← Chapters

ကြမ်းမယ့် တိုက်ပွဲ

Vol. 102 Ch. 1527

ကြမ်းမယ့် တိုက်ပွဲ

Vol. 102 Ch. 1527

လင်းရီ၏ စကားတို့က လူတိုင်းကို ရှော့ခ်ရသွားစေခဲ့သည်။

အာဏာဆိုတာ ဘာလဲ။ စစ်မှန်တဲ့ စွမ်းအားပဲ။

ကြီးစိုးနိုင်လွန်းတယ်။

လုံးဝ ကျိုးကြောင်းညီညွှတ်ခြင်းလည်း မရှိဘူး။

ထိုအခိုက်အတန့်တွင် ချိန်ခဲ့သည် ကြောက်ရွံ့မှုဟူသည့် ခံစားချက်ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့တော့သည်။

ထို့ပြင် ၎င်းက သူ့ နှလုံးသား အောက်ခြေကနေ ပေါ်ထွက်ပေါက်ဖွားလာသည့် အရာလည်း ဖြစ်၏။

သူ့ကိုယ်သူ အထင်ကြီးဖို့ ကောင်းကာ လုပ်ချင်တာ လုပ်၍ ရပြီဟု သွေးနားထင် ရောက်ခဲ့ဖူးသည်။ သို့သော် ယခု သူ့ရှေ့ရှိ ဤလူငယ်လေးနှင့် နှိုင်းယှဉ်သော် သူကား ဘာမျှ မဟုတ်သည့် အသေးအမွှား ယင်ကောင်လေး တစ်ကောင်မျှပင် ဖြစ်လေသည်။

“ ဥက္ကဌလင်း … ငါ မှားမှန်းသိပါပြီ… ကျေးဇူးပြုပြီး နောက်တစ်ကြိမ်… အခွင့်အရေး နောက်တစ်ကြိမ်ပဲ ပေးပါ … ငါ ဘယ်တော့မှ ဒီလို မလုပ်တော့ပါဘူး … ကောင်းတဲ့ အလုပ်တွေပဲ လုပ်ပါတော့မယ်…”

“ နောက်ကျလွန်းသွားပြီ…”

လင်းရီသည် သူ၏ ခြေထောက်ကို မြှောက်၍ ချိန်ခဲ့၏ ကိုယ်ကို ဘောလုံး တစ်လုံးကဲ့သို့ အဝေးသို့ ကန်ထုတ်ပြီး လျစ်လျူရှုထားလိုက်တော့သည်။

“ သွားစို့ …”

လင်းရီ တခြား ဘာမျှ မပြောသွားချေ။ ရန်စီ၏ ခါးကိုသာ ဖက်ရင်း ဟိုတယ်ထဲက ထွက်လို့လာသည်။

သို့သော် စွန်းချင်နှင့် ကျန်သူများအားလုံးမှာ တုန်လှုပ်နေလျက် ရှိဆဲပင်။

လင်းရီက ချိန်ခဲ့ကို မည်သို့မည်ပုံ ကိုင်တွယ်မည်အား ထုတ်မပြောသွားခဲ့သော်ငြား အမြင်မကန်းသည့်လူတိုင်း ချိန်ခဲ့ အဆုံးသတ်ပြီကို သိကြသည်။

သူ့အဖို့ ဤနယ်ပယ်ထဲတွင် ရှင်သန် အသက်ရှင်ဖို့ မည်သို့မျှ မဖြစ်နိုင်တော့ချေ။ ဒင်းက နဂါးတစ်ကောင်၏ ရတနာကိုမှ သွားထိခဲ့မိလေခြင်းပင်။

“ နင့်ကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်ဟာ…” ကားထဲသို့ ဝင်ပြီးနောက် ရန်စီ ရှက်ရွံ့စွာ ပြောလိုက်၏။

“ အဲ့တော့လည်း ထုံးစံအတိုင်း … မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ပြီး ပေးဆပ်ပေါ့…”

ပြောရင်းဖြင့် လင်းရီသည် ရန်စီကို ဘူးတစ်ခု ကမ်းပေးလိုက်၏။

“ သောက်လိုက် … နေလို့ ပိုကောင်းသွားလိမ့်မယ်…”

“ ဟင် …”

လင်းရီ ကမ်းလာသည့် ဆေးနှင့် ရေသန့်ကို မြင်တော့ ရန်စီ ပျော်မြူးသွားခဲ့၏။

“ ခန္ဓာကိုယ်နဲ့ ပေးဆပ်မယ့်အကြောင်းကို နောက်တစ်နေ့မှ ပြောကြတာပေါ့ … ငါ ဒီနေ့ အခြေအနေဆိုးနေတာ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွတော့ မတတ်ဘဲ…” ရန်စီ နဖူးအား ထိန်းထားရင်း ပြောလိုက်ပြီး “ နင့်ကိုပါ ညဉ့်နက်တဲ့ထိ နှိပ်စက်ခွင့် ပေးထားလိုက်လို့ကတော့ နောက်ရက်ထိ အသက်ရှင်နိုင်ဖို့ကိုတောင် စိုးရိမ်ရတယ်…”

“ ငါက သူများ အန္တရာယ် ရှိနေတဲ့ချိန် အခွင့်ကောင်း ယူတတ်တဲ့ လူစားမျိုးလား ..” လင်းရီ ပြောလိုက်ပြီး “ မင်းပြန်ကောင်းလာတဲ့ အချိန်ကျ ဘယ်သူက ပိုသန်မာလဲ ကြည့်ကြတာပေါ့ …”

“ ကျစ် … တို့ အမျိုးသမီးတွေက ရေနဲ့ လုပ်ထားတာနော်… ဘာလို့ နင့်ကို ကြောက်ရမှာလဲ…”

“ မင်းရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို သဘောကျတယ်… မင်းရဲ့ သက်သေပြချက် မှန်မမှန်ကို သုံးလေးကြိမ်လောက် တိုက်ခိုက်ပြီး စစ်ဆေးကြည့်ရမယ်…”

“ ဟွန့် … အဲ့ချိန်ကျ နင် လမ်းလျှောက်ရင် ဒူးတွေ တုန်ပြီး နံရံကို အားကိုးပြီး လမ်းလျှောက်ရပါလိမ့်မယ်.. ကြည့်နေလိုက် ....”

ကားထဲတွင် အချင်းချင်း ခေတ္တ စနောက်ပြီးနောက် လင်းရီသည် ရန်စီကို အိမ်သို့ ပြန်လိုက်ပို့လိုက်သည်။

ကမ်းပေးလာသည့် ဆေးကို သောက်ပြီးနောက် ရန်စီ၏ အခြေအနေသည် သိသိသာသာ ကောင်းမွန်လာသည်။ ထို့ကြောင့် သူမ၏ အိမ်တွင် အချိန်ကြာအောင် မနေခဲ့ချေ။

သူမ၏ အလုပ်အကြောင်းနှင့် ပတ်သက်၍လည်း လင်းရီ စကားမဟခဲ့ချေ။

ရန်စီ၌ သူမ၏ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းနှင့် သူမ၏ ကိုယ်ပိုင် အိုင်ဒီယာတို့ ရှိသည်။ ထို့ကြောင့် သူမကို များများစားစား မကူညီပေးလိုချေ။ အချိန်ယူ၍ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာစေချင်သည်။

ရန်စီကို လိုက်ပို့ပေးပြီးနောက် ည ၁၁ နာရီပင် ကျော်နေပြီး လင်းရီ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ ရေချိုးခန်းထဲ၌ ရေများ ကျဆင်းနေသည့် အသံကို ကြားနေရပြီး ကျီချင်းရန်မှာ ရေချိုးနေဟန်ပင်။ ကြည့်ရသည်မှာ သူမ အိပ်ယာဝင်ဖို့ ပြင်ဆင်နေပုံရ၏။

ချလပ် …

“ အား …”

ရေချိုးခန်းတံခါးကို လင်းရီ သာမန်လျှံကာ ဖွင့်လိုက်၏။

ကျီချင်းရန်မှာ မသိစိတ်အလျောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ပြစ်မျိုးမဲ့မထင် ခန္ဓာအား တဘက်နှင့် အလျင်အမြန် ကာထားလိုက်သည်။

“ နင် နှာဘူးလား … ဒီမှာ လူတစ်ယောက်လုံး ရေချိုးနေတာကို နင် မသိဘူးလား…”

“ မင်း ရေချိုးတာက အဝတ်အစားလဲ မဝတ်ဘဲနဲ့ … ဝတ်လစ်စလစ်နဲ့ လူကို မြှူဆွယ်နေတာ ဘယ်သူတုန်း … အဲ့တာကို ငါက ဘယ်ကနေ ဘယ်လို နှာဘူး ဖြစ်သွားရတာ …”

လင်းရီနှင့် စကားယှဉ်ပြောလျှင်လည်း နိုင်မည် မဟုတ်သည်ကို ကျီချင်းရန် သိသည်။ ထို့ကြောင့် သူမ မျက်စောင်းခဲရင်း ခွင့်လွှတ်လိုက်ရတော့၏။

သို့ပေမယ့် ဆက်ပြီးမှတော့ ရေမချိုးတော့ချေ။ လင်းရီက ဤနေရာ၌ ရှိနေသည်ဖြစ်ရာ သူမ ရှက်ရွံ့လှ၏။

လင်းရီကတော့ ကျီချင်းရန်ကို လျစ်လျူရှုထားပြီး ရေချိုးခန်းထဲ ဘာမဟုတ်သည့် အတိုင်းဝင်ကာ ပယ်ပယ်နယ်နယ်ကြီး ကိုယ်လက်ဆေးကြောနေသည်။

“ အလုပ်ကိစ္စ ဆွေးနွေးတာ ဘယ်လိုရှိလဲ… အဆင်ပြေတယ်မလား …”

“ အမ်…”

သွားတိုက်နေသည့် လင်းရီမှာ ခေတ္တ ရပ်တန့်သွားခဲ့၏။

“ အင်း ပြေပါတယ်… ငါတို့ သဘောတူညီချက်တော့ မရသေးဘူး…ဒါကြောင့်မို့ နောက် နှစ်ရက် သုံးရက်လောက်နေရင် နောက်တစ်ခေါက် ထပ်ဆွေးနွေးရဦးမှာ…”

“ သန်း ၁၀၀၀ တန် ပရောဂျက်ဆိုတာ သိပ်ကြီးလှတာလည်း မဟုတ်ဘဲကို နင့်လက်အောက်က လူတွေ ကိုင်တွယ်ခိုင်းပါရောလား… “

“ မဖြစ်ဘူး … ပရောဂျက်က သိပ်မကြီးဘူးဆိုရင်တောင် အဓိပ္ပာယ်တွေ ရှိတယ်… ဒါကြောင့် ကိုယ်တိုင် လုပ်မှ ဖြစ်မှာ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီ သန်း ၁၀၀၀ က အတိအကျကြီး မဟုတ်သေးဘူး … ကိုယ်သာ ကြိုးစားရင် ကြိုးစားသလောက် သန်း ၂ သိန်းလည်း ဖြစ်ရင် ဖြစ်သွားနိုင်တယ်… ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေတာ … ကိုယ်မဟုတ်ဘဲ တခြားတစ်ယောက်နဲ့ ခိုင်းလိုက်ရင် တစ်ဖက်လူက ဆွေးနွေးတာကို လက်ခံမှာ မဟုတ်ဘူး … နားလည်တယ်မလား …”

“ နားလည်တယ်…”

“ ဒီတော့ ဟိုက နင်နဲ့ အလုပ်တွဲလုပ်ချင်တာ နင့်ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေကြောင့်ပေါ့ ဟုတ်လား …”

“ တော်တယ်…”

လင်းရီ ပြောလိုက်ပြီး “ ဒီလို ခက်ခဲတဲ့ တာဝန်ကြီးကို ငါ တစ်ယောက်ပဲ ထမ်းဆောင်နိုင်မှာ … ဘယ်သူမှ မလုပ်နိုင်ဘူး …”

“ ဒါဆိုလည်း ကြိုးစားနော် လူကြီးမင်းလင်း … အများကြီး ကံကောင်းပါစေ…”

“ အင်း အင်း …”

ကျီချင်းရန်၏ စကားကိုကြားတော့ လင်းရီ စိတ်ထဲ အနည်းငယ် အပြစ်ရှိစိတ်တို့ မကင်းလိုက်ပေ။

ဤခံစားချက်ကြီးက ဖော်ပြ၍ မရနိုင်အောင်ကို ဖြစ်၏။

ဆေးကြော သန့်စင်ပြီးနောက် လင်းရီသည် မထွက်ခွာမီ ကျီချင်းရန်၏ ဟိုနေရာ ဒီနေရာအား စနောက် ကျီစယ်သွားခဲ့သေး၏။ အနိုင့်ကျင့်ခံလိုက်ရသည့် ကောင်မလေးမှာတော့ ရေချိုးခန်းထဲတွင် နှုတ်ခမ်းထော်ရင်း မကျေမနပ်တို့ ဖြစ်နေသည်။

“ နင့် အဲ့ဒီ နှာဘူးကျတဲ့ အကျင့်ကို ဘယ်တော့ ပြင်မှာလဲ…”

“ ဒါ နှာဘူးကျတယ်ဆိုပြီး ဘယ်လိုလုပ် ပြောနိုင်မှာ … ကိုယ်က ဒီတိုင်း မင်းရဲ့ အသားက နည်းနည်းလေး အထီးကျန်နေတာ မြင်တော့ ကိုယ့်လက်လေးနဲ့ ထိတွေ့ယုယပြီး ကိုယ့်ရဲ့ ဂရုစိုက်မှုကို ဖော်ပြနေတာလေ…”

“ ထွက်သွား .. ထွက်သွား … နင်မို့လို့ နှာဘူးဆန်တဲ့ အလုပ်ကို လူကြားကောင်းအောင် အသံထွက်ဝံ့တယ်..”

သူမ ရေချိုး၍ မပြီးသေးသောကြောင့် လင်းရီသည် ကျီချင်းရန်ကို အခန်းပြင်ပသို့ အတင်းမောင်းထုတ်လိုက်၏။

ထို့နောက် ကိုယ်စီ အခန်းသို့ ပြန်၍ အနားယူရန် ဟန်ပြင်သည်။

နူးညံ့ဇိမ်ကျလှသည့် ကုတင်ပေါ်တွင် လဲလျောင်းနေရသော်လည်း လင်းရီသည် နဖူးပေါ် လက်တင်ရင်း အချိန်အတော်ကြာသည်ထိအောင် အိပ်မပျော်နိုင်ပဲ ဖြစ်နေတော့သည်။

ဝမ်မိသားစု အကြောင်း အတွေးများနေခြင်း မဟုတ်ဘဲ ခရစ်စမတ်က ရောက်လာတော့မည် ဖြစ်သောကြောင့်ဖြစ်၏။

ဤကိစ္စက ဝမ်မိသားစုထက်ပင် ပိုပြီး စိတ်ပူချင်စရာကောင်းသည်ဟု ခံစားနေရ၏။ သူ့ကိုယ်သူ ဘိုးဘေးနှစ်ယောက်အား ပူဇော်ရမည့် လူတစ်ယောက်နှင့်တူသည်ဟု လင်းရီ ရုတ်တရက် ခံစားလိုက်ရသည်။ ထိတွေ့ကိုင်တွယ်၍လည်း မရသလို စားသောက်၍လည်း မရချေ။ သို့တိုင် ပွဲတော်ရက်သို့ ကျလျှင် သူ့ဘက်က လက်ဆောင် အစုံအလင်နှင့် ဆက်သပေးရသေး၏။ ဤသည်က သောက်ရမ်း ခက်ခဲရှုပ်ထွေးလှသည့် အလုပ်ကြီး တစ်ခုပင်။

ထိုစဉ် ရုတ်ချည်းဆိုသလို တစ်စုံတစ်ရာကို တွေးတောမိသည့်နှယ် လင်းရီ၏ မျက်လုံးတို့က အရောင်လက်လာသည်။

“ အဲလို လုပ်တာပေါ့…”

နောက်တစ်နေ့ နံနက်ခင်းတွင် သူတို့နှစ်ယောက် ကုမ္ပဏီသို့ မောင်းသွားကြ၏။

လင်းရီမှာ ဤ ရက်ပိုင်းတွင် အင်မတန် လုံ့လ ဝီရိယ ရှိနေပြီး အချိန်ရှိတိုင်းလည်း ကုမ္ပဏီ၌ ရှိနေတတ်၏။ အလုပ်များသောကြောင့် မဟုတ်ဘဲ ဝမ်မိသားစု ဖိနှိပ်လာနိုင်သည့် ကုမ္ပဏီ၏ ဂယ်ပေါက်များကို ရှာတွေ့၍ ကာကွယ်ချင်သောကြောင့် ဖြစ်၏။ အရေးကြီးဆုံး အပိုင်းကတော့ ကုမ္ပဏီ၏ ဘဏ္ဍာရေး တင်ပြချက်များကို ဖတ်ရှုရန်ပင်။

အကယ်၍ ငွေကြေးနှင့် ပတ်သက်ပြီး မကောင်းသတင်း ကောလဟာလတို့ ရှိလာမည်ဆိုပါက လင်းယွင်အုပ်စုပဲ ခံစားရလိမ့်မည်။

၎င်းကြောင့်ပဲ လင်းရီသည် ဟော်ယွမ်ယွမ်နှင့် အတူ အချိန် ပိုကုန်ဆုံးဖြစ်လာသည်။

သို့သော် သူတို့၏ အလုပ်ကိစ္စ ပြောဆိုခြင်းနှင့် တစ်ယောက်ကို တစ်ယောက် စောင်းဖဲ့ စကားပြောသည့် အချိုးက ၁ : ၉၉ ပင်။

ချီရှန်းကျောက်က လေ့လာတွက်ချက်မှု တစ်ခု ပြု၍ စစ်တမ်းပင် လုပ်ထားလိုက်သေးသည်။ သူတို့နှစ်ယောက်က မနက်ခင်းပိုင်းတွင် အလုပ်ကိစ္စများကို သုံးမိနစ်မျှ ဆွေးနွေးပြီး ကျန်သည့် အချိန်များတွင် ရန်ဖြစ်နေတတ်ကြ၏။

အထာနက်သွားသည့် ချီရှန်းကျောက်ကတော့ ရုံးခန်းထဲတွင် ငါးမိနစ်မျှနေပြီး အကြောင်းပြချက် တစ်ခုပေးကာ ထွက်ခွာသွားလိုက်သည်။ ထို့သို့မဟုတ်ပါက နှစ်ယောက် ရန်ဖြစ်သည့် စကားများကို နားသွေးထွက်သည်အထိ ခံစားရလိမ့်မည်။

နေ့လည်ခင်း မွန်းတည့်အချိန်တွင်တော့ နှစ်ယောက်မှာ အပြန်အလှန် နားယူမှု ရှိရှိနှင့် ခေတ္တရပ်ဆိုင်းထားကြ၏။ အကြောင်းမှာ ဆာလောင်မှုကြောင့်ပင်။ တစ်မနက်လုံး ငြင်းခုန်ထားသဖြင့် ဗိုက်ကဆာ၊ ရေကဆာ ဖြစ်နေသည်။ ထို့ကြောင့် အစာစား၍ သက်လုံပြန်ဖြည့်တင်းပြီး မွန်းလွဲပိုင်း တစ်ချီ ထပ်ဖိုက်ကြတော့သည်။

ကလင် ကလင် ကလင် …

လင်းရီ ရုံးခန်းထဲက မထွက်ခွာနိုင်ခင်မှာပဲ စားပွဲပေါ်ရှိ ဖုန်းက အသံမြည်လာသည်။

ရန်စီက ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဘော့စ်လင်း … အားလား … အင်တာဗျူးအကြောင်း အသေးစိတ် ဆွေးနွေးချင်လို့ …”

“ ဥက္ကဌရန်… မင်း လေသံက သိပ်ပရော်ဖက်ရှင်နယ် ဆန်တာပဲ…”

“ ဒါပေါ့ … ဒီက ပိုက်ဆံပေးရမယ့် ဝန်ထမ်းတွေလည်း ရှိသေးတာလေ… ကိုယ့်ကိစ္စကိုယ်တော့ သီးသန့်ပဲ ဆွေးနွေးကြမယ်… ဒါပေမယ့် လူရှေ့သူရှေ့ဆိုရင်တော့ ဂုဏ်သိက္ခာရှိရှိ ပြုမူသင့်တာပေါ့ … ဘော့စ်လင်းက ဒီအင်တာဗျူးအတွက် ပိုက်ဆံ ပေးရမှာနော်.. အလကား မရဘူး... ” ရန်စီ ပြောလိုက်ပြီး “ နောက်တစ်ချက်က ကျွန်မကို ချီးမွမ်းတဲ့ စကားတွေ … ကောင်းကြောင်းအဖြာဖြာတွေကိုပဲ ရေးသားစေချင်တယ်ဆို အပိုကြေးပေးရမယ်…”

“ နားလည်ပြီ… ငါ နောက်ထပ် ယွမ် သန်း ၂၀၀ ထပ်ပေးမယ်… မင်း တစ်ပြားတစ်ချပ်မှ မဆုံးရှုံးစေရဘူး အာမခံတယ်…”

“ ကောင်းတယ် ကောင်းတယ် … “ ရန်စီ တသိမ့်သိမ့်တုန်သည်အထိ ရယ်မောနေပြီး “ ဒါဆိုလည်း ကျွန်မ ကျေးဇူးတင်ရတော့မယ့်ပုံပါလား …”

“ အသေးမွှားလေးပါ… ငါ့မှာ ပိုက်ဆံရှိတယ်ဆိုပေမယ့် သိပ်အများကြီး မဟုတ်ဘူး … မင်းဆီ တချို့ ဖဲ့ပေးလို့ ကိစ္စ မရှိဘူး…”

“ အိုကေ … နောက်နေတာတွေ တော်ပြီ… ပင်းဟိုင်လမ်းမှာ အနောက်တိုင်း စားသောက်ဆိုင် အသစ် ဖွင့်ထားတယ်… ငါကြားတာ တော်တော်လေး စားကောင်းတယ်တဲ့နော်… သွားစားရင်းနဲ့ အင်တာဗျူးအကြောင်း အသေးစိတ် ဆွေးနွေးကြည့်ရအောင်လား …” ရန်စီ ပြောလိုက်သည်။ “ ခုက ၁၂ ထိုးပြီဆိုတော့ ခုသွားလို့လည်း ရတာပဲ… ဒါကြောင့် နင်အားလားလို့ …”

“ ငါ့ကို လိပ်စာ ပို့ပေးလိုက် …” လင်းရီ ပြောလိုက်ပြီး “ နေ့လည်စာ ကောင်းကောင်းစားမှ ဖြစ်မှာ … မွန်းလွဲပိုင်းကြရင် ကြမ်းရမယ့် တိုက်ပွဲကြီး တစ်ခုရှိတယ်…”

“ ကြမ်းရမယ့် တိုက်ပွဲ ….”

ရန်စီ မကျိန်ဆဲမီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းသွားခဲ့သည်။ “ ငါနဲ့လား …”

All Chapters