သေချာစဉ်းစား
Vol. 102 Ch. 1525
“ ကျုပ်တို့က ခုမှ စပြီး ပျော်လို့ကောင်းတုန်း ရှိသေးတာကို ဒါရိုက်တာရန်က ပြန်တော့မလို့လား..”
ပြောလိုက်သူက သက်လတ်ပိုင်း လူကြီး တစ်ဦးဖြစ်သည်။ သူက ပုံမှန် စားနေကြ ကြောင်ပါးကြီး တစ်ကောင်၏ ကိုယ်လုံးကိုယ်ပေါက် ပိုင်ရှင် ထိပ်ပြောင်ပြောင်နှင့် ဝဖိုင့်ဖိုင့် လူကြီးပင်။ သူ၏ ပုံစံကို ကြည့်ရုံမျှဖြင့် မည်မျှ ကြွယ်ဝ အောင်မြင်နေကြောင်း သိသာလှ၏။ သိုဝှက်ချင်လျှင်ပင် သူ့ဗိုက်က ခွင့်မပြုဘဲလေ။
ထိုအမျိုးသား၏ နာမည်က ချိန်ခဲ့ ဖြစ်ပြီး ရန်ကျင်း ၊ လျန်ယင် အုပ်စု၏ ဒုဥက္ကဌနှင့် တတိယအကြီးဆုံး ရှယ်ယာပိုင်ရှင် တစ်ဦး ဖြစ်သည်။
လက်ရှိ ရုပ်ရှင်အသိုင်းအဝိုင်းက ဝမ်သ၏ ပုံရိပ်ကိုသာ သိကြသော်လည်း ချိန်ခဲ့၏ လျန်ယင် အုပ်စုက ဟွာရှ ရုပ်ရှင် စီးပွားရေး၏ ဒုတိယ အကြီးဆုံး အုပ်စုကြီး ဖြစ်သည်။ ၎င်း၏ မားကတ်ရှယ်ယာကလည်း ဝမ်သ ထက် မလျော့နည်းချေ။
ချိန်ခဲ့ အဖို့ကတော့ ရုပ်ရှင်နဲ့ တယ်လီဗေးရှင်း နယ်ပယ်တွင် ဒိတ်ဒိတ်ကျဲ တစ်ဦးဟု ယူဆ၍ ရ၏။ သူနှင့် စားပွဲတစ်ခုတည်း အတူထိုင်နိုင်သူတို့က နယ်ပယ်တွင်း ထင်ပေါ်ကျော်ကြားသူများသာ ဖြစ်ကြသည်။
ဤလူများ၏ ရုပ်ရည်ကြန်အင် လက္ခဏာက ကိုးကွယ်ချင်စရာ မရှိသော်လည်း လူမှုအဖွဲ့အစည်း အတွင်းရှိ အဆင့်အတန်းကတော့ တပါးသူတို့ထက် သာလွန်လှသည်။ နှိုင်းယှဉ်ရမည် ဆိုပါက ရန်စီသည် ဤလူအုပ်စုနှင့် သိသိသာသာ ကွဲထွက်နေသည်။
အကယ်၍ မည်သူကမျှ သူမကို အထူးဂရုစိုက်ခြင်း မရှိခဲ့ပါက ယနေ့ ညစာစားပွဲသို့ တက်ရောက်ရန် နောင် သုံးလေးနှစ်အထိ အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ချေ။
“ ဒီတိုင်း ကျွန်မ ချစ်သူက လာကြိုမယ် ဆိုလို့ပါ… မဟုတ်ရင် ဥက္ကဌချိန်နဲ့ နောက် သုံးလေးခွက်လောက် ပိုသောက်ပေးပါတယ်…”
“ ဒါရိုက်တာရန်က လတ်တလော ရုပ်ရှင်ဇာတ်ကားသစ်မှာ ရင်းနှီး မြုပ်နှံထားတယ်မလား … ကျုပ်တို့ အဲ့ဒီ ဇာတ်ကားအကြောင်း ဆွေးနွေးကြတာပေါ့ … ကျုပ်လည်း အဲ့ရုပ်ရှင်ကို တော်တော် စိတ်ဝင်စားနေတာ … ပြန်ရမယ့် အကျိုးအမြတ်က မသေးလောက်ဘူး …” ချိန်ခဲ့ ပြောလိုက်ပြီး “ တကယ်လို့ ခုချိန် ထွက်သွားရင်တော့ ကျုပ်တို့ ဒီအကြောင်း ဆွေးနွေးနိုင်မှာ မဟုတ်တော့ဘူးနော်…”
ချိန်ခဲ့၏ စကားထဲတွင် မသိမသာ အရိပ်အမြွက်ပေးနေသည့် စကားလုံးတို့က အများအပြားပင်။ ရှိနေကြသည့် လူတိုင်းက ထက်မြက်လှပြီး ချက်ဆိုသည်နှင့် နားခွက်က မီးတောက်ပြီး ဖြစ်၏။
ထိုစကားက ရန်စီကြားစေရန် တမင်ရည်ရွယ် ပြောမှန်း သိသာလှသည်။ အကယ်၍ သူမသာ ထွက်ခွာသွားမည် ဆိုပါက သူမ၏ ရုပ်ရှင်သည် ရုပ်ရှင်ရုံများ၌ ပြသရန် အခွင့်အရေး မရှိတော့သလောက် ဖြစ်လိမ့်မည်။
ယနေ့ ညစာစားပွဲသို့ ရန်စီကို ခေါ်လာသည့်လူက စွန်းချင်ဖြစ်၏။ သူက နယ်ပယ်တွင်း ကျော်ကြားသည့် ရင်းနှီးမြုပ်နှံသူ တစ်ဦးဖြစ်ပြီး နှစ်ယောက်မှာ တသီးတသန့် ဆက်ဆံရေး တချို့ ရှိထားကာ အရမ်းကြီး ရင်းနှီးနေသည်မျိုးလည်း မဟုတ်ချေ။
သူ ယနေ့ သူမကို ခေါ်လာခဲ့ခြင်းက ချိန်ခဲ့၏ ရန်စီအပေါ် အထူးစိတ်ဝင်စားမှုကြောင့် ဖြစ်ပြီး သူမ၏ ပုံရိပ်ကို မေ့မရနိုင်ကာ အဆုံး၌ စွန်းချင်ကို ယနေ့ ညစာစားပွဲသို့ ရန်စီအား ဖိတ်ကြားပေးရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ရန်စီ မျက်မှောင်ကြုတ်လိုက်၏။ အခြားသူများလည်း ညစ်ညမ်းသည့် ပြက်လုံးများကို မပြောမဟုတ် ၊ ပြောကြသော်လည်း ဤ ချိန်ခဲ့က ပိုပြီး ရဲတင်းလှသည်။ ၎င်းက ဤလူသည် သူမ အပေါ် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ချို့ ရှိသည်ဟု ခံစားရစေပြီး ရည်ရွယ်ချက်ရှိရှိ ခပ်ဝေးဝေးကနေရန် မသိစိတ်က ပြောကြားနေတော့၏။
သို့သော် တစ်ဖက်သူ၏ နယ်ပယ်တွင်း အဆင့်အတန်းကြောင့် အဆိုပါ မသိမသာ အရိပ်အမြွက်များအား မသိချင်ယောင် ဆောင်ရုံမျှ တတ်နိုင်တော့သည်။
အခြားတစ်ဖက်တွင်တော့ သူမက အများအပြား သောက်ထားပြီး အသိစိတ်တို့ကလည်း ဝေဝါးစ ပြုလာနေသည်။ အကယ်၍ ဆက်သောက်နေဦးမည် ဆိုပါက အခြေအနေတို့ ဆိုးရွားသွားလိမ့်မည်။
“ ကျွန်မ တကယ့်ကို တောင်းပန်ပါတယ် ဥက္ကဌချိန်… ကျွန်မ ချစ်သူ တကယ်ကြီး လာကြိုနေပြီမို့ပါ… ဒီနေ့တော့ တောင်းပန်ရုံပဲ တတ်နိုင်တော့တယ်…”
ရန်စီက သူ၏ ခြိမ်းခြောက်မှုကို မကြောက်ရွံ့သွားသည်အား မြင်တော့ စားပွဲဝိုင်းရှိ လူတို့ စကား သိပ်မပြောကြတော့ချေ။ သူတို့အားလုံးက ဘေးဘီကို အကြည့်လွှဲ၍ မကြည့်ချင်ယောင် ဆောင်နေကာ ဤကိစ္စတွင် ဝင်ပါပတ်သက်လိုသည့် ရည်ရွယ်ချက်လည်း မရှိချေ။
ချိန်ခဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ရန်စီက ထိုသို့ ပေးလာသည့် အခွင့်အရေးကို ပုတ်ချတတ်သည့် လူစားမျိုး ဖြစ်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ခေ။
သူ မကျေမနပ် ဖြစ်သွားသော်လည်း လွယ်လွယ်နှင့် လက်လျော့ရိုး ထုံးစံ သူ့တွင် မရှိချေ။
ဖျော်ဖြေရေး နယ်ပယ်ရှိ တက်သစ်စ မနူးမနပ် ကောင်မလေးများအား သုံးဆောင်တော်မူရသည်ကို သူ တော်တော်လေး ငြီးငွေ့နေပြီ။ ရန်စီကဲ့သို့ ရင့်ကျက်ပြီး ကိုယ်လုံးကိုယ်ပေါက်လည်း တောင့်တင်း ၊ ထူးခြားသည့် အရှိန်အဝါ တစ်ရပ်ကို ပိုင်ဆိုင်ထားသည့် သူမကသာ သူ့အကြိုက် ပုံစံ ဖြစ်၏။
မကြာမီ ချိန်ခဲ့၏ မျက်လုံးတို့ ရွေ့လျားသွားပြီး “ အဲ့လိုလား …ဒါရိုက်တာရန်ရဲ့ ချစ်သူက ဘယ်နေရာမှာ စောင့်နေတာလဲ မသိဘူး …”
“ သူက အောက်ခန်းမမှာ …” ရန်စီ များများစားစား အတွေးလွန်မနေဘဲ အမှန်အတိုင်း ဖြေလိုက်၏။
“ ဒါဆိုလည်း လောစရာ မလိုပါဘူး … ဒီ သုံးလေးမိနစ်က ဘာများ ထူးခြားသွားမှာမို့လို့…” ချိန်ခဲ့ ပြောလိုက်ပြီး “ စားပွဲပေါ်မှာ ဝိုင်နီက တစ်ဝက်လောက် ကျန်တော့တာ မပြန်ခင် အပြတ်ဖြတ်သွားလည်း နောက်မကျပါဘူး …”
ချိန်ခဲ့က ပြောလာပြီဖြစ်ရာ ရန်စီလည်း အံကို တင်းတင်းကြိတ်လိုက်၏။ သူမ၏ အရက်သောက်နိုင်စွမ်းဖြင့် ထိုပုလင်းဝက်က ဘာမျှမဟုတ်ဟု ယုံကြည်သည်။
ထို့ပြင် လင်းရီကလည်း အပြင်တွင် ရှိနေဆဲ ဖြစ်သည်။ သူမ စိုးရိမ်စရာ ဘာအကြောင်းပြချက်မျှ မရှိချေ။
“ ဒါဆိုလည်း ကျွန်မ သူ့ကို ဖုန်းဆက်ပြီး ခဏစောင့်ခိုင်းထားဦးမယ်…”
“ ကောင်းပြီ… ကျုပ်လည်း သန့်စင်ခန်း ခဏသွားဦးမယ်…”
ထိုသို့ ပြောပြီးနောက် ချိန်ခဲ့ စီးကရက် တစ်လိပ်ကို မီးညှိ၍ တံခါးကို တွန်းဖွင့်ကာ သီးသန့်ခန်းထဲက ထွက်ခွာသွားခဲ့သည်။
ချိန်ခဲ့ ထွက်လာသည်ကို မြင်တော့ ဘေးတွင် နားနေသည့် ဒရိုင်ဘာက သူ့ထံ ရောက်လာသည်။
ဒရိုင်ဘာက ချိန်ခဲ့၏ ဆင်ခန္ဓာ ဝက်ကိုယ်လုံးနှင့် ဆန့်ကျင်ဘက် တုတ်ချောင်းလို လူစားမျိုးပင်။ သူ့နာမည်က မာကျင်းစုန့် ဖြစ်ပြီး ချိန်ခဲ့၏ ဒရိုင်ဘာနှင့် ဘော်ဒီဂတ် ဖြစ်သည်။
“ ဥက္ကဌချိန်… ပြန်တော့မှာလားခင်ဗျ…. ကျုပ် ကားသွားပြင်ဆင်ထားလိုက်တော့မယ်…”
“ မလိုသေးဘူး ..” ချိန်ခဲ့ ပြောလိုက်ပြီး “ အောက်က ခန်းမကိုသွားပြီး လူတစ်ယောက် သွားရှာပေး .. သူက ရန်စီရဲ့ ချစ်သူ … နှစ်ဆယ်ကျော် သုံးဆယ် အစောပိုင်းလောက် ရှိဦးမယ်နဲ့တူတယ်… သူ ရုပ်ရည်က တော်တော်ကြည့်ကောင်းမှာ ကျိန်းသေတယ်… မင်းသူ့ကို တွေ့ရင် ချက်ချင်း မောင်းထုတ်လိုက်… ဒီမှာ မျက်နှာ လာမပြစေနဲ့ …”
“ ဟုတ်ကဲ့… ကျုပ်နားလည်ပြီ…”
တာဝန်ပေးပြီးနောက် ချိန်ခဲ့သည် သန့်စင်ခန်းသို့ ထွက်သွားပြီး မာကျင်းစုန့်က အောက်ထပ်သို့ သွားကာ သူဌေး ရှာခိုင်းသည့်လူကို လာရှာသည်။
အောက်ထပ်တွင် မာကျင်းစုန့်သည် ခန်းမကြီး တစ်ခုလုံးကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး စောင့်ဆိုင်းသည့် နေရာတွင် ထိုင်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးလုံးက သူဌေး ပြောသည့် လိုအပ်ချက်တို့နှင့် ကိုက်ညီနေသည်။
တဒင်္ဂမျှကြာအောင် မည်သူက ရန်စီ၏ ကောင်လေးလဲဆိုတာ သူ မဆုံးဖြတ်နိုင် ဖြစ်သွားခဲ့သည်။ မသိစိတ်အလျောက် အနောက်တိုင်း ဝတ်စုံနှင့် သပ်သပ်ရပ်ရပ်ရှိသည့် ကောင်လေးထံ ချဉ်းကပ်လာပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။
“ တစ်စိတ်လောက်ပါ … ဒီက ရန်စီရဲ့ ချစ်သူလား မသိဘူး …”
ကော်ဖီသောက်နေသည့် အမျိုးသားမှာ သီးမလို ဖြစ်သွားခဲ့၏။ သူ မသိသည့် တစ်စုံတစ်ယောက်က ထိုသို့ ကျပန်းမေးခွန်း မေးလာလိမ့်မည်လို့ ထင်မထားခဲ့ချေ။ စက္ကန့်အနည်းငယ် ကြာတော့မှသာ တုံ့ပြန်နိုင်ပြီး ခေါင်းခါရမ်းလိုက်၏။
“ မဟုတ်ဘူး .. ခင်များ လူမှားနေပြီ…”
“ ဟုတ် ဟုတ် .. နှောင့်ယှက်မိပြီ…”
မာကျင်းစုန့် အလိုအလျောက် လင်းရီအား ကြည့်မိသွားခဲ့သည်။ လင်းရီလည်း သူ့ကို ပြန်ကြည့်၏။
“ ဒီက မိတ်ဆွေလေးက ဒါရိုက်တာရန်ရဲ့ ချစ်သူလား မသိဘူး …”
လင်းရီ မာကျင်းစုန့်ကို အစုံအဆန် ကြည့်ရှုလိုက်ပြီး “ ကျုပ်ကို ဘာကိစ္စ ရှိလို့ ရှာနေတာ…”
“ ဒီလိုပါ … ဒါရိုက်တာရန်က တစ်ခု ပြောခိုင်းလိုက်လို့ပါ… သူ လုပ်စရာလေးရှိလို့ ခဏလောက် ထွက်သွားနိုင်ဦးမှာ မဟုတ်ဘူးတဲ့ … အဲ့တာကြောင့် အရင်ပြန်နှင့်လိုက်ပါတဲ့ …”
“ အရင်ပြန်ရမယ်… ဟုတ်လား …”
“ ဟုတ်တယ်.. ဒါရိုက်တာရန်က အဲ့လို ပြောခိုင်းလိုက်လို့ပါ…”
လင်းရီ၏ မသိစိတ်က တစ်ခုခုတော့ မူမမှန်နေပြီကို စကားပြောလာသည်။
ရန်စီက သူ့ကို ဖုန်းခေါ်ပြီး ခေတ္တ စောင့်ပေးရန်နှင့် အများဆုံး မိနစ် ၂၀ အတွင်း ရောက်လာခဲ့မည် ဟူ၍ပင်။
သို့သော် သူ့အားပြန်သွားဖို့တော့ မပြောပေ။
လင်းရီ၏ အမူအရာမှာ ရုတ်ချည်း တင်းမာသွား၏။
“ ငါက မင်းစကားကို ဘာကိစ္စယုံရမှာ … ငါ့သူ့ဆီ ဖုန်းဆက်မေးကြည့်မယ်…”
လင်းရီ သူ၏ ဖုန်းကို ထုတ်၍ ဖုန်းခေါ်တော့မည့် အချိန်တွင်ပဲ မာကျင်းစုန့်က လက်ကို ရုတ်တရက် လာကိုင်သည်။
“ မိတ်ဆွေလေး … မင်းရဲ့ မိန်းကလေးက ဒီလိုပြောပြီးမှတော့ ဘာလို့ ဖုန်းဆက်ပြီး မေးနေဦးမှာ… ခု ပြန်သွားလိုက်တော့ … ဒါရိုက်တာရန်က မင်းဆီ နောက်ကျ ပြန်ဆက်သွယ်လာလိမ့်မယ်…”
“ မင်းငါ့ကို ခြိမ်းခြောက်နေတာလား…”
“ မဟုတ်ပါဘူး …” မာကျင်းစုန့် ပြောလိုက်ပြီး “ ဒီတိုင်း ငါ့သူဌေးက ဒါရိုက်တာရန်နဲ့ ဆွေးနွေးစရာ ကိစ္စလေး ရှိလို့ သူ ခဏလောက်တော့ ထွက်လာနိုင်ဦးမှာ မဟုတ်ဘူး … သူတို့ ဆွေးနွေးပြီးမှဆိုရင် ည သိပ်ညဉ့်နက်သွားလိမ့်မယ်… ဒီတော့ အခု မင်း ပြန်လိုက်တော့ …”
“ ငါ မပြန်ဘူးဆိုရင်ကော …”
မာကျင်းစုန့် စိုးရိမ် တုန်လှုပ်သွားခြင်း မရှိချေ။ ယခုလို ဖြစ်ပျက်မည်ကို သူ ကြိုတင်၍ မျှော်လင့်ထားပြီး ဖြစ်ဟန်ပင်။
“ မင်း မပြန်ချင်ဘူးဆို အပြင်ထွက်ပြီး စကားကောင်းကောင်း ပြောကြတာပေါ့ … ဒီနေရာက လူမြင်ကွင်းကြီးမှာ … ငါတို့ ဒီနေရာမှာ စကားပြောလို့ မကောင်းဘူး …”
“ ဒါဆိုလည်း သွားကြတာပေါ့ ..”
လင်းရီ အလျင်လိုမနေပေ။ ရန်စီက သူ့ကို နည်းနည်းကြာကြာ စောင့်ခိုင်းထားသဖြင့် ဤကောင်နှင့် အရင်ကစားရန် ဆုံးဖြတ်ထားသည်။
နှစ်ယောက်သား ဟိုတယ်ထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး ဟိုတယ်နောက်ရှိ ကားပါကင်ထံ ရောက်လာသည်။
ထိုအတောအတွင်း မာကျင်းစုန့်သည် ချိန်ခဲ့ထံ စာပို့၍ ဖြေရှင်းပြီး ဖြစ်ကြောင်း ပြောလိုက်သည်။
“ မိတ် . . . . . .”
မာကျင်းစုန့် စကား မစမီ လင်းရီ၏ ဓားမြောင်က သူ၏ လည်ပင်းကို ထောက်ထားပြီး ဖြစ်နေသည်။
“ မင်း ငါ့ကို ဘာပြောချင်လဲ… မပြောခင် သေချာ စဉ်းစားပြီး ပြောတာ ကောင်းမယ်…”