ဟော်ယွမ်ယွမ် ထွက်လာပြီ
Vol. 102 Ch. 1521
“ သူတို့ကရော သဘောတူပါ့မလား..”
“ သူတို့မှာ ငြင်းစရာ အကြောင်းပြချက်ရော ရှိလို့လား…” ချွီရှုလန် ပြောလိုက်ပြီး “ သူ့ညီမက ချွီမိသားစုဝင် ဖြစ်နေပြီ.. သူတို့ လက်ထပ်ပြီးသွားလို့ ကိုယ်ဝန်ရ ၊ ကလေးတွေ ဘာတွေ ရှိလာရင် အဲ့ဒီအချိန်ကျ အဲ့ကောင်မ ကွာရှင်းရဲတော့မှာ မဟုတ်ဘူး .. သူသာ ချွီမိသားစုကို တိုးတက်အောင် မကူညီပေးကြည့်လေ… ငါ သူ့ညီမကို အနိုင်ကျင့်မယ်.. အဲ့အခါကျ သူ သည်းခံနိုင်မလား ကြည့်ကြတာပေါ့…”
“ အကြံဉာဏ်ကောင်းပဲ…” ချွီရှား ပြောလိုက်ပြီး “ အခု သွားပြီး ဗီလာကို ရွှမ့်ဟော်ရဲ့ နာမည်အောက်မှာ ထားဖို့ပြောကြမယ်…”
“ နင် ရူးနေလား … ပိုင်ဆိုင်မှုကို ဘာကိစ္စ ရွှမ့်ဟော်ရဲ့ အမည်နဲ့ လွှဲမှာလဲ… အဲ့လိုဆို အမှားကြီး မှားသွားမှာပေါ့…” ချွီရှုလန် ပြောလိုက်သည်။
“ သူတို့က လင်မယားတွေပဲလေ.. ဒီတော့ ရွှမ့်ဟော်ရဲ့ နာမည်အောက်မှာပဲ ထားသင့်တာ မဟုတ်ဘူးလား.. နင် သူ့ရဲ့ ခမည်းခမက် နာမည်အောက်မှာ ထားစေချင်တယ်လို့တော့ ငါ့ မပြောနဲ့…”
“ ဟုတ်တယ်… ပိုင်ဆိုင်မှုကို ဒုတိယအစ်ကိုရဲ့ နာမည်နဲ့ ထားမှာ…”
“ ဘာလို့ အဲ့လို လုပ်ရမှာလဲ…”
“ တွေးကြည့်ပေါ့ … ငါတို့သာ ရွှမ့်ဟော်ရဲ့ နာမည်အောက်မှာ ထားလိုက်ရင် သူတို့ရဲ့ ပိုင်ဆိုင်မှုကို ဝေမျှသလို ဖြစ်မသွားဘူးလား… သူတို့ ကွာရှင်းကြပါပြီရဲ့ဆို အဲ့ကောင်မက တစ်ဝက်ရဦးမယ်… ငါတို့ ဒီတိုင်း ယွမ် သန်းရာချီကို အလကားသပ်သပ်တော့ အဆုံးရှုံး မခံနိုင်ဘူး …” ချွီရှုလန် ပြောလိုက်သည်။ “ ဒါပေမယ့် သူ(မ)သာ ပိုင်ဆိုင်မှုကို ဒုတိယ အစ်ကိုရဲ့ နာမည်နဲ့ လွှဲပြောင်းလိုက်မယ်ဆိုရင် အခြေအနေကလည်း တူတော့မှာ မဟုတ်ဘူး… သူတို့ ကွာရှင်းပြတ်စဲကြမယ်ဆိုလည်း ဗီလာက ဒုတိယ အစ်ကိုရဲ့ ပိုင်ဆိုင်မှု အဖြစ်နဲ့ပဲ ရှိနေမှာ .. သူနဲ့ ဘာမှ မဆိုင်တော့ဘူး … သူ့ကို လက်ဗလာချည်းသပ်သပ်နဲ့ ထွက်သွားပါလေ့စေ…”
“ အမှန်ပဲ… ဒါပေမယ့် သူ့ အစ်ကိုက မတရား ချမ်းသာတာ ကျွန်မတို့အတွက် သိပ်အသုံးဝင်မှာနော်… သူတို့တွေ ကွာရှင်းဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး …”
“ ဘာလို့ မဖြစ်နိုင်မှာ… သူ့အစ်ကိုရဲ့ ပိုက်ဆံတွေကို ခြောက်ခမ်းသွားအောင် ညစ်ထုတ်ပြီးသွားတာနဲ့ သူက ငါတို့ ချွီမိသားစုအတွက် ဘာအသုံးမှ ဝင်တော့မှာ မဟုတ်ဘူး … ဘာကိစ္စ သူ့ကို ဆက်ထားနေတော့မှာ…” ချွီရှုလန် အရှက်မရှိစွာ ပြောဆိုလာခဲ့သည်။
“ အချိန်ကျလို့ သူတို့တွေ လမ်းခွဲကြပြီဆိုရင် ငါတို့တွေ ရွှမ့်လေးအတွက် ဆွေကြီးမျိုးကြီးထဲက မိန်းမလှလေး တစ်ယောက် ရှာပေးလိုက်မယ်.. အဲ့လိုဆို ဘယ်လောက် ကောင်းထားလဲ …”
“ ခုမှပဲ ရှင်တို့ နိုင်ငံခြားမှာ နေတဲ့လူတွေရဲ့ အတွေးက ကွဲပြားနေတာကို သတိထားမိတော့တယ်… ရှင်က ကျွန်မတို့ထက်ကို အများကြီး သာတာပဲ … ရှင် ဖြတ်သန်းခဲ့ရမှာတွေက တော်တော်လေး များမှာပဲနော်…”
“ ဒီ အစ်မကြီးဆီက ကောင်းကောင်းသင်ယူစမ်းပါ… ငါ နင့်ကို စိတ်မပျက်စေရဘူး …”
………….
“ ကျစ် ကျစ် ကျစ်…. နင်ယွဲ့ … နင့်အရွယ်အစားက အဲ့လောက်ကြီးလည်း မဟုတ်ဘူးပဲ …”
အဝတ်လဲခန်းထဲတွင် ကော်နင်ယွဲ့က သူမ၏ မင်္ဂလာဆောင် ဝတ်စုံကို လဲလှယ်နေစဉ် ဟော်ယွမ်ယွမ်က စနောက်လိုက်၏။
“ နင့် ယောင်းမနဲ့ ယှဉ်ရင် ကွာဟမှုက တအားကြီးလွန်းတယ်… နင့်နှစ်ခုပေါင်းရင်တောင် သူ့တစ်ခုစာလောက်တောင် မကြီးသေးဘူး …”
“ အစ်မယွမ်ယွမ်… ညီမကို လာစမနေနဲ့…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ညီမ သူငယ်ချင်းတွေ ပြောကြတာ ညီမ ယောင်းမက မွန်းစတားတဲ့……. ရုပ်ရည်ပဲ ဖြစ်ဖြစ် ၊ ကိုယ်လုံးကိုယ်ပေါက်ပဲ ဖြစ်ဖြစ် ၊ ဘယ်သူမှ သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး …”
“ ငါတော့ နင်ယွဲ့ ဒီဥစ္စာကို သင်ယူနိုင်မယ်လို့ မထင်ဘူး… သူ့ ရုပ်ရည်မှာပဲ ပိုပြီး အားစိုက်ထုတ်တာ ကောင်းမယ်လို့ ထင်တယ်…” ထျန်းရန်က ရင်ကိုကော့၍ ပြောလိုက်သည်။
“ အား … အစ်မရန်လည်း ညီမကို လှောင်တယ်ပေါ့…”
ဟော်ယွမ်ယွမ် လျှောက်စနေသည်ကို မြင်တော့ မိတ်ကပ်ဆရာမှာ အသံပင် မထွက်ဝံ့တော့ချေ။
ဤအမျိုးသမီး သုံးယောက်လုံး လွယ်ထားသည့် အိတ်တို့က Hermes မဟုတ်ရင် LV ဘရန်းများ ဖြစ်ကြသည်။ ၎င်းတို့က သူဌေးမကြီးများ ဖြစ်ကြသည်မှာ ထင်ရှားသိသာလွန်းလှ၏။
ယနေ့တော့ အမှန်တကယ် မျက်စိပွင့် နားပွင့်ပင်။ သူတို့ မသိသည့် ကမ္ဘာက လူချမ်းသာတို့၏ မင်္ဂလာဆောင်မှာ ယခုလိုမျိုးပါလားဟူ၍ အတွေ့အကြုံ တစ်ခု အသစ်တိုးသွားတော့သည်။
ချလပ်….
မိန်းကလေးများ အချင်းချင်း စနောက်နေစဉ် အဝတ်လဲခန်း တံခါး တွန်းပွင့်လာပြီး ချွီရှုလန်နှင့် ချွီရှားတို့ အထဲဝင်လာခဲ့ကြ၏။
သူတို့နှစ်ယောက် ဝင်လာသည်ကို မြင်တော့ အခန်းထဲရှိ လူတိုင်း အလိုအလျောက် တိတ်ဆိတ်ကုန်ကြ၏။
ထို့ပြင် သူတို့အားလုံး၏ မသိစိတ်က ပြောပြနေသည်မှာ ဤ အမျိုးသမီး နှစ်ယောက်သည် သတို့သားဘက်က ဆွေမျိုးများ ဖြစ်မည်ဟူ၍ပင်။
ကျီချင်းရန်သည် ကော်နင်ယွဲ့အား တံတောင်နှင့် မသိမသာ တွတ်လိုက်၏။ သူမအား မိတ်ဆက်ပေးစေချင်နေသည်။ မည်သို့ပင်ဆိုစေ တစ်ဖက် နှစ်ယောက်က သူမတို့ထက် အသက်ကြီး၏။ အချင်းချင်း နှုတ်ဆက်မှုတော့ ပြုသင့်သည်။
သို့သော် ကော်နင်ယွဲ့မှာ အနည်းငယ် ကြက်သေသေနေသည်။ ဤနှစ်ယောက်က သူမ ခင်ပွန်း၏ ဆွေမျိုးများ ဖြစ်သော်လည်း သူတို့ မည်သူမှန်းလဲ သူမ မသိခဲ့ချေ။
ယခုမတိုင်မီ ကျီချင်းရန်သည်လည်း ဗီလာအပြင်ဘက်၌ ဖြစ်ပျက်ခဲ့သည်များအား သိရှိခဲ့ခြင်း မရှိချေ။
အကြောင်းမူကား ယခု ဤနေရာ၌ ရှိနေသူများမှာ ကော်နင်ယွဲ့နှင့် အနီးကပ်ဆုံး လူများဖြစ်ပြီး ဗီလာထဲတွင် သတို့သမီး ကြိုဆိုဧည့်ခံရေးနှင့် စပ်လျဉ်းပြီး အလုပ်များနေကြလေသည်။ ယနေ့က နေ့ထူးနေ့မြတ် ဖြစ်သည်ကိုပါ ထည့်တွက်လိုက်တော့ ချွီပင်းသည်လည်း ကိစ္စများအား အရုပ်ဆိုးအောင် မပြုချင်တော့ပေ။ ထို့ကြောင့် မည်သူ့ကိုမျှ အသိမပေးဘဲ အသာလေး ငြိမ်နေလိုက်၏။
မဟုတ်ပါက ဟော်ယွမ်ယွမ်၏ ကမူးကရှူးနိုင်မှုဖြင့် သူတို့နှစ်ယောက်နှင့် နောင်ဂျိန် ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ နင်ယွဲ့.... ငါက ရွှမ့်ဟော်ရဲ့ အဒေါ်…..၊ ဒါက သူ့ရဲ့ တတိယ အဒေါ်…” ချွီရှုလန် ပြောလိုက်သည်။
“ အိုး အိုး ဟုတ်ကဲ့ရှင့် …” ကော်နင်ယွဲ့ အလျင်အမြန် နှုတ်ဆက်လိုက်သည်။ “ ဒေါ်လေး … တတိယ ဒေါ်လေး … “
“ ရတယ်.. မတ်တပ်ရပ်စရာ မလိုဘူး … ငါတို့ လာခဲ့တာ ဒီတိုင်း နင်နဲ့ စကားလေးပြောချင်လို့…”
“ ဒေါ်လေး ပြောလေ….”
“ ဒီနေ့က စပြီး နင်က ငါတို့ ချွီမိသားစုရဲ့ မိသားစုဝင် တစ်ယောက် ဖြစ်သွားပြီနော်… နင် အခု အားနေတယ် ဆိုမှတော့ ချွီမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေ အကြောင်း ပြောကြတာပေါ့…” ချွီရှုလန် ပြောလိုက်သည်။
“ ချွီမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေလား…”
အဝတ်လဲခန်းထဲရှိ လူတိုင်း ရှုပ်ထွေးသွားခဲ့ကြ၏။ ဤလူနှစ်ယောက်က ကောင်းသော ရည်ရွယ်ချက်နှင့် လာခဲ့ကြခြင်း မဟုတ်ဟု ခံစားလိုက်ကြရသည်။
ထို့ပြင် ယခု ၂၁ ရာစု ခေတ်၌ ဤစည်းမျဉ်းစည်းကမ်းတို့က ဘယ်ကနေ ရောက်လာခဲ့သနည်း။ သူတို့ကိုယ်သူတို့ တော်ဝင်မိသားစုဟူ၍ ထင်နေကြသလော။
ထို့ပြင် နင်ယွဲ့၏ အခြေအနေက ကောင်းမွန်နေပြီး ဖြစ်သည်။ အကယ်၍ သူမကသာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လိုအပ်သည်ဆိုပါက အချင်းချင်း သီးသန့် တိတ်တဆိတ် ပြောဆိုဆွေးနွေးသင့်သည် မဟုတ်လော။
“ ဟုတ် ဒေါ်လေး … ပြောလေ…”
ကော်နင်ယွဲ့မှာ ရင်ထဲ အနည်းငယ် စိတ်လှုပ်ရှား ရင်ဖိုနေသည်။ သူမက လင်းရီနှင့် ဝူဖေးယွဲ့အပေါ်တွင် အနည်းငယ် ရိုင်းပြ၍ ကျိုးကြောင်းမဆီလျော် ဆိုးနွှဲ့လေ့ ရှိသော်လည်း အပြင်သူစိမ်းများနှင့် မျက်နှာချင်းဆိုင်ရသည့် အခါတွင်တော့ အတော်လေးကို သည်းခံတတ်လှ၏။ ဟော်ယွမ်ယွမ်ကဲ့သို့ အကြောက်အလန့် မရှိသည့် လူစားမျိုး မဟုတ်ပေ။ အထူးသဖြင့် တစ်ဖက်က မိမိခင်ပွန်းသည်၏ ဆွေမျိုးများ ဖြစ်နေစဉ်အချိန်တွင်ဖြစ်၏။
“ ဒီနေ့က စပြီး နင်က ချွီမိသားစုရဲ့ မိသားစုဝင် တစ်ယောက် ဖြစ်ပြီ… ချွီမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နင်က နင်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ငါတို့လက်ထဲ ကမ်းပေးရမယ်…” ချွီရှုလန်မှ စီရင်ချက် တစ်ခု ချမှတ်လိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
“ ကျွန်မရဲ့ ပစ္စည်းကို ကမ်းပေးရမယ် ဟုတ်လား…”
ကော်နင်ယွဲ့ ကြက်သေသေသွားခဲ့တော့သည်။ “ ကျွန်မမှာ ပိုင်တာလည်း ဘာမှမရှိဘဲ ….”
သူမ၏ လစာက ယွမ်ထောင် အနည်းငယ်မျှသာ ရှိသည်။ ချွီရွှမ့်ဟော်လက်ထဲ အပ်ထားလျှင်ပင် အချည်းနှီးသာဖြစ်၏။
“ ငါက နင့်ရဲ့ ခန်းဝင်ပစ္စည်းအကြောင်းကို ပြောနေတာ… ဒါပေါ့… နင့်ရဲ့ လစာလေးက ပါမွှားလေးဆိုရင်တောင် ပေးရမှာက ပေးရမှာပဲ… ရွှမ်လေးက နင့်ကို တစ်လ ဘယ်လောက်သုံးဆိုပြီး စည်းကမ်းနဲ့ ထုတ်ပေးလိမ့်မယ်…”
“ ကျွန်မရဲ့ ခန်းဝင်ပစ္စည်းကို ကမ်းပေးရမယ်…”
ဤ အမျိုးသမီး နှစ်ယောက်က အဆဲတောင်းဖို့ ရောက်လာသည်ဟု ကော်နင်ယွဲ့ ခံစားလိုက်ရသည်။
သူမက အပြင်လူများရှေ့တွင် အနည်းငယ် ရိုးအ ဟန်ရှိသော်လည်း သူမ၏ ကိုယ်ပိုင် အကျိုးစီးပွားကို ရက်ရက်ရောရော ထည့်ပေးလိုက်ရသည်အထိတော့ မတုံးအသေးချေ။
“ ကျွန်မမှာ ဘာ ခန်းဝင်ပစ္စည်းမှ မရှိဘူး …” ကော်နင်ယွဲ့ ပြောပြီးနောက် မိတ်ကပ်ဆရာကို ကြည့်လိုက်သည်။ “ အစ်မကျင်း … မိတ်ကပ်ဆက်လုပ်မယ်.. ကျွန်မတို့မှာ အချိန်သိပ်မကျန်တော့ဘူး …”
“ နင် ဘာစကားပြောတာ … နင့်အစ်ကိုက နင့်ကို ဗီလာဝယ်ထားပေးတယ် မဟုတ်ဘူးလား… ဒီခု မင်္ဂလာပွဲပြီးရင် နင့်ဘက်က ပိုင်ဆိုင်မှုကို နင့် ခမည်းခမက် နာမည်နဲ့ လွှဲပေးရမယ်…” ချွီရှုလန် ပြောလိုက်သည်။
ဟင်…
ချွီရှုလန်၏ စကားကို ကြားတော့ အခန်းထဲရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။
မင်္ဂလာပွဲကဖြင့် စတောင် မစရသေးတာကို သူတို့က ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ လွှဲပြောင်းပေးဖို့ တောင်းဆိုလာနေပြီ။ ဒီနှစ်ယောက်ရဲ့ ခေါင်းက ဘာတွေနဲ့ ပြည့်နေတာပါလိမ့်။
အနောက်ကို အလှမ်း တစ်သောင်းမျှ အလျော့ပေးလျှင်ပင် ပိုင်ဆိုင်မှုကို သူမ ခင်ပွန်းဖြစ်သည့် ချွီရွှမ့်ဟော် နာမည်နှင့်ပဲ လွှဲပေးလိုက်မည်။ အဘယ်ကြောင့် မဆီမဆိုင် ခမည်းခမက် နာမည်နှင့် လွှဲရမည်နည်း။
“ နင်ယွဲ့က ဘာကိစ္စ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးရမှာလဲ….”
အရေးကြီးသည့် အခိုက်အတန့်တွင် ဟော်ယွမ်ယွမ် ရှေ့တက်လာခဲ့၏။
“ မေးဖို့လိုသေးလို့လား … သူက အခု ချွီမိသားစုရဲ့ ချွေးမ ဖြစ်သွားပြီ… သူ ပိုင်ဆိုင်တဲ့ ဥစ္စာကို ငါတို့ မိသားစုက ပိုင်တယ်… ဒီတော့ ပိုက်ဆံတွေလည်း ငါတို့မိသားစုပိုင် ဖြစ်သင့်တာ သဘာဝပဲ မဟုတ်လား … သူ ဗီလာကို လွှဲပေးသင့်တာလည်း သာမန်ပဲ မဟုတ်ဘူးလား…”
“ နင်တို့ နှစ်ယောက် ပြောသလိုဆို နင်တို့လည်း နင်တို့ရဲ့ အိမ်တွေကို နင်တို့ ခမည်းခမက်ဆီ လွှဲထားပေးကြတယ်ပေါ့ ဟုတ်လား…”
“ ဆောရီး … အဲ့ဒီ မေးခွန်းတော့ ငါ မဖြေနိုင်ဘူး … ဘာလို့ဆို ငါက အိမ်ထောင်မပြုရသေးလို့ပဲ..” ချွီရှုလန် ပြောလိုက်သည်။
“ နင်ရော… နင်လည်း အိမ်ထောင်မပြုရသေးဘူးလို့တော့ လာမဖြေနဲ့…” ဟော်ယွမ်ယွမ်သည် ချွီရှားအား မေးခွန်းထုတ်လိုက်၏။
သို့သော် ဤမေးခွန်းက ချွီရှားကို ရှုပ်ထွေးသွားစေခဲ့သည်။
သူမ လုပ်ချင်တာက ကော်နင်ယွဲ့ကိုပဲလေ။ သူမက ဘာလို့ အဲ့လို လိုက်လုပ်ရမှာလဲ။
“ ဒါပေါ့ … ငါက ချွီမိသားစုနဲ့ လက်ထပ်ထားတာလေ … ဒီတော့ ငါပိုင်တဲ့ ပစ္စည်းတွေလည်း ချွီမိသားစု အပိုင်ပဲလေ… မဟုတ်ရင် သူ့ကို ဒီလို တောင်းဆိုဖို့ ဘယ်နားက အခွင့်အရေး ရှိမှာလဲ…”
“ ဟုတ်လား … ဆောရီးပဲ… နင်တို့ဘာနင်တို့ နင်တို့ရဲ့ ခမည်းခမက်နဲ့ ဖောက်ပြန်တာက နင်တို့ အလုပ်… ငါတို့ ကိစ္စ မဟုတ်ဘူး … ဒါပေမယ့် ငါတို့က မိကောင်းဖခင် သားသမီးတွေ… ငါတို့ အဲ့လို အရာမျိုးတွေ မလုပ်ဘူး …” ဟော်ယွမ်ယွမ် ပခုံးတွန့်လိုက်ပြီး “ ဒီတော့ ….. တောင်းပန်ပါတယ်…”