ဟော်ယွမ်ယွမ်၏ ကြီးစိုးမှု
Vol. 102 Ch. 1522
ဟစ်….
ကော်နင်ယွဲ့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော် သူငယ်ချင်းများအားလုံး ဟော်ယွမ်ယွမ်၏ ရဲတင်းလွန်းလှသည့် စကားလုံးတို့ကြောင့် ရှော့ခ်ရကုန်ကြသည်။
ဒီ စော်ကားမှုကြီးက လုံးဝ ပြိုင်ဘက်ကင်းပဲ။
မဟုတ်သေး ။ ပြောင်ပြောင်တင်းတင်း ထေ့ငေါ့ လှောင်ပြောင်မှုဟု သုံးလျှင် ပိုမှန်လိမ့်မည်။
“ ကောင်မ … နင် ဘာစကားတွေ ပြောနေတာလဲ…”
ချွီရှား ကျယ်လောင်စွာ အော်၍ တိုက်ခိုက်ချင်သည့်နှယ် ဟော်ယွမ်ယွမ်ထံသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
“ နင်တို့ကိုယ်တိုင် ပြောတာ မဟုတ်ဘူးလား… နင်တို့သာ ဖွင့်ဟဝန်ခံလို့မရတဲ့ ဆက်ဆံရေးမျိုး မရှိထားဘူးဆိုရင် ဘာကိစ္စ အိမ်ကို ကိုယ့်ခမည်းခမက်နာမည်နဲ့ လွှဲထားရမှာလဲ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ငါ သိချင်မိတာ နင့် ယောက်ျားရဲ့ ဟိုနေရာက တိုတိလေးမို့ မဟုတ်ရင် မာကြောမှု ပြဿနာ ရှိနေတယ်နဲ့တူတယ်…”
ဖူး …
အခန်းထဲရှိ လူတိုင်း မရယ်ဘဲ မနေနိုင်ကြချေ။ အသံမထွက်အောင် အတတ်နိုင်ဆုံး ထိန်းထားသည့် မိတ်ကပ်ဆရာပင် ခစ်ကနဲ အသံထွက်မိသွားခဲ့၏။
ဒီ အစ်မကြီးက စကား သိပ်ရဲတင်းတာပဲ။
“ အစ်မလန် … ကျွန်မကို လာမတားနဲ့…” ချွီရှား အော်ဟစ်လိုက်ပြီး “ လူကဖြင့် အသက်က ငယ်ငယ်လေး … ပြောလိုက်တဲ့ စကားလုံးတွေက ရုပ်ကလေးနဲ့ မလိုက်အောင်ကို ရွံစရာ ကောင်းလွန်းတယ်… ကျွန်မ ဒီနေ့ ဒီကောင်မရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်ချင်တယ်…”
စိတ်လွတ်ရူးသွပ်နေသည့် ချွီရှားသည် ချွီရှုလန် တားဆီးထားသည့်ကြားက လွတ်အောင် ရုန်းထွက်ပြီး ဟော်ယွမ်ယွမ်ထံ ပြေးဝင်လာသည်။
ဖြန်း …
တခြားသူများက ရန်ပွဲကို တားမြစ်တော့မည့် အချိန်တွင်ပဲ ပါးရိုက်သံ တစ်ချက်ကို သူတို့ ကြားလိုက်ရ၏။
ဟော်ယွမ်ယွမ်၏ လက်က ချွီရှား၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
လူတိုင်း တိတ်ဆိတ်အေးခဲကုန်ကြ၏။
ချွီရှား သူမ၏ မျက်နှာကို ကိုင်ထားရင်း စိတ်က မယုံကြည်နိုင်ဟန် ဖြစ်နေပုံ ပေါ်သည်။
“ နင်တို့တွေ ငါနဲ့ ဇယားလာရှုပ်နေတာ ရပ်လိုက်ရင် ကောင်းမယ်… နင်တို့ကိုယ် နင်တို့ အရှက်မရှိတိုင်း လူကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရပြီ ထင်နေလား…”
အခန်းထဲရှိ မည်သူကမျှ စကားမဆိုကြချေ။
ဤမိန်းမနှစ်ယောက်က အမှန်ပင် တရားလွန်လေသည်။
လင်နှင့် မယားကြား ကိစ္စက သူတို့နှင့် ဘာအပ်စပ်သနည်း။
အနှီ ရိုက်ချက်ကြီးက စိတ်ကျေနပ်လောက်စရာကြီးပင်။
သူမ၏ ပါးကို ကိုင်ထားရင်းဖြင့် ချွီရှား မျက်ရည်တို့ စီးကျလာသည်။ သူမ ကျယ်လောင်စွာ အော်ဟစ်၍ မြေပြင်တွင် ခြေစုံကန်နေတော့သည်။
“ သူ လူကို ရိုက်တယ်… ခင်ပွန်းသည်ဘက်က ဆွေမျိုးကို သူ ရိုက်လိုက်တယ်…”
“ နင့်ရဲ့ အပြုအမူကောင်းတွေ ဘယ်မှာလဲ… “
“ အရင်ဘဝက ချွီမိသားစု ဘယ်လိုမကောင်းမှုတွေများ ကျူးလွန်ခဲ့လို့ ဒီလို ချွေးမလောင်းမျိုးနဲ့ လာကြုံနေရတာလဲ… မိုးနတ်မင်းကြီး ရှင် မတရားဘူး… ဒီလို အသိုင်းအဝိုင်းမျိုးနဲ့ ဆက်ဆံရတာ တကယ့်ကို အကုသိုလ်ပဲ… သူတို့မှာ အခြေခံအကျဆုံး ယဉ်ကျေးမှုလေးဆိုတာတောင် မရှိကြတဲ့ဟာတွေ…”
“ နင် ဘာ စကားတွေ လျှောက်အော်နေတာ… ဘာလို့ ရုတ်တရက်ကြီး မတရားခံရတဲ့သူ ဖြစ်သွားတာလဲ .. ဟမ်…” ဟော်ယွမ်ယွမ် စိတ်ပျက်စွာ ပြောလိုက်ပြီး “ နင် အခု မကျေနပ်လို့ သေမယ်ဆိုလည်း သေလိုက်တော့ … ငြိမ်းငြိမ်းချမ်းချမ်းနဲ့သေလို့ရအောင် နင့်ဘေးက တစ်ယောက်ကိုပါ အဖော်ထည့်ပေးမယ်လို့ ကတိပေးတယ်…”
“ အစ်မယွမ်ယွမ်….”
ဟော်ယွမ်ယွမ်ကြောင့် ကော်နင်ယွဲ့ ထိတ်လန့်သွားခဲ့ရသည်။ ဟော်ယွမ်ယွမ်က တော်တော်လေး မဆင်မခြင်နိုင်သည်ကို သူမ သိပါသည်။ တစ်ခါတစ်ရံ သူမ၏ အစ်ကိုပါ အစ်မယွမ်ယွမ်၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
သို့သော် ယနေ့က သူမ၏ မင်္ဂလာနေ့ ဖြစ်ပြီး တစ်ဖက်သူက အကြီးအကဲလည်း ဖြစ်၏။ ယခုလို ပြုလုပ်သည်က မသင့်လျော်ဟု သူမ ခံစားနေရသည်။
သို့သော် ဟော်ယွမ်ယွမ်မှာမူကား များများစားစား အတွေးလွန်မနေချေ။
ဤကိစ္စတွင် သူမ၏ အတွေးတို့က ကျီချင်းရန်နှင့် တစ်သားတည်းကျသည်။ အကယ်၍ သူမသာ ဤအခွင့်အရေးကောင်းကို အရယူ၍ အနှီ မိန်းမတို့အား အစွယ်ချိုးမထားဘူးဆိုပါက ကော်နင်ယွဲ့ လက်ထပ်ပြီးသည့်နောက် သူမတို့က အာဏာပြလာကြလိမ့်မည်။
“ နင် … နင် အဲ့လို စကားမျိုးကို လွယ်လွယ် ပြောထွက်ရသလား….”
ချွီရှား အော်ဟစ်လိုက်ပြီး “ ငါ့လို လူကြီးတစ်ယောက်က နင့်လို မိန်းမငယ်လေး လက်ညိုးငေါက်ငေါက်ထိုးပြီး အနိုင်ကျင့်တာ ခံရပြီးမှတော့ ဂုဏ်သိက္ခာရှိရှိနဲ့ ဘယ်လိုဆက် အသက်ရှင်ရပါ့မလဲ….”
ဟော်ယွမ်ယွမ်သည် မိတ်ကပ်ဆရာ၏ မျက်ခုံးမွှေး တိဖြတ်သည့် ဘလိတ်ဓားကို သာမန်လျှံကာ ထုတ်၍ ချွီရှားထံ ပစ်ပေးလိုက်သည်။
“ အခုသေလိုက်… နင့် လက်ကောက်ဝတ်ကို လှီးပြီးမှသေ … မြန်မြန် … ဂုဏ်သိက္ခာရှိတဲ့ ဘဝတွေ ဘာတွေ ဒီမှာ လာပြီး အော်ဟစ်မနေနဲ့ … ရွံစရာ ကောင်းလွန်းလို့…”
“ အာ…. “
ကော်နင်ယွဲ့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတန်းဖော်သူငယ်ချင်းများ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
သူတို့အားလုံး သူမကို လက်မအကြီးကြီး ပေးလိုက်ကြ၏။
အစ်မကြီး ၊ နင်က အံ့မခန်းပဲ။
ချွီရှုလန်နှင့် ချွီရှားတို့လည်း ကြက်သေသေသွားခဲ့ကြသည်။ ဤသည်က သူမတို့၏ ပထမဆုံးအကြိမ် ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်လေသည်။
ရှေ့ဆက် ဘာလုပ်သင့်လဲဆိုတာကို သူမတို့ မသိကြတော့ချေ။
ချလပ် …
အဝတ်လဲခန်း တံခါးက အလျင်အမြန် တွန်းပွင့်လာပြီး ချွီမောင်နှမတို့ ဝင်လာခဲ့ကြသည်။
သူတို့ နောက်တွင်တော့ လင်းရီ၊ ကောင်းကျုံးယွမ်နှင့် တခြားသူများ လိုက်ပါလာသည်။
ချွီရွှမ့်ဟော်နှင့် ချွီပင်းကို မြင်တော့ ချွီရှားသည် ပို၍ သည်းထန်စွာပင် ငိုကြွေးပြတော့သည်။
“ ရွှမ့်ဟော် … နင်ကြည့်စမ်း … ဒါ နင် လက်ထပ်ယူမယ့် ဇနီးတဲ့… နင် ဒီလို လူစားမျိုးနဲ့ လက်မထပ်ရဘူး ..”
“ သူ ရိုက်လို့ နင့် တတိယဒေါ်လေး မျက်နှာ ဘယ်လိုတောင် ဖူးယောင်နေလဲ ကြည့်…. သူက နင့် အဒေါ်ကို နှစ်ပြား မတန်အောင်ကိုလည်း ဆဲထားသေးတာနော်… နင်သာ ဒီလို မိန်းကလေးမျိုးကို လက်ထပ်ယူလို့ကတော့ နောင်ကျ ချွီမိသားစုကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်တော့မှာ…”
သူတို့နှစ်ယောက်လုံး၏ စိတ်ထဲတွင် ဇာတ်အိမ်တစ်ခု တည်ဆောက်ထားပြီး ဖြစ်သည်။
မင်္ဂလာအခမ်းအနားကလည်း နောက်ဆုံးအဆင့်သာလျှင် ကျန်တော့ပြီး နှစ်ဦးလုံးကလည်း လက်ထပ်မှတ်ပုံ တင်ထားပြီး ဖြစ်သည်။ နစ်နာမည့် သူမှာ မိန်းကလေးဘက်က ဖြစ်၏။ ထို့ကြောင့် သူမဘက်က ကွာရှင်းဝံ့လိမ့်မည် မဟုတ်ချေ။
ထို့ပြင် ဤတစ်ကြိမ်တွင်တော့ သူမတို့ဘက်က မှန်သည်။ သူမတို့ တစ်ဖက်သူကို လုံးဝ မကြောက်ရွံ့ချေ။
“ ဒါဆိုလည်း လက်ထပ်နေစရာ မလိုဘူး …” ဟော်ယွမ်ယွမ်သည် ချွီရှုလန်အား လက်ညိုးထိုးလိုက်ပြီး “ နင်ထင်နေတာ နင်ယွဲ့က မိဘမဲ့ ဂေဟာက လာတာနဲ့ပဲ ဒီလိုစကားမျိုးကို ကြောက်မယ်ထင်နေလား … နင် အတွေးလွန်နေပြီ…”
လင်းရီ ဘာမျှ မပြောပေ။ သူ ကျီချင်းရန်နှင့် ကော်နင်ယွဲ့ကို ကြည့်လိုက်တော့ သူမတို့လည်း စကားဝင်မပြောကြသည်ကို သတိပြုမိလိုက်၏။ နင်ယွဲ့၏ သူငယ်ချင်းများပင် ဘာစကားမျှ ဝင်မပြောကြချေ။ ဤမိန်းမ နှစ်ယောက်က ဒီလာပြီး နောက်တစ်ကြိမ် ပြဿနာ လာရှာထားဟန်ပင်။
“ ယွမ်ယွမ် … ဘာတွေ ဖြစ်နေတာလဲ…” ကောင်းကျုံးယွမ် ရောက်လာပြီး မေးသည်။
“ ခုလေးတင်ပဲ ဒီမိန်းမ နှစ်ယောက်က ရောက်လာပြီး နင်ယွဲ့ရဲ့ ဗီလာကို သူ့ ခမည်းခမက် နာမည်နဲ့ လွှဲစေချင်တယ်တဲ့လေ… သူပြောတာ နင်ယွဲ့ပိုင်တဲ့ ဥစ္စာမှန်သမျှ ချွီမိသားစု ပိုင်တယ်တဲ့…” ဟော်ယွမ်ယွမ်မှာ ရင်ဘက်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်သည်အထိ ဒေါသထွက်နေပြီး “ ဒီလို အပေါစား လှည့်ကွက်လေးကိုတောင် ငါတို့က မမြင်နိုင်လောက်အောင် လူကို တုံးအတယ်များ ထင်နေလား မသိဘူး …”
“ ရှင်တို့ အဲ့လို လုပ်ခဲ့ကြတယ်ပေါ့…”
ရှောင်ပင်း၏ အော်ဟစ်သံက သူတို့နှစ်ယောက်လုံးကို တုန်ယင်သွားစေခဲ့သည်။
“ ငါတို့လုပ်နေတာက ချွီမိသားစု ကောင်းဖို့ပဲ… ငါတို့က သူနဲ့ ကျိုးကြောင်းသင့်ပြီး စကား. . . . . . . . . “
ဖြန်း
ဖြန်း
ချွီရွှမ့်ဟော်၏ ဖခင်က မပြောမဆိုနှင့် ချွီရှုလန်နှင့် ချွီရှားကို ပါးရိုက်လိုက်သည်။
“ ခုကစပြီး ငါတို့ ချွီမိသားစုမှာ မင်းတို့လို ဆွေမျိုး မရှိတော့ဘူး .. ထွက်သွားစမ်း …”
“ ဒုတိယ အစ်ကို….”
“ ထွက်သွား …”
ချွီရွှမ့်ဟော် ဖခင်၏ ငေါက်ငမ်းမှုအောက်တွင် သူတို့နှစ်ယောက်နှင့် သူတို့နှင့် ပါလာသည့် ဆွေမျိုးများ အားလုံး ဟိုတယ်ကနေ စိတ်ပျက်အားလျော့စွာ ထွက်ခွာသွားခဲ့ကြသည်။
ချွီမိသားစုက လင်းရီနှင့် ကော်နင်ယွဲ့ကို တစ်ဖန် ပြန်တောင်းပန်ပြီး မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပဖို့ တောင်းဆိုသည်။ သို့သော် ယခုလေးတင် ဖြစ်သွားခဲ့သည်များကို မေ့လျော့ရန် အချိန်အတော်တော့ ပေးရလိမ့်မည်။
“ အဲ့ မိန်းကလေးက သိပ်ကြမ်းတာပဲနော်… ချွီမိသားစုကို သူ တစ်ယောက်တည်း အလဲထိုးပစ်လိုက်တယ်…” ကော်နင်ယွဲ့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ကျောက်ရူက ပြောလိုက်သည်။
“ ငါသိတယ် ငါသိတယ်…” ကျန်းရာ ပြောလိုက်ပြီး “ အဲ့ ညီမ နာမည်က ဟော်ယွမ်ယွမ်တဲ့ … သူက လင်းယွင်အုပ်စုရဲ့ CFO လေ… ငါတို့လို ဘဏ္ဍာရေးဌာနမှာ အလုပ်လုပ်တာ…”
“ မဖြစ်နိုင်တာ … သူက အဲ့လောက် အသက်ငယ်ငယ်လေးနဲ့ CFO ဖြစ်နေပြီပေါ့…”
“ ဒါပေမယ့် သူက တကယ်လည်း တော်တယ်လေ… ရန် တက္ကသိုလ်ကနေ PhD ဘွဲ့ရထားတယ်…. ငါ နင်ယွဲ့ဆီက ပြောသံကြားတာတော့ သူက အရွယ်အစား အမျိုးမျိုးနဲ့ ဘဏ်အကောင့် သောင်းချီကို နှစ်တိုင်း ကိုင်တွယ်ရတယ်ဆိုပဲ … သူကိုင်နေရတဲ့ ငွေက ယွမ် ဘီလီယမ် ရာချီရှိတယ်... စက်မှုနဲ့ ကုန်သွယ်ရေး ဗျူရိုဆိုလည်း သူ့ကို လုံးဝ အမှားရှာလို့မရတာ … တကယ်ကြီး အံ့ဩဖို့ကောင်းတယ်… သူနဲ့ယှဉ်လိုက်ရင် ငါတို့က ကမ္ဘာကြီးလောက် ခြားနေသလိုပဲ…”
“ အကောင့်ပေါင်း သောင်းနဲ့ချီ….”
“ ဘီလီယမ် ရာနဲ့ချီ… ဘယ်လိုတောင် ကြမ်းလိုက်သလဲ…”
“ ဒါက ဘာမှမဟုတ်သေးဘူး… ခုနတင် သူ့နားရပ်နေတဲ့ ကောင်လေးကလည်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူ တစ်ယောက်ပဲလေ … သူ့မှာလည်း ပိုင်ဆိုင်မှုတွေက ဘီလီယမ်နဲ့ချီပြီးကို ရှိတာ … သူလည်း နင်ယွဲ့အစ်ကိုရဲ့ သူငယ်ချင်းကောင်းပဲလေ…”
“ အယ်တော် ဟုတ်ပါ့ … ငါ အခုမှ သေချာသတိထားမိတယ်… နာမည်ကြီး ချင်းဟန်လည်း ဒီရောက်နေတာပဲ… နင်ယွဲ့အစ်ကိုက လုံးဝ အမေးဇင်းပါလား…”
မုန်တိုင်း အသေးအမွှားလေး ဖြစ်ပွားပြီးနောက် မင်္ဂလာပွဲကို ချောချောမွေ့မွေ့နှင့် ဆက်လက်လုပ်ဆောင်လေသည်။ ဧည့်သည်ရော အိမ်ရှင်ပါ နှစ်ဦးလုံးက ပျော်ရွှင်နေခဲ့ကြ၏။
သို့သော် အခမ်းအနားပြီးနောက် လင်းရီသည် ဘာတစ်ခုမျှ စားသောက်ခြင်း မရှိပါဘဲ ထွက်ခွာသွားခဲ့သည်။
ကျီချင်းရန် ၊ ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့ကလည်း သူ့နောက်ကနေ လိုက်လာသည်။ သူတို့ကလည်း ခံစားချက်ကင်းမဲ့သည့် စက်ရုပ်များ မဟုတ်ကြသဖြင့် ဝေဖန်ခြင်းမျိုး မပြုခဲ့ကြချေ။ မည်သို့ပင် ဆိုစေ သူ၏ တစ်ယောက်သော ညီမက လက်ထပ်သွားပြီး ……. ဟင်းလျာတို့က မည်မျှပင် စားကောင်း သောက်ကောင်း ရှိစေကာမူ စိတ်ထဲ မသက်မသာ ခံစားနေရမည်မှာ သေချာသလောက်ပင်။
လူတိုင်းက မိဘမဲ့ဂေဟာထံ မောင်းနှင်လာခဲ့ကြသည်။ မထွက်ခွာမီ သူတို့တွေ ဤနေရာ၌ ခဏနေရစ်ဖို့ စီစဉ်ထားကြ၏။
လင်းရီ ထွက်ခွာသွားခဲ့ပြီမှန်း သတိပြုမိတော့ ဝမ်ချွေ့ပင်းလည်း အလျင်အမြန် ပြန်လာခဲ့ပြီး လင်းရီအတွက် ရိုးစင်းသည့် ဟင်းတစ်ချို့ ပြုလုပ်ပေးကာ ဗိုက်ဖြည့်စေသည်။
“ ဥက္ကဌလင်း … တုံးစန်းကောင်တီက လုပ်ငန်းတွေအားလုံး စတင်လည်ပတ်တော့မှာ… ကျုပ်အခု အထူးသီးသန့် အင်တာဗျူးတစ်ခု ပြင်ဆင်နေတာ… ဒီရက်ပိုင်းတွေမှာ ဥက္ကဌလင်း အချိန်ရမလား မသိဘူး …” စားနေစဉ် ချီရှန်းကျောက်က မေးလိုက်သည်။