟိုက ဒီလောက်ထိ ချမ်းသာတာ ကျွန်မတို့တွေ အဲ့လိုလုပ်လို့ သင့်ပါ့မလား…”
“ သူ့မှာ ငွေရှိတော့ရော ဘာဖြစ်လဲ… ငါတို့ ချွီမိသားစုနဲ့ လက်ထပ်ပြီးသွားရင် သူ ပိုင်ဆိုင်သမျှ ဥစ္စာအားလုံးကို ချွီမိသားစုက ပိုင်တယ်… သူ့လက်ထဲ ရှိသမျှ ငါတို့ဆီ အပ်ထားရမယ်.. သူ့မိသားစု ပိုက်ဆံသော ဘာသော ဘာမှ နားလည်မပေးနိုင်ဘူး …”
“ ရှင် ပြောတာ ဟုတ်တယ်…” ချွီရှား မျက်လုံးလက်လာခဲ့ပြီး “ သူက အခု ငါတို့မိသားစုဝင် ဖြစ်လာပြီ… သူ ပိုင်ဆိုင်တဲ့ ဥစ္စာမှန်သမျှက ချွီမိသားစု အပိုင် ဖြစ်လာသင့်တာ သဘာဝပဲ…”
“ ဒါပေမယ့် ခုလောလောဆယ်တော့ ကြည့်ရတာ အခွင့်အရေး မရှိသေးတဲ့ပုံပဲ… ကျွန်မတို့ စားသောက်ဆိုင် သွားတဲ့အခါကျမှ ပြောကြတာပေါ့…”
“ အဲ့အချိန်ကျရင် ကျွန်မကိုပါ ခေါ်နော်… ကျွန်မသားက နောက်နှစ်ဆို လက်ထပ်ရတော့မှာ… ဒီလို လှည့်ကွက်လေးတွေ သင်ယူထားမှ….”
“ အသေးမွှားလေးကို … ငါ သေချာ ကိုင်တွယ်နိုင်ပါတယ်ဟယ်…”
ဗီလာ အပြင်ဘက်ရှိ အထိကရုဏ်း အသေးစားလေးက ချွီပင်း၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အလျင်အမြန် အဆုံးသတ်သွားခဲ့သည်။
ထိုမိန်းမ နှစ်ယောက်ကို လင်းရီ စိတ်ထဲ ထားမနေချေ။ မိသားစုတိုင်းတွင် ထိုသို့ စကူချောင်ကြသည့် ဆွေမျိုးတစ်ချို့တော့ ရှိကြစမြဲပင်။
တစ်နာရီ အတွင်းမှာပဲ သတို့သမီး ကြိုဆိုပွဲ အခမ်းအနားက ပြီးမြောက်သွားခဲ့သည်။ ကော်နင်ယွဲ့က ချွီရွှမ့်ဟော်၏ မင်းသမီးလေးတစ်ပါးကဲ့သို့ သယ်ဆောင်ခြင်းကို ခံရကာ ကားထံ ရောက်ရှိလာသည်။
ယခု မင်္ဂလာ အခမ်းအနားအတွက် ဟိုတယ်သို့ သွားကြမည် ဖြစ်၏။
အနီရောင်ဝတ်စုံနှင့် ကော်နင်ယွဲ့ကို မြင်တော့ လင်းရီနှင့် ဝူဖေးယွဲ့တို့၏ အကြည့်က သူမထံ ကျရောက်လာသည်။
ထိုအချိန်တွင်ပဲ ကျီချင်းရန် ပြောခဲ့ဖူးသည့် စကားလေးတစ်ခွန်းကို လင်းရီ သွားအမှတ်ရမိသည်။
စကားလေးက 'သူမ ဘယ်လောက်ပဲ လှနေပါစေ ၊ မင်္ဂလာဝတ်စုံကိုတော့ ယှဉ်နိုင်မှာ မဟုတ်' ဟူ၍ပင်။
ယခု သူ ကြည့်လိုက်တော့ ထိုစကားက လုံးဝ ယုတ္တိတန်သည်ဟု ခံစားလိုက်ရ၏။ အတိတ်တွင်တုန်းက သူ့ညီမတစ်ယောက်ကို ကလေးလေးဟုသာ မျက်စိထဲ မြင်နေပြီး နည်းမျိုးစုံနှင့် ချစ်မြတ်နိုး အလိုလိုက်ခဲ့သည်။ သို့သော် အနှီ မင်္ဂလာဝတ်စုံကို ဆင်မြန်းလိုက်ရာဝယ် ယခုအချိန်မှစ၍ လူကြီး တစ်ယောက် ဖြစ်နေပြီ ဖြစ်ကြောင်းကို သူ နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူမက သူ၏ အုပ်ထိန်းမှုအောက်တွင် ဆက်ပြီး တည်ရှိနေမှာ မဟုတ်တော့ချေ။
ဝူဖေးယွဲ့မှာ သူ၏ ခေါင်းကို တစ်ဖက်သို့လှည့်၍ လက်မောင်းဖြင့် မျက်ရည်သုတ်လိုက်၏။
လင်းရီသည်လည်း သူ၏ ခံစားချက်တို့အား ကွယ်ဝှက်ထားရန် ခေါင်းငုံ့ထားလျက် ရှိသည်။
“ ငါ့ကို ချပေးဦး…”
ကော်နင်ယွဲ့ ညင်သာစွာ ပြောလိုက်ပြီး လင်းရီနှင့် ဝူဖေးယွဲ့တို့ထံ လျှောက်လှမ်းလာသည်။
မီတာ အနည်းအကျဉ်းမျှသာ ခြားနေသော်လည်း ကော်နင်ယွဲ့၏ မျက်ရည်တို့က အသံတိတ် စီးကျလာခဲ့သည်။
သူမ၏ အမြင်တွင် သူမ၏ အစ်ကိုအကြီးဆုံးနှင့် အစ်ကိုလေးက ဘယ်တော့မှ မျက်ရည်မကျကြသည့် လူစားမျိုးများပင်။ ယခုလိုမြင်ကွင်းအား မြင်နေရသည်ကို သူမ၏ နှလုံးသားက ခံနိုင်ရည် မရှိပါချေ။
“ ကိုကြီး …”
ကော်နင်ယွဲ့သည် လက်တစ်ဖက်ဖြင့် လင်းရီကို ဖက်လိုက်ပြီး ကျန်တစ်ဖက်က ဝူဖေးယွဲ့အား ဖက်ထားသည်။ သူမ၏ သတို့သမီးဟူသော ပုံရိပ်ကိုပင် ခေါင်းထဲ ထည့်နိုင်ခြင်း မရှိတော့ဘဲ အသည်းအသန် ငိုကြွေးမိလေတော့သည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်မှာ ရှေ့သို့ တက်လာကာ ကော်နင်ယွဲ့အား အလျင်အမြန် ဆွဲခေါ်သွားတော့၏။
သူတို့က ဟိုတယ်သို့ သွားကြတော့မည် ဖြစ်ပြီး အကယ်၍ သူမကသာ မိတ်ကပ်ပျက်သည်အထိ ငိုကြွေးနေမည် ဆိုပါက ပြန်ပြင်ရန် အချိန်မီလိမ့်မည် မဟုတ်တော့ချေ။
“ သွားစို့ … မင်း အစ်ကိုကြီးက မင်းအတွက် လမ်းဖွင့်ပေးပြီး ခမ်းနားတဲ့ အခင်းအကျင်းနဲ့ လိုက်ပို့ပေးမယ်…”
ပြောပြီးနောက် လင်းရီ၊ ချင်းဟန်နှင့် ကျန်သူများအားလုံး ကိုယ်စီ ကားများထဲသို့ ဝင်လိုက်ကြ၏။
Bugatti La Voiture Noire ၏ အင်ဂျင်သံက ဟိန်းထွက်လာပြီး လူတိုင်းကလည်း အနှီ တမူထူးကဲလှသည့် စူပါကားက ယွမ် သန်း ၁၀၀ ကျော် တန်ကြေးရှိသည်ကို သတိပြုမိသွားကြသည်။
လင်းရီ၏ ကားက ရှေ့ကနေ ဦးဆောင်ပြီး ချင်းဟန်နှင့် ကျန်သူတို့၏ ကားက နောက်ကနေ နီးကပ်စွာ လိုက်ပါလာသည်။ သူတို့အားလုံးက ဟိုတယ်သို့ မောင်းနှင်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် လူတို့က စူပါကား နှစ်တန်းသည် အလယ်တွင်ရှိ မင်္ဂလာပန်းတို့ဖြင့် ဆင်ယင်ထားသော Rolls-Royce Phantom ကို လိုက်ပါပို့ဆောင်နေသည် မြင်တော့ ကားများအားလုံး ရှဲပေးလိုက်ကြ၏။ ၎င်းတို့ကို ဝင်ကြုံးရန် မဆိုထားနှင့် ဤသို့ ခမ်းနားထည်ဝါလှသည့် ကားအတန်းလိုက်ကြီးကို မျက်စိဖြင့် ရှုမြင်ရုံမျှပင် ငွေတော်တော်ကုန်ကျလိမ့်မည်။
ဟိုတယ် ဝင်ပေါက်ဝသို့ ရောက်တော့ ဆယ်မိနစ်မျှ ကျင်းပသည့် ရိုးရိုးရှင်းရှင်း အခမ်းအနားလေး တစ်ခု ရှိသည်။ လူတိုင်းက ဟိုတယ်သို့ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြပြီး အခမ်းအနားအတွက် ပြင်ဆင်ကြတော့၏။
ကျီချင်းရန် ၊ ဟော်ယွမ်ယွမ် နှင့် ထျန်းရန်တို့က အဝတ်လဲခန်းထဲသို့ အတူဝင်၍ ကော်နင်ယွဲ့ကို မိတ်ကပ်နှင့် အဝတ်အစားများ ကူညီပေးသည်။
ထိုစဉ် လင်းရီနှင့် ကျန်သူများက ထောင့်တစ်နေရာရှိ ထမင်းစား စားပွဲတွင် ထိုင်နေရင်း စကားပြောဆိုရင်းဖြင့် အချိန်ဖြုန်းနေကြ၏။
ထိုအချိန်တွင် ချွီရှုလန်နှင့် ချွီရှားတို့က ဓာတ်လှေကားထဲက ထွက်လာပြီး ဘေးဘီကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်၏။
“ အဝတ်လဲခန်းက ဘယ်မှာပါလိမ့်….” ချွီရှုလန် ရေရွတ်လိုက်သည်။
“ ဘာကိစ္စ အဝတ်လဲခန်း ရှာနေတာ… တစ်ချက် သွားကြည့်ချင်လို့လား..”
“ ငါက သူနဲ့ ကိစ္စလေး တစ်ချို့ ပြောချင်လို့ ဒီရောက်လာတာ … ခုကစပြီး သူ(မ)က ချွီမိသားစုရဲ့ မိသားစုဝင် တစ်ယောက် ဖြစ်ပြီဆိုတော့ စည်းမျဉ်းစည်းကမ်းလေး တစ်ချို့တော့ ပြောပြထားမှပေါ့ … ငါ ဘာလုပ်နေလဲ ငါသိပါတယ်ဟယ်…”
ချွီရှား၏ မျက်လုံးတို့ အရောင်လက်လာသည်။ သူမ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
ဤနှစ်များ တစ်လျှောက်လုံး၌ သူမ လက်ရှိ ရောက်နေသည့် အဆင့်အတန်းသို့ ရောက်အောင် ချွီမိသားစု အပေါ် အားကိုးအားထား ပြုခဲ့ရသည်။
အကယ်၍ သူမသာ သူတို့ကို တိတ်တဆိတ်နည်းလမ်းဖြင့် အကျိုးဖြစ်ထွန်းအောင် ဆောင်ကြဉ်းပေးမည် ဆိုပါက အနာဂတ်တွင် သူမကို အလေးပေး ဆက်ဆံကြမည်မှာ ကျိန်းသေသည်။
ထို့ပြင် သူမနှင့် ချွီမိသားစု၏ ဆက်ဆံရေးသည်လည်း ပို၍ ခိုင်မာလာမည် ဖြစ်၏။ ကောင်းဆိုး လောကဓံကို အတူဝေမျှ ဖြတ်သန်းရသည်အထိပင် ဖြစ်သွားနိုင်လေသည်။
အကယ်၍ ချွီမိသားစုကသာ ယခု အခွင့်အရေးကို အသုံးချ၍ ၎င်းတို့၏ မိသားစုကို ဖွံ့ဖြိုးတိုးတက်အောင် ပြုမည်ဆိုပါက သူမသည်လည်း စိန်နားကပ်အရောင်ဖြင့် ပါးပြောင်လာပေလိမ့်မည်။
ဤသည်က အရေးကြီး၏။
ချွီရှား၏ အတွေးများသည်လည်း ထိုနည်းတူစွာပင်။
ဤသည်က ဘာကြောင့်လဲ ဆိုတော့ သူမလည်း လက်ရှိ လူနေမှု ဘဝကို ရရှိရန်အတွက် ချွီရွှမ့်ဟော်၏ အဖေထံတွင် ကပ်ပါးကောင် ကဲ့သို့ မှီခိုခဲ့ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ချွီမိသားစု၏ အနာဂတ် ပိုကောင်းမွန်လာဖို့ကို သူမ မျှော်လင့်ပြီး သူမ၏ ဘဝသည်လည်း ယခုထက် ပိုကောင်းလာလိမ့်မည်။
အတွေးတို့က ကောင်းမွန်သော်လည်းပဲ ချွီရှား အနည်းငယ် စိုးရိမ်မိနေဆဲ ဖြစ်၏။
“ အစ်မလန်… တကယ်လို့ ကျွန်မတို့တွေ သူ့အစ်ကို,ကို မပျော်မရွှင် ဖြစ်အောင် လုပ်မိသွားခဲ့ရင် ဘယ်လိုလုပ်မှာ… ကျွန်မတော့ သူက ကိုင်တွယ်ရလွယ်မယ့် လူစားမျိုးလို့ မထင်ဘူးနော်…” ချွီရှား ကိုးရို့ကာယား ဖြစ်စွာ ပြောလိုက်၏။ “ သူတို့ရဲ့ အခြေအနေက ကျွန်မတို့ထက် အသာကြီးရယ်…”
“ အထင်ကြီးဖို့ကောင်းတော့ရော ဘာဖြစ်လဲ…” ချွီရှုလန် ထူးမခြားနား အမူအရာဖြင့် “ အိမ်ထောင်ကျပြီးတဲ့ မိန်းကလေး တစ်ယောက်ဆိုတာ ရေပုံးထဲက သွန်လိုက်တဲ့ ရေတွေလိုပဲ… အနာဂတ်ကျရင် သူတို့ မိသားစုက ချွီမိသားစုရဲ့ ကျောထောက် နောက်ခံ တစ်ခု အနေနဲ့ ရှိနေရမှာ… ချွီမိသားစု သည့်ထက် တိုးတက် အဆင့်တန်းမြင့်လာအောင် သူတို့က ကူညီပေးရမှာ…”